ခေတ်ပြိုင်-ပီတာအောင်/ ၂၈ ဇန်န၀ါရီ ၂၀၀၈
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတဦး ဖြစ်သူ ဦးမြင့်သိန်း၏ ကျန်းမာရေးအခြေအနေ ဆိုးရွားလျက်ရှိပြီး ရန်ကုန်မြို့ ဘားလမ်းရှိ ကုသိုလ်ဖြစ်ဆေးရုံ၌ ဆေးကုသမှုခံယူနေရ သည်ဟု ဦးမြင့်သိန်း၏ မိသားစုနှင့်နီးစပ်သူ တဦးက ပြောသည်။
၎င်းက “အခု ဒရစ်တွေဆက်တိုက်သွင်းထားရ တာပေါ့နော်။ အားပြတ်နေတယ်။ အစာလုံးဝ မစားနိုင်တော့ဘူး။ အစာအိမ်မှာ အနာလည်း လုံးဝမပျောက်သေးဘူး။ ဒါပေမယ့် စိတ်ဓာတ် တော့ မကျပါဘူး။ လူငယ်တယောက်လည်းမဟုတ်တဲ့အတွက် စိတ်ဓာတ်က ဘယ်လိုပဲခိုင်ပေမယ့် သူ့ခန္ဓာကိုယ်က မလိုက်နိုင်ရင်တော့ မလွယ်ဘူး” ဟု ပြောသည်။
အစာအိမ်နှင့်ကျောက်ကပ်ဝေဒနာများ ခံစားနေရသည့် ဦးမြင့်သိန်းသည် စက်တင်ဘာအရေးအခင်းတွင် အင်းစိန်ထောင်၌ တလကျော်ထိန်းသိမ်းခံခဲ့ရပြီးနောက် ထောင်မှပြန်လွတ်မြောက် လာခဲ့သည်။ ပြန်လွတ်လာပြီးနောက် သင်္ကန်းကျွန်းစံပြဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူခဲ့ရကာ နေအိမ်၌ပြန်လည်အနားယူနေရာမှ ကျန်းမာရေးအခြေအနေမကောင်းသဖြင့် လွန်ခဲ့သည့် (၁၀) ရက်ခန့်က မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း) ဆေးရုံသို့ ပို့လိုက်ရခြင်းဖြစ်သည်။
ရောဂါကုသရန် အချိန်နောက်ကျသွားခြင်းနှင့် အသက်အရွယ်ကြီးနေခြင်းတို့ကြောင့် ကျန်းမာရေး ပြန်လည်ကောင်းမွန်စေရန် ကြိုးပမ်းကုသနေရသည်ဟု ဦးမြင့်သိန်း၏ဆွေမျိုးတဦးကပြောသည်။
၎င်းက “ကုသရမယ့်အချိန်မှာ ခေါ်သွားတဲ့အခါကျတော့ ဆေးကုလက်စကြီးနဲ့ မကုလိုက်ရဘူးပေါ့ နော်။ အချိန်ကြာသွားတယ်။ ထောင်ထဲမှလည်း အာဟာရဖြစ်တာ မစားရဘူး။ အစာအိမ်ဆိုတော့ ပိုဆိုးတာပေါ့။ ဟိုမှာကျွေးတာတွေလည်း အစာအိမ်နဲ့ မသင့်တော်တာတွေဆိုတော့ တလလောက် ကုရတဲ့အချိန် နောက်ကျတော့ အပ်နဲ့ ထွင်းရမယ့်ဟာ ပုဆိန်နဲ့ပေါက်ရသလို ဖြစ်သွားတာပေါ့” ဟုပြောသည်။
အသက် (၆၂) နှစ် ရှိပြီဖြစ်သည့် ဦးမြင့်သိန်းသည် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှအနိုင်ရသည့် ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး အန်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် (၄) ဦးအနက် (၁) ဦးအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသည်။
Tuesday, January 29, 2008
အန်အယ်လ်ဒီပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်း ကျန်းမာရေးအခြေအနေဆိုးရွား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment