Saturday, November 17, 2007

စစ်ပွိုင့် ဘီလူး (6. BLUE)

အရေးအခင်းပေါင်းမြောက်များစွာ ကျနော်တို့ လူ့သမိုင်းမှာဖြစ်ပျက်ခဲ့တယ်။ ကျနော် တို့ မြန်မာနိုင်ငံမှာလည်း ဖြစ်ခဲ့တယ်။ ဖြစ်လည်း ဖြစ်ဆဲ၊ ဆက်ဖြစ်နေဦးမှာပါ။ ပြည်သူလူထု လူအများစုနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေ၊ အမှန်တရားနဲ့ပတ်သတ်တဲ့အရေးတွေ ပေါ်လာတိုင်း ပေါ်လာတိုင်း အမှန်တရားနဲ့ လူအများစုရဲ့ဆန္ဒနဲ့ ကိုက်ညီမှုရှိခြင်း၊ မရှိခြင်း အပေါ်မူတည်ပြီး ကန့်ကွက်မှုတွေ (သို့) ထောက်ခံမှုတွေ ရှိနေမှာပါ။
ကျနော်တို့သမိုင်းကိုပြန်လှည့်ကြည့်ရင် လွတ်လပ်ရေး လှုပ်ရှားကြိုးပမ်းမှု၊ ဖဆပလ ခေတ် လူထုလှုပ်ရှားမှု၊ အဲဒီနောက် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဆက်တိုက် ဆိုသလို ဖြစ်ခဲ့တယ်။ ၁၉၆၂ ခုနှစ် တိုင်းပြည်အာဏာကို ဗိုလ်နေ၀င်းဦးဆောင်ပြီး စစ်ဗိုလ် တစုက အဓမ္မ သိမ်းယူလိုက်မှုကို ကျောင်းသားများက ကန့်ကွက်တာကနေ ကျောင်းသား တွေကိုပစ်သတ်၊ ဖြိုခွင်း၊ သမဂ္ဂကို မိုင်းခွဲဖြိုချလိုက်တဲ့ ဆဲဗင်းဇူလိုင် (7 July)၊ ဦးသန့် အရေးအခင်း၊ မှိုင်းရာပြည့်၊ အလုပ်သမားအရေးအခင်း၊ ကျွန်းဆွယ်အရေးအခင်း စသည် ဖြင့်ပေါ့။ ၁၉၈၀ လွန်နှစ် များမှာတော့ အထင်ရှားဆုံးကတော့ ၁၉၈၈ ခုနှစ်မှာဖြစ်တဲ့ “ ရှစ်လေး လုံး” အရေးအခင်းပါ။ နိုင်ငံအ၀ှမ်းမှာ ကျောင်းသား၊ ပြည်သူ၊ ရဟန်းရှင်လူနဲ့ ဝန်ထမ်း၊ စစ်သား အားလုံးလိုလို ပါဝင်လာခဲ့ကြတယ်။ ၁၉၉၆ လှုပ်ရှားမှုနောက်ပိုင်း အခု ၂၀၀၇ ခုနှစ် သြဂုတ် လမှာ လောင်စာဆီဈေးနှုန်းကစပြီး လောင်ကျွမ်းလာတဲ့ ရဟန်းသံဃာတော်များ အဓိကထား ပါဝင်လာကြတဲ့ “မေတ္တာအရေးအခင်း”အထိ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အရေးဆိုတာ ကျနော်တို့ ဒီနေ့သမိုင်းရဲ့တောင်းဆိုချက်ဖြစ်တယ်ဆိုတာ အသက်ပေး၊ ဘ၀တွေစတေးပြီး ပြခဲ့ကြတယ်။

ကျနော်တို့ နိုင်ငံသူ၊ နိုင်ငံသားတွေဟာ ခေတ်ရဲ့ပြဆိုချက်စီးကြောင်းထဲမှာ လိုက်ပါခဲ့ ကြတယ်။ ခေတ်ရဲ့သမိုင်းပေးတာဝန်ကို ထမ်းဆောင်ခဲ့ကြတဲ့ “အာဇာနည်”တွေလို့ ပြောရင်ရ ပါတယ်။ မိမိမွေးဖွားကြီးပြင်းရာ ၀န်းကျင်၊စနစ်၊စရိုက်မှာ အလွယ်တကူ ပျော်ဝင်သွားဖို့လည်း အတုံးအခဲကလည်း မပျက်နိုင်၊ လက်လွတ်ထွက်ပြေး ပစ်ချထားခဲ့ဖို့ကလည်း နှလုံးသားမခိုင် …၊ ဒီတော့ သံမဏိ တံခါးကြီးကိုးထပ်အနောက် ရောက်ကာမှရောက်ရော၊ သံမဏိတံတိုင်းပင် ဖြစ်လင့်ကစား ဒူးထောက်တာနဲ့စာရင် ဒူးအဖြတ်ခံရတာတော်သေးတယ်ဆိုတဲ့ခံယူချက်မျိုးနဲ့ ကိုယ်လူဖြစ်လာတဲ့ လူ့ပတ်ဝန်းကျင်အတွက် လူ့သမိုင်းတာဝန်ကို ကျရာခေတ်မှာပဲ ရဲရဲဝံ့ဝံ့ ထမ်းရွက်ခဲ့ကြတယ်။
ဘုန်းကြီး၊ ရဟန်း ဆိုတာ ဗုဒ္ဓ အစည်းအရုံး အဖွဲ့ဝင်ပါပဲ။ သံဃာပေါ့။ တနည်းအားဖြင့် ကိုးကွယ်ကြတဲ့ ဒါယိကာ၊ ဒါယိကာမ (သို့မဟုတ်) ပြည်သူလူထုရဲ့လောကီ၊ လောကုတ် အကျိုးမယုတ်အောင် ညွှန်ကြားပြသဆုံးမမယ့် ဆရာသမားပါပဲ။ ဒါကြောင့်လည်း ၂၀၀၇ ခုနှစ် စက်တင်ဘာမှာ ဗုဒ္ဓသားတော် သံဃာတော် ထောင်ပေါင်းများစွာဟာ ပြည်သူလူထုရဲ့  အထွေ ထွေကြပ်တည်းမှု ဒုက္ခကို လှစ်လျူမရှုနိုင်တော့ပဲ နိုင်ငံအနှံ့အပြားမှာရှိတဲ့ မြို့တွေရဲ့ လမ်းတွေ ပေါ် ထွက်လာခဲ့ကြတယ်။ ဂေါတမ ဗုဒ္ဓရဲ့အဆုံးအမကို နှလုံးမူပြီး၊ မေတ္တာပို့ ရွတ်ဖတ်ပြီး လှည့် လည်ခဲ့တာပါ။ ဒါပေမယ့် ဝေသာလီပြည်ကို ကျတဲ့ ဘီလူးတအုပ်ထက် ဒဿမ တလုံးပိုတဲ့ စစ် ဒဿမဘီလူး (တနည်းအားဖြင့်) စစ်ဘီလူး (၀ါ) စစ်အာဏာရှင်ဘီလူးတအုပ်ဟာ အရင့် အရင်က ပြည်သူလူထုရဲ့လှုပ်ရှားမှုတွေတုန်းကလိုပဲ ရဟန်း၊ သံဃာနဲ့ပြည်သူလူထုကို ရက်ရက်စက်စက် ရိုက်နှက်တယ်၊ ပစ်သတ်တယ်၊ သွေးစွန်းတဲ့ကတ္တရာလမ်းကို မီးသတ်ပိုက်နဲ့ ဆေးပစ်တယ်။ ကြမ်းကြမ်းတမ်းတမ်းဖမ်းဆီးတယ်။ ည အချိန်မတော် ငွေကြာယံလို မိုးကောင်း လို ဘုန်းကြီးကျောင်းတွေထဲကို အတင်းဝင်ရောက် ရိုက်နှက်သတ်ဖြတ်ပစ်တယ်။ သေပြီး သူတွေရော မသေမရှင် မေ့မျောနေသူတွေကိုပါ ရေထဲပစ်ချတယ်။ မီးသဂြိုဟ်စက်တွေထဲ ထည့်ပြီး ဖျောက်ဖျက်ပစ်တယ်။
ဒါဟာ ဗုဒ္ဓသမိုင်းမှာမရှိဖူးသေးတဲ့ ဗုဒ္ဓဘာသာဝင်တွေကိုယ်တိုင်က ကိုယ့်ရဲ့ ဘာသာ တရားကို ကိုယ်တိုင်နင်းဖျက် ချေမှုန်းခြင်းဖြစ်တယ်။ ဒီလိုနဲ့ ရွှေမြန်မာပြည်က ရွှေဝါရောင် သင်္ဃန်းဟာ သွေးအလိမ်းလိမ်းနဲ့ စေးထန်းခဲ့ရတယ်။
စစ်ဘီလူးတအုပ်ရဲ့လုပ်ရပ်ကို ယနေ့ တိုးတက်ဖြစ်ပေါ်နေတဲ့ နည်းပညာဆက်သွယ် ရေး ကျေးဇူးကြောင့် ကမ္ဘာ့ပြည်သူတွေဟာ စက္ကန့်၊မိနစ်နဲ့အမျှ ကြားသိ၊မြင်တွေ့ ကြရတယ်။ ၀မ်းနည်းကြေကွဲစရာအပြည့်နဲ့မြင်ကွင်းတွေက စစ်အုပ်စုရဲ့လူမဆန်တဲ့လုပ်ရပ်ကိုလည်း ဖော်ပြ လိုက်တာပါပဲ။ယနေ့ကမ္ဘာကြီးမှာ သတင်းတားဆီး၊ ပိတ်ပင်မှုတွေလျော့ပါးလာပြီး ကျွန်တော် တို့ ပြည်သူလူထုရဲ့ ကြိမ်ဖန်များစွာ အမှန်တရားအတွက် ကြိုးပမ်းအားထုတ်မှုတွေကို ကမ္ဘာ့ ပြည်သူတွေက ခံစားနားလည်ပေးနိုင်ကြပါပြီ။ စစ်အာဏာရှင်အုပ်စုရဲ့  ရက်စက်ဆိုးယုတ်တဲ့ လုပ်ရပ်ကို ဖုံးကွယ်လိမ်ညာထားတဲ့ အမှောင်ကန့်လန့်ကာကိုဖွင့်ထုတ၊် ဖြုတ်ချလိုက်တဲ့ အ တွက် စစ်ဘီလူးတွေ ဒေါသူပုန်ထပြီး တနိုင်ငံလုံးကို အင်တာနက်ဖြတ်တောက်၊ တယ်လီဖုန်း လိုင်းတွေဖြတ်ပြီး အနိုင်ကျင့် သိမ်းဆည်းမှုတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒါတွေကိုသုံးစွဲပြီး အကျိုးအမြတ်၊ ဈေးကွက်ရနေသူအများစုဟာ သူတို့လူတွေပဲ ဖြစ်နေတဲ့ အတွက် ကြာကြာတော့ ပိတ်လို့မရခဲ့ပါဘူး။

ဗိုလ်ချုပ်ကြီးတွေကတော့ ရောင်စုံသူပုန်၊ တရုတ်ဖြူရန်၊ နိုင်ငံခြားက ကျူးကျော် သိမ်းပိုက်လာမှုနဲ့ တိုင်းပြည်ချောက်ထဲကျတော့မယ်ဆိုတဲ့ ခြောက်လုံး၊ဖြဲလုံးတွေနဲ့ ပြည်သူကို အောက်ခြေစစ်သားနဲ့ ဝန်ထမ်းတွေကို တစ္ဆေပုံပြင်တွေပြော၊ ဗိုလ်ချုပ်အချင်းချင်းကိုလည်း အကျိုးစီးပွား ကိန်းဂဏန်းတွေနဲ့ ချော့လိုက်၊ ဖြုတ်မယ်၊ထုတ်မယ်၊ထောင်ချမယ်ဆိုပြီး ခြောက်လိုက်၊ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာတော့ မျက်နှာဖုံးအမျိုးမျိုးနဲ့ မျက်လှည့်ပြနေလိုက်၊ ထာဝရ အကျိုးစီးပွားတူတဲ့ နိုင်ငံတွေဆီ ဟိုပြေးကပ်လိုက်၊ ဒီပြေးကပ်လိုက် ပေါ်လစီ ကိုလက်ကိုင်ထားရင်း ဘယ်သူ့မျက်နှာမှ မထောက်ညှာပဲ လက်တဆုပ်စာ စစ်အာဏာကို ထူထောင်ထားကြတယ်။ သူတို့ တာဝန်အရေး (၃) ပါးကလည်း ရှင်းမှရှင်း … (၁) စစ်အာဏာ တည်တံ့ခိုင်မြဲရေး၊ (၂) မိသားစုဆွေမျိုးအသိုင်းအ၀ိုင်းကောင်းစားရေး၊ (၃) အကျိုးတူ ပြည်တွင်းပြည်ပ စီးပွားဖက်အချင်းချင်း စည်းလုံးညီညွတ်မှု မပြိုကွဲရေးဆိုတာ အားလုံး အသိ ပါပဲ။
“ကိုယ့်ကိုယ်ကိုယ်လိမ်ပေမယ့် မိုးလင်းအထိခံနိုင်ရိုးလား”ဆိုတဲ့ သီချင်းစာသားတချို့ ကိုအမှတ်ရမိတယ်။ မကြာခင် မနက်လင်းတော့မယ်။ မိုးလင်းရင်တော့ လူယောင်ဆောင်ပြီး ဆက်နေနိုင်ပါဦးမလား စစ်ဘီလူးရယ် ။
“အမှန်တရားဆိုတာ ဓါးနဲ့ထိုးရင် ဓါးကျိုး၊ လှံနဲ့ထိုးရင် လှံကျိုး၊ မသေတဲ့အမျိုး”တဲ့။ ကျွန်တော်တို့ ဘယ်နေရာ၊ ဘယ်ထောင့်မှာကျကျ ကိုယ့်ခေတ်ရဲ့ ပြဌါန်းချက်အလျောက် အမှန်တရားဘက်ကရပ်ဖို့နဲ့ ကျွန်တော်တို့ရဲ့ရှေ့က လူ့သမိုင်းတိုက်ပွဲတွေမှာ အဲဒီရှေ့က လူတွေ တိုက်ပွဲဝင်ခဲ့ကြလို့ ကျွန်တော်တို့ ဒီနေ့ “ဂူ” အပြင်ကို ရောက်ခဲ့ရတာ မမေ့ဖို့ပါပဲ။ ကဲ … “ဂူ” ထဲကထွက်လာတဲ့ ကျွန်တော်တို့ကို စစ်ဗိုလ်ချုပ်ကြီးများက “ဂူ” ထဲကို ပြန်ဆွဲသွင်း ချင် နေကြတယ်။ ကျားလိုက်လိမ့်မယ်၊ မြွေကိုက်လိမ့်မယ်ဆိုပြီး ပုံပြင်တွေလာပြောကောင်း ပြော နေနိုင်ပါတယ်။
ကမ္ဘာဟောင်းက နောက်ဆုံးလက်ကျန် စစ်ဘီလူး ဗိုလ်ချုပ်ကြီးတွေကို ပြောချင်တယ်။ “ခင်ဗျားတို့အထဲက တကယ့် နိုင်ငံတော်ဈာပနစစ်စစ်နဲ့ ဘ၀ကူးကောင်းချင်တဲ့ သူများရှိသေး ရင် အမှန်တရားကိုကိုင်စွဲပြီး ပြည်သူလူထုဖက်ကို ကူးပြောင်းရပ်တည်ပါ။ ခေတ်ရဲ့တာဝန်ကို မသွေဖည်(ဖီ) ပါနဲ့” … လို့ ။

ရဲရင့်
(၁၆၊၁၁၊၂၀၀၇)


0 comments: