ဧရာဝတီ-အေးချမ်းမြေ့| ဇန်နဝါရီ ၁၄၊ ၂၀၀၈
မြန်မာတိုင်းမ်(စ်) ဂျာနယ်မျက်နှာဖုံးတွင် ဂြိုဟ်တုစလောင်းလိုင်စင်ကြေးများ ခေတ္တဆိုင်းငံ့ထားဟူသည့် သတင်းကို ထည့်သွင်းဖော်ပြလိုက်သည့်အတွက် စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနက ဂျာနယ်ထုတ်ဝေခွင့် တပတ်ပိတ်ပင်ပြီး အယ်ဒီတာအဖွဲ့ဝင်လေးဦးကို နှုတ်ထွက်ခိုင်းလိုက်ကြောင်း စာပေစိစစ်ရေးရုံးနှင့်နီးစပ် သည့်အသိုင်းအဝန်းမှ ကြားသိရသည်။
“ဂျာနယ်တွေအားလုံးကို စလောင်းနဲ့ပတ်သက်တဲ့သတင်း ဘာသတင်းမှ မဖော်ပြရဘူးလို့မှာထားတာ မြန်မာ တိုင်းမ်စ်က မျက်နှာဖုံးမှာ ဖော်ပြလိုက်လို့ တပတ်နားခိုင်းလိုက်တာလို့သိရတယ်” ဟု ဂျာနယ်တစောင်၏ အယ်ဒီတာတဦးကပြောသည်။
ဂြိုဟ်တုစလောင်းလိုင်စင်ကြေးများခေတ္တဆိုင်းငံ့ထား သတင်းကိုမြန်မာဘာသာဖြင့်ထုတ်ဝေသည့်မြန်မာ တိုင်းမ်(စ်)ဂျာနယ် အတွဲ၁၈၊ အမှတ်၃၄၆၊ ဇန်နဝါရီ ၁၁-၁၇ ရက်နေ့ထုတ်တွင် ရေးသားဖော်ပြလိုက်ခြင်း ဖြစ်သည်။
ထို့ပြင် အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသည့် မြန်မာတိုင်းမ်(စ်)ဂျာနယ် အတွဲ၂၀၊ အမှတ်၄၀၀၊ ဇန်နဝါရီ ၇-၁၃ ရက်နေ့ထုတ်တွင်လည်း သတင်းထောက်သိန်းဝင်းညိုက အေအက်ဖ်ပီသတင်းကိုကိုးကား၍ ဂြိုဟ်တုစ လောင်းလိုင်စင်ကြေးများကို ယခင်ကျပ်၆၀၀၀မှ ကျပ်၁၀သိန်းထိတိုးမြှင့်ကောက်ခံတော့မည်ဟု ရေးသားဖော် ပြထားသည်။
“စလောင်းနဲ့ပတ်သက်ပြီး အသံတွေအရမ်းထွက်နေရာကနေ ခုတော့ဘာမှမေးလို့မရတော့ဘူး၊ လိုင်စင်သွား ဆောင်တာကိုလည်းလက်မခံဘူး” ဟု လက်ဖက်ရည်ဆိုင်ပိုင်ရှင်တဦးကပြောသည်။ ဂြိုဟ်တုစလောင်း နှင့်ပတ်သက်၍ စစ်အစိုးရက သတင်းမှောင်ချထားချင်ပုံရသည်ဟု ၎င်းကဆက်ပြောသည်။
မြန်မာတိုင်းမ်(စ်) ဂျာနယ်အပိတ်ခံရမှုနှင့်ပတ်သက်၍ ဧရာဝတီက မြန်မာနိုင်ငံစာပေစိစစ်နှင့် မှတ်ပုံတင် ဌာန ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေကိုဆက်သွယ်မေးမြန်းရာ ၎င်းကမည်သို့မျှပြန်လည်ဖြေကြားခြင်း မပြုဘဲ ဖုန်းချသွားခဲ့သည်။
၂၀၀၇ခုနှစ်ဇူလိုင်လအတွင်းကလည်း အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသည့် မြန်မာတိုင်းဂျာနယ်၏ ကြော်ငြာတ ခုတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို လူသတ်သမားဟုဖော်ပြထားသည့် လျှို့ဝှက်စာတန်း ထည့်သွင်းဖော်ပြ မိသဖြင့် ထွက်ပြီးသားဂျာနယ်များကို လိုက်လံသိမ်းယူခဲ့ရကြောင်းသိရသည်။
“တော်ရုံတန်ရုံအပြစ်ဆို ရုံးမှာလက်မှတ်ထိုးရုံလောက်နဲ့ပဲပြီးတာ၊ ခုဟာကတပတ်ပိတ်ရတယ်ဆိုတော့ အပြစ်တော်တော်ကြီးပုံရတယ်” ဟု ဂျာနယ်တစောင်မှ အယ်ဒီတာတဦးကပြောသည်။
နှုတ်ထွက်ခိုင်းသော မြန်မာတိုင်းမ်(စ်)ဂျာနယ်၏ အယ်ဒီတာအဖွဲ့ဝင်များမှာ မနွယ်နွယ်အေး၊ ကိုဝင်းကျော်ဦး၊ ကိုဝင်းညွန့်လွင်နှင့် ဦးမြင့်စိုးတို့လေးဦး ဖြစ်ကြောင်းကြားသိရသည်။
Monday, January 14, 2008
စလောင်းသတင်းကြောင့် မြန်မာတိုင်းမ်(စ်)ဂျာနယ် တပတ်ပိတ်ခံရ၍ အယ်ဒီတာလေးဦး နှုတ်ထွက်ပေးရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment