Monday, February 25, 2008

လှိုင်သာယာမီးလောင် လူ ၃ ထောင် အိုးအိမ်မဲ့သွား

မဇ္ဈိမသတင်းဌာန /ဖေဖော်ဝါရီ ၂၅ ရက် ၂၀၀၈ ခုနှစ်

နယူးဒေလီ။ ။ လှိုင်သာယာ စက်မှုဇုံ အမှတ် (၄) အနီးရှိ ရေအုတ်ကန်ရွာတွင် ယနေ့နံနက်က မီးလောင်မှု ဖြစ်ပွားရာ အိမ်ခြေ ၂ဝဝ ကျော် ပျက်စီးပြီး လူဦးရေ ၃ ထောင်ခန့် အိုးအိမ်မဲ့ ဖြစ်သွားသည်။

ရေအုတ်ကန်ရွာရှိ အခန်းပေါင်း ၁၆ ခန်းရှိသည့် နှစ်ထပ်ဆောင်မှ ယနေ့နံနက် ၇ နာရီခွဲတွင် မီးစတင် လောင်ကျွမ်းခြင်း ဖြစ်ပြီး အိမ်ခြေ ၂ဝ၁ လုံး ပျက်စီးကာ လူဦးရေ ကျားမ ၂၉၆၉ ဦး အိုးအိမ်မဲ့သွားခဲ့သည်။

“ဒီမနက် ၇ နာရီကျော်လောက်က အောင်သုခလမ်းက ဦးမြင့်သန်းပိုင်တဲ့ ပျဉ်ထောင် နှစ်ထပ်ဆောင်က စလောင်တာ။ အပေါ်ထပ်က ထမင်းချက်ရင်း စလောင်တာ။ အိမ်က ၂ဝ၁ လုံး မီးကျွမ်းသွားတယ်” ဟု ဒေသခံ အာဏာပိုင် သတင်းရပ်ကွက်က မဇ္ဈိမကို ပြောသည်။

နေအိမ် မီးလောင်ကျွမ်းသွားသော အိမ်ထောင်စု ၇၆၅ စုမှ ကျား ၁၂၆ဝ ဦးနှင့် မ ၁၇ဝ၉ ဦးတို့ကို ကျန်စစ်သားလမ်းရှိ အမက ၁၆ တွင် ဒေသ အာဏာပိုင်များက မီးဘေး အကူအညီများ ပေးနေသည်ဟု သိရသည်။

မီးစတင်လောင်ကျွမ်းသည့် အဆောင်ပိုင်ရှင် ဦးမြင့်သန်း (ခ) ဦးမြင့်စန်း (အသက် ၄၉ နှစ်) ကို လှိုင်သာယာ ရဲစခန်း ဒုရဲအုပ် ဦးအောင်ဆန်းထွန်းက ပုဒ်မ ၂၈၅ ဖြင့် ယနေ့နံနက် ၁၁ နာရီကျော်က အမှုဖွင့် တရားစွဲဆို ထားသည်ဟု သိရသည်၊

မီးလောင်မှုကြောင့် ဆုံးရှူံးငွေ စုစုပေါင်းမှာ ကျပ်သိန်းပေါင်း ၃၃ဝ ကျော် ဖြစ်သည်။

0 comments: