Monday, January 14, 2008

ဆေးပေါင်းခတဲ့ညက ကျမရဲ့အတွေးအပိုင်းအစတွေ….

ခွာညို

ဆေးပေါင်းခတဲ့ညမှာ အနှောင့်အယှက်မရှိဘဲ အိပ်နေနိုင်ခဲ့တာ အခုဆိုရင် နှစ်နှစ်ရှိသွားပြီ။ ဒါပေမယ့် အခုတော့လည်း ကျမကိုလာနှောင့်ယှက်ခံရတဲ့အဖြစ်ကို ပြန်ပြီး တမ်းတမိလာတယ်။
á ---

ကျမက ချူခြာတယ်ဆိုပြီး အိမ်ကအလိုလိုက်တာကိုခံရတယ်။ အခွင့်ထူးခံဆိုပါတော့။

အမေက သိပ်အေးဆေးပြီး စိတ်နှလုံးသိမ်မွေ့တဲ့သူ၊ အဖေကလည်း အမေ့လိုပါပဲ။ ဒါပေမယ့် အင်္ဂါသားအဖေက စိတ်ဆိုးပြီဆိုရင်တော့ သိပ် ကြောက်ဖို့ကောင်းတယ်။ အပစ်လုပ်တဲ့သူက သားသမီးဖြစ်နေအုန်းတော့ တုတ်ဆွဲ၊ ဓားဆွဲ လုပ်ချင်လုပ်လာတာ၊ ဒါတောင် အရက်သောက် တာမဟုတ်ဘူး။

အဖေအဲဒီလိုမျိုးရမ်းတာမျိုးကို အမေက နည်းနည်းမှကို မကြိုက်ဘူး။ အဖေကလည်း အမေမကြိုက်မှန်းသိပေမယ့် သူ့ဒေါသကိုသူ မထိန်းနိုင် တဲ့အခါတွေရှိတယ်။ တခါကတော့ ကျမအိပ်နေတဲ့ တနေ့လည်ခင်းမှာ အဖေက တယောက်ယောက်ကို သိပ်စိတ်ဆိုးပြီး အသံအကျယ်ကြီးနဲ့ အော်လိုက်တော့ ကျမလန့်နိုးသွားခဲ့တယ်။ အမေက အဖေ့ကိုလှမ်းပြောလိုက်တယ်။ “အဖေကြီး ညိုလေးအိပ်နေတယ်“ တဲ့။ အဖေ့အသံ ချက်ခြင်းတိုးသွားခဲ့ပါတယ်။

အမေက အမြဲတမ်းကိုပဲ ကျမရဲ့ ကျန်းမာရေးကိုဂရုစိုက်ခဲ့တာတွေကြောင့် ကျမစိတ်ညစ်ရတာတွေလည်း အများကြီးရှိခဲ့တယ်။ သူများ ငပိရည် စပ်စပ်နဲ့ စားလည်း ကျမက ငရုပ်သီးပါယုံလေးနဲ့ စားရတာမျိုး၊ သူများမုန့် ဖိုးရပေမယ့် ကျမကိုတော့ အပြင်စာတွေ လျှောက်စားပြီး ၀မ်းလျော ၀မ်းကိုက်မှာစိုးလို့ ၊ အစာအိမ်အချဉ်ပေါက်မှာစိုးလို့ ဆိုတဲ့ပူပင်မှုတွေနဲ့  မုန့် ဖိုးမပေးတာမျိုး။ ညတိုင်းမှာ နွားနို့ မသောက်မနေရတို့ ။ ညည သူနည်းနည်းချမ်းပြီဆိုတာနဲ့  စောင်အထူကြီးတွေ တကူးတက လာခြုံပေးတာတို့ ၊ ကျမ သိပ်စိတ်ညစ်ခဲ့ရဖူးတဲ့ အမေ့ရဲ့ အကြင်နာတွေပါ။

ဒါပေမယ့် လက်ဆစ်တွေကိုက်နေလို့ ပါ အမေရာ လို့  အပျင်းထူပြီးညာတာကို ယုံချင်ယောင်ဆောင်ပြီး ကျမလိမ်းဖို့  သနပ်ခါးသွေးပေးတဲ့
အခါ …

ကျမနေမကောင်းတဲ့အခါ အထူးသဖြင့် လနဲ့ ချီပြီး ခေါင်းကိုက်တတ်တဲ့ ကျမရဲ့ ဆိုးဝါးလှတဲ့ ဝေဒနာခံနေရတဲ့အခါမျိုးမှာ အသားနံ့  ငါးနံ့ တွေကို မခံနိုင်တော့တဲ့ ကျမကို နေမကောင်းတိုင်း ကျမစားချင်လေ့ရှိတဲ့ ကြာဇံဟင်းခါးကို ဘယ်လောက်ပဲ မအားတဲ့ကြားက အပြေးအလွှား ချက်ဖြစ်အောင်ချက်ကျွေးတဲ့အခါ…

သည်းခြေထဲမှာ ကျောက်လေးလုံးရှိနေတယ်လို့  အာထရာဆောင်းရိုက်တဲ့အဖြေထွက်လာတဲ့အခါ ကျမက တဆင်စာပြည့်အောင်စုနေတာ။ ပြည့်တော့မှ ထုတ်ရောင်းမယ်လို့  ရယ်စရာလုပ်နေသည့်တိုင်အောင် အမေ့မျက်နှာက ထိန်းမရအောင်ပျက်နေတာကိုတွေ့ ရတဲ့အခါ …

ကျမအတွက် ဖိနပ်ကို ကျမကိုယ်တိုင် ဘယ်နှစ်ကြိမ်ဝယ်ဝယ်။ တခါမှ အံကိုက်မဖြစ်ဘဲ ကြီးလိုက်သေးလိုက်နဲ့ သာ အဆင်မပြေဘဲ သည်းခံစီး နေခဲ့ရပေမယ့် အမေ၀ယ်လာပေးတဲ့ဖိနပ်တိုင်းကတော့ ကျမခြေထောက်နဲ့  အမြဲ အံဝင်ခွင်ကျဖြစ်နေတဲ့အခါတွေမှာတော့ …

ကျမဟာ အမေ့သမီးတယောက်အနေနဲ့  လူဖြစ်လာရတာကို အလွန်ဂုဏ်ယူမိခဲ့တယ်၊ လူဖြစ်ရကျိုးနပ်တယ်ရယ်လို့ လည်း အမြဲကျေနပ်နေ ခဲ့တယ်။

ဖြစ်နိုင်ရင် အနှီးနဲ့ ထုတ်ပြီး ရင်ခွင်ထဲ ထည့်ထားချင်တုန်းပဲ လို့  လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က သူပြောခဲ့တာကို ကျမ အခုထိ ကြားနေမိတုန်းပဲ။

ကျမက ချူခြာပေမယ့် အသက်တော့ပြင်းသား။

ကိုယ့်အားနဲ့ ကိုယ်တောင်မှ နို့်စို့ မယူနိုင်တဲ့ ပိစိကွေးလေးဘ၀နဲ့  ကျမအသက်သုံးလမှာ ခြေမအပွားလေးကို ဖြတ်ဖို့ ကြိုးစားရင်း ခြေထောက် ပုတ်လိုက်လာလို့  အမေ့ခမျာ ဆရာဝန်တွေကို ဒူးထောက်ပြီးတော့တောင် ကျမအသက်ကိုကယ်ပေးဖို့  တောင်းပန်ခဲ့ရဖူးသတဲ့။ ဖြစ်ပုံက အမေက အိမ်ထောင်ကျတာအရမ်းစောတော့ ဘာမှ နားမလည်ဘူး။ ကျမခြေမမှာ အပွားလေးပါလာတာကိုကြည့်ပြီး အရွယ်ရောက်လာတဲ့ အခါ ရှက်ရှာမှာပဲ။ ကွင်းထိုးဖိနပ်လည်းစီးလို့ ရမှာမဟုတ်တော့ပါဘူး လို့ စိတ်မကောင်းဖြစ်နေတဲ့အမေ့ကို ပညာမတတ်တဲ့ တောကသူ့အဒေါ် တွေက အကြံကောင်းတခုပေးလိုက်တယ်။ ခြေပွားလေးကို အချစ်ဆုံးအမျိုးသမီးသုံးယောက်ရဲ့ ဆံပင် ခြည်နဲ့ပတ် သုံးရက်ရှိရင် သူ့ဟာသူ ပြတ်ကျသွားလိမ့်မယ်တဲ့။ တကယ်တန်းကျတော့ အသားပိုမဟုတ်ဘဲ အရိုးပါပါနေတဲ့ ခြေမအပိုလေးက ပြတ်မကျနိုင်တော့ ပုတ်သွားတာလို့ အမေက ပြောပြပါတယ်။ အဲဒီတုန်းက သုံးလသမီးနဲ့ မေ့ဆေးဒဏ်ကိုခံလိုက်ရတာ တော်တော်နဲ့ နလံမထူဘူးဆိုပဲ။

ကိုးလသမီးအရွယ်ရောက်တော့ အဖေ့တူမတွေက ကျမကိုလုချီရင်း သူယူနိုး၊ ကိုယ်ယူနိုးနဲ့  ပြိုင်တူလွှတ်ချလိုက်ကြတာ ညှပ်ရိုးကျိုးပြန်ရော။ ဆရာဝန်တွေက ပိစိကွေးလေးကို ကျောက်ပတ်တီးစီးမပေးဘူး။ သူ့ ဟာသူပြန်ဆက်သွားလိမ့်မယ်ဆိုပြီး ဒီအတိုင်းပြန်လွှတ်လိုက်လို့  ဆောင်း ၀င်စအအေးနဲ့  အနာရှိန်နဲ့ ရောပြီး ကျွက်ကျွက်ညံအောင်ငိုရင်း အမေ့ကို ညပေါင်းများစွာ အိပ်ရေးပျက်စေခဲ့တာလည်း ကျမပါပဲ။

တနှစ်ပြည့်ခါနီးအရွယ်ကျတော့ အမေ့အဒေါ်အပျိုကြီးက သူစားနေတဲ့သဘောင်္သီးသုပ်ချဉ်စပ်တွေ ခွံ့ ကျွေးလိုက်တာ တခါတည်း အထက်လှန် အောက်လျှောဖြစ်တာ သုံးလကျော်၊ အဲဒီသုံးလမှာလည်း အမေ့ခမျာ နေ့ ရောညပါ မအိပ်ခဲ့ရဘူး။ ပတ်ဝန်းကျင်က ဘယ်တော့ငိုသံကြားရ မလည်းလို့ ပဲ မျှော်လင့်နားစွင့်နေခဲ့ကြတဲ့ အခြေအနေကနေ ဒီအရွယ်အထိ အသက်ရှည်နေနိုင်တာ အမေဟာ ကျမအမေဖြစ်နေခဲ့လို့ ပါ။

အဲဒီတုန်းက သမီးက ရင်တွေပဲ အရမ်းပူနေလို့ လားမသိဘူး။ ဒီလောက်အေးတဲ့အညာဆောင်းမှာ အနွေးထည်ဝတ်ပေးလို့ လည်းမရ၊ စောင် လည်းအခြုံမခံဘဲ တညလုံး ကြမ်းပေါ်မှာပဲ လူးလှိမ့်နေတော့ အဆုတ်အအေးပတ်မှာစိုးလို့  သမီးလှိမ့်မယ့်နေရာကိုကြိုကြိုပြီး စောင်လိုက်ခင်း ပေးရတဲ့အလုပ်ကို ညပေါင်းများစွာလုပ်ခဲ့ရတာ၊ ချီထားလည်း လက်မခံဘူး။ တခြားစိတ်မရှည်တတ်တဲ့ အမေမျိုးသာဆိုရင် သမီး ဒီအရွယ် အထိ အသက်ရှင်နိုင်မယ်မထင်ဘူး

လို့  အဖေက ကျမကို ပြန်ပြောပြခဲ့ဖူးတယ်။ ကျမက အမေ့ကို စိတ်ထိခိုက်သွားစေမယ့်စကားတခွန်းကို ငါမှန်တာပဲ။ ပြောခွင့်ရှိတယ် ဆိုပြီး ပြောချလိုက်တဲ့အချိန်တုန်းက အဖေက ကျမကို ဆုံးမရင်းပြောခဲ့တဲ့ အမေနဲ့ သမီးကြားက အမှတ်တရအဖြစ်လေးတွေပါ။ ကျမ အဲဒါတွေ ပြန်ပြန်တွေးမိတိုင်း အမေ့ကိုပိုပိုပြီးချစ်လာတယ်။

အခုဆိုရင် အမေ့ကို မတွေ့ ရတော့တာ သုံးနှစ်တောင်ပြည့်တော့မယ်။ အမေကတော့ အလုပ်မရှိတိုင်း ကျမကိုပဲတွေးပူနေတော့မှာပဲ ဆိုတဲ့ အတွေးမျိုး ၀င်လာတဲ့အခါတိုင်းကျမ စိတ်မကောင်းဖြစ်မိတယ်။ အဲဒါ ကျမနဲ့ပတ်သက်လို့ တသက်လုံး ဖျောက်ဖျက်မရမယ့် အမေ့သောက ပါပဲ။

အမေဆိုတဲ့အမျိုးအစားက ဘယ်အချိန်မှာပဲဖြစ်ဖြစ် သားသမီးတွေပေးတဲ့ ဒုကတွေတနင့်တပိုးထမ်းထားရတာကိုပဲ ရူးသွပ် ချိုမြိန် နေကြသူ တွေပါ၊ လူလားမြောက်လာတဲ့ သူတို့ သားသမီးတွေကိုစောင့်ကြည့်ရင်း ငယ်ငယ်က သူတို့ ရဲ့ သားသမီးတွေနဲ့  ပတ်သက်တဲ့ ဆင်းရဲပင်ပန်းမှု တွေအကြောင်း မြိန်ရည်ယှက်ရည်ပြောပြချင်ကြတဲ့အာသီသလည်း သူတို့ မှာ ညီတူညီမျှရှိနေကြတယ်။

ကျမကို မွေးမယ့်အလှည့်ကျမှ သနေတားဆေးသုံးမိလို့  ကျမ ဒီလောက်ချူခြာတာလို့  ကျမရဲ့ ကလေးအတွေး နဲ့  စွတ်စွဲ စကားပြောမိခဲ့တဲ့ အပေါ်မှာ အမေ က သူ့ ကိုယ်သူ အပစ်ရှိသူလိုသတ်မှတ်ရင်း ကျမကိုပဲ တချိန်လုံးစိတ်ပူနေတဲ့သူ။

တန်ဆောင်တိုင်ရဲ့ လပြည့်ဝန်းကိုမော့ကြည့် အမေ့ကိုသတိရရင်းက ရုတ်တရက် ကျမအတွေးက သတင်းဖတ်တိုင်း တွေ့ နေရတဲ့ မနီလာသိန်း တို့ မိသားစုပုံကလေးဆီ စိတ်ရောက်သွားမိတယ်။

ဘေဘီနီလာသိန်းလေး ကြီးပြင်းလာတဲ့အခါမှာ အခု ကျမကအမေ့အကြောင်း ကြည်ကြည်နူးနူး၊ တမ်းတမ်းတတပြန်ပြောနေသလိုမျိုး သူ ပြောမှပြောတတ်ပါတော့မလား။ သူ့ မှာ အဲဒီလိုပြန်ပြောစရာစကားရှိဖို့ ၊ သူ့ မှာ အဲဒီလိုပြန်ပြောနိုင်လောက်အောင် ပြည့်စုံလုံလောက်တဲ့ အမေ့ရဲ့ ချစ်ခင်စောင့်ရှောက်မှုတွေလိုအပ်ပါတယ်။ အမေ့ရင်ခွင်ထဲမှာ အချိန်ပြည့်နေဖို့  အချိန်တွေလိုပါလိမ့်မယ်။ အဲဒါတွေ ဘာတခုမှမရဘဲ ရင်ခွင်မဲ့ ကြီးပြင်းလူလားမြောက်လာရမယ့် ကလေးတယောက်ရဲ့ စိတ်အခြေအနေဟာ ဘယ်လိုများဖြစ်သွားနိုင်မလဲ။

အမေက အမေကိုယ်တိုင်မွေးထားတဲ့ ကျနော်တို့ ထက် အမေ့အဖေရဲ့ တိုင်းပြည်ကိုပိုချစ်တယ် လို့  နာနာကျင်ကျင်ပြောလိုက်တဲ့ ကလေး လေးတယောက်ရဲ့ ရင်ကွဲသံကို ကျမ ကြားဖူးခဲ့ရပြီးပြီ။ အခု အိမ်နဲ့ ဝေးရာကိုပြေးနေရတဲ့ ကျမတို့ တိုင်းပြည်က အာဇာနည်မိခင်တွေရဲ့ လူလား မမြောက်သေးတဲ့ ရင်သွေးလေးတွေကရော ရင်ခွင်မဲ့နေရတဲ့ဘ၀မှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံနွေးထွေးမှုတွေ ပျောက်ဆုံးရင်း မိဘတွေကို အဲဒီ လိုအပစ်ဖွဲ့ စကားတွေကို ပဲ့တင်သံတွေအဖြစ် အတောမသတ်နားထောင်ပေးနေကြရမှာလား။

အဲဒီ မိခင်ရင်ခွင်နဲ့ ဝေးပြီး လူလားမြောက်ရမယ့်ကလေးတွေရဲ့ အဖြစ်ကလည်း ခဏ ခဏဆိတ်အကြည့်ခံထားရတဲ့ ဗူးသီးနုနုလေးတွေလို အကင်းသေပြီး မာကြောင်မဲပုတ်သွားလေမလား။

အသက်လေးဆယ်ကျော်ကျမက အမေ့မေတာတရားနဲ့  ယုယမှုတွေကို တမ်းတမိတဲ့အခါတိုင်း မနီလာသိန်းရဲ့သမီးလေးကို ကျမ ကိုယ်ချင်း စာမိတယ်။ သူ့ ခမျာ အခါတောင် မလည်ရှာသေးဘူး။

ညည တရေးနိုးလာတဲ့အခါတိုင်း ကလေးကိုစောင်ခြုံပေးဖို့ ရယ်လို့  မနီလာ ယောင်ယမ်းပြီး ထနေမလား။ အမေတယောက်ရဲ့ ချစ်ခြင်းတရား ကို သမီးလေး နားမှ လည်နိုင်ပါတော့မလား။

သူကြီးပြင်းလာတဲ့အခါ အမေနဲ့ ပတ်သက်လို့  ပြန်ပြောစရာ သူ့ မှာရှိနေတဲ့ စကားတွေက အမေက ကျမကို ထားခဲ့ပြီးထွက်သွားခဲ့တာကိုး လို့  ပစ်တင်နာကျင်သံဖြစ်နေလေမလား။ ဒီကလေးလေးနဲ့ ပတ်သက်လို့  ကျမတို့ ကတော့ ကျမအမေက ကျမရဲ့ လေးစားဖွယ်ရာ စံပြမိခင် တယောက်ပါ။ တိုင်းပြည်နဲ့ လူမျိုးအတွက် လိုအပ်နေတဲ့အချိန်မှာ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို ကိုယ်ကျိုးစွန့် ပြီးလုပ်ရဲခဲ့တဲ့ အမေ့အတွက် ကျမ အမြဲဂုဏ်ယူနေပါတယ် ဆိုတဲ့ ဂုဏ်ယူကြွားသံလေးကို ကျမတို့ မရဲတရဲ မျှော်လင့်ထားမိကြတယ်။

ဝိုင်းစက်နေတဲ့ လပြည့်ဝန်းကြီးကို မော့ကြည့်ရင်း ကျမ အမေ့ကိုသတိရနေခဲ့တယ်။

အအိပ်ဇီဇာကြောင်တဲ့ ကျမအိပ်ချိန်တိုင်းမှာ ဘယ်သူတယောက်ကိုမှ ခြေသံပြင်းပြင်းနင်းပြီး လမ်းလျှောက်ဖို့  ခွင့်မပြုခဲ့တဲ့ အမေက ကျမရဲ့ နှစ်ခြိုက်စွာအိပ်စက်ခြင်းကို တနှစ်မှာ တကြိမ်တိတိ မပျက်မကွက် နှောင့်ယှက်လေ့ရှိပါတယ်။

အဲဒီညဟာ ဆေးပေါင်းခတဲ့ည ဖြစ်ပြီး သူကိုယ်တိုင်သုပ်ထားတဲ့ မယ်ဇလီဖူးသုပ်ကျွေးဖို့  ည (၁၂) နာရီတိတိတိုင်းမှာ သူ ကျမကို နှိုးလေ့ရှိတာပါပဲ။

အဲဒီညက တိမ်ကင်းစင်နေတဲ့ကောင်းကင်ပြင်ကြီးကိုမော့်ကြည့်နေခဲ့တယ်။
အဲဒီညက ဖိုးလမင်းကြီးကလည်း ၀ိုင်းဝိုင်းစက်စက်ကြီးနဲ့ ရွှေရည်လောင်းထားသလို ၀ါနေတယ်။ ဘယ်တော့မှ သနပ်ခါးမပြတ်တဲ့ အမေ့မျက်နှာပြည့်ပြည့်ကြီးနဲ့တောင် တူနေတယ်ထင်မိတယ်။
အံ့သြစရာကောင်းတာက အဲဒီညမှာ ကြယ်တလုံးလောက်တောင် ကျမ မတွေ့ ခဲ့ရဘူး။ ဆေးပေါင်းခတာ နကတ်တာရာတွေစုံလို့ ဆိုလား လူကြီးမိဘတွေစကား ကျမ ကြားဖူးခဲ့လို့  အဲဒီညက ကြယ်တွေစုံနေမယ့်ကောင်းကင်ကို ကျမမော့ကြည့်ရင်းကြယ်ကြွေချိန်ကို စောင့်နေ ခဲ့တယ်။

ကြယ်ကြွေနေချိန်မှာ တောင်းတဲ့ဆုပြည့်တယ် ဆိုတဲ့စကား ဘယ်သူက ထားသွားလည်း ကျမ မသိပါဘူး။

နိဗာန်မဂ်ဖို ရက်တိုတိုနဲ့ ရောက်ပါရစေ ဆိုတဲ့ဆုမျိုးကို တောင်းရမှာတောင် အချောင်သမားစိတ်ဓာတ်လို့ အတွေးမျိုးနဲ့ ဆိုရမှာ လိပ်ပြာမလုံခဲ့တဲ့ကျမက

အဲဒီညက လှိုက်လှဲသောစိတ်နဲ့ ဆုတခုတောင်းဖို့ ကြယ်ကြွေချိန်ကို စောင့်မိခဲ့တယ်။

ဘေဘီနီလာသိန်းလေး သူ့အမေရင်ခွင်ရိပ်မှာ နွေးထွေးလုံခြုံမှုတွေအပြည့်နဲ့ တချိန်ချိန်မှာ ကျမ အမေ့အကြောင်းကျမပြောပြနေတာတွေထက် ပိုပြီး နူးညံ့လှပတဲ့ မိခင်တယောက်ရဲ့ ချစ်ခြင်းတရားတွေအကြောင်း မမောတမ်းပြောဖို့ စကားတွေရနိုင်ပါစေလို့။ ။

ဒါပေမယ့် အဲဒီညက ကြွေစရာကြယ်တွေတောင် ကောင်းကင်မှာ မရှိခဲ့ဘူးကလေးရေ။


တန်ဆောင်မုန်းလပြည့်ကျော် (၁) ရက်။

2 comments:

Anonymous said...

မခွာညိုရဲ့ မိခင်နဲ့အတူ .. မနီလာသိန်း နှင့် မိခင်များအားလုံးကို .. မိခင်မေတ္တာကို ဖော်ပြထားတဲ့ ဒီဆောင်းပါးနဲ့အတူ လေးစားလျက်ပါ ။

m a w k o e said...

အဲဒီညက ကြွေစရာကြယ်တွေတောင် ကောင်းကင်မှာ မရှိခဲ့ဘူးကလေးရေ . ..

မခွာညိုရဲ့ အမေ့မေတ္တာဖွဲ့ ဆောင်းပါးကိုဖတ်ပြီး
ဝေးနေသော အမေ ကို ပိုလို့သတိရမိ၊ လွမ်းမိတယ်