Friday, December 7, 2007

မြန်မာကိုလက်နက်ရောင်းချမှု ပိတ်ပင်ရန် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ တောင်းဆို

NEJ/ ၆ ဒီဇင်ဘာ ၂၀၀၇

မြန်မာစစ်အစိုးရက ကလေးများကို စစ်သားအဖြစ် ဆက်လက်စုဆောင်းနေသဖြင့် မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု ပိတ်ပင်သင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ကုလသမဂ္ဂလုံခြုံရေးကောင်စီအား ယမန်နေ့က တောင်းဆိုသည်။

မြန်မာကလေးငယ်များ အခွင့်အရေးချိုးဖောက်ခံနေရမှုကိုတင်ပြထားသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ အစီရင်ခံစာအပေါ် လုံခြုံရေး ကောင်စီ၏ ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာလုပ်ငန်းအဖွဲ့က ဆွေးနွေးမည့်အချိန်၌် တောင်းဆိုခြင်းဖြစ်သည်။

ထိုလုပ်ငန်းအဖွဲ့အနေဖြင့် ဘန်ကီမွန်း၏ အစီရင်ခံစာနှင့်ပတ်သက်၍ အရေးယူမှုဆောင်ရွက်ရန် စဉ်းစားရမည်ဖြစ်ကြောင်း ကလေးငယ်များကို တပ်သားသစ်စုဆောင်းမှုအားလုံးနှင့် စစ်သားအဖြစ် အသုံးပြုမှုရပ်တန့်စေရန်အတွက် မြန်မာစစ်အစိုးရကို လက်နက်ရောင်းချမှုပိတ်ပင်ရမည်ဟု HRW တောင်းဆိုသည်။

HRW ၏ ကလေးသူငယ်များ စောင့်ရှောက်ရေးဆိုင်ရာတာဝန်ခံ ဂျိုးဘက်ကာက “မြန်မာနိုင်ငံက ကလေးစစ်သားမသုံးတော့ပါဘူးဆိုတဲ့ ကတိအထပ်ထပ်ပေးပြီး လှည့်ဖြားနေတာကို လုံခြုံရေး ကောင်စီအနေနဲ့ လက်မခံသင့်တော့ဘူး”ဟု ပြောကြားသည်။

မြန်မာစစ်တပ်က စစ်တပ်အင်အားကို ဖြည့်ဆည်းရန်အတွက် ကလေးသူငယ်များကို ထောင်နှင့်ချီ၍ စုဆောင်းကြောင်း မြန်မာစစ်တပ်၌ အသက် (၁၀) နှစ်လောက်အထိ ငယ်ရွယ်သည့် ကလေး ငယ်များကို စုဆောင်းနေပြီး စစ်တပ်ထဲ၌ ကလေးငယ် (၃၀) ရာခိုင်နှုန်းကျော်ရှိသည်ဟု HRW ဆိုသည်။

ထို့ပြင်မြန်မာအစိုးရ၏ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးရေးကော်မတီသည် ကလေးစစ်သားပပျောက်ရေးအတွက် မဖြစ်စလောက် သာလုပ်ဆောင်နေပြီး ကလေးစစ်သားအသုံးပြုမှုနှင့်ပတ်သက်သည့် ပြည်ပသတင်းများကို ထပ် တလဲလဲငြင်းဆိုနေကြောင်း ယင်းအဖွဲ့ ကပြောသည်။

လုံခြုံရေးကောင်စီ၌ မြန်မာကို သံတမန်ရေးအရထောက်ခံအားပေးနေသည့် တရုတ်နှင့် ရုရှတို့သည် မြန်မာနိုင်ငံ၏ အဓိကလက်နက်ထောက်ပံ့ ရောင်းချနေသူများဖြစ်သည်ဟုလည်း ဂျိုးဘက် ကာက ထောက်ပြပြောကြားသည်။

0 comments: