ကိုရင်ဒေါင်း
ပဋ္ဋိပက္ခဆိုတာ အခြေခံအကျိုးစီးပွားချင်း ဆန့်ကျင်ခြားနားနေတဲ့ ဘက်နှစ်ဘက်ရဲ့ တိုက်ပွဲပဲ။
ဒီနေ့ နအဖ စစ်အုပ်စုနဲ့ မြန်မာပြည်သူ တရပ်လုံးအကြား ဖြစ်ပွားနေတဲ့ ပဋ္ဋိပက္ခဟာလဲ အရင်းခံအကျိုး စီးပွားဖြစ်တဲ့ နိုင်ငံရေးအာဏာကို ဗဟိုပြုပြီးဖြစ်နေတဲ့ တမျိုးသားလုံးဆိုင်ရာ ပြဿနာကြီးပဲ။
လက်ရှိကာလမှာ စစ်အုပ်စုဟာ သူ့အာဏာအကျိုးစီးပွားကို အာမခံ ကာကွယ်မယ့် ဖွဲစည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုတာကို စိတ်ကြိုက် တဖက်သတ်ရေးဆွဲပြီး တရားဝင်အတည်ပြုနိုင်အောင် အသေအလဲ ကြိုးပမ်းနေ တယ်။ စစ်အုပ်စုအာဏာစက်နဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ဖွံ့၊ မီးသတ်၊ ကြက်ခြေနီ၊ အမျိုးသမီးအဖွဲက စတာတွေကို အသုံးချ ပြီး အတည်ပြုနိုင်အောင် ပြင်ဆင်နေတယ်။ ခါတော်မီ ကိုယ်ကျိုးရှာ အချောင်သမားတွေကို အတိုက်အခံနဲ့ နအဖ စစ်အုပ်စုကြားက တတိယအင်အားစုအဖြစ် ပုံဖော်နိုင်အောင်၊ ကောက်ကျစ်စွာ လုပ်ကြံနေတယ်။
ပြည်သူလူထုဘက်ကကြည့်ရင်လဲ စစ်အုပ်စုရဲ့ အခြေခံဥပဒေ တရားဝင်အတည်ဖြစ်သွားရင် ဒုက္ခသံသာရာ ဆက်ရှည်ရတော့မယ်၊ ကိုယ့်ကိုကိုယ်သတ်သေတဲ့ဘ၀မျိုး ရောက်တော့မယ် ဆိုတာကိုသိနေတယ်။ ဒီတော့ ‘တို့ကို ရာသက်ပန်ဖိနှိပ်မယ့် စစ်အုပ်စုအခြေခံဥပဒေကိုတော့ လက်မခံနိုင်ဘူးဟေ့၊ တို့လိုချင်တာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်နဲ့ ဒီမိုကရေစီနည်းကျ ရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမျိုးသာ ဖြစ်တယ်ဟေ့’လို့ ကိုယ့်သဘောထားဆန္ဒကို ဒုတယအကြိမ် ထပ်မံဖော်ထုတ်ပြသရမယ့် အခြေအနေဖြစ်လာတယ်။
ဆိုလိုတာက နအဖရဲ့ အခြေခံဥပဒေဆိုတာကို ပြတ်ပြတ်သားသားပယ်ချမယ့်၊ တပြည်လုံးလက္ခဏာ ဆောင်တဲ့ လူထုတိုက်ပွဲကြီးတရပ်အတွက် ပြင်ဆင်ကြဖို့အခြေအနေကတောင်းဆိုနေပြီဆိုတာပါပဲ။ အဲဒီလူထု တိုက်ပွဲကြီးကို ပြင်ဆင်မှုရှိရှိ မဖော်ထုတ်နိုင်ရင်တော့ နအဖ စစ်အုပ်စုအလိုကျ အပြောင်းအလဲဟာ မုချဖြစ်ပေါ်လာ ပြီး စစ်အုပ်စုအုပ်စိုးမှုဟာလဲ သက်ဆိုးရှည်ဦးတော့မှာဖြစ်တယ်။ ဒါဟာ လူတိုင်းလိုလို သိမြင်နေတဲ့ အချက်ပဲ၊
ဒါပေမဲ့ လူထုတိုက်ပွဲဆိုတာ ကိုယ်လုပ်ချင်တိုင်းလုပ်လို့ ရတာမျိုးတော့မဟုတ်ဘူး၊ အဓိကအားဖြစ်တဲ့ လူထု ကြီးတရပ်လုံးက လက်ရှိအခြေအနေကို မလိုလားပဲ မပြောင်းလဲရင် မဖြစ်တော့ဘူးဆိုတဲ့ နိုးကြားမှုရှိမရှိဆိုတဲ့အချက်။ အပြောင်းအလဲအတွက် တိုက်ပွဲဝင်ရာမှာလဲ ဘယ်သူ့မှ အားကိုးလို့မဖြစ်၊ ဥစ္စာရင်လို ဥစ္စာရင်ခဲလုပ်မှ ဖြစ်မယ်ဆိုတဲ့ ယုံကြည်မှုရှိမရှိဆိုတဲ့အချက်။ လူထုကတရားဝင် ရွေးချယ်လိုက်တဲ့ NLD ရဲ့ခေါင်းဆောင်မှု ဘယ်လောက်ရဲရင့်၊ ကြံ့ခိုင်သလဲ။ လူထုရှေ့ကထွက်ပြီး ထောင်ကျမှာမကြောက်၊ အသက်စွန့်ရမှာမကြောက်၊ ဘယ်လောက်ပြတ်ပြတ် သားသား ခေါင်းဆောင်နိုင်စွမ်းရှိသလဲ ဆိုတဲ့အချက်။ NLD ရဲ့ခေါင်းဆောင်မှုကို တက်တက်ကြွကြွ ၀န်းရံအားဖြည့် မယ့် အတိုက်အခံနိုင်ငံရေးအင်အားစု (၀ဲ-ယာ၊ လက်နက်ကိုင်-လက်နက်မကိုင်၊ ဥပဒေတွင်း-ဥပဒေပ) တွေရဲ့ ဘုံလုပ်ငန်းစဉ်ပေါ် အခြေပြုထားတဲ့ညီညွတ်မှု အားကောင်း မကောင်းဆိုတဲ့အချက်။ အဲဒီအခြေခံလေးချက်တော့ ပြည့်စုံရမယ်လို့မြင်တယ်။
လူထုကြီးကတော့ စစ်အာဏာရှင်စနစ်အောက်မှာ နှစ်ရှည်လများ ဒုက္ခပင်လယ် ဝေခဲ့ရတဲ့အတွက် အဲဒီဘ၀ က လွတ်မြောက်ချင်တာ ဘာမှသံသယရှိစရာမလိုဘူး။ ဒါကို ၈၈ ကတည်းက လက်တွေ့ကျကျ ဖော်ပြပြီးဖြစ်တယ်။ နိုင်ငံရေးအင်အားစုတွေရဲ့ ကျဲကွဲတဲ့ခေါင်းဆောင်မှုကြောင့် အောင်ပွဲဟာ နီးလျက်နဲ့ ဝေးသွားရတာလဲဖြစ်တယ်။
လူထုကြီးဟာ ဆိုးဝါးတဲ့လက်ရှိ အခြေအနေဆိုးကို၊ ဖြစ်နိုင်ရင် နောက်တနေ့အထိတောင် ရွှေ့ဆိုင်း မထား ချင်ဘူး၊ နေ့ချင်းကိုပြောင်းလဲပစ်ချင်တဲ့ ဆန္ဒရှိနေတာအမှန်ပဲ။ ဒါပေမဲ့ အပေါ်ယံအချင်းအရာအရကြည့်ရင် လူထုကြီး ဟာ ပွဲကြည့်ပရိသတ်လို မြင်နေရတယ်။ ဒါကို တချို့နိုင်ငံရေးသုခမိန်များက အကြောက်ကြီးပြီး ခေါက်ရိုးကျိုးနေတဲ့ လူထုကြီးလို့ စော်ကားကြတယ်။ ကျူပ်ကတော့ အဲဒီလိုမမြင်ဘူး၊ လူထုကြီး ပွဲကြည့်ပရိသတ်အနေအထားမျိုး ဖြစ်နေ ရတာဟာ သူတို့ရွေးချယ်လိုက်တဲ့ နိုင်ငံရေးပါတီ NLD ရဲ့ (အတွေးအခေါ်၊ နိုင်ငံရေး နဲ့လက်တွေ့) ခေါင်းဆောင်မှု၊ NLD ကိုဝန်းရံမယ့် အတိုက်အခံအင်အားစုများရဲ စုစည်းညီညွတ်မူနဲ့ နီးနီးကပ်ကပ်ဆက်စပ်နေတယ်လို့ ယူဆတယ်။
တကယ်လို့သာ လက်ရှိ NLD ဗဟိုခေါင်းဆောင်များဟာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင် စတဲ့ခေါင်းဆောင်တွေလို ထောင်ကျမှာမကြောက်၊ သေမှာမကြောက်ဘဲ လူထုထဲဆင်းလှုံ့ဆော်စည်းရုံးမယ်။ တဗိုလ် ကျ တဗိုလ်တက်စနစ်နဲ့ မတရားတဲ့အမိန့်အာဏာဟူသမျှ ဖီဆန်ကြ ဆိုတဲ့အတွေးအခေါ်လမ်းညွှန်ကို လက်တွေ့နဲ့ ပေါင်းစပ်မယ်။ NLD ကိုဝန်းရံမယ်၊ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေကလဲ ဘုံအကျိုးစီးပွားအခြေခံပေါ်မှာ လက်တွေ့ကျကျ ညီညွတ်မယ်ဆိုရင် လူထုကြီးဟာ ပွဲကြည့်ပရိသတ်အနေအထားကနေ တိုက်ပွဲဝင်သူတွေအဖြစ် ပြောင်းလဲလာမှာသေချာတယ်။
လက်ရှိ NLD ခေါင်းဆောင်မှုက လူထုဆန္ဒအကျိုးစီးပွားကို ထင်ဟပ်ပြရာမှာ သဘောတရားအရရော၊ လက်တွေ့အရပါ လူထုကြီးရဲ ယုံကြည်အားထားမှုကို ခိုင်ခိုင်မာမာရအောင် မလုပ်နိုင်ကြဘူး။ နအဖ စစ်အုပ်စုကို တွေဆုံဆွေးနွေး အဖြေရှာတဲ့နည်းနဲ့ ပြဿနာကို အဖြေရှာဖို့တောင်းဆိုတယ်၊ ကြေညာချက်တွေထုတ်တယ်။ မီဒီယာတွေနဲ့ဗျူးတယ်။ အခမ်းအနားတွေကျင်းပကြ၊ မိန့်ခွန်းတွေပြောကြတယ်။ နအဖ စစ်အုပ်စုကတော့ ဂရုမစိုက် ဘူး။ သူလုပ်စရာရှိတာ၊ ပြင်စရာရှိတာတွေကို တခုပြီးတခု ပြင်ဆင်လုပ်ဆောင်တယ်။ NLD ကတော့ နအဖလုပ်ရပ် နဲ့ ပတ်သက်လို့ ကြိုဆိုလိုက် ကန့်ကွက်လိုက်နဲ့ပဲ အချိန်တွေကုန်လာရတယ်။ မပြေးသော်လဲ ကန်ရာရှိဆိုသလို အမေရိကန်အကူအညီနဲ့ပဲ ဒီမိုကရေစီရတော့မလိုလို၊
တရုတ်ကိုနားဝင်အောင်ဖြောင်းဖျနိုင်ရင်ပဲ အလုပ်ဖြစ်တော့ မလိုလို၊ အာစီယံနဲ့ ကုလသမဂ္ဂအစွမ်းနဲ့ပဲ အပြောင်းအလဲဖြစ်တော့မလိုလို စတဲ့ မလိုလိုတွေနဲ့ပဲ အိပ်မက်မက်နေ ခဲ့ကြတယ်။ လူထုကြီးကိုလဲ အဲဒီလိုထင်ယောင်မှား အတွေးအခေါ်တွေပဲ ပေးနေခဲ့တယ်။ ပြည်ပရောက် ဒီမိုကရေစီ အင်အားစု အများစုဟာလဲ ထိုနည်း၎င်းလို့ပဲ ဆိုရမှာပဲ။ ဒါဟာ ခေါင်းဆောင်မှုနေရာယူထားတဲ့ နိုင်ငံရေးအင်အားစု များရဲ့ မိမိကိုယ်ကို ယုံကြည်မှုနည်းတဲ့၊ မိခင်လူထုအပေါ် ယုံကြည်မှုနဲတဲ့ အတွေးအခေါ်ရဲ့ ဖော်ပြချက်တွေလို့ပဲ ယူဆတယ်။
လူထုကြီးလိုလားတာက ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့လို ထောင်ကျမှာမကြောက်၊ သေရမှာမကြောက်၊ ကိုယ်ကျိုးစွန့်ဝံ့တဲ့၊ လူထုထဲဆင်းပြီး လူထုကိုရဲရဲလှုံ့ဆော်စည်းရုံးတဲ့ ခေါင်းဆောင်မှုမျိုးဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ လူထုတွင်းဆင်းပြီး လူထုကို ရဲရဲလှုံ့ဆော်စည်းရုံးနိုင်စဉ်က အခြေအနေကို ပြန်တွေးကြည့်။ နအဖ စစ်အုပ်စုက အမျိုးမျိုးဖိနှိပ်ခြိမ်းခြောက်နေတဲ့ကြားက လူထုကြီးရဲ့ တက်ကြွတဲ့အုံကြွ လိုက်ပါမှုကို ပြန်စဉ်းစားကြည့်။ လူထုကြီးရဲ ဥာဏ်အမြော်အမြင်နဲ့ သတ္တိကိုတွေ့ရလိမ့်မယ်။
ဆိုလိုတာက ဒီနေ့အဓိကရင်ဆိုင်နေရတာက လူထုကြီးငြိမ်နေတဲ့ ပြဿနာမဟုတ်ဘူး။ လူထုကြီးကို ရှေ့က ဦးဆောင်နေတဲ့၊ အဓိကတာဝန်ရှိတဲ့ NLD အပါအ၀င် နိုင်ငံရေးအင်အားစုများရဲ့ ခေါင်းဆောင်နိုင်စွမ်းပြဿနာ ဖြစ်တယ်။ လူထုကြီးကတော့ ခေါင်းဆောင်မှုမပြတ်သားရင်၊ နိုင်ငံရေးအင်အားစုများ မညီမညွတ် တယောက် တပေါက်ဖြစ်နေရင် ဘာအောင်ပွဲမှ မရနိုင်ဘူးဆိုတာ သူတို့ကိုယ်ပိုင်ဘ၀အတွေ့အကြုံများအရ နောကြေနေပြီ။ ပုဇွန် လုံးရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ပုဇွန်တွင်းထဲလက်နှိုက်ရာက ပုဇွန်လုံးရဖို့နေနေသာသာ လက်တောင်မနည်း ဆွဲနုတ်ရတဲ့အဖြစ်မျိုး တွေ့ကြုံရပေါင်းများတော့ လူထုကြီးက သိပ်သတိထားတယ်။
ဒီနေ့ ကျုပ်တို့တိုင်းပြည်ရဲ့ အထွေထွေပြဿနာမှန်သမျှကို အရင်းအမြစ်ကနေ ကိုင်လှုပ်ပြောင်းလဲပစ်နိုင်တဲ့ တန်ခိုးရှင်ကတော့ ရဲရင့်ပြတ်သားပြီး၊ တဗိုလ်ကျတဗိုလ်တက်စနစ်နဲ့ ကြံ့ခိုင်စည်းလုံးတဲ့ခေါင်းဆောင်မှုရှိတဲ့ အထွေထွေ လူထုတိုက်ပွဲကြီးပဲ။
အဲဒီလိုတိုက်ပွဲကြီးမျိုးကသာ တပ်မတော်နဲ့စစ်အုပ်စုကို ပြတ်ပြတ်ထင်ထင် ခြားနားပစ်နိုင်တယ်။ တပ် မတော်ထဲမှာ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ငုပ်နေကြရတဲ့ တိုင်းချစ်ပြည်ချစ် တပ်မှူးကြီးငယ်၊ အကြပ် တပ်သားတွေအတွက် အခွင့်သာမှုတွေ လမ်းပွင့်လာပြီး လူထုကြီးနဲ့အတူ ပြောင်ရပ်တည်လာနိုင်မယ်။
မချစ်သော် လည်း အောင့်ကာနမ်းနေရတဲ့ အပစ်ရပ်အဖွဲ့တွေဟာ နအဖစစ်အုပ်စုနဲ့ ပြောင်လမ်းခွဲပြီး လူထုကြီးနဲ့ အတူရပ်တည် လာနိုင်မယ်။ ဒီလိုပြောတော့ တပ်မတော်တွင်းက တိုင်းချစ်ပြည်ချစ်အင်အားစုတွေ၊ အပစ်ရပ်အဖွဲ့တွေအပေါ် အကောင်းမြင်လွန်းတယ်။ မျှော်လင့်ချက်ထားလွန်းတယ်လို့ ပြောချင်ပြောကြမယ်။
ကျုပ်ကတော့ ရဲရင့်ပြတ်သားတဲ့၊ စုစည်းညီညွတ်တဲ့ ခေါင်းဆောင်မှုနဲ့သာ လူထုတိုက်ပွဲကြီးကို ခေါင်းဆောင် နိုင်ရင် တပ်မတော်တွင်းက ပြည်သူ့ဘက်တော်သားတွေ၊ အပစ်ရပ်အဖွဲ့တွေအပေါ် မျှော်လင့်ချက်ဟာ လက်တွေ့ ဖြစ်လာမယ်လို့ကို ယုံကြည်တယ်။
လက်ရှိတပ်မတော်တွင်းအခြေအနေဟာ ၈၈ နဲ့ ၈၈ မတိုင်ခင်ကအခြေအနေနဲ့ မတူတော့ဘူး။ နအဖ စစ်အုပ်စုအုပ်စိုးမှုအောက်မှာ တတိုင်းပြည်လုံး တနေ့တခြားကြုံတွေ့လာရတဲ့ အထွေထွေအကြပ်အတည်းရဲ့ ဂယက် တွေကို တပ်တွင်းမှာလဲ ရိုက်ခတ်နေတာဖြစ်တယ်။ စစ်အုပ်စုလက်တဆုပ်စာနဲ့ သူ့လက်ဝေခံတွေသာ ကြီးပွား ချမ်းသာပြီး သူတို့ (တပ်မတော်သားများစုကြီး) အပါအ၀င် ပြည်သူတရပ်လုံး ဒုက္ခရောက်နေရတယ်ဆိုတာလဲ ကိုယ်တွေ့ကြုံနေရတာဖြစ်တယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ဥပဒေတွင်းလှုပ်ရှားမှု (သေးငယ်သည့်တိုင်) များကလဲ သူတို့ ကို နိုင်ငံရေးအသိပညာ ပေးနေတယ်။ ၉၀ ပြည့်ရွေးကောက်ပွဲကတည်းက သူတို့ရဲ စစ်အာဏာရှင်စနစ် မလိုလားမှုကို ဖော်ပြခဲ့တဲ့ တပ်တွင်းအင်အားစုတွေဟာ ဒီနေ့လဲ လူထုအုံကြွမှုကြီးသာပေါ်ရင် အဲဒီအခွင့်အလမ်းကို အသုံးချပြီး သူတို့ဆန္ဒကို ဖော်ထုတ်ပြသကြဦးမှာပဲ။ ၈၈-၉၀ အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး ပိုမိုကောင်းမွန်တဲ့၊ နည်းနာ တွေနဲ့ လူထုကြီးဘက်ကရပ်တည်နိုင်အောင် လုံးပန်းကြဦးမှာပဲ။ ဒါပေမဲ့ လူထုတိုက်ပွဲနဲ့ကင်းပြီး သူတို့ချည်းတော့ ဘာမှဖြစ်မြောက်အောင်လုပ်နိုင်မှာ မဟုတ်ဘူး။
အပစ်ရပ်အဖွဲ့တွေဟာလဲ၊ သူတို့အကြပ်အတည်းက အသက်ရှုပေါက်ရဖို့ နအဖစစ်အုပ်စုနဲ့ အပစ်ရပ်ခဲ့ကြ တာဖြစ်တယ်။ အပစ်ရပ်ကာလအတွင်း နိုင်ငံရေးအရ အဖျက်ဆီးခံရတဲ့ အနေအထားတချို့ရှိပေမဲ့၊ အများတကာ့ အများစုကြီးကတော့ နအဖဆီမှာ အကြွင်းမဲ့ဒူးထောက်ရမယ့်အဖြစ်မျိုးကို မလိုလားကြဘူး။ လက်နက် မစွန့်လိုကြ ဘူး။ လက်နက်အပြီးအပိုင်စွန့်တာနဲ့ သူတို့ဘ၀ပျက်ပြီဆိုတာ သိကြတယ်။ ဒါကြောင့် သူတို့လဲ လူထုတိုက်ပွဲကြီးကို မျှော်နေကြတာပဲ။ လူထုတိုက်ပွဲကြီးသာ အချိန်မီပေါ်လာရင် အဲဒါကိုအခွင့်ကောင်းယူပြီး၊ သူတို့အကျိုးစီးပွား (သူတို့ လူမျိုးအကျိုးစီးပွား) အတွက် လူထုတိုက်ပွဲကြီးနဲ့ ပူးပေါင်းလာကြမှာပဲ။ ဒါကြောင့်လဲ အများစုက လက်နက် မစွန့်ရ ရေးကို နည်းအမျိုးမျိုးနဲ့ အချိန်ဆွဲနေတာဖြစ်တယ်။ နအဖ စစ်အုပ်စုကတော့ ဖြစ်ပေါ်လာမယ့် လူထုအုံကြွမှုမတိုင်မီ အပစ်ရပ်အဖွဲ့တွေကို အမြန်လက်နက်ဖြုတ်ချင်တယ်။ အကြောင်းကတော့ လူထုအုံကြွမှုနဲ့ အပစ်ရပ်အဖွဲ့အစည်း တွေရဲ့လှုပ်ရှားမှု ပေါင်းစည်းသွားမှာကိုကြောက်လို့ပဲ။
ချုပ်လိုက်ရင် အပြောင်းအလဲကတော့ ဖြစ်ကိုဖြစ်တော့မှာပဲ။ နအဖစစ်အုပ်စုအလိုကျ အပြောင်းအလဲလား၊ ပြည်သူလူထုအလိုကျ အပြောင်းအလဲလားဆိုတာတော့ ရှေ့ဆောင်နိုင်ငံရေးပါတီ NLD ဟာ ရဲရင့်ပြတ်သားတဲ့၊ လူထုနဲ့တသားတည်းရှိတဲ့ ခေါင်းဆောင်မှုပေးနိုင်မပေးနိုင်၊ ဒီမိုကရေစီအင်အားစုများရဲ့ စည်းလုံးညီညွတ်မှုရှိမရှိ အပေါ် တည်တာပဲ။
ရှေ့ဆောင်ပါတီ NLD က ရဲရင့်ပြတ်သားတဲ့ ခေါင်းဆောင်မှုကိုပေးနိုင်ရင်၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစုမှန်သမျှ သွေးစည်းညီညွတ်ရင် လူထုကြီးကလဲ ပွဲကြည့်ပရိသတ်ကနေ တိုက်ပွဲဝင်အင်အားစုကြီးဖြစ်လာ မှာပဲ။ တပ်မတော်တွင်းက ပြည်သူ့ဘက်တော်သားတွေ၊ အပစ်ရပ်အဖွဲ့တွေကလဲ အဲဒီတိုက်ပွဲမှာ ပါဝင်လာမှာပဲ။ အဲဒီလိုပဲကျုပ်ယုံကြည်တယ်။
ဒါပေမဲ့ အချိန်ဆွဲလို့တော့မရဘူး။ နအဖရဲ့ဖွဲစည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲအမှီ အခုကတည်းက ပြင်သင့် တာပြင်ကြဖို့လိုမယ်။
အခွင့်အခါကောင်းတခုဟာ အချိန်မီမဆုပ်ကိုင်နိုင်ရင် လက်လွှတ်ဆုံးရှုံးရမြဲဆိုတာ အများသိမို့ အားလုံး သတိရှိကြလိမ့်မယ်လို့ထင်ပါတယ်။ ။
ဒေါင်းအိုးဝေ-အတွဲ (၁) အမှတ် (၃) -၂၀၀၇ - မှဖတ်ပြီး ပြန်လည်တင်ပြသည်။
Wednesday, February 6, 2008
အခွင့်အခါကောင်းတခုအတွက် အချိန်မီပြင်ကြစို့
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment