Monday, February 25, 2008

မန္တလေး ရတနာပုံဈေးကြီး မီးလောင်

NEJ/ ၂၅ ဖော်ဖော်ဝါရီ ၂၀၀၈

မန္တလေးမြို့ရှိ ရတနာပုံဈေးကြီး၌ ယနေ့နံနက် (၈) နာရီခန့်က စတင်၍ မီးလောင်မှု ဖြစ်ပွားပြီး ဆိုင်ခန်း အများအပြား ပျက်စီးဆုံးရှုံးသွားကြောင်း မန္တလေးမြို့ခံများက ပြောသည်။

ရတနာပုံဈေး အမ်အိုင်စီတီပတ်ခ်ရှိ ကွန်ပျူတာ သင်တန်းခန်းမှ မီးစက် ဓာတ်ဆီလောင်းရာမှ စတင်မီးလောင်ကျွမ်းခြင်း ဖြစ်သည်ဟု သိရကြောင်း မီးလောင်ရာသို့ သွားရောက် ကြည့်ရှုသူ မြို့ခံတဦးက ပြောသည်။ အာဏာပိုင်များထံမှ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။

၎င်းက “ခုထက်ထိ မငြိမ်းသေးဘူး။ အရှေ့ဘက်ခြမ်းက ကုန်သွားပြီိ ။ အခုက အနောက်ဘက် ခြမ်းကနေ ပစ္စည်းထုတ်နေတယ်ဗျာ။ ဈေးထဲကို အ၀င်မခံတော့ဘူး လူတွေလည်း နှင်ထုတ်နေ တယ်။ ပစ္စည်း သယ်တဲ့လူတွေ၊ ငိုတဲ့ယိုတဲ့လူတွေ ရှောင်ရတိမ်းရနဲ့ ။ မီးညွန့်ကတော့ မထွက်ဘူး အထဲမှာ လှိုက်လောင်ပြီး မီးခိုးပဲထွက်နေတာ။ မြောက်ဘက်ကတော့ မီးညွန့်ထွက်လာတယ်။ မြောက်ဘက်ခြမ်းက အောက်ဘက်မှာ စလောင်နေပြီဆိုတဲ့ သဘောပေါ့၊ အပေါ်ထပ်က အကုန် ကုန်လောက်ပြီ” ဟု ပြောသည်။

ယင်းဈေးကြီးသည် မန္တလေးမြို့ရှိ အကြီးမားဆုံး ဈေးကြီးတခု ဖြစ်ပြီး လူသုံးကုန်ပစ္စည်းနှင့် အထည်အလိပ်ဆိုင်ခန်း အများအပြားရှိသည့်အတွက် ဆုံးရှုံးမှုပမာဏ ကြီးမားမည်ဟု မြို့ခံ
များက ခန့်မှန်းသည်။

မန္တလေး ရတနာပုံဈေးကြီး၌ ပထမထပ်တွင် လူသုံးကုန်ပစ္စည်းနှင့် အထည်အလိပ်ဆိုင်ခန်းများ၊ ဒုတိယထပ်၌ SKY World ရှောပင်းစင်တာ၊ တတိယထပ်၌ ရက်လက်စင်တာ၊ စတုတ္ထထပ်၌ အမ်အိုင်စီတီပတ်ခ်၊ ပဉ္စမထပ်၌ ခမ်းမဆောင်နှင့် ရုံးခန်းများ တည်ရှိသည်။

ယခုအချိန်အထိ မီးငြိမ်းသတ်နိုင်ခြင်း မရှိသေးဘဲ ဆိုင်ခန်းများ ဆက်လက် လောင်ကျွမ်းနေဆဲ ဖြစ်ပြီး အသေအပျောက်မှာ မသိရှိရသေးကြောင်း မြို့ခံများက ပြောသည်။

ယမန်နေ့ညနေ (၄) နာရီခန့်ကလည်း မန္တလေးမြို့ (၈၄) လမ်းနှင့် (၂၆) ဘီလမ်း အနားရှိ အာရှဓနဘဏ်ခွဲနှင့်ကပ်ရက် ပန်းသီးတံဆိပ်ဘိနပ်ရုံ၌ မီးလောင်မှု ဖြစ်ပွားပြီး လူ (၂) ဦး သေဆုံးခဲ့သည်ဟု သိရကြောင်း မြို့ခံများက ပြောသည်။ ။

0 comments: