ဧရာဝတီ - အေးချမ်းမြေ့ | ဇန်န၀ါရီ ၂၊ ၂၀၀၈ ခုနှစ်
စီအင်ဂျီ အငှားယာဉ်များကို ခွဲတမ်းလျှော့မည်ဟုကြေညာပြီးနှစ်ရက်ခန့်အကြာ ယခင်အတိုင်းပြန်ပေးမည်ဟု အစိုးရ သတင်းစာများ၌ ပြောင်းလဲ ကြေညာခြင်းမှာ စစ်အစိုးရက နောက်ဆက်တွဲ ထွက်ပေါ်လာသောကောလာဟလ များအပေါ် စိုးရိမ်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း အငှားယာဉ်မောင်းသမားများက သုံးသပ်သည်။
စစ်အစိုးရက ၂၀၀၇ ခု ဒီဇင်ဘာ ၂၈ရက်နေ့မှစ၍ စီအင်ဂျီဓာတ်ငွေ့ကို လိုသလောက်ထုတ်ယူခွင့် မပြုနိုင်ကြောင်းနှင့် ခွဲတမ်း ဖြင့်သာထုတ်ပေးနိုင်တော့မည်ဖြစ်ကြောင်း စီအင်ဂျီအရောင်းဆိုင်များတွင် ကြေညာထားခဲ့သည်။ ယင်းကဲ့သို့ထုတ်ပြန် ကြေညာပြီးနောက် စီအင်ဂျီအငှားယာဉ်များနှင့် လိုင်းကားများမှာ သတ်မှတ်နှုန်းပြည့်မီ အောင် မပြေးဆွဲနိုင်ဘဲ တချို့ယာဉ် များကို လုံးဝရပ်နားထားရသည်အထိ ဖြစ်ခဲ့သည်။
ထို့ပြင် ဒီဇယ်ဆီနှင့်ဓာတ်ဆီခွဲတမ်းများကိုလည်း ပုံမှန်အားဖြင့် တရက်လျင် ၂ဂါလံပေးနေရာမှ ၁ဂါလံသာပေးတော့မည် ဟူသည့်ကောလာဟလများဆက်တိုက်ထွက်ပေါ်ခဲ့ရာ လူထုအုံကြွမှုများဖြစ်ပေါ်မည်ကို စိုးရိမ်သဖြင့် ယခုကဲ့သို့ ပြန်လည် ကြေညာပေးခြင်းဖြစ်နိုင်သည်ဟု အငှားယာဉ်မောင်းတဦးကပြောသည်။
“တကယ်ပဲ အရင်လိုပြန်ပေးမယ်ဆိုရင်တော့ ကောင်းပါတယ်၊ ဒါပေမယ့် ကျနော်တယောက်တည်းအနေနဲ့ ပြောရရင်တော့ မယုံဘူးဗျ၊ သူတို့ ကဒီလိုပုံစံမျိုးလုပ်နေကြပဲ” ဟု သုဝဏ္ဏမြို့နယ်တွင်နေထိုင်သည့် အငှားယာဉ်မောင်း တဦးကပြောသည်။
၂၀၀၇ စက်တင်ဘာအရေးအခင်းသည်လည်း စက်သုံးဆီဈေးများကြီးမြင့်လာခြင်းမှ စတင်ခဲ့ခြင်း ဖြစ်သောကြောင့် ယခုတကြိမ်ယခင်အခြေအနေမျိုး ထပ်မံဖြစ်ပေါ်မည်ကို စစ်အစိုးရက ကြောက်လန့်နေခြင်းမှာ ဖြစ်နိုင်စရာရှိသည် ဟု လည်း ၎င်းက ဆိုသည်။
စီအင်ဂျီဓာတ်ငွေ့ကို ခွဲတမ်းအတိုင်းပြန်ပေးမည်ဆိုသော်လည်း ကားဈေးများမှာမူ ရုတ်တရက်ထိုးကျသွားခဲ့သည် ဟု ဟံသာဝတီကားပွဲစားတန်း ပွဲစားများက ပြောသည်။
“အထူးသဖြင့်အောက်ကားတွေ ဈေးကျသွားတယ်၊ ကျပ်သိန်း၂၀၀တန်လောက်ကို ၁၆၀ လောက်ဖြစ်သွားတယ်၊ ခုလိုဈေး ကျပုံမျိုးက ဆီဈေးတက်ရင်ဖြစ်တတ်တယ်လေ၊ ဆီဈေးတက်ရင် ရောင်းချင်သူတွေများတယ် ၀ယ်သူ နည်းသွားတယ်၊ အဲဒါဆိုဈေးကျတတ်တယ်” ဟု ကားပွဲစားတဦးကပြောသည်။
ဒီဇယ်နှင့် ဓာတ်ဆီ အစိုးရထုတ်ဈေးမှာ တဂါလံကျပ်၂၅၀၀ဖြစ်ပြီး အပြင်ပေါက်ဈေးမှာ ဒီဇယ်ကျပ်၅၀၀၀၊ ဓာတ်ဆီ ၄၅၀၀ ဖြစ်သဖြင့် ဈေးသက်သာသော စီအင်ဂျီယာဉ်များမှာ စီးသူ မောင်းသူ နှစ်ဦးနှစ်ဘက် အဆင်ပြေလျက်ရှိ သည်။ စီအင်ဂျီ ၁ ကီလိုဂရမ် အိုး၂အိုး ဖြင့် တညလုံးမောင်းနှင်နိုင်သောကြောင့် ယာဉ်မောင်းများအတွက် တွက်ခြေ ကိုက်သည်။
စီအင်ဂျီဓာတ်ငွေ့ကိုခွဲတမ်း လျှော့ပေးလိုက်သောအခါ ယာဉ်မောင်းများမှာ ခရီးသည်ကို လိုက်လံရှာဖွေ မနေနိုင်တော့ဘဲ တနေရာတည်းတွင်ကားကိုရပ်၍ ခရီးသည်စောင့်ဆိုင်းသည့်စနစ်ကို ကျင့်သုံးကြရသည်။
ထို့ပြင် ထိုရက်ပိုင်းအတွင်းက အငှားယာဉ်စီးခနှုန်းအနေဖြင့် ယခင် ၂၅၀၀ကျပ်တန်ခရီးကို ကျပ်၄၀၀၀ပေးစီးခဲ့ ရသည်ဟု အငှားယာဉ်ငှားစီးခဲ့သူ တဦးကပြောပြသည်။
စီအင်ဂျီဓာတ်ငွေ့ဖြည့်ရာတွင် လျှပ်စစ်မီးမှာ အဓိကကျပြီး လျှပ်စစ် မီးပုံမှန်မရနိုင်သောကြောင့် တချို့ဓာတ်ငွေ့အရောင်း ဆိုင်များတွင် ဓာတ်ငွေ့ဖြည့်မည့်ကားများစုပုံ လျှက်ရှိရာလျှပ်စစ်မီးမရသည့်အချိန် ဓာတ်ငွေ့ပေးနိုင်ရန် ဒီဇယ်ဖြင့် မောင်းသောမီးစက်များကို အသုံးပြု၍ ဖြည့်ပေးကြရကြောင်း သိရသည်။
၂၀၀၈ ဇန်န၀ါရီ ၁ရက်နေ့ အစိုးရသတင်းစာများတွင် စီအင်ဂျီယာဉ်များကို စာအုပ်ပြုလုပ်ပေး၍ မှတ်တမ်းတင် ရောင်းချပေး သွားမည်၊ ဓာတ်ဆီနှင့်ဒီဇယ်ဆီများကိုလည်း ယခင်အတိုင်း ပြောင်းလဲမှုမရှိဘဲထုတ်ပေးသွားမည်ဟု ကြေညာပေးခဲ့ သော်လည်း ယာဉ်ပိုင်ရှင်များအနေနှင့် စိုးရိမ်ထိတ်လန့်နေကာ မိမိပိုင်ယာဉ်များကို အမြန်ဆုံးရောင်း ချချင်နေကြသည် ဟုကြားသိရသည်။
Thursday, January 3, 2008
လူထုအုံကြွမှု စိုးရိမ်၍ စီအင်ဂျီ ကြေညာချက်ပြောင်းလဲဟု ယာဉ်မောင်းများ သုံးသပ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment