Tuesday, February 5, 2008

ငွေသောင်ယံ နဲ့ ငွေလွှာသဲသောင်တို့ ပေါ်က ကြယ်တပွင့်

ဝင်းတင့်ထွန်း

(၄)

သူက ကျနော့်ကိုလဲ ဟာသဖေါက်ပြီး နောက်ပြောင်ခဲ့ဖူးတာ ရှိပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံကာလကြီးအတွင်းမှာမို့  ပိုပြီး အမှတ်ရစရာ ဖြစ်နေခဲ့ပါတယ်။

အဲဒီတုန်းက ရန်ကုန်တမြို့ လုံး ကြွေးကြော်သံ ချီတက်ဆန္ဒပြကြသံတွေနဲ့ သောသောညံအောင် စည်ဝေလှုပ်ရှားနေတဲ့
ကာလပါ ။

တရက်တော့ ကျနော်နဲ့ ဆက်ခိုင်အောင်(အကိုကြီးကိုလှရွှေ ရဲ့ သားငယ်၊ အခုအမေရိကန်ရောက်)ဟာ ရန်ကုန်ဆေးရုံကြီးရှေ့ 
ရောက်သွားပြီး။ အစာငတ်ခံတိုက်ပွဲဆင်ရာမှာ ပါဝင်လိုက်ကြပါတယ်။ ရန်ကုန်ဆေးရုံကြီးဝင်းအတွင်း ဆေးရုံရှေ့ မှာ ပထမဆုံးပြုလုပ်တဲ့
အစာငတ်ခံဆန္ဒပြပွဲပါ။ ကျောင်းသားတွေရော၊ ဆရာဝန်ဆရာမတွေရော၊ စာပေနဲ့ အနုပညာသမားတွေပါ တော်တော်စုံပါတယ်။ စစ်တပ်က စစ်ဗိုလ်တဦးလဲ ပါသလို၊ နိုင်ငံခြားသူ ပြင်သစ်အမျိုးသမီးတဦးလဲ ပါပါတယ်။ ရိုဟင်ဂျာကလဲ ပါပါတယ်။ ကျနော်က ရုပ်ရှင်
ဒါရိုက်တာ ကိုအောင်စိုးဦးဘေးမှာ ထိုင်ဖြစ်ပါတယ်။ ကိုဇာဂနာ၊ မန္တလေးသိန်းဇော်၊ ကိုရဲစိန်၊ ညီဝင်းစိန် တို့ လဲ ပါတာ မှတ်မိနေပါတယ်။

ရွှေမန်းတင်မောင်ရဲ့ သား ချမ်းသာလဲ ပါတယ် ထင်ပါတယ်။ ဆရာဝန်ဆရာမတွေ နေရာကြားထဲမှာတော့၊ ဗိုလ်မှူးချစ်ကောင်းရဲ့ သမီး
မေထွန်းကိုလဲ လှမ်းတွေ့ လိုက်ရပါတယ်။ နာရီဝက်တကြိမ်လောက် အချိန်ပြည့်တိုင်း ကျနော်တို့ စာပေအနုပညာသမားများအစုက ထ ထပြီး ‘နဂါးနီ’သီချင်း သံပြိုင်ဆိုကြလေ့ ရှိပါတယ်။ ကျနော်က နဂါးနီ သီချင်းကို အစအဆုံး မရပေမဲ့၊ တစုတည်းဖြစ်နေတဲ့အတွက် သူတို့ 
နဲ့ အတူ အချိန်ပြည့်တိုင်း ထ ထ ရပ်ပြီး အလိုက်သင့် ပါရပါတယ်။ ကိုဇာဂနာတို့  မန္တလေးသိန်းဇော်တို့ ကိုရဲစိန်တို့ ကတော့ တကယ့်
ဇာတ်သမားတွေ ဇာတ်မင်းသားတွေက လာကြတာ ဆိုတော့၊ သံနေသံထားကအစ စည်းကိုက်ဝါးကိုက် တက်တက်ကြွကြွ ဆိုကြဟစ်ကြ
ပါတယ်။

ဆေးရုံကြီးရှေ့ မှာ အစာငတ်ခံဆန္ဒပြပွဲလုပ်နေတယ် ကြားရလို့ လာရောက်ဝိုင်းဝန်းအားပေးကြသူ ကြည့်ရှု ကြသူတွေကလဲ အချိန်ပြည့်လိုလို ကျနော်တို့ ရှေ့ တည့်တည့်မှာ အုံနေပါတယ်။ သြဂုတ်လ မိုးတွင်းကြီးဖြစ်တဲ့အတွက် ရန်ကုန်မိုးကလဲ ခဏခဏ ရွာပါတယ်။ ကျနော်တို့ အစာငတ်ခံ ဆန္ဒပြသူတွေက မိုးရွာရွာ နေပူပူ ထိုင်ရာမထ ဆန္ဒပြကြတာ ဖြစ်တဲ့အတွက်၊ မိုးရွာနေရင်လဲ ထီး
ဆောင်းပြီးတောင် လာရောက်ကြည့်ရှုအားပေးကြသူတွေက ကျနော်တို့ တွေရဲ့ ရှေ့ မှာ အမြဲလိုလိုအပြည့်ရှိနေပါတယ်။


ဘယ်ကဘယ်လို ကြားလို့ ရယ်မသိ။ နောက်နေ့ မနက်မှာတော့… ကျနော်တို့ ထိုင်နေရာရဲ့ ရှေ့ တည့်တည့်က၊ ဆေးရုံသံတံခါး
ပေါက်ကြီးရဲ့ ရှေ့ တည့်တည့်ကနေ ပါးစပ်ကြီးအဖြဲသားနဲ့ သဘောတကျ ရယ်ပြနေတဲ့ မျက်နှာကြီးသုံးခုကို လူအုပ်ကြီးကြားထဲမှာ ရှေ့ 
ဆုံးကနေ အထင်းသားအရှင်းသားတွေ့ လိုက်ရပါတော့တယ်။ ရှေ့ ဆုံးအလယ်ကတော့ အကိုကြီးကိုလှတင်အောင်ပါ ။

ဘေးတဖက်
တချက်ကတော့၊ သူ့ လိုပဲ တသုတ်ထဲ ကျွန်းပြန်ကြီးတွေဖြစ်ကြတဲ့ အကိုကြီးကိုအောင်ဝင်းနဲ့ ဗိုလ်ဓမ္မ ကြီးတို့ ပါ။ သုံးယောက်သား
ကျနော်နဲ့ ဆက်ခိုင်ကို လှမ်းကြည့်လိုက်၊ အားရပါးရ ရယ်မောပြလိုက်၊ သူတို့ သုံးဦးသား တခွီးခွီးအချင်းချင်းပြောလိုက်ဆိုလိုက် ပြုံး
လိုက် ရယ်လိုက်နဲ့ ပေါ့ ။ ဘာတွေ ပြောနေကြတယ်ဆိုတာအထိတော့ လှမ်းမကြားနိုင်ပေမဲ့ သူတို့ သုံးဦးသား ကျနော်နဲ့ ဆက်ခိုင်အ
ကြောင်းပြောနေကြတာမှန်းတော့ သိပ်သိသာလှပါတယ်။ သူတို့ သုံးဦးသားက လှမ်းပြီးလက်ပြနေတော့၊ ကျနော်ကလဲ သူတို့ ကို
မြင်ကြောင်း လက်ပြလိုက်ရပါတယ်။ အားပေးတဲ့သဘော တော်တော်ကြာအောင်ရပ်ပြ ကြည့်ရှုနေပြီးမှ သူတို့ သုံးဦးသား ရယ်ရယ်
မောမောနဲ့ ပြန်သွားကြပါတယ်။

ကျနော့်စိတ်ထဲမှာ အကိုကြီးကိုလှတင်အောင်ကတော့ တခုခုဟာသလုပ်ပြောတော့မှာပဲ ဆိုတာကို
လဲ အလိုအလျောက်အတွေးပေါ်မိပါသေးတယ်။ သူတို့ ကိုယ်တိုင်ကလဲ ကျွန်းအစာငတ်ခံတိုက်ပွဲတွေမှာ ပါဝင်ခဲ့ကြဖူးတဲ့ တကယ့်ဝါ
ရင့်အစာငတ်ခံတိုက်ပွဲဝင်ရဲဘော်ဟောင်းကြီးတွေ ဖြစ်ခဲ့ကြတယ်မဟုတ်လား။ ကျနော်တို့ ရဲ့ အစာငတ်ခံတိုက်ပွဲဆိုတာ သူတို့ နဲ့ နှိုင်း
ယှဉ်ရင် သူတို့ ရဲ့ အကင်းလောက်တောင်မှ ရှိ မှာမဟုတ်တာကိုလဲ မှတ်မှတ်ထင်ထင် အတွေးပေါ်လိုက်မိပါသေးတယ်။ ကိုယ်ပါဝင်ခဲ့
ရတဲ့ ကိုယ့်ရဲ့ တိုက်ပွဲအပေါ် လေးလေးနက်နက်သဘောထားမိပေမဲ့၊ သူတို့ နဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ဟာကိုယ် ရှက်ပြုံးပြုံးမိပါသေးတယ်။

ဆေးရုံ ရှေ့ အစာငတ်ခံဆန္ဒပြပွဲကြီး အောင်အောင်မြင်မြင်ပြီးဆုံးသွားပြီးတဲ့နောက်ပိုင်း၊ နှစ်ရက်လောက်ကြာတော့၊ ရံဖန်ရံခါ
ကြုံသလို သွားပြု အိပ်နေကျ ဗိုလ်ဓမ္မကြီးရဲ့ အိမ်ကို ရောက်တော့၊ အကိုကြီးကိုအောင်ဝင်းကိုပါ ပြန်တွေ့ ရတယ်။ အကိုကြီးကိုအောင်
ဝင်းက ကျနော့်ကို ပြုံးပြုံးကြီးကြည့်ပြီး ‘ဟေ့ကောင်-မင်းကို လှတင်အောင်က နောက်နေတယ်ကွ’ တဲ့။။
‘ဟုတ်လား-ဘယ်လိုနောက်နေလဲ’လို့ မေးလိုက်မိတော့-
‘အစာငတ်ခံတိုက်ပွဲကိုတော့ အသိအမှတ်ပြုပါတယ်… တဲ့။ ဒါပေမဲ့ ဒီကောင် အစာငတ်ခံတိုက်ပွဲတိုက်တာကတော့၊ ဘာမှ
မထူးပါဘူး… တဲ့၊ ဘာလို့ လဲ ဆိုတော့ ဒီကောင်က ခါတိုင်းခါလဲ ထမင်းမှ နပ်မှန်တာမှ မဟုတ်ပဲ၊ အစာငတ်ခံခံ… မခံခံ ဒီကောင့်
အတွက်ကတော့ အတူတူပါပဲ လို့ နောက်နေတယ် ကွ’ တဲ့။ ကျနော်လဲ ပြုံးလိုက်မိပါတယ်။

အကိုကြီးကိုလှတင်အောင်ကိုယ်တိုင် ကျနော်နဲ့ တွေ့ တော့လဲ၊ သူက ကျနော့်ကို ပြုံးပြုံးကြီးကြည့်ပြီး၊
‘ဟေ့ကောင်- မင်းကတော့ အစာငတ်ခံခံ မခံခံ အတူတူပါပဲကွာ၊ အိုးမရှိ အိမ်မရှိနဲ့ ဆိုတော့ ခါတိုင်းခါလဲ ထမင်းမှ နပ်မှန်တာ
မှ မဟုတ်ပဲ… လို့  ငါကတော့ လျှောက်ပြောထားပြီးပြီ ကွ - ဟဲဟဲ’ တဲ့။
သူက အဲဒီလို ကြံကြံဖန်ဖန်နောက်တတ် စတတ် ပြောင်တတ်ပေမဲ့၊ နိုင်ငံရေးကိစ္စ ရပ်တည်ချက်ကိစ္စမျိုးတွေနဲ့ ကြုံလာပြီဆိုရင်တော့
သူ့ မျက်နှာကြီးဟာ သူများတွေထက်တောင် ပိုပြီးတင်းသွားတတ်သလို၊ ပြတ်ပြတ်သားသားလဲ သဘောထား ထားတတ်သူမျိုး ဖြစ်
သွားတယ်။ အတွေးရှင်းရှင်း အပြောရှင်းရှင်းနဲ့ ဘွင်းဘွင်းသမားကြီး ဖြစ်သွားတယ်။ သူ နောက်တခါ ၁၉၈၆ခုနှစ်ကုန်ပိုင်းမှာ ထောင်ထဲ
ဝင်ရပြန်လေတော့၊ ကျနော်ကတော့ သူတို့ တွေ အဆွဲခံလိုက်ရ ပြီလို့ ကြားကြားချင်း ရန်ကုန်ကနေ ရှောင်ခွာပြေးပါတယ်။ ဒေါ်ဒေါ်
ဒေါ်ကြည်ကြည်တို့ ၊ အဘဦးဘဦးတို့ ပါ အဆွဲခံလိုက်ရ ပြီး၊ ကျနော်ကတော့ အဖမ်းမခံ လွတ်အောင်ပြေးနိုင်ခဲ့တဲ့ အခေါက်ပေါ့ ။ ရှစ်
လေးလုံးကြီးအကြို ဇူလိုင်လထဲကျမှ သူတို့ ထောင်ကနေ လွတ်လာကြပါတယ်။ သူ့ ကိုလဲ ကျနော်က သွားတွေ့ ပါတယ်။

အဲဒီတုန်း
က သူက သူတို့ လိုအတူတူ အဆွဲခံလိုက်ရတဲ့ လူတဦးအကြောင်းကို မကျေမနပ်နဲ့ ကျနော့်ကို ပြောပြဖူးပါတယ်။
‘အဲဒီကောင် တော်တော်သောက်သုံးမကျတဲ့ကောင်ကွာ၊ ထောက်လှမ်းရေးက ဖမ်းထားတဲ့ အတူတူနေရတဲ့ စီးပွားရေးသမား
တဦးကို ပလူးပလဲနဲ့ နွေးထွေးပြနေလိုက်ပုံများ ဖိနပ်တောင် တိုက်ပေးတော့မယ့် ဂိုက်မျိုး ကွ၊ အတော်ဂိုက်ပဲ့လွန်းတော့၊ ငါက
ခပ်ပြောင်ပြောင် ပြောပစ်လိုက်တယ် ကွ’ တဲ့။
သူက အဲဒီလိုလူမျိုးလဲ ဖြစ်ပြန်တယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာတော့ သူဟာ ကျနော်တို့ တွေနဲ့ လဲအတူတူ ဆန္ဒပြရာ ချီတက်ရာ ကြွေးကြော်ဟစ်ကြွေး
ရာမှာ မကြာမကြာ ပါခဲ့တယ်။ ဗကသ၊ တကသ ကျောင်းသားခေါင်းဆောင်ဟောင်းကြီးများရဲ့ ဆိုင်းဘုတ်နဲ့ ဆန္ဒဖေါ်ထုတ်ဟစ်ကြွေးရာ
မှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူဖြစ်ရုံမက၊ စုစည်းလက်မှတ်ထိုးကြရာမှာလဲ ရှေ့ ဆုံးတန်းကနေ ပါဝင်လက်မှတ်ရေးထိုးခဲ့သူတယောက်
ဖြစ်ခဲ့တာ ကျနော်ကောင်းကောင်းမှတ်မိနေပါတယ်။

(၅)

ပြီးခဲ့တဲ့ နှစ်လလောက်က ကိုလှတင်အောင်ရဲ့ ကျန်းမာရေးအခြေအနေ မကောင်းတော့ဘူး ဆိုတဲ့သတင်း ကျနော်ကြားလိုက်
ရပါတယ်။ ဒီတောင်ကတော့ ကျော်နိုင်မှာ မဟုတ်တော့ဘူး… ဆိုတဲ့အထိ စိတ်ထိခိုက်စရာသတင်းကို ကြားလိုက်ရပါတယ်။

ဒီလ မေလ(၇)ရက်နေ့ ကတော့၊ ကိုလှတင်အောင်တယောက် ဆုံးရှာ ပြီ … တဲ့။
(၉)ရက်နေ့ ဈာပနအခမ်းအနားမှာ ပြင်ထားတဲ့ မှန်အခေါင်းလေးရဲ့ ခေါင်းရင်းမှာ၊ သူ့ လို ဘိုကလေးသား၊ အကိုကြီးကိုလှရွှေ
တို့ မိသားစုရဲ့ ‘ဇူလိုင် မိသားစု’ဆိုတာရဲ့ လွမ်းသူ့ ပန်းခြင်းလေးကိုပါ အဝေးကနေ လှမ်းမြင်လိုက်ရ ပါတယ်။ သစ္စာပန်းခက်နီနီတွေက
လဲ လွင် လို့ ပေါ့ ။

နှုတ်ဆက်အလွမ်းတွေနဲ့  မှန်ခေါင်းဘေးမှာ မျက်နှာအပ်ပြီး ကြည့်နေရှာတဲ့ အမကြီးမကောက်ပို့ (မခင်တင့်)ရဲ့ ကြေကွဲ ဆို့ နင့်မျက်နှာကိုလဲ အဝေးကနေ လှမ်းမြင်နေရပါတယ်။
အကိုကြီးကိုလှတင်အောင်ရဲ့  ပုံတူရုပ်လွှာကောက်ကြောင်းကားချပ်ကြီးကို ရင်မှာပိုက်ပြီး တလှမ်းချင်း လှမ်းဝင်လာနေသူက
တော့၊ အကိုကြီးရဲ့ သားငယ် မောင်ဇင်လေးပဲ ထင်ပါ ရဲ့ ။ ။

ဒေါင်းအိုးဝေစာစောင်-ဇွန် ၂၀၀၇ - မှဖတ်ပြီး ပြန်လည်ဖော်ပြသည်။

0 comments: