ဧရာဝတီ-ကိုစိုး | ဇန်နဝါရီ ၃၀ ၊ ၂၀၀၈
စစ်အာဏာပိုင်များက ဖမ်းဆီးထားသည့် လူ့အခွင့်လှုပ်ရှားသူ မစုစုနွေးအပါအဝင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) လူငယ်အဖွဲ့ဝင်တချို့အား ပုဒ်မတပ် တရားစွဲ ဆိုမှုများ ပြုလုပ်နေ ကြောင်း အဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များက ပြောသည်။
မစုစုနွေး အပါအဝင် ကိုဌေးကြွယ်၊ မမီးမီး အစရှိသည့် ယခင်ဖမ်းဆီးထားသည့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်း ဆောင် ၁၃ ဦးအပြင် နောက်ထပ် ၇ ဦးခန့်ကို အာဏာပိုင်များက ပုံနှိပ် ဥပဒေ ၁၇/၂၀ဖြင့် ပုဒ်မ တပ် တရားစွဲဆို ခြင်းဖြစ်သည် ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချို၏ ဖခင် ဦးဝင်းမောင်က ပြောသည်။
“မစုစုနွေးကတော့ ပုဒ်မနည်းနည်းကြီးတယ်၊ ၃ ခုလို့သိရတယ်၊ ၁၂၄ တို့ ၅၀၅ တို့ပါတယ်ပြောတယ်၊ သူတို့ကို ဘာကြောင့် စွဲတာကိုတော့ ရှင်းမပြဘူးတဲ့”ဟု ဦးဝင်းမောင်က ဧရာဝတီသို့ ပြောပြသည်။
မစုစုနွေးကို လာမည့် ဖေဖော်ဝါရီ ၆ ရက် ဗုဒ္ဓဟူးနေ့တွင် ဗဟန်းမြို့နယ် တရားရုံး၌ ရုံးထုတ်မည်ဟု ကြားသိရ ကြောင်း လည်း ၎င်းက ပြောသည်။
မစုစုနွေးသည် ၂၀၀၇ ခုနှစ် သြဂုတ်လ အတွင်း လောင်စာဆီဈေးနှုန်းနှင့် ကုန်ဈေးနှုန်းကျဆင်းရေး လမ်းလျှောက် ဆန္ဒ ထုတ်ဖော်ပွဲများကို ဦးဆောင်ခဲ့သူတဦးဖြစ်ပြီး စစ်အာဏာပိုင်များ၏ လိုက်လံဖမ်းဆီးမှုကြောင့် ရှောင်တိမ်းနေ ခဲ့ရသည်။
ထို့နောက် နိုဝင်ဘာ ၁၃ ရက်တွင် ရန်ကုန်မြို့ရှိ အာဏာပိုင်များ စိုက်ထူထားသော အမေရိကန် ဆန့်ကျင်ရေး ဆိုင်းဘုတ်တွင် စစ်အစိုးရ ဆန့်ကျင်ရေးစာ ကပ်ရန်သွားစဉ် အန်အယ်လ်ဒီ လူငယ်ခေါင်းဆောင် ၂ ဦးနှင့် အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
လွန်ခဲ့သော အပတ်အတွင်းကလည်း အာဏာပိုင်များက ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေးတို့အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၁၀ ဦးခန့်ကို ပုံနှိပ်အက်ဥပဒေ ၁၇/၂၀ဖြင့် ပုဒ်မတပ် တရားစွဲဆိုရန်ပြင်ဆင်မှု များပြုလုပ်ခဲ့သည်။
လောင်စာဆီဈေးနှုန်းအဆမတန်ကြီးမြင့်မှုနှင့်ပတ်သက်ပြီး ချီတက်ဆန္ဒပြကြသော ၈၈မျိုးဆက်ကျောင်းသားခေါင်း ဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမင်းဇေယျ၊ ကိုဇေယျာ၊ ကိုမြအေး၊ကိုကျော်မင်းယုခေါ် ကိုဂျင်မီ၊ ကိုအံ့ဘွယ် ကျော်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုဇော်ဇော်မင်း၊ ကိုသက်ဇော်၊ ကိုဥာဏ်လင်းထွန်းနှင့် ကိုကျော်ကျော်ထွေး တို့ ၁၃ ဦးကို စစ်အစိုးရက ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်။
မကြာသေးခင်က ထောင်ဝင်စာသွားရောက်တွေ့ဆုံခဲ့သော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချို၏ ဖခင် ဦးဝင်းမောင်က အဖမ်းဆီးခံ ကျောင်းသားခေါင်းဆောင်များ၏ ကျန်းမာရေး အခြေအနေကို ပြောပြသည်။
“ကိုမင်းကိုနိုင်က စောစောပိုင်းက သွားကိုက်တယ်၊ ဆေးတွေဘာတွေထည့်လိုက်တော့ သက်သာ သွားပြီး သွားဖုံးတော့ ရောင်နေတယ်တဲ့၊ ကိုကိုကြီးကတော့ ကျန်းမာရေး အခြေအနေသိပ်မကောင်း ဘူးတဲ့၊ ကိုမြအေးက တော့ သူကတောင်း ဆိုတဲ့ အတွက် အီးစီဂျီ တွေ ဘာ တွေ လာရိုက်ပေးသွားတယ်၊ နှလုံးအောင့် တာလောက်ပဲ ရှိတယ်လို့ ပြောတယ်”ဟု ဦးဝင်းမောင်က ဆိုသည်။
ဇန်နဝါရီ ၂၁ ရက်နေ့ကလည်း အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်များဖြစ်သော ကျော်ဇင်ဝင်း၊ ကျော်ကျော်လင်း၊ နေဇာမျိုးဝင်း၊ ဟန်စိုး၊ ကြည်ကြည်ဝါ၊ ထက်ထက်အောင်တို့ အပါအဝင် လူငယ် ၉ ဦးအား အသင်းအဖွဲ့ဆိုင်ရာ ဥပဒေ ပုဒ်မ ၆ ၊ ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂ (ခ)၊ လူဝင်မှုကြီးကြပ်ရေး (လဝက) အရေးပေါ် အက်ဥပဒေ ပုဒ်မ ၁၃(၁) တို့ဖြင့် ပုဒ်မ တပ်တရားစွဲဆို ရုံးထုတ်ကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောသည်။
“သူတို့အားလုံးက ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေး နေ့ မနက်ပိုင်းနဲ့ ညနေပိုင်းက ဖမ်းဆီးခံရတာ၊ အခုလက်ရှိ သူတို့ကို အင်းစိန်ထောင်မှာပဲ ထားတယ် လို့ မိသားစုဝင်တွေဆီက ကြားရတယ်၊ ကျနော်တို့ ဆီကတော့ သူတို့ရဲ့ ခုခံကာကွယ်ရေး အတွက် ကူညီပေးနေပါတယ်”ဟု ၎င်း က ပြောဆိုသည်။
အဆိုပါအမှုတွဲတွင် မောင်တာလင်း၊ အောင်ဇော်ဦး၊ ဇာနည်ရဲသွေး စသည့် လူငယ်များကိုလည်း ပုဒ်မတပ်တရား စွဲဆိုထား ပြီး ၎င်း လူငယ်အားလုံးမှာ အသက် ၂၀ နှင့် ၃၀ အတွင်းရှိသူများဖြစ်ကြောင်းသိရသည်။
ရှေ့နေကြီး ဦးအောင်သိန်းက ယင်းသို့စွဲဆိုသည့် ပုဒ်မများနှင့်ပတ်သက်ပြီး“ပုဒ်မ ၆ က ပြစ်ဒဏ် ၅ နှစ်လောက် အထိ ပေးလို့ရတယ်၊ ၁၃(၁) က ၂ နှစ် လောက်ပေးလို့ ရတယ်၊ ဗီဒီယို အက်ကတော့ ဘယ်လိုဆက်ရှင်နဲ့ စွဲမှန်းမသိ လို့ ပြစ်ဒဏ် ဘယ်လောက်ဆိုတာပြောလို့မရပါဘူး”ဟု ရှင်းပြသည်။
၎င်းတို့၏ ရုံးချိန်းကို ဇန်နဝါရီ ၃၀ ရက်၊ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၄ ရက်နေ့များသို့ ရုံးချိန်းပြန်ချိန်းထားကြောင်း ဦးဥာဏ်ဝင်းက ပြောသည်။
၂၀၀၇ ခု ဒီဇင်ဘာလ အတွင်းက စက်တင်ဘာ ဆန္ဒပြပွဲများတွင်ပါဝင်ပတ်သက်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် ၈၈ မျိုးဆက် ကျောင်းသား ကိုမျိုးရန်နောင်သိန်းသည်လည်း အင်းစိန်ထောင်တွင်း၌ကျန်းမာရေးဆိုးရွားလျက်ရှိကြောင်း မကြာသေးခင်က ထောင်ဝင်စာ တွေ့ခဲ့ရသည့် အစ်ကိုဖြစ်သူ ကိုမျိုးထိုက်ကပြောသည်။
“သူ့ကျန်းမာရေးကို ကျနော်အလွန်စိုးရိမ်မိပါတယ်၊ သူလမ်းလျှောက်ရင် တယောက်ယောက် အကူနဲ့မှ လျှောက် လို့ရတယ်၊ သူ့ ဘယ်ဘက်က လှုပ်လို့မရဘူး၊ တာဝန်ရှိတဲ့လူတွေက သူ့ကို အပြင်မှာ ထွက်ပြီးဆေးကုသခွင့်ပေး စေချင်ပါတယ်”ဟု ကိုမျိုးထိုက်က ပြောသည်။
၂၀၀၇ ခု နိုဝင်ဘာလအတွင်းက ဖမ်းဆီးခဲ့ရသည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုလှမျိုးနောင်၊ ကိုကျော်စိုး ခေါ် တော်ကီနှင့် ရွှေသံစဉ် တေးဂီတ အဖွဲ့ခေါင်းဆောင် ကိုဝင်းမော်တို့သည် ထောင်ဝင်စာတွေ့ခွင့်ရ သော်လည်း ကျန်းမာရေး မကောင်းသေးသည့် အတွက် ထောင်တွင်းဆေးရုံ၌ပင် ရှိနေကြောင်း ယမန်နေ့က ထောင်ဝင်စာသွားရောက် တွေ့ခဲ့သည့် ကိုဝင်းမော်၏ ဇနီးက ပြောသည်။
“သူ့နှာခေါင်းရိုးက အခုထိ ယောင်နေတုန်းပဲ၊ ရေလောင်းပြီးစစ်တယ်တဲ့၊ အဲဒါကြောင့် အဆုတ်အအေးပတ်ပြီး တော့ အဆုတ်ယောင်တယ်တဲ့၊ နှာခေါင်း ကို ထိုးလိုက်လို့ နှာခေါင်းယောင်နေတယ်တဲ့၊ သူတို့ အုပ်စုအကုန်လုံးကို တွေ့ခွင့်ရပြီ၊ သူကတော့ ဆေးရုံပေါ်မှာပဲ အခုထိ၊ သူရယ် တော်ကီရယ်၊ လှမျိုးနောင်ရယ် ဆေးရုံပေါ်မှာ”ဟု ကိုဝင်းမော်၏ ဇနီးကပြောသည်။
၎င်းတို့အား ပုဒ်မ ၅ (ည) ဖြင့် အမှုစွဲထားပြီး ယမန်နေ့က ထောင်တွင်း၌ပင် ယမန်ယူသည်ဟုလည်း ကိုဝင်းမော်၏ ဇနီးက ဆိုသည်။
လွန်ခဲ့သည်နှစ် သြဂုတ်လမှ စ၍ ယခုအချိန်အထိ လူဦးရေ ၇၀၀ ကျော်ကို စစ်အစိုးရက ဖမ်းဆီးထားပြီး အဖမ်းခံ ရသူ အများစုသည် ကျန်းမာရေးစောင့်ရှောက်မှု မရရှိကြကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း(အေအေပီပီ) ၏ ပြောကြားချက်အရ သိရသည်။
ယခုလအတွင်း ထုတ်ပြန်သည့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI) ၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံ အကျဉ်းထောင် များအတွင်း လက်ရှိနိုင်ငံရေး အကျဉ်းသား ၁၈၅၀ ခန့်ရှိပြီး ၎င်းအရေအတွက်ထဲတွင် စက်တင်ဘာ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ အတွင်း ဖမ်းဆီးခံရသူ ၈၀ ခန့် မပါဝင်သေးကြောင်း ဖော်ပြထားသည်။
Thursday, January 31, 2008
အကျဉ်းကျ နိုင်ငံရေးခေါင်းဆောင်များကို ပုဒ်မတပ် စွဲချက်တင်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment