ဒီဇင်ဘာလ ၂၇ ရက်၊ သောင်ရင်းနဂါး
မြန်မာ့တပ်မတော်နှင့် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ဇနီးနှင့် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ဖြစ်သူ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ကွယ်လွန်ခြင်း ၁၉ နှစ်မြောက် ဆွမ်းကျွေးတရားနာပွဲကို ထိုင်းမြန်မာနယ်စပ်တစ်နေရာ၌ ယနေ့ကျင်းပကြကြောင်း သတင်းရရှိသည်။
ရန်ကုန်ဆေးရုံကြီး သူနာပြု ဆရာမချုပ် ဖြစ်ခဲ့သူ ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်အောင်ဆန်းရှိစဉ်ကလည်း မြန်မာ့တပ်မတော်နှင့် ဖဆပလ အဖွဲ့ချုပ်၏ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုများတွင် ခင်ပွန်းသည်နှင့်အတူ ပါရမီဖြည့်ကာ ကျရာတာဝန် များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ (အာဇာနည်နေ့) ၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ပုဂ္ဂိုလ်များ လုပ်ကြံခံရပြီးနောက်ပိုင်းတွင်လည်း ဖဆပလအဖွဲ့ချုပ်မှ ပေးအပ်သော တာဝန်များကို ကျေကျေပွန်ပွန် ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည်။ ပထစ အစိုးရမှ (၁၉၆၁)ခုနှစ်၌ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ပေး စေလွှတ်ခြင်းခံခဲ့ရသူလည်းဖြစ်သည်။
ထိုင်းမြန်မာနယ်စပ်တစ်နေရာ၌ ယနေ့ကျင်းပသော ဆွမ်းကျွေးတရားနာပွဲတွင် ပထမဦးစွာ ဒီပဲယင်းဦးဇင်းနှင့် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ကြသော သံဃာတော်(၆)ပါးတို့ထံမှ ငါးပါး သီလခံယူခြင်း၊ ရေစက်ချတရားနာခြင်းတို့ကို ဆောင်ရွက်ကြသည်။ ထို့နောက်တက်ရောက် လာ သော နယ်စပ်ဒေသရောက် မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင် ရွှေဝါရောင်သံဃာ တော် (၆) ပါးတို့ အပြန်အလှန် မိတ်ဆက်ကြသည် သဘောထားအမြင်အချို့ ဖလှယ်ကြသည်။
သီလပေးတရားချီးမြှင့်သူ ဒီပဲယင်းဦးဇင်း ဦးဝိမလက “ဗိုလ်ချုပ်ဟာ ကျုပ်တို့မြန်မာပြည် အတွက် လွတ်လပ်ရေး သစ်ပင်ကြီးကို စိုက်ခဲ့တာပဲ။ ဒါပေမယ့် ဗိုလ်ချုပ်ကိုယ်တိုင်တော့ စားသုံးခွင့် မရခဲ့ရှာဘူး။ လွတ်လပ်ရေးသစ်ပင်ကြီးကရတဲ့ အသီးအနှံတွေကို ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့က ၁၀ စုနှစ်တစ်ခုကျော်တော့ စားသုံးခွင့်ရခဲ့ကြတယ်။ ၁၉၆၂ ခုနှစ်ကစပြီး စစ်အာဏာရှင်တွေကြောင့် မြန်မာ့လွတ်လပ်ရေးသစ်ပင်ကြီးဟာ ပျဉ်းမငုတ်တို ကြီးလို ကျက်သရေမဲ့ခဲ့ရတယ်။ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အနီး ကပ်နေထိုင်ပြီး ကျရာတာဝန်ထမ်းဆောင်ခဲ့တာဖြစ်တဲ့အတွက် မြန်မာပြည်ရဲ့လွတ်လပ်ရေးမိခင်လို့ တင်စားခေါ်ဝေါ်ရင် မမှားနိုင်ပါဘူး။ အဲဒီ့လွတ်လပ်ရေးမိခင်နဲ့ လွတ်လပ်ရေးဖခင်တို့ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ဟာလဲ ၁၉၈၈ ခုနှစ်ကနေစပြီး ဒီနေ့အထိ မလွတ်မြောက်သေးတဲ့ မြန်မာ နိုင်ငံရဲ့ ဒုတိယလွတ်လပ်ရေးအတွက် ဦးစီးဦးဆောင်လုပ်ပေးနေတာတွေ့ရပါတယ်။ အဲဒါကြောင့် ဗိုလ်ချုပ်ရဲ့ကျေးဇူးကို ကြီးကြီးမားမား လွမ်းဆွတ်ရသလို ဗိုလ်ချုပ်ကတော်ရဲ့ကျေးဇူးကိုလည်း အောက်မေ့သတိရနေကြရတာဖြစ်ပါတယ်” ဟုမိန့်ဆိုသည်။
ဆွမ်းကျွေးပွဲနှင့် အပြန်အလှန်မိတ်ဆက်ပွဲအပြီးတွင် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သူ ဦးသြဘာသအား ဟစ်တိုင်မှ မေမြန်းကြည့်ရာ၎င်းက`ဦးဇင်းက ပဲခူးမြို့ တောရကျောင်းတိုက် တစ်ခုကနေ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တယ်။ ဒီကနေ့ဒေါ်ခင်ကြည်ရဲ့ ၁၉ နှစ်မြောက် အောက်မေ့ဖွယ်နေ့မှာ လွန်ခဲ့သော ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က ဒေါ်ခင်ကြည် ဈာပန ကို သွားပြီးသတိရမိပါတယ်။ ဒေါ်ခင်ကြည်ကို သတိရမိတဲ့နည်းတူ ဒို့ဗိုလ်ချုပ်ကိုပါ တပါတည်း လွမ်းဆွတ်တသမိပါတယ်။ မြန်မာပြည်သူတွေကို စစ်ဖိနပ်နဲ့ နင်းချလိုက်တိုင်း ဗိုလ်ချုပ်ကို သတိရနေ ပါတယ်။ ဗိုလ်ချုပ်တို့ခေတ်တုန်းက မြန်မာ့လွတ်လပ်ရေးကို ပေါင်းစည်းညီ ညွတ်တဲ့ အင်အားနဲ့ရ ယူခဲ့တာဖြစ်ပါတယ်။ အဲသလိုပဲ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေးကြီးဆိုတာ လဲ ဒီကနေ့နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် သိရှိသွားအောင် သံဃာနဲ့ကျောင်းသား၊ ပြည်သူ တွေ ပေါင်းစည်းတဲ့အင်အားနဲ့ လှုပ်ရှားခဲ့တာဖြစ်ပါတယ်။ အဲသလို ပေါင်းစည်းတဲ့ အင်အားနဲ့ ပြည်တွင်းပြည်ပက တချိန်ထဲ တပြိုင်ထဲ လှုပ်ရှားကြမယ်ဆိုရင် ဒီနအဖဟာ လုံးဝပြုတ်ကျသွားမှာ ဖြစ်ပါတယ်။ ညီညွတ်ရေးကို လမ်းပြပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်ပေါ့လေ။ တနည်းအားဖြင့် အမျိုးသားညီညွတ်ရေးရဲ့ ဖခင်နဲ့မိခင်ကို ဒီကနေ့မှာ သတိရကြ၊ အလေးပြုကြ တာဖြစ်ပါတယ်။´ ဟုမိန့်ကြားသည်။
ယနေ့ကျင်းပသော ဒေါ်ခင်ကြည် ၁၉ နှစ်မြောက် အောက်မေ့ဖွယ်နေ့ကို အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် အခြေစိုက်လှုပ်ရှားနေသော (ဘားမားပွိုင့်) အဖွဲ့မှ ကမကထ ပြုစီစဉ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Saturday, December 29, 2007
ဒေါ်ခင်ကြည်ကွယ်လွန်ခြင်း ၁၉ နှစ်မြောက် ဆွမ်းကျွေးတရားနာပွဲ ထိုင်း-မြန်မာနယ်စပ်၌ ကျင်းပ
Posted by nanda at 12:19 AM
Labels: သမိုင်းရက်စွဲများ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment