Monday, October 22, 2007

မီဒီယာတိုက်ပွဲ နှင့် မြန်မာဘလော့ဂ်များ ဘာလဲ ဘယ်လဲ

ရေးသားသူ :
နယ်ခြားမဲ့မြန်မာဘလော့ဂါများ
Burmese Bloggers w/o Borders

လွန်ခဲ့သော စက်တင်ဘာလ နောက်ဆုံးပတ်နှင့် အောက်တိုဘာလ အစောပိုင်းရက်များတွင် ဖြစ်ပွားခဲ့သော မြန်မာပြည်သူ ရဟန်းရှင်လူတို့၏ ဆန္ဒထုတ်ဖော်ပွဲများတွင် မြန်မာ ဘလော့ဂ်များကလည်း အရေးပါသော အခန်းကဏ္ဍတစ်ခုမှ ပါဝင်ခဲ့ကြကြောင်း အများအသိပင် ဖြစ်သည်။

တိုးတက်လာသော နည်းပညာနှင့်အညီ ပရော်ဖက်ရှင်နယ် သတင်းထောက်များသာမက သာမန် မြန်မာပြည်သူများကပါ ကိုယ်ထူကိုယ်ထ ပေးပို့သော သတင်း ဓာတ်ပုံ ဗီဒီယိုများကို ဒစ်ဂျစ်တယ်လှိုင်းများမှ ဖြတ်သန်းကာ ဘလော့ဂ်များ နိုင်ငံတကာ မီဒီယာများသို့ စီးဆင်းစေလိုက်သောအခါ အဖြစ်အပျက်များက ကမ္ဘာ့လူထုရှေ့မှောက်သို့ မျက်ဝါးထင်ထင် လျင်လျင်မြန်မြန် ရောက်ရှိသွားတော့သည်။ စစ်အစိုးရအတွက် ရုတ်တရက် ထိန်းချုပ်၍ မရလောက်အောင် အငိုက်မိကာ မြန်မာ့အရေးသည် ကမ္ဘာအရပ်ရပ်ရှိ ပြည်သူများ အစိုးရများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့ပါသည်။

ထို့ကြောင့်ပင် စစ်အစိုးရက ကင်မရာများကို ရှာဖွေသိမ်းဆည်းခြင်း၊ ကင်မရာ ကိုင်ဆောင်သူများကို ဖမ်းဆီးခြင်း၊ ဆန္ဒဖော်ထုတ်ပွဲများတွင် ကိုယ်တိုင် ပါဝင်သူများသာမက ဘေးက အားပေးကြည့်ရှုသူများကိုပင် ဖမ်းဆီးခြင်းများ ဖြင့် သတင်းယူသူများကို အနှောင့်အယှက် ပေးပါတော့သည်။ ပထမပိုင်းတွင် သတင်း ဖြန့်ချိပေးသော ဘလော့ဂ်အချို့ကို ဖတ်ရှုခွင့်မရအောင် ပိတ်၊ နောက် ဘလော့ဂါဒေါ့ကွန်း တစ်ခုလုံးကိုပါ ပိတ်၊ နောက်ဆုံး အင်တာနက်ကိုပင် အချိန်တစ်ခုအထိ ဖြတ်တောက်လိုက် ရသည်အထိ သတင်းစီးဆင်းမှုကို ပိတ်ဆို့လိုက်ရလေသည်။

မြန်မာဘလော့ဂ် အသိုင်းအ၀ိုင်းကို လေ့လာကြည့်ပါက ဘလော့ဂ် ရေးခြင်းဖြင့် လွတ်လပ်မှု၏ တန်ဖိုးကို ပိုမိုသိမြင် နားလည်နိုင်သည် ဟုဆိုလျှင် လွန်မည်မထင်ပါ။ ဘလော့ဂါ အများစုသည် မိမိတို့၏ ဆန္ဒမှန်ကို ထုတ်ဖော်ပြောပြခွင့် အလျဉ်းမရှိသော အုပ်ချုပ်မှုဆိုးကြီးအကြောင်းကို ဘလော့ဂ်ရေးရင်း ခံစားနိုင်သော လွတ်လပ်ခြင်း၏ အရသာ တစ်ခုတည်းနှင့် နှိုင်းယှဉ်ရုံဖြင့်ပင် အမှန်အတိုင်း သိမြင်နိုင်ကြပေသည်။ဘလော့ဂ်လမ်းညွှန် စာရင်း အရ နိုင်ငံတကာမှ ရေးသားနေသော မြန်မာဘလော့ဂ်ပေါင်း ထောင်ဂဏန်း ရှိသည့်အနက် ပုံမှန်ရေးသား သွားလာ အသက်ဝင်နေသော မြန်မာဘလော့ဂ်များမှာ ရာဂဏန်းရှိပါသည်။ ထိုအထဲတွင် အများစုမှာ မျက်စိပွင့်နားပွင့်ကာ အမှန်ကိုမြင်သူ လွတ်လပ်မှုကို ချစ်မြတ်နိုးသူများ ဖြစ်ကြသည်ကို အရေးအသားများ ဖတ်ကြည့်လျှင် အထင်အရှား သိနိုင်ပါသည်။

မြန်မာဘလော့ဂ်များသည် ဆန္ဒထုတ်ဖော်ပွဲများ ဖြစ်ပွားစဉ်ကာလက သတင်းဖြန့်ဝေပေးခြင်းတွင် အရေးပါခဲ့ရုံ သာမက ကာလအချိန် အတော်ကြာကြာကပင် လွတ်လပ်မှု နှင့် ဒီမိုကရေစီ သဘောတရားများဖြင့် လင်းလက်တောက်ပြောင်စွာ ထင်ဟပ်လျက် ရှိခဲ့ကြပါသည်။ ဘလော့ဂ်မျိုးစုံကို ဖြတ်သန်းကာ ဖတ်ရှုလိုက်လျှင် နိုင်ငံရေးအကြောင်း ရေးသားသော ဘလော့ဂ်ဖြစ်စေ ရိုးရိုးသာမန် အကြောင်းအရာများ ရေးသားသော ဘလော့ဂ်ဖြစ်စေ ခေတ်၏ တောင်းဆိုမှုများဖြင့် တစ်နည်းမဟုတ်တစ်နည်း ရိုးသားစွာ ဖွင့်ဟလျက်ရှိနေသည် ကို တွေ့မြင်နိုင်ပါသည်။

သို့သော် စစ်အစိုးရ၏ အာဘော်အတိုင်း ရေးသားနေသော ပြည်တွင်းပြည်ပ ဘလော့ဂ်အချို့လည်း ရှိပါသည်။ မိမိတို့လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ရှိသော ဘလော့ဂ်၏ သဘောသဘာဝအရ မည်သည့်ဘလော့ဂါမဆို လွတ်လပ်စွာ ကွဲလွဲခွင့်နှင့် ခြားနားသော အတွေးအခေါ်ကို ဖော်ပြပိုင်ခွင့် ရှိပါသည်။ သို့သော် မရိုးဖြောင့်သော သဘောဖြင့် ဆင်သေကိုဆိတ်သားရေဖြင့် ဖုံးချင်လာလျှင်တော့ အမှန်သိမြင်သူ လူအများ၏ ကန့်ကွက်ခြင်း လွတ်လပ်စွာ ဝေဖန်ခြင်းကိုလည်း ခံရပေမည်။ ထိုအခါတွင် မိမိတို့ အရေးအသား သတင်းဝါဒဖြန့်မှုများ လိမ်ညာမှုများကို လူအများကလက်မခံကြောင်း သဘောပေါက် ၀န်ခံသင့်ပေသည်။

လောလောဆယ် အနေအထားတွင် စစ်အစိုးရ အလိုတော်ရိ ဟု ယူဆစရာ ဖြစ်နေသော ဘလော့ဂ်အချို့တွင် အောက်ပါအတိုင်း ကဏ္ဍများခွဲ၍ အထူးပြု ရေးသားကြသည်ကို ကြည့်လျှင် တစုံတဦးက သေသေချာချာ ညွှန်ကြားချက်ပေးကာ စီမံထားသလားဟုပင် ထင်ရပါသည်။

- ဒီမိုကရေစီနိုင်ငံများကို အပြစ်ရှာကာ ဒီမိုကရေစီ သဘောတရားကို ယုံကြည်မှု ပျက်ပြားအောင် ရေးသားခြင်း

- စစ်အစိုးရသတင်းစာများတွင် ရေးသားသည့် အာဘော်များအတိုင်း ၀ါဒဖြန့်ခြင်း

- သတင်းမှန်တစ်ခုထွက်လာလျှင် ထင်ယောင်ထင်မှားဖြစ်အောင် တန်ပြန်ချေပခြင်း

- ဒီမိုကရေစီ လိုလားသူများကို မခံချင်အောင် ရန်စတိုက်ခိုက်ခြင်း

- ယခုနောက်ပိုင်း ထွက်ပေါ်လာသည့် ဘာသာရေးသက်သက် ဟုထင်မြင်အောင် ရေးသားထားသော ဘလော့ဂ်များမှနေပြီး လူထုငြိမ်ဝပ်နေစေရေးအတွက် ဗုဒ္ဓဘာသာမှ လိုရာအပိုင်းကို ဆွဲယူ ရေးသားကာ တိုက်တွန်းခြင်း

ထို့အပြင် ဆန္ဒဖော်ထုတ်ပွဲများ အရှိန်အမြင့်ဆုံးဖြစ်စဉ် စစ်တပ်က စတင်ပစ်ခတ် နှိမ်နင်းစဉ်ကာလကလည်း သတိထားမိ လိုက်ပါသေးသည်။ ဒီမိုကရေစီနိုင်ငံများကို အပုပ်ချရေးလေ့ရှိသော ဘလော့ဂ် တစ်ခုက မစ္စတာ ဂမ်ဘာရီ မြန်မာပြည်ရောက်နေချိန်ဝယ် လူအားလုံးကို အိမ်ထဲမှာသာနေကာ မေတ္တာပို့နေရန် တိုက်တွန်းထားခဲ့သည်။ ဗုဒ္ဓဘာသာ၏ မေတ္တာတရား ငြိမ်းချမ်းရေးတရားကို အယောင်ပြကာ လက်တွေ့မကျသော လမ်းကြောင်းဖြင့် တိုက်တွန်းထားခြင်းသည် ဟုတ်သယောင်ရှိသဖြင့် တချို့လူများပင် ခေတ္တ နားယောင်မိသွားကြသည်ကို မှတ်ချက်များအရ သိရှိနိုင်ပါသည်။ ထိုပုဂ္ဂိုလ်ရေးသားပြီး မရှေးမနှောင်းတွင် ပြည်တွင်းမှ ပြည်သူတစ်ဦး အမည်ဖြင့် သတင်းဘလော့ဂ် ပိုင်ရှင်များထံသို့ စာတစ်စောင် အီးမေးလ်မှ တဆင့် ပေးပို့လာပါသည်။ စိတ်ဝင်စားစရာကောင်းသည်မှာ ထိုပြည်သူတစ်ဦးဆိုသူ၏ တိုက်တွန်းချက်မှာ အနှီဘလော့ဂါပုဂ္ဂိုလ်၏ အကြံပြုချက်နှင့် တိုင်ပင်ထားသကဲ့သို့ (၀ါ) ညွှန်ကြားချက် တစ်ခုတည်း အောက်တွင် ရှိနေသကဲ့သို့ သဘောချင်း ထပ်တူညီနေခြင်း ဖြစ်သည်။

လွတ်လပ်ရေးနှင့် ဒီမိုကရေစီလိုလားသူ ဘလော့ဂါများကို ဆဲဆိုတိုက်ခိုက်ခြင်းများလည်း ခေတ်စားလျက်ရှိပါသည်။ အထူးသဖြင့် အမျိုးသမီး ဘလော့ဂါများကို အရှက်ရအောင် စိတ်ပျက်ကာ ဘလော့ဂ်မရေးချင် လာတော့သည်အထိ ညစ်ညမ်းသော စကားလုံးများဖြင့် တိုက်ခိုက်လာခြင်း ဖြစ်ပါသည်။ ဆီပုံးဟု မြန်မာဘလော့ဂ်လောကတွင် ခေါ်ဝေါ်ကြသော C box များတွင် ဒီမိုကရေစီရေး လှုပ်ရှားသူများ ဒေါသထွက်အောင် မထိတထိ ရန်စခြင်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများဖြင့် အပြန်အလှန် ဆဲရေးသယောင် ရေးသားခြင်းများသည် စာဖတ်သူများကို အလွန် မျက်စိရှုပ်ထွေး စိတ်ပျက်စေပါသည်။

ဘလော့ဂ်ရေးသူများကို စိတ်ပျက်အောင် အဝေးက ကွန်ပျူတာရှေ့ထိုင်ကာ လှုပ်ရှားနေ နေသည်မှာ အလကားဖြစ်ကြောင်း အကျိုးမရှိကြောင်း စသည်ဖြင့် စိတ်ဓာတ်ပျက်ပြားစရာ စကားများဖြင့် လာရောက်မှတ်ချက်ချ ခြင်းကိုလည်း မမှုကြရန် လိုအပ်ပါသည်။ တိုက်ကြ ခိုက်ကြမည် သတ်ကြ ဖြတ်ကြမည် စသည်ဖြင့် အစွန်းရောက်ပြောဆိုခြင်း စစ်တပ်ကို အသားလွတ် ဆဲရေးခြင်းများဖြင့် လူထုထောက်ခံမှုကို ပျက်ပြားစေသော အပြောအဆိုများကိုလည်း မသင်္ကာဖွယ်ရာတွေ့ရပါသည်။

ဘလော့ဂ်များမှ အချိန်နှင့်တပြေးညီ တင်ပြလာသော သတင်းဓာတ်ပုံများကို ကမ္ဘာက စိတ်ဝင်တစား အဆက်မပြတ် ဖတ်ရှုနေချိန်တွင် သတင်းဘလော့ဂ်များသို့ သတင်းမှားများ မသက်ဆိုင်သော ဓာတ်ပုံအမှားများကို ပေးပို့လာသည်ကိုလည်း တွေ့ရပါသည်။ မီဒီယာကို မီဒီယာဖြင့် တိုက်မည်ဟူသော စစ်အစိုးရ ပြန်ကြားရေး၏ ပေါ်လစီအရ တိုက်ခိုက်လာခြင်း ဖြစ်နိုင်ပါသည်။ သတင်းဘလော့ဂ်များ အနေဖြင့် သံသယဖြစ်ဖွယ် သတင်းတစ်ခုရလာလျှင် တစ်ခုနှင့်တစ်ဦး ဆက်သွယ်တိုင်ပင်ကာ အတည်ပြုချက် ရယူရပါမည်။ ထို့ကြောင့် အနည်းဆုံး သတင်းတင်ရန် အချိန်နှောင့်နှေးခြင်း၊ သတိလွတ်သွားပါက သတင်းအမှားကို တင်မိခြင်းအထိ ဖြစ်စေရန် တိုက်ခိုက်ခြင်း ဖြစ်ပါသည်။ ဘလော့ဂ်များမှ သတင်းများကို ယုံကြည်အားထားမှု လျော့ကျစေရန် ရည်ရွယ်ခြင်း ဖြစ်နိုင်ပါသည်။ သတင်း ဘလော့ဂ်ရေးသူများ အထူး သတိပြုဖွယ်ဖြစ်ပါသည်။

ဒီမိုကရေစီ တိုက်ပွဲများတွင် မြန်မာဘလော့ဂ်များ၏ ထိရောက်မှုကို ကောင်းကောင်း သိပါလျက် တုန်လှုပ်နေပါလျက် စစ်အစိုးရက မြန်မာဘလော့ဂ်များနှင့် တိုက်ရိုက် ပတ်သက်သည့် လှုပ်ရှားမှုများကို အခုအချိန်အထိ သိသိသာသာ မလုပ်သေးသည်မှာ စဉ်းစားစရာ ဖြစ်သည်။ ဆင်ကြံကြံနေခြင်းသာ ဖြစ်နိုင်ပါသည်။ လမ်းပြမြေပုံ ၇ ချက် အတိုင်းဆက်သွားမည်ဟု ခေါင်းမာမာ ကြွေးကြော်ထားသော စစ်အစိုးရသည် ဆန္ဒဖော်ထုတ်ခဲ့သူများကို ဖမ်းဆီးချုပ်နှောင်နေသလို တစ်ဖက်ကလည်း စစ်အစိုးရ အလိုတော်ရိ စွမ်းအားရှင် ကြံ့ဖွတ်များ ကိုရှေ့တန်းထုတ်ကာ ပြည်သူလူထုကို အတင်းအကြပ် ဖိအားပေး ပါဝင်ခိုင်းသည့် ညီလာခံထောက်ခံပွဲများ နှင့် တန်ပြန်ဆန္ဒပြပွဲများကို ကျင်းပနေပါသည်။ အင်တာနက် ကမ္ဘာတွင်လည်း စစ်အစိုးရ ဆက်လှမ်းလာမည့် ထိုနည်းဆန်ဆန် ခြေလှမ်းများကို ခန့်မှန်းကြည့်နိုင်ပါသည်။

ထို့ကြောင့် နောက်တစ်ဆင့်တက်ကာ ဘလော့ဂ်ကိုလည်း ဘလော့ဂ်ဖြင့်ပင် ပိုမို တိုက်ခိုက်လာနိုင်ဖွယ် ရှိပါသည်။ လောလောဆယ်ရှိနေသော နအဖ အလိုတော်ရိ ဆန်ဆန် ဘလော့ဂ်များအပြင် စွမ်းအားရှင် ဘလော့ဂ် အများအပြား ထပ်မံ မွေးထုတ်လာနိုင်ပါသည်။ ဆန္ဒဖော်ထုတ်ပွဲများတွင် စွမ်းအားရှင်များကို နေ့စား အခပေး၍ ရဟန်းရှင်လူများကို ရိုက်နှက်နှိမ်နင်းခိုင်းသော စစ်အစိုးရသည် ငွေကြေးထောက်ပံ့၍ ဘလော့ဂ်သင်တန်းပေးကာ အလိုတော်ရိ ဘလော့ဂါ အများအပြားကို နေ့ချင်းညချင်း မွေးထုတ်လာရန်မှာ ခက်ခဲသော ကိစ္စမဟုတ်ပါ။

ယခုအချိန်တွင် မြန်မာဘလော့ဂ်များကို လိုက်လံဖတ်ရှုကြည့်ပါက လွတ်လပ်ရေးကို တောင်းဆိုသော အသံများဖြင့် ညံလျက်ရှိနေပေသည်။ ထို့ကြောင့် တန်ပြန်ဆန္ဒပြပွဲများ နည်းတူ စစ်အစိုးရကိုထောက်ခံကာ ဒီမိုကရေစီလှုပ်ရှားမှုများကို အပုပ်ချသော အသံများလည်း ဘလော့ဂ်လောကတွင် များပြားလာအောင် တနည်းနည်းဖြင့် လှည့်ဖြား ကြံဆောင်လာနိုင်ပါသည်။

ကောက်ကျစ်သော နည်းလမ်းများနှင့် စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှု (Psychological Warfare) ကို လိုအပ်လျှင်သုံးဖို့ ၀န်မလေးခဲ့သူ စစ်အစိုးရသည် နိုင်ငံရေးအရောင် ကင်းရှင်းသော စာပေအနုပညာ ဘလော့ဂ် ဘာသာရေးဘလော့ဂ် စသည်ဖြင့် အယောင်ပြကာ လက်ရှိ ဘလော့ဂါများနှင့် ရင်းနှီးမှု ရယူခြင်း၊ ထို့နောက် ဒီမိုကရေစီ လိုလားသူ ဘလော့ဂါ အချင်းချင်း သွေးကွဲစေရန် မလိမ့်တပတ် ကြံဆောင်ခြင်း များလည်း လုပ်လာနိုင်ပါသေးသည်။ ဘလော့ဂါများ အားလုံးမှ စည်းလုံးမှုမပျက်ပြားစေပဲ သတိထားရန် လိုအပ်ပါသည်။ ဘလော့ဂ်ဖတ်ရှုသူများ အနေနှင့်လည်း ဖတ်ရှုရုံသာမက အချိန်ပေးကာ မိမိတို့ခံစားချက် သဘောထားများကို ထင်ဟပ်စေသော ဘလော့ဂ်များ စတင်ရေးသားလာကြစေလိုပါသည်။

အတုအယောင်များ တိုက်ခိုက်မှုများဖြင့် ပိုမိုဝင်ရောက် ခြေရှုပ်လာနိုင်သော မြန်မာ ဘလော့ဂ်လောကကို ဘလော့ဂါများက မျက်ခြေမပြတ် စောင့်ကြည့်နေပါသည်။ တုန်လှုပ်စရာတော့ စိုးစိမျှ မလိုပါလေ။ အဘယ်ကြောင့်ဆိုသော် တပါးသူ၏ အမိန့်တစုံတရာ အောက်ဝယ် မက်လုံးကြောင့်ဖြစ်စေ ကြောက်ရွံ့မှုကြောင့်ဖြစ်စေ တံလျှပ်ကို ရေထင်ကာ ၀ိုးတ၀ါး ရေးသားရသူများသည် မိမိကိုယ်ပိုင် ယုံကြည်ချက် ကိုယ်ပိုင်ခံစားချက်များဖြင့် စေတနာ့ဝန်ထမ်း ဘလော့ဂ် ရေးသားသူများနှင့် နှိုင်းယှဉ်ပါက ရေရှည်တွင် တဖြည်းဖြည်း အရည်အသွေးအရရော ခိုင်မာမှုအရပါ ကွာခြားလာမည် ဖြစ်သောကြောင့်တည်း။ နောက်ဆုံးတွင် လောကနိယာမအရ ဓမ္မကသာလျှင် အဓမ္မကို အနိုင်ရရစမြဲ မဟုတ်ပါလား။

1 comments:

Kaung Kin Ko said...

Very good article!!!