Friday, February 22, 2008

လူထုဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲသစ်အစီအစဉ် ပြန်ပြင်ရန် နအဖကို ၀ါရင့်နိုင်ငံရေးသမားကြီးများအကြံပြု

NEJ/ ၂၁ ဖေဖော်ဝါရီ ၂၀၀၈

လူထုဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲသစ် ပြုလုပ်မည့် အစီအစဉ်တို့ကို ပြန်လည်စဉ်းစားပြုပြင်ရန် နအဖ စစ်အစိုးရကို ၀ါရင့်နိုင်ငံရေးသမားကြီးများက တိုက်တွန်းလိုက်သည်။

ထိုအစီအစဉ်များသည် နိုင်ငံတကာ၏ တိုက်တွန်းချက်များနှင့် လူထု၏ မျှော်လင့်ချက်များကို လျစ်လျူရှုကာ စီစဉ်ထားခြင်းဖြစ်ကြောင်း၊ ပြည်သူ့ဆန္ဒခံယူပွဲကျင်းပရန် အချိန် (၂) လကျော်သာ ကျန်ရှိပြီး လူထုလက်ဝယ်သို့ ဖွဲ့စည်းပုံမူကြမ်း ရောက်ဘဲ ဖြစ်နေသည်မှာ အတင်းအကျပ် ဆောင်ရွက်သလို ဖြစ်နေကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးပို့သည့် ၀ါရင့်နိုင်ငံရေးသမား ကြီးများ၏ အကြံပြုစာ၌ ပါရှိသည်။

အဆိုပါစာ၌ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေက “အတင်းအကျပ် အလျင်စလို ဆောင် ရွက်ခြင်းဖြင့် အနာဂတ် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အကျိုးမရှိရုံမက အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် အမျိုးသား သွေးစည်း ညီညွတ်ရေးလည်း မတည်ဆောက်နိုင်၊ ငြိမ်းချမ်း မှုနှင့် တည်ငြိမ်မှုလည်း မရနိုင်၊ တွေ့ကြုံရင်ဆိုင်နေရသော စီးပွားရေး၊ လူမှုရေး၊ အခက်အခဲ အကျပ်အတည်းများကိုလည်း ဖြေရှင်းနိုင်မည် မဟုတ်ဘဲ ကမ္ဘာ့အလယ်တွင် မျက်နှာငယ်နေ ရမည့် နိုင်ငံအဖြစ်သို့ ကျရောက်နိုင်သည့် အကြောင်းများကြောင့် အလေးအနက်ထားစဉ်းစားကာ ပြုပြင်ပြောင်းလဲနိုင်ပါရန် မေတ္တာစေတနာဖြင့် ပန်ကြားအပ်ပါသည်” ဟု ပြောကြားသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပေးခြင်းမရှိဘဲ ရွေးကောက်ပွဲ အသစ်ကျင်းပမည် ဆိုခြင်းသည် တိုင်းပြည်၏ သမိုင်းကြောင်း၌ အမည်းကွက်ကြီး ထင်ကျန် နေခြင်းဖြစ်ပြီး ပြည်သူ့သဘောထားကို ပယ်ဖျက်ရာရောက်သဖြင့် ပြန်စဉ်းစားပြုပြင်ရန် ၎င်းတို့က တိုက်တွန်းထားသည်။

နအဖအနေဖြင့် စီစဉ်သည့်အတိုင်း ဆက်လုပ်မည်ဆိုပါက ဖွဲ့စည်းပုံမူကြမ်းကို အမြန်ဖြန့်ချိ၍ လူထုကို လုံလောက်သည့် အချိန်ပေးပြီး လေ့လာခွင့်ပေးရန်၊ မဲပေးခွင့်ရှိသူများကိုကြေညာပေးရန်၊ လျှို့ဝှက်စွာ မဲပေးနိုင်ရေး စီစဉ်ပေးရန်၊ ဆန္ဒမှန် လွတ်လပ်စွာပေးနိုင်ရေး မဲရုံစောင့်များက ကူညီရန်၊ ဆန္ဒခံယူပွဲကို ကုလသမဂ္ဂနှင့် နိုင်ငံတကာအား လေ့လာခွင့်ပေးရန်လည်း အကြံပြု ထားသည်။

ထို့ပြင် ကန့်ကွက်မဲ ပေးသူကို ပြစ်ဒဏ်ချမှတ်နိုင်သော ၅/၉၆ ဥပဒေကို ရုပ်သိမ်းပေးရန်နှင့် မဲပေးနိုင်ရေးအတွက် နိုင်ငံရေး အကျဉ်းသားများကိုလွှတ်ပေးရန် ၀ါရင့်နိုင်ငံရေးသမားကြီးများက တောင်းဆိုသည်။ ။

0 comments: