Tuesday, January 29, 2008

ငါတို့ဘ၀နဲ့မွှေးရမယ့် မီးတောက်

ိုကောင်းကင်ကို

ဒီဝဋ်က မကျွတ်ခဲ့ရခြင်းရဲ့  တရားခံ ဟာ
အဟိံသ လမ်းစဉ်လို့ မစွပ်စွဲပါနဲ့ ။
အဲဒီ့ ကောင်းကင်မှာ
အမြင့်ဆုံး ပျံသန်းခဲ့ကြတဲ့
ရွှေဝါရောင် ဝိညာဉ်တွေက
ကမ္ဘာတုန်အောင် ငိုလိမ့်မယ်။

လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ဟာ
အောင်မြင်ခြင်းတွေ ပွင့်မပေးနိုင်တဲ့ ဥယျာဉ်အိုလို့  မစွပ်စွဲပါနဲ့ ။
ကမ ၻာအရပ္ရပ္က
ပေးဆပ်ခဲ့တဲ့
သူရဲကောင်း တို့ ရဲ့ သွေးတွေက
ထပွက် လိမ့်မယ်။

တရားခံ အစစ်ဟာ ငါတို့ ပဲဖြစ်တယ်။
တော်လှန်ရေး ကစားကွက်မှာ
ကိုယ့်အသက်ကို ကိုယ်စတေးပြီး ကစားခဲ့တဲ့
သူရဲကောင်းတွေကို ဖယ်ထုတ်ကြည့်လိုက်။
ငါတို့ အများစုဟာ
ပါးစပ်က တော့ တော်လှန်ရေး တာဝန်ကျေပါတယ်။
လက်တွေ ကတော့ ပြည်ဖျက်ယန္တရားကြီးမှာ ခွေးသွားစိပ် အဖြစ် တာဝန်ကျေကြတယ်။
အမိန့် တွေကို နာခံရင်းက အာဏာဖီဆန်ရေးလမ်းစဉ်ကို အာနိသင် မရှိဘူးလို့ တံဆိပ်ကပ်ကြတယ်။

တစ်ဘက်သတ်ကြိုးဝိုင်းအတွင်း
သူရဲကောင်းတွေ လဲကွဲ နေချိန်မှာ
ငါတို့ အများစုက
ရုပ်သေးရုပ်အဖြစ် ရန်သူကြိုးဆွဲရာ ကနေရင်းနဲ့ 
ကယ်တင်ရှင်ကို စောင့်နေတဲ့သူတွေများတယ်။
ပွဲကြည့်ရင်း မျက်ရည်ကျရုံနဲ့ တော့
ဇာတ်လမ်းကလည်းပြောင်းမှာ မဟုတ်ဘူး။

လေလွတ်ရာ မိုးလွတ်ရာမှာ ဖျာအလုအယက်ခင်းနေသူတို့ ၊
တရားခံအစစ်ဟာ သင်တို့ လည်းဖြစ်တယ်။
သင်တို့ ခင်းထားတဲ့ ဖျာတွေအောက်မှာ
သွေးစွန်းနေတဲ့ သင်္ဃန်းစတွေရှိတယ်။
သင်တို့ နင်းထားတဲ့လမ်းမှာ မျက်ရည်တွေက မခြောက်သေးဘူး။
ရန်သူကို ကြိုးမပေးနိုင်သေးခင်
ကိုယ့်လိပ်ပြာကို အရင် ကိုယ်ကြိုးစင်တင်ကျ။

ငါတို့ အတ္တတွေ တစ်ယောက်တစ်ခွက်စီ ဝိုင်းလောင်းထားကြလို့ 
ဒီအဆိပ်ပင်ကြီး ဒီလောက်ကြီးလာတာ။
ခေတ်ကိုလက်ညှိုးထိုးပြီးတော့ တီးလုံးအပျက်နဲ့ မကကြစမ်းပါနဲ့ ။
ကိုယ့်ကိုယ်ကို ခေတ်ရဲ့ သားကောင်လို့ ယူဆထားရင်တော့
ခေတ်ရဲ့ မုဆိုးတွေက ပစ်မှာပဲ။
မုဆိုး ဆိုတာက ဥပုသ် မစောင့်ဘူးလေ။

သွေးတွေနဲ့  ထင်းနေအောင် ရေးထားတဲ့
ရန်ငါ ပြတ်ဖို့ ဆိုတဲ့ စကားလုံးနီနီရဲရဲဟာလည်း
စိမ်းစိမ်းမြင်တိုင်း လိုက်သတ်ဖို့ ပြောတာမဟုတ်ဘူး။
လိပ်ပြာတွေ သန့် စင် နေဖို့ ပြောတာ။
ရန်သူနဲ့ ငါတို့ လိပ်ပြာချင်း ကွဲနေရမယ်။
ညစ်ညမ်းနေတဲ့ ရန်သူ့ လိပ်ပြာကို မိတ္တူကူးနေရင်တော့
ကိုယ့်တပ်ကိုယ်ပြန် နင်းနေရလိမ့်မယ်။
တန်ဖိုးရှိတဲ့ စကားလုံးတွေကို အနက်ရှိုင်းဆုံးအထိတွေးကြ။

ရန်သူ့ လိပ်ပြာက
ဘက်သားဟန်ဆောင်ထားတဲ့ တချို့ ခန္ဓာတွေမှာ ဝင်ပူးတော့
ရန်ငါ ဘယ်လို ဖြတ်ရမလဲ။
စေတနာ ပင့်သက်တွေကလည်း
ဝါးလုံးသိမ်း ရိုက်ချက်တွေ အဖြစ် မဆိုင်သူတွေကိုထိဦးမယ်။
မျက်နှာဖုံးစွပ်ဆိုတာကလည်း
မိုးထဲရေထဲမှာ မှ ကျွတ်တတ်တာ။

သူငယ်ချင်းတို့ 
ထောက်တိုင်တွေကို ဖြိုမယ်ဆိုရင်
ရှည်ရှည်ဝေးဝေး စဉ်းစားမနေနဲ့ ။
ငါတို့ စိတ်ဓာတ်တွေရဲ့ အနာအဆာမှန်သမျှဟာလည်း
ထောက်တိုင်တွေပဲဖြစ်တယ်။
အဲဒါတွေကို အရင်ဖြိုကြ။

ကြီးနိုင်ငယ်ညှင်း လုပ်ချင်တဲ့ စိတ်ဟာလည်း
အာဏာရှင် ဝါဒရဲ့ ကျူငုတ်ပါပဲ
မရသေးတဲ့လွတ်လပ်ရေးလေး
ရတဲ့ အခါ အသက်ရှည်အောင်
ကိုယ့်ကျူငုတ်ကို အခုကတည်းက ကိုယ်တိုင်ခုတ်ထားကြ။

အာဏာရှင်ဝါဒဆိုတဲ့
ဒီအမြစ်နဲ့ ဒီအပင်ရှိနေသရွေ့ 
အကိုင်းအခက်တွေကတော့ တစ်ခက်ခုတ်လည်း နောက်တစ်ခက်ထပ်ထွက်မှာပဲ။
တရွက်ကြွေရင် နောက်တစ်ရွက်ထပ်ဝေမှာပဲ။
အမြစ်ကိုတိုက်ရိုက်ဖြိုဖို့ သာ ငါတို့ ပိုပြီးအာရုံစိုက်ရမယ်။
ငါတို့ လိုချင်တာဟာ ဟမ္မူရာဘီပြောတဲ့ မျက်လုံးတစ်လုံးမဟုတ်ဘူး။
လူလိုရှင်သန်ခွင့်သာဖြစ်တယ်။

ဒီပုံ၊ ဒီစိတ်ဓာတ် ဒီအကြောက်တရားတွေ နဲ့ 
ငါတို့ ဘာသာ လက်ခံထားတဲ့ ငရဲကို
နှလုံးသားတွေ အပြင်းထန်ဆုံးဖောက်ခွဲပြီး ထွက်ကြ။

ငါတို့ အားလုံး ညီရင်
ဘဝတွေထဲက သေးသေးလေးကိုယ်စီဖဲ့ပေးပြီး မီးမွှေးကြရုံနဲ့ 
မျှော်လင့်ခြင်းမီးတောက်က ဝုန်းခနဲ ထတောက်မှာပါ။

ညာတောင်ပံက အနု၊ ဗယ်တောင်ပံက အကြမ်းနဲ့ 
ခွပ်ဒေါင်း ခြေသံတွေ လာပြီ။

ကောင်းကင်ကို

မှတ်ချက်။ " လေလွတ်ရာ မိုးလွတ်ရာမှာ ဖျာအလုအယက်ခင်းနေသူတို့ " ဆိုတာ မိုးဒဏ်လေဒဏ်ကြောင့် မိုးလာခိုသူတွေ ၊ စေတနာနဲ့  လုပ်နေသူတွေ ကိုပြောခြင်းမဟုတ်ပါဘူး။ ဒီမိုကရေစီ အရေး အကြောင်းပြပြီး ကိုယ်ကျိုးရှာနေသူ တစ်ချို့ ကိုသာ တိုက်ခိုက်လိုခြင်းဖြစ်ပါတယ်။
"ညာတောင်ပံက အနု၊ ဗယ်တောင်ပံက အကြမ်း" ဆိုတဲ့နေရာမှာ အကြမ်းဆိုတဲ့ စကားလုံးက အကြမ်းဖက်ဗုံးဖောက်ခွဲမှု၊ အကြမ်းဖက် လက်စားချေမှုတွေကို ပြောတာ မဟုတ်ပါဘူး။ စနစ်တကျ လက်နက်ကိုင် တော်လှန်မှု နဲ့  အာဏာရှင်တွေရဲ့  အကြမ်းဖက်မှုကို ခုခံကာကွယ်မှုကိုပြောတာဖြစ်ပါတယ်။

Tuesday, January 22, 2008
ကောင်းကင်ကို

0 comments: