Tuesday, November 13, 2007

ကုလအထူးကိုယ်စားလှယ်ပီညဲရိုး နေပြည်တော်ရောက်ရှိ

NEJ / ၁၃ နိုဝင်ဘာ ၂၀၀၇

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ပေါ်လိုဆာဂျီယိုပီညဲရိုး သည် ယနေ့ နေပြည်တော်၌ ရောက်ရှိနေပြီး နအဖစစ်ဗိုလ်ချုပ်အဖွဲ့ဝင်များနှင့် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

မစ္စတာပီညဲရိုးသည် နအဖ၀န်ကြီးချုပ် ဒု-ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် တွေ့ဆုံရန်ရှိပြီး စစ်အစိုးရ၏ လူ့အခွင့်အရေးကော်မရှင်နှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် လည်း တွေ့ဆုံမည်ဟု မြန်မာအစိုးရအရာရှိတဦးကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

ပြီးခဲ့သည့် စက်တင်ဘာဆန္ဒပြမှုတွင် သေဆုံးသူများနှင့် ဖမ်းဆီးခံရသူများကိစ္စကို စုံစမ်း စစ်ဆေးရန် မစ္စတာ ပီညဲရိုးက မြန်မာနိုင်ငံသို့ တနင်္ဂနွေနေ့ကစတင်ရောက်ရှိနေပြီး ကြာသပတေးနေ့တွင် ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

မစ္စတာပီညဲရိုးသည် ယမန်နေ့နံနက်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရန်ကုန်တိုင်း အုပ်ချုပ်ရေးမှူး၊ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ဒု-ပါမောက္ခချုပ်၊ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိများကို တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

ထို့ပြင် ငွေကြာယံကျောင်းတိုက်၊ ထိန်ပင်သုသာန်၊ အင်းစိန်ဗဟိုအကျဉ်းထောင်၊ အင်းစိန် ဂျီတီအိုင်ကျောင်းဟောင်းနှင့် ကျောက်တန်းမြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့အမှတ် (၇) ရဲတပ်ရင်းသို့ သွားရောက်၍ တာဝန်ရှိသူများနှင့်လည်း မစ္စတာပီညဲရိုးက သွားရောက်တွေ့ဆုံခဲ့သည်။

မစ္စတာပီညဲရိုးနှင့် အဖွဲ့ဝင်များသည် တနင်္ဂနွေနေ့ညနေပိုင်းတွင် ပဲခူးမြို့ကြခတ်ဝိုင်း ကျောင်းတိုက်နှင့် ရွှေတိဂုံစေတီသို့ သွားရောက်ပြီး ဘုရားဂေါပကအဖွဲ့ဝင်များနှင့်တွေ့ဆုံခဲ့သည်။

0 comments: