Wednesday, December 26, 2007

မလွတ်လပ်တဲ့ လွတ်လပ်ရေးနေ့

ယာတောကသာဗြော

အဝေးကပေးစာတစောင်

၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်၊
ကိုဟိုဒင်းရေ-
“ဆွေးမိသည်တည့်။ ဆွေးမိသည်
မလေးမောင် သည်ယနေ့
ဆွေးမြေ့မိသည်၊”
တနိုင်ငံလုံး၊ တမျိုးသားလုံးဂုဏ်ယူ ၀မ်းမြောက်ကြရမယ့် လွတ်လပ်ရေးအနှစ် ၆၀ မြောက်အခါသမယမှာ ဒီဆရာဇော်ဂျီရဲ့ “၁၉၄၈ခုနှစ် လွတ်လပ်ရေးနေ့တွင်”ဆိုတဲ့ ကဗျာထဲက အစလေးတစနဲ့ ဖွင့်လိုက်ရတာကိုထောက်ရင် ကျနော်တယောက် ဘယ့် ကလောက်စိတ်မကောင်း ဖြစ်နေတယ်ဆိုတာ ခင်ဗျားမှန်းနိုင်မယ်ထင်ပါတယ်။ အမှန်က ကျနော်တယောက်တည်း စိတ်မကောင်း ဖြစ်တာမဟုတ်ပါဘူး။ ကျနော်တို့တပြည်လုံးစိတ်မကောင်းဖြစ် နေကြတာပါ၊ ဒီလိုနေ့ထူးရက်မြတ်ကြီးမှာ ရန်ကုန်လမ်းမကြီးတွေ ပေါ်မှာ သံဃာတော်တွေရဲ့သွေးတွေ မခြောက်သေးဘူး။ အကျဉ်းထောင်တွေထဲမှာ သံဃာတော်တွေကို ရိုက်နှက် နှိပ်စက်နေကြတုံး။ လူတွေဆိုတာတော့မပြောနဲ့တော့။ ဒါ လွတ်လပ်မှု အရသာတဲ့လားဗျာ။ လွတ်လပ်ရေးနေ့မှာ မတရားအကျဉ်းကျနေသူတွေကို သတိရ၊ ကိုယ့်အတွက်လည်း တကယ့်လွတ်လပ်မှုကိုလိုချင်၊ ဒါလူ့သဘာဝပဲလေဗျာ။

လွတ်လပ်ရေး မပေးချင်ပဲနဲ့ ပေးလိုက်ရတဲ့ ဟိုတုန်းက ကိုလိုနီသခင်တွေနဲ့ သူတို့ရဲ့အလိုတော်ရိတွေသာ စစ်အစိုးရ အဆက်ဆက်ကြောင့် စုတ်ပြတ်သတ်နေတဲ့ ဒီနေ့ဗမာပြည်ကိုသာ မြင်ရရင်။ “ဘယ့်နှယ်လဲ ငါတို့မပြောလား”လို့ ဒူးနှန့်ဝမ်းသာ နေကြမှာ သေချာတယ်၊ ၁၉၄၈ ခုနှစ်ဟာ ဗမာပြည်ပြန်လည် စည်းလုံးညီညွတ်မှုရဲ့ လက္ခဏာ၊ ဒီနေ့ နအဖ လက်ထက်ကျတော့ ဗမာပြည်ဟာ တစစီမကွဲယုံတမယ်၊ ၁၉၄၈ခုနှစ်ဟာ ဗမာပြည်လွတ်လပ်တဲ့လက္ခဏာ၊ ဒီကနေ့ဟာ ပြည်သူတွေ မလွတ်လပ်ဆုံး အခြေအနေ၊ ဘယ်လိုမှ မယုံနိုင်စရာပါပဲ။
ကျနော်တို့ ငယ်ငယ်တုန်းကတော့ဗျာ လွတ်လပ်ရေးနေ့ဆိုရင် မြို့တကာ။ ရွာတကာမှာ ပွဲလမ်းပေါင်းစုံ ခြိမ့်ခြိမ့်သဲ၊ ၀ှဲချီးကျင်းပ ကြတာကလား။ ရန်ကုန်မှာဆိုရင် ကန်တော်ကြီး၊ မန္တလေးမှာဆိုရင် ကျုံးနဘေး၊ ကြည့်ချင်ပွဲတွေစုံ၊ အစိုးရဌာနပြခန်းတွေကလည်း အမျိုးမျိုးပဲ။ အငြိမ့်ပွဲ ဇာတ်ပွဲတွေအပြင် ဈေးတန်းတွေအမျိုးမျိုး၊ ဆိုကရေးတီး ပြိုင်ပွဲတွေ အသွယ်သွယ်၊ မာရသွန်လို တာဝေး ပြေးပွဲအပါ အားကစားပွဲတွေ၊ မနည်းပေါင်ဗျာ။ အဲဒီလို ကာလမှာ ကျနော်တို့ မြို့ငယ်တွေ၊ ကျေးလက်တွေသွားပြီး နေ့ချင်းပြီး ဘော့လုံးပွဲတွေ ကစားကြတာကို မှတ်မိနေသေးတယ်။ နောက်ပြီး ဗမာ့အသံကလည်းကြားရပြီ- “ဗမာ့လွတ်လပ်ရေးအတွက်၊ အသက်ကိုပေးဖို့ ဂျပန်ပြည်မှာကွယ်”စတဲ့ လွတ်လပ်ရေးသီချင်းတွေလေ။ အိမ်တွေကလည်းအလံထူ၊ မီဒီယာတွေကလည်း လွတ်လပ်ရေးကို ဘယ်လို ခက်ခက်ခဲခဲ လုံးပမ်းတိုက်ခိုက် ခဲ့ရတယ်ဆိုတာတွေကို ဖော်ပြကြတယ်။ စာသင်ကျောင်းတွေမှာလည်း ကလေးတွေကို ဆရာတွေက ဒီသမိုင်းအချက် အလက်တွေပြောပြကြတယ်။

အခုတော့ အနှစ် ၆၀ မြောက်လို ထူးထူးခြားခြား နေ့ထူးနေ့မြတ်မှာတောင်မှဗျာ၊ နအဖ စစ်ဗိုလ်တွေက တုတ်တုတ်မှ မလှုပ် ကြဘူး။ ဗမာပြည်လွတ်လပ်ရေးနဲ့သူတို့နဲ့ ဘာမှမဆိုင်သလို၊ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ သမိုင်းစဉ်ကြီး မရှိခဲ့ဖူး သလိုလို။ နေသာလိုက်ကြတာများဗျာ။ ကိုယ့်နားမျက်စိကိုယ် မယုံနိုင်ဘူး။ နေ့ထူးနေ့မြတ်တွေဆိုတာ ၀ါဒဖြန့်ဖို့အတွက် အကောင်းဆုံး အခွင့်အရေးဖြစ်တယ်ဆိုတာကိုတောင် မေ့ပစ်လိုက်ကြပြီလား ထင်ရတယ်။
ဘာပဲပြောပြော သူတို့ဘာလို့ ဒီလိုတုံဏှိဘာဝေ၊ သစ်ငုတ်လို လုပ်နေကြတယ်ဆိုတာ လူတိုင်းသိပါတယ်။ ရှင်းရှင်းလေးပါ။ လွတ်လပ်ရေးအကြောင်းပြန်ဖော်တယ်။ လွတ်လပ်ရေးသမိုင်း ပြန်ပြောတယ်ဆိုရင် အဲဒီအထဲက သမိုင်းဇာတ်ကောင်တွေကို ပြန်ထုတ်ဖော်ဖို့ လိုတယ်မဟုတ်လား။ လူတဦးချင်းတွေ၊ အဖွဲ့အစည်းတွေ၊ ရုန်းကန်တိုက်ပွဲဝင်ခဲ့ပုံတွေကို ပြန်ဖော်ထုတ်ရမယ် မဟုတ်လား။ ဒါကို သူတို့ မလုပ်နိုင်ဘူးလေဗျာ။ သူတို့က အဲဒီလူတွေ၊ အဲဒီအဖွဲ့အစည်းတွေနဲ့ ရန်ဖြစ်ထားတဲ့လူတွေ မဟုတ်လား။ ဂုဏ်ပြောင်တဲ့ လွတ်လပ်ရေးသမိုင်းနဲ့ သူတို့ဟာ ရန်ဘက်လေဗျာ။ နောက်ပြီး ဂုဏ်ပြောင်တဲ့ သမိုင်းခေါင်းဆောင်တွေဟာလည်း သူတို့ရဲ့ ဦးတည် ပစ်မှတ်တွေ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ကွန်မြူနစ်ပါတီ၊ ဖဆပလအဖွဲ့ကြီး၊ ဘယ်တခုမှ ပြန်မဖော်ရဲဘူး။

နယ်ချဲ့တွေ-ဖက်ဆစ်တွေကို လက်နက်ကိုင်တိုက်ကြတာ၊ သပိတ်မှောက်ကြတာ ရေနံမြေကနေချီတက်ကြတာ၊ အတွင်းဝန်ရုံးကို ၀ိုင်းကြတာ၊ ရွှေတိဂုံ အလယ်ပစ္စယံဇရပ်မှာ အစည်းအဝေးကြီးကျင်းပကြတာ၊ ဘယ်ဖြစ်ရပ်မှန်ကိုမှ စံပြုလို့မရတဲ့ သူတို့အဖြစ်လေ။ အင်္ဂလိပ်တောင်မှ လူတွေကို သူတို့လောက် မသတ်ခဲ့ဘူးဆိုတဲ တကယ့်အဖြစ်မှန်သက္ကာယမျိုး ဖော်ရရင် ဒင်းတို့ ပိုဒုက္ခတွေ့တော့မပေါ့ဗျာ။ နားတော့လည်နိုင်ပါတယ်။ ခွင့်မလွှတ်နိုင်တာ တခုပါပဲ။ ရေကြည်သောက်တဲ့အခါ ရေတွင်းတူးတဲ့လူတွေကို သတိရတယ်ဆိုတာဟာ တကမ္ဘာလုံးက လူမျိုးတိုင်းရဲ့အစဉ်အလာပါ။ နအဖ ဗိုလ်ချုပ်တွေကတော့ အဲဒီလူတွေကို ကျေးဇူး မတင်တဲ့အပြင် ရန်ငြိုးထားနေကြတယ်။

ပြည်ထောင်စုနေ့ဆိုရင်လည်း ပင်လုံစာချုပ်အကြောင်း မပြောဝံ့လို့ ၀ိုးတိုးဝါးတားလုပ်ပြီး သူတို့လိုရာဆွဲကျင်းပကြတယ်။ တကယ်ဆိုရင် အဲဒီပင်လုံစာချုပ်မှာ လက်မှတ်ထိုးခဲ့သူတွေထဲက မနည်းလှတဲ့အရေအတွက်ကို သူတို့စစ်အစိုးရတွေကဖမ်းပြီး ထောင်ထဲသွင်းခဲ့ဖူးတာပဲ။ နောက်ပြီး သူတို့မဖော်ထုတ်ချင်ဆုံးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း အခန်းကလည်းရှိသေးတယ်။ ဗိုလ်သန်းရွှေက သူ့ကိုယ်သူ ဒီနေ့တပ်မတော်ရဲ့ ဖခင်ကြီးလို့ သတ်မှတ်ချင်နေသလားမှ မသိတာ။ ဒါကြောင့် ဗိုလ်သန်းရွှေတို့များဆိုရင် ဖဆပလ အစိုးရခေါင်းဆောင်တွေလို ဇူလိုင် ၁၉ ရက်နေ့မှာ အာဇာနည်ကုန်းသွားပြီး အမှတ်ယူတာလေးတောင် မလုပ်နိုင်ကြဘူး မဟုတ်လား။ ဟန်တောင် မဆောင်နိုင်ဘူးလို့ ဆိုလိုတာပါ။

အမျိုးသားရေးအရ အမှားကျူးလွန်သူ၊ အမျိုးသားအကျိုးစီးပွားကို သစ္စာဖောက်သူတွေဟာ သမိုင်းတစ္ဆေခြောက်ခံရတာ သေတဲ့အထိပဲဗျ။ ဖြစ်ပြီးခဲ့တဲ့ အမှန်တရားဆိုတာ ဘယ်တော့မှ ပျောက်ပျက်တော့တဲ့ အရာမျိုးပဲ။ လူကသာ သေတယ်ဆိုတာ ရှိတယ်။ ဖြစ်ရပ်မှန်ဆိုတာ သေတယ်လို့ မရှိဘူးလေဗျာ။ နောင်ကျရင် ဗိုလ်သန်းရွှေတို့ သစ္စာဖောက်ခဲ့တာတွေဟာလည်း သမိုင်းဖြစ် ရပ်မှန်အဖြစ် ကျန်ရစ်နေအုန်းမယ်ဆိုတာ ဘာမှ သံသယရှိစရာ မလိုကြောင်းပါဗျား။

ဘယာဘေး ကွာဝေးကြပါစေ။
ယာတောကသာဗြော

0 comments: