Tuesday, December 18, 2007

ငွေကြာယံကျောင်းထိုင်ဆရာတော် အပါအ၀င် အဖမ်းဆီးခံသံဃာများ ပြန်လည်လွတ်မြောက်

ဧရာဝတီ-ကိုသက် | ဒီဇင်ဘာ ၁၇၊ ၂၀၀၇

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ ငွေကြာယံပရိယတ္ထိစာသင်တိုက်၏ ကျောင်းထိုင်ဆရာတော် ဦးရေ၀တ အပါအ၀င် သံဃာအပါး ၅၀ ကျော်ကို ယခုလ ၁၄ ရက်နေ့က ကျောင်းတိုက်တွင်ပြန်လည်သီတင်းသုံးခွင့် ပြုလိုက်ကြောင်း ကမ္ဘာအေး ဘုရားဝန်း သာသနာ့နယ်မြေရှိ ဆရာတော်တပါးက အတည်ပြု ပြောဆိုသည်။

ပြန်လည်သီတင်းသုံးခွင့်ရသည့် သံဃာတော်များတွင် တိုက်အုပ်ဆရာတော် ဦးဥတ္တမလည်း ပါဝင်သည်ဟု ငွေကြာယံ ကျောင်းတိုက်နှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။

ဦးဥတ္တမသည် စက်တင်ဘာလ ၂၆ ရက်နေ့ည ၁၂ နာရီကျော်တွင် လက်နက်ကိုင်စစ်သားများနှင့် လုံထိန်းများ ငွေကြာယံ ကျောင်းတိုက်ကို အကြမ်းဖက် ၀င်ရောက်စီးနင်းစဉ် အထိအနာဆုံးတိုက်ခိုက်ခံရသည့် သံဃာတော် တပါးဖြစ်ပြီး ၎င်းထိန်းသိမ်းရသည့် ငွေကြေးများကိုလည်း လက်နက်ကိုင်တပ်ဖွဲ့ဝင်များက သိမ်းဆည်း သွားသည်ဟု ငွေကြာယံ ကျောင်းတိုက်နှင့် နီးစပ်သူက ပြောသည်။

“အဲဒီညက ဦးဥတ္တမကိုဖမ်းသွားပြီး စစ်ကြောရေးကိုပို့တယ်၊ သင်္ကန်းချွတ်ပြီး လူဝတ်နဲ့ပို့တယ်။ ဂန်ဘာရီတို့၊ ပီညဲရိုးတို့ လာတဲ့အခါကျတော့ သင်္ကန်းပြန်ဝတ်ပေးတယ်” ဟုလည်း ငွေကြာယံကျောင်းတိုက်နှင့် နီးစပ်သူက ပြောသည်။

စက်တင်ဘာလ ၂၆ ရက်နေ့ည ငွေကြာယံကျောင်းတိုက်ကို လက်နက်ကိုင်တပ်ဖွဲ့ဝင်များ အကြမ်းဖက်စဉ်က သံဃာအပါး ၁၀၀ ကျော်အား ရိုက်နှက်ကာဖမ်းဆီးခေါ်ဆောင်သွားကာ လူဝတ်လဲလိုက်သည်။ နောက်တနေ့၌ ဆရာတော် ဦးရေ၀တ အပါအ၀င် ကျောင်းတိုက်တွင်ကျန်နေသေးသည့် သံဃာတော်များကို ထပ်မံဖမ်းဆီးကာ ကမ္ဘာအေး သာသနာ့နယ်မြေတွင် သင်္ကန်းမချွတ်ဘဲ အကျယ်ချုပ်ထားခဲ့ကြောင်း သိရသည်။

ငွေကြာယံကျောင်းတိုက်ရှိ သံဃာတော်များသည် စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့သည့် ဆန္ဒပြလှုပ်ရှားမှုများတွင် တက်ကြွ စွာပါဝင်ခဲ့ကြသောကြောင့် စစ်အစိုးရ၏ အငြိုးထားခြင်းကို ခံရသူများဖြစ်သည်။

ဆရာတော် ဦးရေ၀တမှာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ အမှတ် ၂ အဖွဲ့မှ ဒုဥက္ကဌ ဖြစ်သည်။ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ကို ဦးဆောင်ဆရာတော် ၄၇ ပါးဖြင့် အဖွဲ့ ၃ ဖွဲ့ခွဲကာ ဖွဲ့စည်းထားပြီး တဖွဲ့လျှင် ဆရာတော် ၁၅ ပါးခန့်
ပါဝင်သည်။

ကမ္ဘာအေး သာသနာ့တက္ကသိုလ်မှ စာချသံဃာငယ်များအပါအ၀င် စာသင်သားသံဃာ ၂၅ ပါးခန့်ကို ဖိအားပေးကာ နေရပ် ဒေသများသို့ ပြန်ခိုင်းလိုက်သည်ဟုလည်း သာသနာ့နယ်မြေရှိ ဆရာတော်က ပြောသည်။

“ကိုယ့်အသိစိတ်နဲ့ကိုယ်ထွက်သွားဖို့ ဖိအားပေးတာ။ ဆန္ဒပြလှုပ်ရှားမှုတွေမှာပါလို့ ဖိအားပေးခံရတာ” ဟု သာသနာ့နယ်မြေရှိ ဆရာတော်က ဧရာဝတီကို ပြောသည်။
ယခုနှစ်တွင် ပထမပြန်စာမေးပွဲဖြေဆိုရန် လက်မှတ်ထိုးထားသည့် သံဃာအပါးအရေအတွက်မှာ တ၀က်ကျော်ခန့် နည်းသွား ကြောင်း စုံစမ်းသိရှိရသည်။

0 comments: