NEJ/ ၂၉ နိုဝင်ဘာ ၂၀၀၇
သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ၏ အသက် (၉၂) နှစ်ပြည့်မွေးနေ့ကို မန္တလေးမြို့ရှိ မဟာဂန္ဓာရုံကျောင်းတိုက်၌ ယနေ့ကျင်းပ၍ သံဃာတော်အပါး (၁) ထောင်ကို ဆွမ်းကပ်လှူဒါန်းကြောင်း မွေးနေ့ပွဲ တက်ရောက်သူတို့ကပြောကြားသည်။
မွေးနေ့ပွဲသို့ မောင်မိုးသူ၊ မောင်ဝံသ၊ ဒေါက်တာ ခင်မောင်ညို၊ ကျော်ရင်မြင့်၊ ကြည်အောင်၊
ကိုလေး၊ ထက်မြက် စသည့် စာပေအနုပညာရှင်များအပါအ၀င် အနယ်နယ်အရပ်ရပ်မှ လူထု ဒေါ်အမာကို ချစ်ခင်လေးစားသူ (၃၀၀) ခန့်က ဒေါ်အမာကို လာရောက်ဂါရ၀ပြုကြကြောင်း သိရသည်။
အသက်အရွယ်ကြီးနေပြီဖြစ်သော်လည်း ကျန်းမာရွှင်လန်းဆဲရှိနေသည့် လူထုဒေါ်အမာက
“အမေ့မွေးနေ့က (၉၂) နှစ်ပြည့်တဲ့မွေးနေ့။ တနှစ်ပိုပြီးတော့အိုဦးမှာပေါ့။ အိုတဲ့အတွက် ဘာမှ မကောင်းဘူးလေ။ နားရော မျက်စိရော ဘာရော အိုတာပဲ။ ဒါပေမယ့် ဘာတတ်နိုင်မှာတုန်း၊ ဒီလိုပဲခံရမှာပေါ့။ အိုသည်ဖြစ်စေ ပျိုသည်ဖြစ်စေပေါ့နော် လုပ်စရာတွေကတော့ ရှေ့မှာရှိတယ်
ဟေ့။ အဲဒါအကုန်လုံး ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့လုပ်နိုင်ရင် တို့သက်သာမှာပဲ။ အမှတ်
တရ အမေတော့ ဒါပဲပြောချင်တယ်” ဟုခေတ်ပြိုင်သို့ မွေးနေ့အမှတ်တရစကား ပြောကြားသည်။
စာရေးဆရာကြီးများဖြစ်သည့် ဒဂုံတာရာ၊ ဒေါ်ခင်ဆွေဦး၊ ဒေါ်ကလျာနှင့် ၈၈ မျိုးဆက် ကျောင်း
သားများအပါအ၀င် နိုင်ငံရေးအသိုင်းအ၀ိုင်းမှပုဂ္ဂိုလ်များ မလာရောက်နိုင်သည့်အတွက် ယခင်
နှစ်များထက် မွေးနေ့ပွဲလာရောက်သူနည်းပါးသည်ဟု ဒေါ်အမာ၏သားဖြစ်သူ ကိုညီပုလေးက ပြောသည်။
၎င်းက “ခါတိုင်းနှစ်တွေထက်စာရင် လူသိပ်မလာဘူး။ အကြောင်းအမျိုးမျိုးနဲ့ မလာနိုင်ကြတာ။ တချို့လာနေကြ လူတွေက အထဲရောက်သွားကြတာတွေရှိတဲ့အတွက် မလာနိုင်ကြတာရှိတယ်။ အာဏာပိုင်တွေ နှောင့်ယှက်တာတော့မရှိဘူး။ ခြေချင်းတော့ လိမ်နေတာပေါ့ခင်ဗျ။ အနှောင့်
အယှက်တစုံတရာ ပေးတာမျိုးတော့ မတွေ့ရပါဘူး။ လာတက်တဲ့လူစာရင်းကို လာတောင်းတာ တွေ့ရတယ်” ဟုပြောသည်။
ယခင်က နှစ်စဉ် လူထုဒေါ်အမာမွေးနေ့ရောက်တိုင်း အမရပူရရှိ တောင်လေးလုံးကျောင်းတိုက်၌ မြန်မာနိုင်ငံအနှံ့အပြားမှ စာပေချစ်မြတ်နိုးသူများလာရောက်၍ စာပေရေးရာ ဆွေးနွေးဖလှယ်လေ့ ရှိသော်လည်း အာဏာပိုင်များ၏ချုပ်ချယ်မှုကြောင့် ယမန်နှစ်မှစ၍ မကျင်းပနိုင်တော့ကြောင်း သိရ သည်။
လူထုဒေါ်အမာသည် ကိုလိုနီခေတ်ကတည်းက နယ်ချဲ့ဆန့်ကျင်ရေး သပိတ်မှောက်ကျောင်းသူ တဦးအဖြစ်ပါဝင်ခဲ့ပြီး ဘ၀တလျှောက်လုံး ပြည်သူ့ဘက်မှရပ်တည်ကာ အကျိုးပြုစာပေများ ရေး သားထုတ်ဝေခဲ့သဖြင့် လူထုက ချစ်ခင်လေးစားကြသည်။
လက်ရှိအချိန်၌လည်း ကလျာ၊ ရွှေအမြုတေစသည့် လစဉ်ထုတ်မဂ္ဂဇင်းများတွင် အခါအားလျော်စွာ စာပေများ ဆက်လက်ရေးသားနေဆဲဖြစ်ပြီး အလွမ်းပြေမှတ်စုများအမည်ရှိ ဆောင်ပါးပေါင်းချုပ် စာအုပ်ထုတ်ဝေရန် ကြိုးပမ်းနေကြောင်းသိရသည်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌လည်း လူထုဒေါ်အမာကို ချစ်ခင်လေးစားသည့် ထိုင်းနိုင်ငံ ရောက်မြန်မာနိုင်ငံသားများက ဒေါ်အမာ၏ အသက် (၉၂) နှစ်ပြည့် မွေးနေ့ပွဲအခမ်းအနားတခု ယနေ့ညနေပိုင်းတွင် ကျင်းပရန်စီစဉ်လျက်ရှိသည်။
ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် CDM ကထိက ဌာနမှူး ဆရာမ
#ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
-
Mobile Medical Team-West Division တာဝန်ခံ
CDM ကထိက ဌာနမှူး ဆရာမ #ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
#တမူး မြို့နယ်၊ #ခမ်းပတ် မြို့အနီးရှိ #ကနန်...
10 months ago
0 comments:
Post a Comment