ဧရာဝတီ-ကိုသက် | ဒီဇင်ဘာ ၂၈၊ ၂၀၀၇
ရန်ကုန်မြို့ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ဆိုင်ဖွင့်ခွင့်သက်တမ်းတိုးရန် ၂၀၀၈ ခုနှစ်တွင် ကန့်သတ်သွားမည့် သတင်းကို ယခုအပတ်ထုတ်ပြည်တွင်းဂျာနယ်များတွင် ဖော်ပြထားသည်။
ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက “တကယ်တော့ စားသောက်ဆိုင်များဟာ လူတွေကို အချိန် ဖြုန်းတီးဖို့ ဖွင့်လှစ်ထားတာလို့ တွေ့ရ ပါတယ်။ ဒါကြောင့် အဲလိုမျိုး အချိန်ဖြုန်း ငွေဖြုန်းဖို့သက်သက် ဖွင့်ထားတဲ့ စားသောက်ဆိုင် တွေကို ကန့်သတ် သွားမှာပါ” ဟုပြောဆိုကြောင်း ယခု အပတ်ထုတ် ပန်းသတင်း ဂျာနယ်တွင် ပါရှိသည်။
လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ဖွင့်ခွင့်ကိုကန့်သတ်ရခြင်းမှာ ၎င်းဆိုင်များသည် ဂြိုဟ်တု စလောင်း များဖြင့် ဒီဗီဘီ ရုပ်မြင်သံကြားအစီအစဉ်ကို ဖမ်းယူပြသသောကြောင့်ဖြစ်ပြီး လသာမြို့နယ်ရှိ ၁၉ လမ်းနှင့် လမ်း ၂၀ မှဆိုင်များကို ပစ်မှတ် ထားသည်ဟု ရန်ကုန်မြို့ စာနယ်ဇင်းအသိုင်းအ၀န်းက သုံးသပ် ပြောဆိုသည်။
ရန်ကုန်ရှိ နာမည်ကြီး စားသောက်ဆိုင် ပိုင်ရှင်တဦးက “ကျနော့်အမြင်ပြောရရင် ၁၉၈၈ ခုနှစ်ကတည်းက လက်ဖက်ရည် ဆိုင်က ပြဿနာ စတယ်ဆိုတဲ့အမြင်က သူတို့ (အာဏာပိုင်) မှာရှိတယ်။ မဖွင့်ရဘူးလို့ မြို့တော်ဝန်က ပြောတာပေါ့ဗျာ။ သူ့ထက်တန်ခိုးကြီးတဲ့သူကဖွင့်ပါဆိုရင် သူဘာတတ်နိုင်မှာလဲ။ ကျနော်တို့ ကလည်း လုပ်လက်စမို့ လုပ်နေတာ မကိုက် ပါဘူး” ဟု ပြောသည်။
ရန်ကုန်ရှိ စားသုံးသူတဦးကလည်း “ဒါကတော့ ကျနော်တို့ဆီမှာ အတော်ထူးဆန်းတဲ့ကိစ္စပဲ။ ဆိုင်တွေ ဖွင့်ပါဆိုတုန်းက သူတို့ပဲဖွင့်ခိုင်းခဲ့တာလေ” ဟု ပြောသည်။
နိုင်ငံကျော် လူရွှင်တော်ကြီး ဦးဇာဂနာကမူ “လူတွေက အချိန်ဖြုန်းတာပဲဖြစ်ဖြစ်၊ ပိုက်ဆံဖြုန်းတာပဲဖြစ်ဖြစ် သူ့အချိန်သူ့ ဖြုန်းတာ မြို့တော်ဝန်ဆီကအချိန်ကို ငှားပြီးဖြုန်းတာမှမဟုတ်တာ။ သူ့အချိန်သူသုံးတာ ဘယ်သူ့ အတွက် အန္တရယ်ရှိလို့လဲ။ နောက်ပြီး သူရှာတဲ့ပိုက်ဆံ သူသုံးတာ ဘယ်သူ့ဆီကမှ ဆက်ကြေးတောင်းထားတာ မဟုတ်ဘူး။ ဘုရားတို့၊ ဘုန်းကြီး ကျောင်းတို့က ပိုက်ဆံတွေကို ခိုးပြီးသုံးတာမှမဟုတ်တာ” ဟု ဧရာဝတီကို ပြောသည်။
ရန်ကုန်မြို့တော်ဝန်၏ပြောဆိုမှုတွင် လာမည့် ၂၀၀၈ ခုနှစ်၌ မည်သည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို သက်တမ်းတိုးရန် ကန့်သတ်သွားမည်ကို မသိရသေးပေ။
Friday, December 28, 2007
စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ သက်တမ်းတိုးရန်စိစစ်မည်ဟု ရန်ကုန်မြို့တော်ဝန်ပြော
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment