ဧရာဝတီ-ကြည်ဝေ | ဇန်နဝါရီ ၂၈၊ ၂၀၀၈
ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း ဈေးသူဈေးသားများ စုပေါင်းပြုလုပ်သည့် နာမည်ကျော်သံဃာတော် သုံးပါး၏ တရားပွဲ များကို စစ်အစိုးရ အာဏာပိုင်များက နာရီပိုင်းအလိုတွင် လုံခြုံရေးအကြောင်းပြ၍ ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။
နာမည်ကျော် ဆရာတော်ကြီးများဖြစ်ကြသည့် ကိုးဘွဲ့ရဆရာတော် အရှင်အာစာရလင်္ကာရ၊ ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ၊ ရွှေပြည်ဟိန်း ဆရာတော် အရှင်ခေမာသီရိတို့၏ ဇန်နဝါရီလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့ထိ ဟောကြားမည့် တရားပွဲများကို အာဏာပိုင်များထံမှ ခွင့်ပြုမိန့်ရရှိပြီးဖြစ်သည်ဟု ဈေးစည်ပင်အဖွဲ့က ပြောသည်။
သို့သော် ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၄ နာရီ တရားပွဲစတင်ကျင်းပရန် ၂ နာရီခန့်အလိုတွင် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ဝင်များ က တရားပွဲမကျင်းပရန်အထက်က အမိန့်ဖြင့်ပိတ်ပင်ခိုင်းလိုက်ကြောင်း တရားပွဲစီစဉ်သူများကို အကြောင်းကြားခဲ့သည်ဟု အထက်ပါ ဈေးစည်ပင်အဖွဲ့က ဆိုသည်။
“အကုန်လုံးပြင်ဆင်ပြီးသွားပြီ၊ ညနေ ၃ နာရီခွဲလောက်ကျရင် ဆရာတော်အရှင်အာစာရလင်္ကာရသွားပင့်ဖို့ လုပ်တော့မှ တရားပွဲမလုပ်ရဘူးလို့လာပြောတာ၊ မလုပ်စေချင်ရင် အစကတည်းက မလုပ်နဲ့လို့ပြောပေါ့၊ အခုတော့ အားလုံးစီစဉ်ပြီးကာမှ ဆရာတော်တွေလည်း တော်တော်စိတ်ပျက်သွားကြတယ်”ဟု ဗိုလ်ချုပ်ဈေးသား တဦးက ပြောသည်။
တရားပွဲများကို ဇန်နဝါရီလ ၂၃ ရက်နေ့တွင် အရှင်အာစာရလင်္ကာရ ၊၂၄ ရက်နေ့တွင် အရှင်ဆေကိန္ဒ၊၂၅ ရက် နေ့တွင် အရှင်ခေမာသီရိ တို့ ဟောကြားရန် တရားဝင်ခွင့်ပြုမိန့်ရရှိခဲ့သည့်အတွက် တရားပွဲစီစဉ်သူများက ဖိတ် စာများရိုက်ခြင်း၊ အလှူခံခြင်းများဆောင်ရွက်ခဲ့ကြောင်း၊ ပထမဦးဆုံးဟောကြားမည့် ဆရာတော်အရှင်အာစာရ လင်္ကာရအတွက် အလှူငွေ ကျပ် ၁၅ သိန်း ပင်ရရှိထားကြောင်းလည်း သိရသည်။
“တရားပွဲရှိတယ်ဆိုလို့ဆိုင်ကို စောစောပိတ်ပြီး အိမ်ပြန်ရေမိုးချိုး၊ ယောဂီဝတ်စုံနဲ့ ယောဂီတဘက်လေးယူပြီးလာတာ ဈေးရောက်တော့ တရားပွဲမဖြစ်ဘူးဆိုတာသိလိုက်ရတော့ အရမ်းဝမ်းနည်းသွားတယ်၊ သာသနာကိုတောင် လွတ်လွတ် လပ်လပ်ကြည်ညိုလို့မရတဲ့ဘဝပဲ” ဟု အသက် ၆၀ ခန့်ရှိ ရတနာဆိုင်ပိုင်ရှင် အမျိုးသမီးကြီး တဦးက ပြောဆိုသည်။
အစိုးရပိုင်သတင်းစာများတွင် တရားပွဲများလွတ်လပ်စွာကျင်းပခွင့်ပေးထားသည်ဟုဆိုကာ တရားပွဲသတင်းများကို ဆရာတော်များ၏ဘွဲ့အမည်နှင့်တကွဖော်ပြလေ့ရှိသော်လည်း ကျင်းပခွင့်ရသည့်တရားပွဲအရေအတွက်မှာ အလွန် နည်းကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
“လှိုင်မှာလုပ်တဲ့ဖြူးဆရာတော် အရှင်နရပတိရဲ့တရားပွဲကို သွားနာတာ၊ ထောက်လှမ်းရေးတွေ ရဲတွေ ချည်းပဲ၊ အေးအေး ဆေးဆေးတရားနာလို့မရလို့ နောက်ဆုံးပြန်တာပဲကောင်းတယ်ဆိုပြီး ပြန်ခဲ့ရတယ်”ဟု လှိုင်မြို့နယ် နေ အသက် ၃၈ နှစ်ခန့်ရှိ တက္ကသိုလ် ကထိက တဦးကလည်း ပြောသည်။
ဇန်နဝါရီ လဆန်းပိုင်းကလည်း မြောက်ဥက္ကလာပမြို့နယ်အတွင်းတွင် တရားပွဲများကျင်းပခွင့်မပြုရန် သက်ဆိုင်ရာက ရယက များကို ခေါ်ယူပြောဆိုခဲ့ကြောင်း မြောက်ဥက္ကလာမြို့နယ် (ဆ) ရပ်ကွက်မှ ရယက တဦးကပြောကြား သည်။
လက်ရှိရန်ကုန်မြို့တွင် ကျင်းပခွင့်ပြုသည့်တရားပွဲများကို အာဏာပိုင်များက လုံခြုံရေး အင်အားအလုံးအရင်း ချ၍ စောင့်ကြည့်မှုများပြုလုပ်နေပြီး တချို့သောတရားပွဲများကို လုံခြုံရေးအကြောင်းပြကာ ပိတ်ပင်မှုများပြုလုပ်နေ ကြောင်း သိရသည်။
Tuesday, January 29, 2008
ရန်ကုန် ဗိုလ်ချုပ်ဈေး တရားပွဲ ပိတ်ပင်ခံရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment