Thursday, October 11, 2007

ဆန္ဒပြရာတွင်ပါဝင်သူတဦး စစ်ကြောရေးစခန်းတွင် သေဆုံး

NEJ/ ၁၀ အောက်တိုဘာ ၂၀၀၇

ပြီးခဲ့သည့် စက်တင်ဘာတွင် ကျောက်ပန်းတောင်းမြို့၌ သံဃာတော်များ မြို့တွင်း မေတ္တာပို့ ဆုတောင်းလှည့်လည်ရာတွင် ပါဝင်ခဲ့သဖြင့် အဖမ်းဆီးခံရသူ ကိုဝင်းရွှေ သေဆုံးသွားကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက ၎င်း၏မိသားစုထံ အကြောင်းကြားခဲ့သည်ဟု သိရသည်။

“သူ့ကို ပုလိပ်မြို့က ရဲတပ်ရင်း (၁၃) မှာ ထားတယ်လို့ကြားရတယ်။ သူ့အမဆီကို သူတို့ရပ်ကွက် လူကြီးရယ် အစိုးရဘက်က သတင်းပို့တဲ့လူရယ် ရောက်လာပြီး သူဆုံးသွားပြီလို့ပြောတာပါ။ အလောင်းကိုတော့ သူတို့သင်္ဂြိုဟ်ပြီးပြီလို့သိရတယ်” ဟု ကိုဝင်းရွှေနှင့် ရင်းနှီးသူ ကျောက်ပန်း တောင်းမြို့ခံတဦးက ပြောသည်။

ကျောက်ပန်းတောင်းမြို့နယ် အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သူ ကိုဝင်းရွှေသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးဖြစ်ပြီး ကိုဝင်းရွှေသေဆုံးကြောင်းကို အာဏာပိုင်များက ၎င်း၏ မိသားစုထံ ယမန်နေ့က အကြောင်းကြားခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က သတင်းထုတ်ပြန်ထားသည်။

“သူ့မှာ ကျနော်တို့နဲ့နေခဲ့စဉ်တုန်းက နှလုံးရောဂါရော၊ အစာအိမ်ရောဂါရောရှိတယ်။ သူက ကျောက်ပန်းတောင်းသံဃာတွေ ဆန္ဒပြပွဲမှာ တက်ကြွစွာပါဝင်ပူးပေါင်းခဲ့တာပါ။ စက်တင်ဘာ (၂၄၊ ၂၅၊ ၂၆) ရက်တွေမှာ ပါဝင်ခဲ့ပြီး (၂၆) ညဖက်မှာ (၆) ယောက်အုပ်စု အဖမ်းခံရတဲ့အထဲမှာ သူလည်းပါသွားတာပါ” ဟု ကိုဝင်းရွှေ၏ မိတ်ဆွေက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့နှစ်ရက်လောက်ကလည်း ကျောက်ပန်းတောင်းမှာ ပြေးရင်းလွှားရင်း ပုန်းအောင်းရင်း နဲ့ပဲ ဆန္ဒပြရာမှာပါဝင်သူ (၂၅) ယောက်လောက် အဖမ်းဆီးခံရတယ်လို့ ကျနော်တို့ကြားရတယ်၊ ကျောင်းသားရော၊ ပြည်သူရော၊ စနိုးတာဝါဝေသူတွေရော ရေကမ်းသူတွေရောအကုန်လုံးပါတယ် ခင်ဗျ။ အဖေမမိလို့ သားဖမ်းသွားရတာတွေ လည်းရှိတယ်ခင်ဗျ” ဟု ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လမှစတင်၍ သံဃာတော်များနှင့်လူထုတို့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သည့် လူထု လှုပ်ရှားမှုတွင်ပါဝင်သူများကို စစ်အစိုးရအာဏာပိုင်များက အကြမ်းဖက် ပစ်ခတ်ရိုက်နှက်ဖမ်းဆီးမှု များရှိခဲ့ပြီး သေဆုံးသူများရှိခဲ့ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။

0 comments: