ဧရာဝတီ-အေးလဲ့ | ဇန်န၀ါရီ ၈၊ ၂၀၀၈
ကချင်တိုင်းရင်းသားများ၏ နှစ် ၆၀ ပြည့် ကချင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ကချင် မနောပွဲတော်ကို မြစ်ကြီးနားမြို့ စီကာပူ မနောကွင်းတွင် ၅ ရက် နေ့ မှ ၁၁ ရက်အထိ ကချင်လူမျိုးပေါင်းစုံ ရိုးရာယဉ်ကျေးမှု အဖွဲ့ ချူပ်က ဦးစီး ကျင်းပလျက် ရှိပြီး ယနေ့တွင် မနောပွဲ ဖွင့်ပွဲကို ပြုလုပ်ကျင်းပသည်ဟု မနောပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ခက်ထိန်နန်က ပြောသည်။
“ကချင် မနောပွဲဆိုတာ မနော ဦးဆောင်ရဲ့နောက်ကနေ လူတန်းစားပေါင်းစုံ မရွေး၊ ဘာသာမရွေး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ၀ိုင်းဝန်းကကြတာဟာ စည်းလုံးညီညွတ်တဲ့အား ဖြစ်တယ်၊ လူထောင်နဲ့ချီပြီးကလို့ ရတာဟာ ကချင် မနောပွဲတော်ရဲ့ ထူးခြားချက်လည်း ဖြစ်တယ်၊ လူတွေက တော်တော် စည်ကားပါတယ်၊ စတိတ်ရှိုးတွေလည်းပါမယ်” ဟု ခက်ထိန်နန်က ပြောသည်။
မနောပွဲတော်တွင် စက်မှု (၁) ၀န်ကြီးဌာန၏ ပြည်တွင်းဖြစ် ကုန်စည်ပြခန်းများ၊ ပုဂ္ဂလိကကုမ္ပဏီများ၊ ရိုးရာ ယဉ်ကျေးမှု ပစ္စည်းများလည်း ပြသရောင်းချသည်။
အဆိုပါ မနောပွဲတော်သို့ ဖိတ်ကြားထားသည့် ဂျာမနီ၊ ဂျပန်၊ အစ္စရေး၊ မလေးရှား၊ နော်ဝေ စသည့် နိုင်ငံများမှ သံတမန်များ တက်ရောက်ပြီး စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသည့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့  (ကေအိုင်အို) မှ အင်အား ၁၀၀၀ ခန့် နှင့် ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (အန်ဒီအေကေ) အဖွဲ့များလည်း တက်ရောက်သည်ဟု သိရသည်။
သို့ရာတွင် စစ်အစိုးရက တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့တချို့အား မကြာသေးခင်က တင်းကျပ် ပိတ်ပင်မှုများ ပြုလုပ်ပြီးနောက် မြစ်ကြီးနားမြို့၌ လက်ရှိကျင်းပနေသော ကချင်တိုင်းရင်းသားများ၏ မနောပွဲကို စည်ကားစွာ ကျင်းပခွင့် ပြုခြင်းကြောင့် အကျိုးစီးပွားပေါ်တွင် အခြေခံ၍ တိုင်းရင်းသားအဖွဲ့များအား ခွဲခြား ဆက်ဆံခြင်းဖြစ်သည်ဟု မြန်မာပြည် တွင်းမှ ဝါရင့် စာရေးဆရာမကြီး ဒေါ်ကြည်ဦးက ပြောသည်။
“အစိုးရက ဘာပဲလုပ်လုပ် မဖြောင့်တဲ့ သဘောထားနဲ့လုပ်တယ်၊ သူတို့က အတိတ်ကိုဖျောက်တယ်၊ အစဉ်အလာတွေကို မေ့အောင်ကြိုးစားတယ်၊ မြစ်ကြီးနားမှာ ကချင်မနောပွဲကို ခြိမ့်ခြိမ့်သဲသဲ စည်ကားအောင် လုပ်ခွင့်ပြုတယ်ဆိုတာကလည်း ငါးပွက်ရာ ငါးစာချတာပါပဲ၊ သူတို့အတွက် အကျိုးဖြစ်မယ့်ဟာကို လုပ်တာ၊ တည့်တဲ့လူကို အခွင့်အရေးပေးတဲ့သဘော၊ လက်နက်ချတဲ့ လူတွေရော သံတမန်တွေပါပေမယ့် သူတို့ကို ပြည်သူတွေကတော့ သိပ်စိတ်မဝင်စားပါဘူး”ဟု ဆရာမကြီး ဒေါ်ကြည်ဦးက ဧရာဝတီသို့ ပြောဆိုသည်။
ပြီးခဲ့သော ၂၀၀၇ ခုနှစ် နှစ်လယ်ခန့်ကပင် အသင်းအဖွဲ့ဆိုင်ရာ မှတ်ပုံတင်သက်တမ်းတိုးခြင်းကို မွန်၊ ကရင်နှင့် ရှမ်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက စစ်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြထားသော်လည်း ယခုအချိန်အထိ သက်တမ်းတိုးခွင့် မပြုသေးပေ။
ထို့အပြင် ၂၀၀၇ ခုနှစ် အတွင်းတွင် မွန်ပြည်နယ်၏ မြို့တော် မော်လမြိုင်မြို့ရှိ မွန်ယဉ်ကျေးမှုပြတိုက်အား စစ်အစိုးရက ရှေးဟောင်းသုတေသနနှင့် ယဉ်ကျေးမှုပြတိုက်ဟု အမည်ပြောင်းလဲလိုက်ပြီး မော်လမြိုင်မြို့ တံတားထိပ်ရှိ မွန်တိုင်းရင်းသား သင်္ကေတ ဟင်္သာရုပ်ပုံကိုလည်း ဆွမ်းအုပ်ပုံဖြင့် ပြောင်းလဲထားခဲ့သည်။
Wednesday, January 9, 2008
ကချင်မနောပွဲ မြစ်ကြီးနားတွင် ကျင်းပ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment