Wednesday, October 24, 2007

တွေ့ဆုံဆွေးနွေးရေး ရန်ကုန်ဂျာနယ်များတွင် ဖော်ပြ

ဧရာဝတီ/ကိုစိုး | အောက်တိုဘာ ၂၂၊ ၂၀၀၇
မြန်မာပြည်တွင်း၌ ထုတ်ဝေသော နောက်ဆုံးထုတ် ပုဂ္ဂလိက ဂျာနယ်တချို့တွင် လက်ရှိစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေး ပါမည့် အကြောင်း သတင်းများကို အာဏာပိုင်များ၏ အစီအစဉ်ဖြင့် ထည့်သွင်း ဖော်ပြခြင်း ဖြစ်သည်ဟု ၀ါရင့် နိုင်ငံရေး သမားကြီးတဦးနှင့် စာနယ်ဇင်း အသိုင်းအ၀န်းက ပြောသည်။

ယင်းသတင်းကို မြန်မာတိုင်းဂျာနယ်၊ လျှပ်တပြက် ဂျာနယ်နှင့် ရန်ကုန်တိုင်းဂျာနယ်တို့တွင် မျက်နှာဖုံး သတင်း အနေနှင့် ဖော်ပြထားပြီး ၀ိကလီး အလဲဗင်း ဂျာနယ်တွင် သတင်းအပြင် အယ်ဒီတာ့ အာဘော် အနေနှင့်ပါ ဖော်ပြ ထားသည်ကို တွေ့ရှိရသည်။

အောက်တိုဘာ ၁၉ ရက် နေ့စွဲဖြင့် ထုတ်ဝေသော မြန်မာ တိုင်းဂျာနယ်နှင့် လျှပ်တပြက်ဂျာနယ် တို့တွင် မျက်နှာဖုံး ဆောင်းပါးအဖြစ်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကိုပါ ဖော်ပြထားသည်။

“အရင်က ကျနော်တို့ သဘောထားအမြင်မပြောနဲ့ နာမည် တောင်ဖော်ပြဖို့မလွယ်တာ အခု ဒေါ်အောင်ဆန်းစုကြည် ပုံကိုပါ မျက်နှာဖုံးမှာ ဖော်ပြခွင့်ပေးတာကတော့ ထူးခြားတယ်၊ ရည်ရွယ်ချက် ရှိတယ်လို့ထင်တယ်၊ ဒါကြောင့် စာဖတ်သူတွေ က စိတ်ဝင်စားပြီး ၀ယ်ကြတာဖြစ်မှာပါ”ဟု ၀ါရင့် နိုင်ငံရေး သမားကြီး သခင်ချန်ထွန်းက ဧရာဝတီ သို့ ပြောသည်။

ရန်ကုန်တိုင်းဂျာနယ်တွင် သခင်ချန်ထွန်း အပါအ၀င် သခင်သိန်းဖေ (၀ါးခယ်မ)၊ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး စသည့် ၀ါရင့် နိုင်ငံရေးသမားဟောင်း ၉ ဦးတို့ကို လက်ရှိစစ်အစိုးရ၏ ကြေညာချက် အမှတ် ၁/၂၀၀၇ ၊ ၂/၂၀၀၇ နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ ၏ မြန်မာ့ အရေးဆောင်ရွက်ချက် အပေါ် သဘောထားအမြင်များကို တွေ့ဆုံမေးမြန်း၍ ဖော်ပြထားသည်။

“တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိတာကို ကြိုဆိုပါတယ်၊ ၀မ်းသာတယ် ဆိုတာတော့ ဖော်ပြပါတယ်၊ ကြေညာချက် အမှတ် ၂/၂၀၀၇ အရ အလုပ်သမား ဒု ၀န်ကြီးကို ဆက်ဆံရေး ၀န်ကြီးခန့်တာဟာ အချိန်ဆွဲတာ ဖြစ်တယ်လို့ ကျနော်ပြောတာ ကျတော့ ဂျာနယ်မှာ ပါမလာဘူး၊ ကျနော်ပြောတာ မိနစ် ၄၀ စာ လောက်ရှိပါတယ်၊ နည်းနည်းပဲ ဖော်ပြတာ တွေ့တယ်” ဟုလည်း သခင်ချန်ထွန်းက ဆက်လက် ပြောဆိုသည်။

ရန်ကုန်အခြေစိုက် မဂ္ဂဇင်းအယ်ဒီတာ တဦးကလည်း“ဒါကသူတို့ ခွင့်ပြုလို့ ဖော်ပြတာပဲ၊ စာကတော့ သူတို့ပုံစံအတိုင်း ရေးရတာပေါ့၊ ကျနော်တို့ မဂ္ဂဇင်းမှာလည်း အတွင်းမှာ ထည့်ထားတယ်၊ စိစစ်ရေး ရုံးမတင်ရသေးတော့ ဘယ်လိုဖြစ် မလဲတော့ မသိသေးဘူး၊ လူတွေက ဒေါ်စုကို မတွေ့တာကြာတော့ စိတ်ဝင်စားကြတယ်”ဟု ပြော သည်။

ယုံကြည်မှု(Trust)ဂျာနယ် အစရှိသည့် ဂျာနယ်တချို့တွင်လည်း ပါရှိကြောင်းနှင့် တချို့စာနယ်ဇင်း သမားများကလည်း လုပ်ခွင့်ရသရွေ့ တိုး၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

အဆိုပါဂျာနယ်များမှာ ဈေးကွက်အတွင်း အရောင်းသွက်၍ ပြတ်လပ်သွားသည်ဟုလည်း သိရသည်။
“ရောင်းဈေးရော၊ ဂျာနယ်စောင်ရေရော အရင်အတိုင်းပါပဲ၊ ရုံးမှာတော့ မရှိတော့ပါဘူး၊ စီးတီးမတ်လို ဆိုင်တွေမှာတော့ ရနိုင်ဦးမယ်လို့ ထင်ပါတယ်”ဟု မြန်မာတိုင်းစ် ဂျာနယ် မှ ၀န်ထမ်းတဦးကပြောသည်။
ယင်းကဲ့သို့ ပုဂ္ဂလိက စာနယ်ဇင်းများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေးကို ဖော်ပြနေသော် လည်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်အငြိမ်းစား သံအမတ် Mr. Yoichi YAMAGUCHI ရေးသားသည့် ဒေါ်အောင်ဆန်းစုကြည်အား အပြစ်ဆိုထားသော ဆောင်းပါးကို ဘာသာပြန်၍ အထူး တလည် ထည့်သွင်း ဖော်ပြထားသည်။

စစ်အစိုးရကို ဆက်လက်ဆန့်ကျင်သွားမည်ဟု သံဃာ့ ခေါင်းဆောင်က ပြော
ဧရာဝတီ/ကိုစိုး | အောက်တိုဘာ ၂၁ ၊ ၂၀၀၇

ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများအတွင်း စစ်အာဏာပိုင်များ၏ အကြမ်းဖက် နှိမ်နင်း မှုကြောင့် သံဃာအပါး ၁၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၁၀၀ ကျော် ပျံလွန်တော်မူခဲ့ရသော်လည်း ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု လတ်တလော ရှောင်တိမ်းနေသည့် သံဃာ့တပ်ပေါင်းစုအဖွဲ့မှ ဦးဆောင်သံဃာတော် တပါးက ပြောသည်။

စစ်အစိုးရကမည်သို့ပင် အကြမ်းဖက်နှိမ်နင်းနေသော်လည်း အောက်တိုဘာလကုန်ပိုင်းတွင် တနိုင်ငံလုံးအတိုင်း အတာနှင့် ဆန္ဒပြပွဲများကို ပြန်လည်စတင်မည်ဟု ဦးဆောင်သံဃာတော် အရှင်ဦးသြဘာသ က ဧရာဝတီသို့ ပြောသည်။

“ပြည်သူ တွေ ဆင်းရဲဒုက္ခရောက်နေတာကို ဘုန်းကြီးတို့ သံဃာတွေကလည်း ဘယ်လို တိတ်ဆိတ် နေလို့ရ မလဲ၊ သံဃာတွေကိုလည်း ထိခိုက်တာပဲ၊ ဓမ္မအတွက် တိုက်တာလည်းဖြစ်တယ်၊ တရားမျှတမှုအတွက် ဦးပဉ္ဖင်းတို့က ဆက်တိုက်ပွဲဝင်ရမှာပဲ”ဟု ဦးသြဘာသ
က ပြောသည်။

မြန်မာနိုင်ငံတ၀န်းရှိ သံဃာတော်များနှင့် ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် ပြည်သူများသည် စိုးရိမ်ဖွယ်ရာ အခြေအနေများနှင့် လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည်ဟုလည်း ၎င်းက ဆိုသည်။

“ပျံလွန်တဲ့ သံဃာတွေထဲမှာ ငွေကြာရံ ကျောင်းတိုက်က ၈ ပါးလောက်ပါတယ်၊ အခု က ည ရောက်မှာကို ကြောက်နေကြရတာ၊ အခုအချိန်အထိ မရပ်သေးဘူး အဖမ်းအဆီးတွေက၊ အခုအချိန်အထိ သူတို့ မသင်္ကာတဲ့ ကျောင်းဆို
ဝင်ဖမ်းနေတုန်း”ဟု ဦးသြဘာသ က ပြောသည်။

သံဃာ့ တပ်ပေါင်းစုအဖွဲ့မှ ဦးသြဘာသ အပါအ၀င် ဦးဆောင် သံဃာ ၄ ပါးရှိရာ ကျန် ၃ ပါးမှာ လွန်ခဲ့ သော ၆ ရက် ခန့်က စတင်၍ အဆက်အသွယ် ပြတ်ကာ ပျောက်နေသည်ဟုလည်း ၎င်း က ပြောသည်။

“စစ်သားတွေက လမ်းမပေါ်မှာ သံဃာတပါးတွေ့တယ်ဆိုရင် သူခိုးဓားပြ တွေ့တဲ့အတိုင်း နောက်က လိုက်တော့ တာပဲ”ဟု ဦးသြဘာသက ပြောဆိုသည်။

မြန်မာနိုင်ငံ၏လက်ရှိအခြေအနေများကြောင့် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအနေနှင့်စစ်အစိုးရကို ယခုထက် ပိုမိုဖိအားပေးရန်လည်း ဦးသြဘာသ က တောင်းဆိုသည်။

တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် မြန်မာနိုင်ငံမှ အကျိုးစီးပွားများစွာကို ခံစားနေရသောကြောင့် မြန်မာပြည်သူ များ၏ အကြပ်အတည်း အခက်အခဲကို ကူညီသင့်သည်ဟုလည်း ၎င်းကပြောသည်။

လက်ရှိအခြေအနေတွင် ဦးသြဘာသသည် အာဏာပိုင်များက ဖမ်းဆီးရန် လိုက်လံရှာဖွေနေသောကြောင့် နေရာ အတည် တကျ နေ၍မရဘဲ လုံခြုံစိတ်ချရာသို့ နေ့စဉ် ရွှေ့ပြောင်း ရှောင်တိမ်းနေရသည်ဟုလည်း ပြောဆိုသည်။

“ဦးပဉ္ဖင်း ည ဘက် ကောင်းကောင်း မအိပ်ရတာကြာပြီ၊ ညလုံး ပေါက်မအိပ်ရတဲ့ ရက်တွေလည်းရှိတယ်၊ ဦးပဉ္ဖင်း တို့ အခြေအနေက နာရီပိုင်း အတွင်းမှာကို စိတ်မချရဘူး၊ မရေရာတဲ့အခြေအနေ”ဟု ဦးသြဘာသ က ပြောသည်။
ယခုအချိန်အထိ အရေအတွက် တိတိကျကျ မသိရှိရသော ပျောက်ဆုံးနေသည့် သံဃာများစွာရှိပြီး ၎င်းတို့ ဘယ်နေရာတွင်ရှိသည်ကို ခန့်မှန်းမသိရှိရကြောင်းလည်း ဆိုသည်။

စက်တင်ဘာ ၂၆ ရက်က စတင်၍ စစ်အစိုးရ စစ်သားများ၏ အကြမ်းဖက်ဖမ်းဆီးမှုတွင် သီလရင် ၅၀ ခန့် ယခု အချိန်အထိ ဖမ်းဆီးခံထားရကြောင်း၊ ဖမ်းဆီးခံ သီလရင်တချို့မှာ စစ်သားများ၏ အဓမ္မပြုကျင့်မှုကို ခံရသည်ဟု သိရကြောင်း ဦးသြဘာသ က ပြောပြသည်။

“အဲဒီ စစ်သားတွေဟာ အင်မတန် ရိုင်းစိုင်း ယုတ်မာလှပါတယ်၊ ဦးပဉ္ဖင်းအနေနဲ့ ပြောလို့တောင်မထွက်ဘူး”ဟု ဦးသြဘာသကပြောသည်။

ယင်း စက်တင်ဘာ ၂၆ ရက် ညတွင် ရန်ကုန်မြို့တောင်ဥက္ကလာပရှိ ငွေကြာရံကျောင်းတိုက်အား စစ်သားများက
ဝင်ရောက်စီးနင်း ၍ သံဃာအပါး ၂၀၀ ကျော်ကို အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခဲ့သည်။

သံဃာ့ တပ်ပေါင်းစုအဖွဲ့က ဦးဆောင်၍ နိုင်ငံတ၀န်းရှိ သံဃာတော်များက စစ်အစိုးရအဖွဲ့ဝင်များ၊ မိသားစုဝင်များ နှင့် အစိုးရထောက်ခံသူများ၏ ဆွမ်းကွမ်းလှူဖွယ်ဝတ္ထုများကို လက်မခံသည့် သပိတ်မှောက်ကံဆောင်ထားသည်။

မကြားသေးခင်က အစိုးရသတင်းစာများတွင် စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့် မိသားစုဝင်များက ဘုန်းကြီး ကျောင်းတိုက် တချို့နှင့် သက်ကြီးဝါကြီး ဆရာတော်ကြီးများကို လှူဖွယ်ဝတ္ထုများကပ်လှူသည့် သတင်းများအား ဖော်ပြထားသည်။

၈၈ မျိုးဆက်ကျောင်းသားများနှင့် အန်အယ်လ်ဒီ အဖွဲ့က ဆန္ဒပြပွဲများအတွင်း အနည်းဆုံး သေဆုံးသူ ၁၃၀ ၊ ၃၀၀၀ နီးပါး ဖမ်းဆီး ခံခဲ့ရပြီး ၁၂၀၀ ကျော်မှာ သံဃာတော်များဖြစ်သည်ဟု ဆိုသည်။

စစ်အစိုးရက ဆန္ဒပြပွဲ ဦးဆောင်သူ၊ ဆန္ဒပြပွဲတွင် ပါဝင် ဆန္ဒပြသူ၊ ဆန္ဒပြသူများကို ကူညီပံ့ပိုးသူ၊ ဆန္ဒပြပွဲကို ရပ်ကြည်သူ စသည်ဖြင့် အုပ်စုခွဲ၍ ဖမ်းဆီး စစ်ဆေးခြင်းများပြုလုပ်ခဲ့သည်။

0 comments: