Tuesday, January 22, 2008

သာသနာ့ဥသျှောင်အဖွဲ့ခွဲ ၁၄ ဖွဲ့ ဖွဲ့စည်းပြီး

မဇ္ဈိမသတင်းဌာန-ဖနိဒါ၊ ဇန်နဝါရီ ၂၁၊ ၂၀၀၈

ချင်းမိုင်။ ။ စက်တင်ဘာလ သံဃာလူထု လှုပ်ရှားမှုနောက်ပိုင်း ဖွဲ့စည်းခဲ့သော သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်၏ အဖွဲ့ခွဲများသည် ယခုအခါတွင် ကမ္ဘာတဝှမ်း၌ ၁၄ ဖွဲ့ ဖွဲ့စည်းပြီး ဖြစ်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုလာလ ၂၇ ရက်နေ့က အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့တွင် စတင် ဖွဲ့စည်းခဲ့သော သာသနာ့ဥသျှောင် အဖွဲ့ချုပ်သည် ယခုအခါ အမေရိကန် အရှေ့ပိုင်းနှင့် အနောက်ပိုင်း၊ အင်္ဂလန်၊ ဥရောပ၊ ကနေဒါ၊ ဘင်္ဂလားဒေ့ခ်ျ၊ နယူးဇီလန်၊ သြစတြေးလျား၊ ထိုင်ဝမ်၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ သီရိလင်္ကာနှင့် အိန္ဒိယနိုင်ငံတို့တွင် အဖွဲ့ခွဲ ၁၄ ဖွဲ့ ဖွဲ့စည်းပြီး အဖွဲ့ဝင် သံဃာအပါး ၃ဝဝ ခန့်ရှိပြီ ဖြစ်သည်။

“မြန်မာပြည်မှာ မျက်စိပိတ်၊ နားပိတ်၊ ဖြစ်နေတာဆိုတော့ သူတို့ (စစ်အစိုးရ) ပြောတာပဲ ကြားရမယ်။ ဒီဘက်ကလူတွေ ဘာဖြစ်နေတယ် ဆိုတာ မကြားရဘူးလေ။ ဆရာတော်တို့ မြန်မာပြည်သူတွေရဲ့ ကိုယ်စား ပြောနေရတော့ ကမ္ဘာကြီးက မြန်မာပြည်မှာ ဘာဖြစ်နေတယ်ဆိုတာ အကုန်လုံး သိရတာပေါ့” ဟု အဖွဲ့ချုပ် ဥက္ကဌ ပီနန်ဆရာတော် ဦးပညာဝံသက မိန့်ကြားသည်။

ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာ သာသနာ့ ဥသျှောင်အဖွဲ့ ဖွဲ့စည်းနိုင်ခြင်းဖြင့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာခေါင်းဆောင်များ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများကို မြန်မာပြည်တွင် ဖြစ်ပျက်နေသော အခြေအနေကို ရှင်းပြခွင့်ရသည်ဟု ဆရာတော်က ဆက်လက် မိန့်ဆိုသည်။

သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင် တော်လှန်ရေးအပြီး ဗုဒ္ဒဘာသာအပေါ် ကျရောက်လာသော ဘေးအန္တရာယ်ကို ကာကွယ် စောင့်ရှောက်ရန်အတွက် ပြည်တွင်းပြည်ပရှိ ရဟန်းရှင်လူများ၏ ပန်ကြားချက်အရ အဖွဲ့ချုပ်ကြီးကို ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်သည်။

သီရီလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့သည် ယခုလ ၁၈ ရက်နေ့က အဖွဲ့ချုပ်တွင် အဖွဲ့ခွဲအဖြစ် ပါဝင်လိုက်ရာ အဖွဲ့ဝင်ပေါင်း ၁၃၅ ပါး ရှိသည်။

သီရီလင်္ကာ ရဟန်းတော်များအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် အရှင် ဦးဥက္ကံသက “အပြည်ပြည်ဆိုင်ရာ သာသနာ့ဥသျောင် အဖွဲ့ချုပ်က ထုတ်ပြန်ထားတဲ့ ရည်ရွယ်ချက် ၆ ချက်ကို သီရိလင်္ကာရောက် မြန်မာရဟန်းတော်တွေက သဘောကျတယ်၊ ဓမ္မဝိနည်း ကိုက်ညီတယ်၊ သာသနာအသွင် ပါရှိတယ်၊ ကမ္ဘာသူ ကမ္ဘာသား၊ နိုင်ငံသူ နိုင်ငံသားတွေ အပါအဝင် ဘာသာပေါင်းစုံ၊ သာသနာပေါင်းစုံ အကျိုးစီးပွားအသွင် ဖြစ်တဲ့အတွက်ကြောင့် ပူးပေါင်းလိုက်တာပါ” ဟု မိန့်ဆိုသည်။

အဖွဲ့ချုပ်ကြီးကို ဗုဒ္ဓသာသနာတော် ပြန့်ပွားစေရန် ဖြန့်ချိရေး၊ ဗုဒ္ဓဓမ္မကျမ်းစာများ ထုတ်ဝေရေး၊ ဗုဒ္ဓ သာသနာတော်အား ထိပါးလာသည့် ဘေးအန္တရာယ်တို့ကို ကာကွယ် တားဆီးရေး၊ ဗုဒ္ဓသာသနာတော်နှင့် သံဃာတော်တို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေး၊ နိုင်ငံတကာရှိ ဘာသာပေါင်းစုံ အဖွဲ့အစည်းများနှင့် နားလည် ချစ်ကြည်မှု ရယူရေးနှင့် ကမ္ဘာသူ ကမ္ဘာသားတို့၏ အကျိုးစီးပွားနှင့် ချမ်းသာသုခ ရရှိရေးတို့အတွက် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ဦးဇင်းက ဆက်ပြီး “ဦးဇင်း ပြောချင်တာက ဒီပြဿနာတွေ ဖြစ်လာခဲ့တာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီ။ နှစ်ပေါင်းများစွာ ဖြစ်လာခဲ့တဲ့ ဒီ အနာဟောင်းကို တဦးတယောက်နဲ့ ပေါင်းပြီးတော့ လုပ်ရင် အောင်မြင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် အဖွဲ့ရှိသမျှ အဖွဲ့ပေါင်းစုံကနေ ပူးပေါင်းပြီးတော့မှ ဒီ အနာဆွေး အနာဟောင်း၊ အမြစ်အိုကြီးကို ဆွဲနှုတ်ဖို့ဆိုတာ အဖွဲ့ပေါင်းစုံကနေ ပူးပေါင်းကြဖို့ လိုအပ်တယ်” ဟု မိန့်ကြားသည်။

0 comments: