Sunday, November 11, 2007

အိမ်နီးနားချင်း ချေဂွေဗားရားများ

(ခန့်အောင်)

ထာဝရတော်လှန်ရေးသမား ကမ္ဘာ့ တော်လှန်ရေးသမား ရဲခေါင်ပြောက်ကျား ကမ္ဘာ့အရင်းရှင် နယ်ချဲ့အစိုးရတိုင်းက ကြောက်ရတဲ့ ဒေါက်တာအာနက်စတိုချေဂွေဗားရား။ မတရားအနိုင်ကျင့် ကျူးကျော်စော်ကား မှု ဖိနှိပ်မှုမှန်သမျှကို ဆန့်ကျင်တော်လှန်သူတိုင်းရဲ့ စံပြုရတဲ့ ပုဂ္ဂိုလ်။ ပါးသိုင်းမွှေး နှုတ်ခမ်းမွှေး ဦးထုပ်ကအစ သူ့ရဲ့အမှတ်တံဆိပ်အဖြစ်ကျန်ရစ်ခဲ့တယ်။ ဖိနှိပ်စော်ကားမှုရှိလေရာ နေရာတိုင်းသွားရောက် တော်လှန်ပစ်မယ်ဆို တဲ့လူဖြစ်တယ်။ အခုတော့သူမရှိတော့ပါဘူး။

သူကျဆုံးသွားပေမဲ့ သူအကြောင်းနှင့်သူရုပ်ပုံတွေကတော့ တော်လှန်သူတို့ရဲ့ အမှတ်တံဆိပ်ဖြစ်နဲ့ ရင်ထဲ ထင်ကျန်ခဲ့တယ်။ နေရာအတော်များများမှာ သူပုံကားအချပ်တွေ အတော်တွေ့ရတယ်။ အင်းကျီင်္၊ပိုစတာ ၊ လက်ကိုင်ပ၀ါ၊လည်စည်း၊ဆွဲပြား တွေမှာ ပုံစံမျိုးစုံနှင့်တွေ့ရတယ်။၊ သေးသေးယူမလား ကြီးကြီးယူမလား ရ တယ်။ ထိုင်းမှာလည်း ချေပုံကိုအတော်ကလေးတွေ့ရတယ်။ ထိုင်း ဒီမိုကရေစီနည်းနည်းရှိတော့ ချေနဲ့ ပတ်သက်တဲ့စာအုပ် တွေ ၊အထ္ထုပတ္တိတွေ ၊ စာတွေကိုပေါပေါများများ ဘာသာ ပြန်ထုတ်ဝေကြတော့ ချေအကြောင်းကိုလူတိုင်းက သိနေကြတယ်။ ကျနော်တို့ဗမာပြည်မှာတော့ ချေအကြောင်း ဘာသာပြန်တွေရှိပေမဲ့ သိပ်ရှားပါးပါတယ်။ ချေဘာလဲ ဆိုတာသိသူရှိသလို မသိသူများတယ်။ မသိသူထဲမှ ကျနော် ကိုယ်တိုင်ပါတယ်။ ကျနော် လည်းဟိုရောက်ဒီရောက် ဟိုလူနဲ့တွေ့ ဒီလူနဲ့တွေ့နေလာရင်းနဲ့ ချေအကြောင်းကို အနည်းအကျဉ်းတော့ သိလာခဲ့ ရတော့တာပဲ။

အဲဒီလိုနည်းနဲ့ပဲ လူငယ်အတော်များများလဲ ချေခရေဇီ ဖြစ်လာတာ တော်တော်တွေ့မြင်လာရတယ်။ ဗမာ လူငယ်အတော်များများဟာ ချေဂွေဖားရား တီရှပ်ပုဝါလည်စည်း၊ပိုစတာတွေသုံလာကြတယ်၊ တချို့လည်းချေ ကို သိပ်ချစ်လွန်တော့ ကိုယ်အရေပြာမှာ ဆေးမှင်းရေနှင့် ချေအရုပ်တွေထိုးလာကြတယ်။ တချို့ကလက်မောင်း၊တချို့က လက်ဖျံ၊တချို့ကလက်ခုံ၊ တချို့ကကျောကုန်း၊ တချို့ကရင်ဘက်စသည့်နေရာတွေမှာ ချေအရုပ်တွေကိုအမဲရောင်တ မျိုး၊ကာလာစုံနဲ့တမျိုး အမျိုးမျိုးအလှထိုးကြသည်၊ တကယ်လည်းတူတယ် တကယ်လည်းခန့်ခန့်ထည်ထည်ရှိပါ တယ်။ ချေပုံကိုတော့ ခါး၊ဖင်တွေတင်တွေမှာတော့ တွေ့ရခဲတယ်။ မတွေ့ဖူးတာလည်းဖြစ်ချင်ဖြစ်ပါလိမ့်မယ်။

အားနည်းတဲ့ဘက်ကရပ်တည်တာ ၊အဖိနှိပ်ခံဘက်ကရပ်တည်တာ ၊ ကျူးကျော်စော်ကားတာကို ခေါင်းငုံ မခံတက်တဲ့ စံပြပုဂ္ဂိုလ်ကို လူငယ်တွေအမြတ်တနိုးနှင့် ကိုယ်ခန္ဓာာမှာဆင်မြန်းကြတာ မြတ်မြတ်နိုးနိုးရှိကြ တာ ကောင်းတဲ့လုပ်ရပ်ပါ။

ကျနော်အိမ်နီးနားချင်းတယောက်က ချေကိုသိပ်လေးစားတာ နောက်ဆုံးချေရုပ်ပုံကို သူရဲ့လက်မောင်းအ ရေပြားမှာ ဆေးမှင်ကြောင်နှင့် ရေးထိုးဖြစ်တဲ့အထိ ဖြစ်ခဲ့တဲ့သူဖြစ်တယ်။ တွေ့တဲ့ခင်တဲ့သူတိုင်းကို သူလက်မောင်းက အရုပ်ပြနေရတာအမော။ သူပုံစံကိုယ်လုံးကိုပေါက် ခပ်တောင့်တောင့်ပဲ မျက်နှာပေါက်က ခပ်တင်းတင်းပဲ။ အ၀တ်အစားဆိုရင် စွပ်ကျယ်လက်ပြတ် ပဲဝတ်တယ်။ ဒါမှလက်မောင်းကပုံပေါ်မှာကိုး။ လမ်းသွားရင်လည်းရင်ကွဲဖွင့် လက်ကားကားနဲ့ ခေါင်းကလည်းမော့ထားလိုက်သေး။ ရပ်ကွတ်ထဲကလူတွေကတော့ အဲဒီပုဂ္ဂိုလ်ဒီဇိုင်းကို ကြည့်ပြီး ဖြုံကြတာပေါ့။ လူကောင်ကလည်းတောင့်တောင့် နှုတ်ခမ်းမွှေးကားကား လက်မောင်းမှာလဲ လူမိုက်လိုလို ၊ လမ်းသရဲ လိုလို ဆေးမှင်ကြောင်နှင့်ဆိုတော့ တွေ့တဲလူတိုင်းက ကြာကြာစိုက်မကြည့်ရဲဘူး။ ရန်အလုပ်ခံရမှာ စိုးရတယ်လေ။ လမ်းသွားရင်နဲ့ တည့်တည့်တိုးရင်လည်း ဟိုလိုလိုဒီလိုလိုနဲ့ ရှောင်သွားကြတယ်။ ဒါပေမဲ့ ဒီလူပုံစံကလူမိုက်ပုံ ပေါက်ပေမဲ့ သူမိန်းမကိုတော့ အတော်ချစ်ပုံရတယ်။ လူပုံကြည့်တော့သာ လူမိုက်ဂိုက် အိမ်မှာသူမိန်းမနဲ့ စကားပြောရင်အသံက ကလေးသံလိုလို၊ ကြောင်မိတ်လိုက်တဲ့အသံလိုလို လူမတွေ့ရင် ဒီပုဂ္ဂိုလ်မဟုတ်ဘူးလို့တောင် ထင်ရတယ်။ တခါတလေ သူတို့ခြံနောက်ဘက်က ဖြတ်သွားတိုင်း သူ့လှုပ်ရှားမှုတွေကို ခြံစည်းရိုး ၀ါးခြမ်းပြားအကာတွေကြားက ရိုးတိုးရိတ်တိတ်တွေ့ရတယ်။ အိပ်ယာခင်းတွေ၊ စောင်တွေ၊ ခြင်ထောင်တွေ ကြိုးတန်းမှာ နေပူလှန်းနေပုံရတယ်။ တခါတရံ မီးဖိုချောင်ထဲမှာ ထိုင်ပြီး ထမင်းရည်ငှဲ့နေတာတွေ့တတ်တယ်။ သူ့ကိုတွေ့တိုင်း သူ့လက်မောင်းက ချေဂွေဗားရားကို မျက်လုံးက ရောက်ရောက်သွားတတ်တယ်။

တရက်တော့ သူ့အိမ်က ပေါက်တူးငှါးချင်လို့ သူ့ခြံထဲထိဝင်သွားတယ်။ အိမ်ပေါ်မှာလဲ လူရှိပုံမရဘူး။ ဘာသံမှမကြားရဘူး။ ဒါနဲ့ နောက်ဖက်ရေချိုးခန်းဘက်သွားကြည့်တော့ ရေချိုးခန်းထဲမှာ အ၀တ်လျှော်သံကြား နေရတယ်။ ကျနော်လည်း အသံပေးလိုက်တော့ အ၀တ်လျှော်သံရပ်သွားပြီး ရေချိုးခန်းတံခါးပွင့်လာတယ်။ ချေဂွေဗားရားနဲ့ပုဂ္ဂိုလ် တံခါးဝမှာရပ်ပြီးမေးတယ်။ ဘာကိစ္စလဲတဲ့ ကျနော်ကလည်း လာတဲ့ကိစ္စကိုပြောရင်းနဲ့ ရေချိုးခန်းထဲကို မျက်စေ့ကစားကြည့်မိတော့၊ ရေထည့်တဲ့ ကော်ဇလားအကြီးကြီးထဲမှာ အ၀တ်အစားတွေ မနည်းမနောစိမ်ထားတာ တွေ့ရတယ်။ ကြမ်းပေါ်မှာလည်း လျှော်လက်စ ဘရာစီယာတွေ၊ ရေစိမ်ပြီးညှစ်ထားတဲ့ ထမိန်တွေကို တွေ့လိုက်ရတော့တယ်။ ကျနော်သူ့ကိစ္စတွေကို တွေ့သွားပြီဆိုတာသူသိတော့ ဟီး ဟီး ဆိုပြီး သမိန်ပေါသွပ်ရှက်နေတဲ့ ပုံစံမျိုးဖြစ်သွားတယ်။ မဆီမဆိုင် ရှက်ကိုးရှက်ကန်းနဲ့ နောက်ထပ်ပြော လိုက်သေးတယ်။ မိန်းမနေမကောင်းဘူးလို့ပြောလိုက်သေးတယ်။ ကျနော်ပေါက်တူးယူပြီး ပြန်ထွက်လာခဲ့ပါတယ်။ ဒီနေ့တော့ လျှော်လိုက်ပေဦးတော့ ချေ ရေလို့စိတ်ထဲကပြောလိုက်မိတယ်။

နောက်တဦးကတော့ လမ်းထိပ် ကားဂိတ်က ချေဂွေဗားရားပါ သူလဲချေ ခရေဇီတယောက်ပဲ။ သူထိုးထား တာကမှ တကယ့်ရှယ်။ ကျောကုန်းအပြည့် ချေပုံကို ကာလာနဲ့ထိုးထားတာ။ ပုံထဲမှာ ချေဆောင်းတဲ့ဦးထုတ်က အနီရောင်ဆိုတော့ ပုံက စိုပြီး အရောင်ပိုတောက်တာပေါ့။ ထိုးတဲ့လူရဲ့အသားအရေကလည်း ဖြူတော့၊ အရပ် ကမြင့်တယ်၊ ရင်အုပ်ကားကား၊ ကျောပြင်ကျယ်ကျယ်နဲ့ဆိုတော့ ပိုလှတာပေါ့။ သူ့ကြည့်လိုက်ရင် အမြဲတမ်း အင်္ကျီ ကျွတ်နဲ့ ဒါမှလည်း ပုံကိုလူမြင်မှာကိုး။ ဒီလူက လက်ဘက်ရည်ဆိုင်ထိုင်တာတောင် လမ်းမဘက်ကို ကျော ပေးပြီးမှ ထိုင်တာ၊ ဆိုင်ရှေ့ကဖြတ်သွားတိုင်း ဆိုင်ထဲကိုလှမ်းကြည့်လိုက်လို့ ချေပုံတွေ့ရင် ဒီလူရှိနေတာသေချာနေပြီ ။

သူ့အလုပ်အကိုင်က ကားဂိတ်မှာ လူမိုက်လုပ်ရတယ်။ ကားဂိတ်မှူးက မွေးထားတဲ့လူဖြစ်တယ်။ ဂိတ်မှာ အလုပ်အားရင်လည်း တခါတလေ ကားနောက်လိုက်ပြီး စပါယ်ယာလိုက်လုပ် သေးတယ်။ ကားနောက်လိုက်တဲ့ နေ့တွေဆိုရင် သူ့ပုံစံအတိုင်း အပေါ်ပိုင်းဗလာနဲ့ လက်ထဲမှာလည်း ဂျမ်းတုံး။ ကျောကုန်းမှာ ချေဂွေဗားရားနဲ့ ကားနောက်ပြန်မလှိမ့်အောင် ဂျမ်းတုံးလိုက်ခုနေတာ နောက်ကမြင်ရတဲ့ ချေဂွေဗားရားပုံဟာ အတော့်ကိုမသက်သာ နိုင်လှတယ်။ နေပူကြီးထဲမှာ ချေဂွေဗားရားလက်မှာ ဂျမ်းတုံးကြီးကိုင်ပြီး ကားဘီးကိုဂျမ်းတုံးလိုက်ခုနေသလိုပဲ။

အော် ချေဂွေဗားရားက သေပြီးသွားတာတောင် တို့လူတွေက အနားမပေးကြသေးဘူး။ သူ့ခမျာ ကြုံရင် ကြုံသလို အ၀တ်လည်းလျှော်ရ၊ ကားစပါယ်ယာလည်းလုပ်ရ၊ ဂျမ်းတုံးလည်း လိုက်ခုရ၊ ဒါနဲ့တောင် မပြီးသေးဘူး ဂိတ်ကြေးကို မိုက်ကြေးခွဲပေးရသေးတယ် ။

ဒါဟာ ကျနော်တို့ ဗမာအယူအဆနဲ့ ကြည့်မယ်ဆိုရင် သူဟာ မကျွတ်သေးဘူး ကမ္ဘာမှာ ဖိနှိပ်မှုတွေ ကျူးကျော်မှုအသစ်တွေ သွေးစုပ်မှုတွေရှိနေသေးတယ် ဒါကြောင့် အဖိနှိပ်ခံတွေကိုထားသွားဘို့ စိတ်မချနိုင်ဖြစ် နေမယ်။ ဒါကြောင့် သူ့ခရဇီတွေစုပြီး ဆွမ်းကျွေးအမျှအတန်းဝေဖို့ လိုအပ်နေပါပြီ။ အဲဒီလိုမှ မလုပ်ရင်တော့ ချေဂွေ ခမျာမှာ မသက်သာ ။

3 comments:

YeKyawAungMDY said...

ချေဂွေဗားရားရဲ့ အကြောင်းမှီငြမ်းရိုက်ထားတဲ့ မော်တော်ဆိုင်ကယ် ဒိုင်ယာရီဆိုတဲ့ ဇာတ်ကားကို ပြန်အမှတ်ရမိပါသည်။ သူဟာလည်း မထင်မှတ်ပဲ ဖိနှိပ်သူတွေဘက်ရပ်မယ့် တော်လှန်ရေးသမားဖြစ်လာ ပုံမျိုးပါ။
"The Motorcycle Diaries"

YeKyawAungMDY said...

ဖိနှိပ်ခံသူတွေဘက်ရပ်မယ့် တော်လှန်ရေးသမားဖြစ်လာ ပုံမျိုးပါ။

m a w k o e said...

အိမ်နီးနားချင်း ချေ များကိုဖတ်ပြီးတော့ ပြုံးရပါတယ်။
ကျွန်တော်တို့ကိုယ်တိုင်လည်း အိမ်နီးနားချင်း ချေ တော်တော်များများကို တွေ့ဖူးနေတာကိုး
ချေဂွေဗာရားပုံရိပ် ကို ကိုယ့်အရေပြားပေါ်မှာ အနာခံပြီးထိုးထားကြပေမယ့် . . .
တကယ့် ချေ ရဲ့ ၀ိညဉ် ကို ကျွန်တော်တို့ ဘယ်လောက်ကိုယ်စားပြုနိုင်ခဲ့ကြသလဲ
ဘယ်လောက်ဂုဏ်ပြုနိုင်ခဲ့ကြသလဲ
ဆင်ခြင်ကြည့်စရာပါပဲ

( ညာဖက်လက်မောင်းတွင် ချေပုံကိုထိုးထားမိသော)
မော်ဂျီး