ဒီဗွီဘီ ။ ၂၈ ။ ဒီဇင်ဘာ ။ ၂၀၀၇ ခင်နှင်းထက်
(၂၀၀၇) ခုနှစ်အတွင်း (၈၈) မျိုးဆက် ကျောင်းသားတွေရဲ့ လှုပ်ရှားမှု အခြေအနေကို တင်ပြပေးပါမယ်။(၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦး ဖြစ်တဲ့ ကိုထွန်းမြင့်အောင်ကို ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။
“(၂၀၀၇) ခုနှစ် အတွင်းမှာ အထူးခြားဆုံး မဟုတ်ပေမဲ့ ကျနော်တို့ အားလုံး အတွက် အကွေ့ အချိုး တခုပေါ့ဗျာ၊ အပြောင်းအလဲ ဖြစ်သွားစေတဲ့ မှတ်တိုင်လေးတခုကတော့ ကျနော် မှတ်မှတ် ရရ ရှိနေတာက မေလ (၂၇) ရက်နေ့ ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့လို့ ပြောရင် ရပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ (၂၀၀၇) ခုနှစ်ထဲမှာ ကျနော်တို့ (၈၈) မျိုးဆက် ကျောင်းသားတွေ အနေနဲ့ တခြားသော အရပ်သားတွေ ။ နောက်ပြီးတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တက်ကြွတဲ့ ပါတီဝင်တွေနဲ့ အတူ ကျနော်တို့ဟာ အဖြူရောင် တနင်္ဂနွေ လှုပ်ရှားမှုကို ပြုနိုင်ခဲ့ပါတယ်။ နောက်ပြီးတော့ အကျဉ်းကျ ခံရသူတွေကို ပြန်လည် လွတ်မြောက်လာစေဖို့ အတွက် ဘုရား အသီးသီးမှာ စေတီ အသီးသီးမှာ ကျနော်တို့ ၀တ်ပြု ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒီတော့ အဲဒီ အဖြူရောင် တနင်္ဂနွေနေ့များရယ် ၀တ်ပြု ဆုတောင်းပွဲတွေဟာ ဒါ (၂၀၀၇) နှစ်မှာ အစပျိုးခဲ့တဲ့ ပြည်သူ လူထု ခံစားနေရတဲ့ ရင်ခုန်သံတွေကို သက်သေပြခဲ့တဲ့ လှုပ်ရှားမှုလေးတွေလို့ ပြောရင် ရပါတယ်၊ အဲဒီ လှုပ်ရှားမှုလေးတွေက တဆင့် ကျနော်တို့ဟာ ဘယ်အထိ ရောက်လာခဲ့သလဲ ဆိုတော့ ရွေးကောက်ပွဲနှစ်ပတ်လည်နေ့ မေလ (၂၇) ရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တီရှပ်တွေဝတ် ။ ခမောက်တွေ ဆောင်းပြီးတော့ ကျနော်တို့ဟာ ပြည်သူလူထုက ငြိမ်းချမ်းစွာ ဆနမဲ ပေးခဲ့တဲ့ (၉၀) ရွေးကောက်ပွဲ ရလဒ်ဟာ ယနေ့ထက်အထိ ပျက်ပြယ် မသွားသေးပါဘူး ဆိုတာကို ညီညွတ်စွာနဲ့ ရဲ့ရင့်စွာနဲ့ ကျနော်တို့ပြနိုင်ခဲ့တယ်၊ အဲဒီနေ့မှာ ကျနော်တို့ အားလုံး ထောင်ထဲမှာ အကျဉ်းထောင် အသီးသီးမှာ ရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်စေရေးအတွက် ရွှေတိဂုံဘုရားမှာ ၀တ်ပြု ဆုတောင်းဖို့ အတွက် ရွှေတိဂုံ ဘုရား ပရ၀ုံကို ချီတက်သွားပါတယ်။
ဒါပေမဲ့ နအဖ စစ်အစိုးရရဲ့လက်ကိုင်တုတ်တွေ ဖြစ်တဲ့ ဒီ ကြံ့ခိုင်ဖွံ့ဖြိုးရေး ။ စွမ်းအားရှင် အဲဒီ လူတွေကနေပြီးတော့ ကျနော်တို့ရဲ့ ဘုရား ၀တ်ပြု ဆုတောင်းပွဲကို မဖြစ်အောင်လို့ အကြမ်းဖက် အော်ဟစ် ကြိမ်းမောင်း ဆဲဆိုပြီးတော့ ကျနော်တို့ကို တားခဲ့ပါတယ်၊ ဒါပေမဲ့ ကျနော်တို့ဟာ ငြိမ်းချမ်းစွာ ကျနော်တို့ ဆန္ဒကို ထုတ်ဖော်ပြသတဲ့ နည်းကိုသာ ကျနော်တို့က သုံးတာကြောင့် ကျနော်တို့ဟာ ထိပ်တိုက် ရင်ဆိုင်ရေး နည်းလမ်းကို ကျနော်တို့ဟာ ရှောင်ရှားပြီးတော့ အန်အယ်ဒီ ရုံးရှေ့ကို ပြန်ရောက်လာပါတယ်၊ အဲဒီမှာ အထူးခြားဆုံးက ကျနော်တို့ ရင်ထဲက စကားတွေကို ကိုမင်းကိုနိုင်ဟာ ကိုယ်စားပြုပြီးတော့ အားလုံးရဲ့ ကိုယ်စား ကျနော်တို့ လျှောက်ချင်တဲ့ ဒီမိုကရေစီ ပန်းတိုင် အတွင်း ရဲရဲဝံ့ဝံ့ ဆက်လက် ချီတက်ကြဖို့ ပြောခဲ့တဲ့ စကားတွေဟာ (၂၀၀၇) ခုနှစ်အတွက် ထူးခြားမှုကို စတင်တဲ့ ပထမ ခြေလှမ်းတရပ်လို့ပြောရင် ရပါတယ်။”
(၂၀၀၇) ခုနှစ် တခုလုံးကို ပြန်ကြည့်မယ် ဆိုရင်ရော ကိုထွန်းမြင့်အောင်တို့ရဲ့လှုပ်ရှားမှုအပေါ်မှာ တနှစ်လုံးရဲ့ လှုပ်ရှားမှု အပေါ် ပြန်ပြီးတော့ သုံးးသပ်မယ်ဆိုရင်ရော။
“(၂၀၀၇) ခုနှစ် ဒိုင်ယာရီဟာ ကျနော်တို့ မြန်မာ့သမိုင်း စာမျက်နှာ အပေါ်မှာ ဂန္ဓ၀င် မြောက်တဲ့ အရေးအသား တခု ဖြစ်သွားခဲ့ပါတယ်၊ အဲဒီတော့ ဒီ စက်တင်ဘာ လူထု လှုပ်ရှားမှုကြီးကြောင့် ကျနော်တို့ သိသာတဲ့ အကျိုးရလဒ် သုံးခုကို ကျနော်တို့ ရလိုက်တယ်၊ အဲဒါဟာ ဘာလဲဆိုတော့ ပထမ တချက်က ပြည်သူလူထုကနေပြီးတော့ ဒီ စက်တင်ဘာ လှုပ်ရှားမှုကြီးနဲ့ ဘာကို ပြလိုက်လဲ ဆိုတော့ အခုဖြစ်နေတဲ့ ပြသနာသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ န၀တ ။ နအဖ ကြားထဲ ဖြစ်နေတဲ့ ပြသနာ မဟုတ်ဘူး၊ အခုဖြစ်နေတဲ့ ပြသနာသည် ပြည်သူ လူထု တရပ်လုံးနဲ့ လက်တဆုပ်စာ စက်အုပ်စု ကြားထဲ ဖြစ်နေတဲ့ တနည်းအားဖြင့် ဒီမိုကရေစီနဲဏ္ဍ စက်အာဏာရှင် စနစ် နှစ်ခုကြားထဲက ဖြစ်နေတဲ့ ပြသနာ ဆိုတာကို ပြည်သူလူထုဟာ စက်တင်ဘာ လှုပ်ရှားမှုကြီးနဲ့ အတူ ဖွင့်ချနိုင်ခဲ့တယ်၊ ပြီးတော့ စစ်အုပ်စုရဲ့ စရိုက် ဗီဇ အမှန်ကိုလဲ ဖော်ထုတ် ပြသနိုင်ခဲ့ပါတယ်။
ဒါ တချက် အကျိုးရလဒ် တခုပါ၊ နောက် ဒုတိယ အချက်ကို ပြောရမယ် ဆိုလို့ရှိရင် နှိတ် ဂျင်နရေးရှင်းပေါ့ဗျာ၊ မျိုးဆက်သစ် ကျောင်းသားတွေ မျိုးဆက်သစ် လူငယ်တွေရဲ့ သမိုင်းပေး တာဝန်ကို လက်ဆင့်ကမ်း ပီပီပြင်ပြင် သယ်ဆောင်နိုင်မှုကို ပြသနိုင်ခဲ့တယ်ဗျာ၊ ဒါဟာ ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်အတွက် စိတ်ချသွားရတဲ့ အကျိုးရလဒ် တခုပေါ့၊ နောက် တတိယ အချက်က ဘာလဲ ဆိုတော့ အင်တာနေရှင်နယ် ကွန်မြူနတီက ကျနော်တို့ တိုင်းပြည်ကို ပိုပြီးတော့ အရုံးစိုက်လာတယ်၊ ကျနော်တို့ တိုင်းပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ထွန်းကားရေး အတွက် ပိုမိုပြီးတော့ ဖော်ဆောင်နိုင်ဖို့အတွက် ဖိအားပေး အရေးဆိုလာတာတွေကို ကျနော်တို့ တွေ့ရတယ်၊ ဒီသုံးခုဟာ ကျနော်တို့ (၂၀၀၇) စက်တင်ဘာ လှုပ်ရှားမှုကြီးကနေ ရလိုက်တဲ့ အကျိုးရလဒ်တွေလို့ ပြောရင် ရပါတယ်။”
ဒီ (၂၀၀၇) ခုနှစ်မှာ (၈၈) ကျောင်းသားများ အဖွဲ့ အနေနဲ့ အခက်အခဲတွေ တော်တော် များများကြားထဲကနေ လှုပ်ရှားခဲ့ရတာတွေ ရှိတယ်ပေါ့လေ၊ ကိုမင်းကိုနိုင်တို့ ဆိုလို့ရှိရင် နယ်ဆင်းပြီးတော့ စည်းရုံးရေး လေးတွေ ဆင်းတာကအစ။ ရှိခဲ့တယ်ပေါ့နော် ။ ဆိုတော့ အဖြူရောင် လှုပ်ရှားမှုပေါ့ ၊ နောက် ဒီလိုမျိုး အကြပ်အတည်း အခက်အခဲတွေကြားကနေ လှုပ်ရှားခဲ့ရတဲ့ လှုပ်ရှားမှုတွေ အပေါ် အားရ ကျေနပ်မှု အတိုင်းအတာရော ဘယ်လိုရှိလဲ ကိုထွန်းမြင့်အောင်။
“ဟုတ်ကဲ့ အားရကျေနပ်မှုဆိုတဲ့ နေရာမှာ ကျနော်တို့ ကိုယ့်ကို ကိုရော ကျနော်တို့ အဖွဲ့အစည်း အပေါ်မှာရော အပြည့်အ၀ ကျနော်တော့ အားမရခဲ့ဘူးဗျာ၊ အားမရခဲ့ဘူး ဆိုတာက ကျနော်တို့တွေက ၂၀၀၆ နှစ်ကုန်ပိုင်းမှာ ကိုမင်းကိုနိုင်တို့ပြန်လွတ်လာတယ်၊ (၂၀၀၇) ထဲမှာ ကျနော်တို့တတွေ လှုပ်ရှားမှုတွေ အတတ်နိုင်ဆုံး အစွမ်းကုန်လုပ်ခဲ့ပါတယ်၊ ဒါပေမယ့် တဖက်မှာ နအဖ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ စောင့်ကြည့်နေမှုတွေက အရမ်းပြင်းထန်တယ်ဗျာ၊ အဲတော့ ဒီကြားထဲကနေပြီးတော့ ကျနော်တို့ အတတ်နိုင်ဆုံး လုပ်ခဲ့ပါတယ်၊ အတတ်နိုင်ဆုံးလုပ်ခဲ့တယ်ဆိုပေမယ့် ကျနော်တို့ကို ကျနော်တို့ တိုင်းပြည်အတွက် ထမ်းဆောင်ရတဲ့ ကိစတွေမှာ အားရကျေနပ်ခြင်းတော့ မရှိပါဘူး၊ သို့သော် ဘယ်လိုပဲ ဖြစ်ဖြစ် ဆက်လက်ပြီးတော့ ကျနော်တို့ တိုင်းပြည်အတွက် ကျနော်တို့ ပခုံးစွမ်းရှိသရွေ့ ကျနော်တို့ ထမ်းဆောင်သွားအုံးမှာပါ။ ”
ဟုတ်ကဲ့ပါ (၂၀၀၈) ခုနှစ်အတွက်ရော (၈၈) ကျောင်းသားများ အဖွဲ့ အနေနဲ့ ဘယ်လို ဖြစ်စေချင်တဲ့ ဆန္ဒတွေရှိလဲ ။ ဘယ်လိုမျှော်လင့်ထားလဲ။
“(၂၀၀၈) ခုနှစ်ဟာ ကျနော်တို့ တိုင်းပြည်အတွက် အရေးကြီးတဲ့ နှစ်တနှစ် ဖြစ်အုံးမှာပါ၊ အဲတော့တိုင်းပြည်မှာ သွေးထွက်သံယိုမှု မရှိပဲနဲ့ ငြိမ်းငြိမ်းချမ်ချမ်း အသွင်ကူးပြောင်းစေချင်ပါတယ်၊ ဟုတ်လား ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အတူ အခု လက်ရှိ နအဖ စစ်အစိုးရတွေနဲ့ ပြေလည်အောင် ညှိနှိုင်းနိုင်မယ်ဆိုလို့ရှိရင် ကျနော်တို့ ကျေနပ်ပြီဗျာ၊ အဲဒီတော့ (၂၀၀၈) ခုနှစ်မှာ တိုင်းပြည်ကို ငြိမ်းချမ်းစွာနဲ့ ဒီမိုကရေစီ ကူပြောင်းနိုင်ရေး အတွက် နအဖ စစ်ဗိုလ်ချုပ်ကြီးတွေ အနေနဲ့တွေ့ဆုံဆွေးနွေးရေးကို ဖြစ်နိုင်သရွေ့ စောနိုင်သမျှ စောစော အကောင်အထည် ဖော်ဖို့ ကျနော်တိုက်တွန်းလိုပါတယ်၊ ပြည်သူပြည်သားတွေ အနေနဲ့လည်း ကျနော်ပြောချင်တာက ဒီမိုကရေစီတို့ လူ့အခွင့်ရေးတို့ ဆိုတာဟာ ဘယ်သူကပေးမှ ဘယ်ဝါက ပေးမှ ရတဲ့ ကိစ္စ မဟုတ်ပါဘူး၊ ကျနော်တို့ကိုယ်တိုင် တခက်တခဲနဲ့ ဥစ္စာရင်လို ဥစ္စာရင်ခဲနဲ့ ကြိုးစားသွားရမှာပါ၊ အဲဒီအတွက် ကမ္ဘာကြီးက ပေးမယ့် အကူအညီတွေကို မျှော်လင့်နေမယ်အစား ကျနော်တို့ကိုယ်တိုင် ကျနော်တို့ ခြေထောက်ပေါ် ရပ်တည်ပြီးတော့ ကျနော်တို့ခြေတွေလက်တွေဆန့်တန်းပြီးတော့ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်သွားမယ် ဆိုလို့ရှိရင် ဒီမိုကရေစီပန်းတိုင်ဟာ မဝေးတော့ဘူးလို့ ကျနော် ပြောချင်ပါတယ်၊”
ကိုထွန်းမြင့်အောင် ပြောပြသွားတာပါ။
Saturday, December 29, 2007
(၈၈) မျိုးဆက် လှုပ်ရှားမှု - ၂၀၀၇
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment