Monday, February 25, 2008

တနင်္သာရီတိုင်း ပုလောမြို့၌ မီးလောင် ဆင်းရဲသား အိမ်ခြေ (၁၀၀) ကျော် မီးဘေးသင့်

NEJ/ ၂၅ ဖေဖော်ဝါရီ ၂၀၀၈

တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့၌ ပေါ့ဆမီးကြောင့် မီးလောင်မှုတခု ဖြစ်ပွားပြီး လူနေအိမ်ခြေ (၁၀၀) ခန့် မီးထဲ ပါသွားကြောင်း မြို့ခံများထံမှ သိရသည်။

ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲခန့်က ပုလောမြို့ အမှတ် (၁) ရပ်ကွက်ရှိ နေအိမ်တလုံးမှ စတင် မီးလောင်ကျွမ်းခြင်းဖြစ်သည်။

မြို့ခံတဦးက “တချက်ခွဲလောက်မှာစတာ နှစ်ချက်ခွဲလောက်မှာ မီးငြိမ်းသွားတယ်။ အဖွားကြီး တယောက်ရဲ့ အိမ်မှာ ငါးကျော်စားတာပေါ့။ ကောင်မလေးတယောက်က ငါးကျော်ရာကနေ မီးစလောင်တာ။ ဆင်းရဲသားရပ်ကွက်ဆိုတော့ အိမ်လည်းကျပ်တယ်။ ဓနိမိုးထားတဲ့အိမ်တွေ များတယ်” ဟု ပြောသည်။

မီးဘေးဒုက္ခသည်များကို ဘုန်းတော်ကြီးကျောင်းများတွင် ယာယီ လက်ခံထားပြီး တိုင်းမှူးက မီးဘေးဒုက္ခသည်များကို ငွေကြေးနှင့် ဆန်အိတ်များ လာရောက်ကူညီ ထောက်ပံ့ကြောင်း သိရသည်။

ယခုလဆန်းပိုင်းကလည်း တနင်္သာရီတိုင်း ကော့သောင်းမြို့၌ မီးလောင်မှုဖြစ်ပွားပြီး နေအိမ် (၃) လုံး မီးထဲပါသွားခဲ့သည်။

မြန်မာတနိုင်ငံလုံး၌ ပေါ့ဆမီးကြောင့် မီးလောင်မှု (၈၀) ကြိမ် ဖြစ်ပွားခဲ့သည်ဟု နအဖစစ်အစိုးရ ပိုင်သတင်းစာများ၌ တရားဝင် သတင်းထုတ်ပြန်ထားသည်။

ယနေ့ နံနက် (၇) နာရီခန့်ကလည်း လှိုင်သာယာ စက်မှုဇုန် (၄) ရွှေဥက္ကံအရပ်ရှိ အလုပ်သမား များအဆောင်တွင် ထမင်းချက်ရာမှ စတင်မီးလောင်မှု ဖြစ်ပွားခဲ့ရာ မနက် (၁၀) နာရီခန့်တွင် မီးငြိမ်းသွားခဲ့သော်လည်း အိမ်ခြေ (၂၀၀) ကျော် မီးလောင်ပျက်စီးသွားပြီး လူပေါင်း (၁,၀၀၀)ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြောင်း ဒေသခံများက ပြောသည်။ ။

0 comments: