Saturday, October 27, 2007

တလပြည့်အထိမ်းအမှတ် မစုစုနွေး လွမ်းသူ့ပန်းခြင်းချ

ဧရာဝတီ-ကိုသက် | အောက်တိုဘာ ၂၆၊ ၂၀၀၇

ဓါတ်ပုံ-မဆုမွန်
စစ်အစိုးရ၏ အကြမ်းဖက်နှိမ်နင်းမှုကြောင့် လွန်ခဲ့ သည့်လ ၂၆ ရက်နေ့က ရဟန်း သံဃာတော်များ၊ အန်အယ်လ်ဒီအဖွဲ့ဝင် များနှင့် ကျောင်းသား၊ ပြည်သူများ ကျဆုံးခြင်း တလပြည့် အထိမ်းအမှတ် အဖြစ် အန်အယ်လ်ဒီ လူငယ် ခေါင်းဆောင် မစုစုနွေးက ဦးဆောင်၍ ရွှေတိဂုံဘုရား အနောက်ဖက်မုခ်၌ ယနေ့နံနက် ၆ နာရီကျော်တွင် အနီရောင်ပန်းခြင်းချကာ သစ္စာအဓိဋ္ဌာန်ပြုခဲ့ကြောင်း သိရသည်။

ပန်းခြင်းချ သစ္စာအဓိဋ္ဌာန်ပြုကြသူများတွင် ၈၈ မျိုးဆက် ကျောင်းသားတဦးနှင့် နိုင်ငံရေးလှုပ်ရှားသူ ၂ ဦးလည်း ပါဝင်ပြီး နိုင်ငံရေး အင်အားစုများ၏ ကိုယ်စား ကျဆုံးသွားသူများအတွက် လွမ်းသူ့ပန်းခြင်းကို ချရခြင်းဖြစ်သည်ဟု မစုစုနွေးက ဧရာဝတီကို ပြောဆိုသည်။

“ရဟန်းသံဃာတော်တွေကို စစ်အစိုးရလက်ကိုင်တုတ်တွေက အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခဲ့တာဟာ သာသနာ ညှိုးနွမ်း အောင်လုပ်တာ၊ ဒါကိုကျမတို့ လက်မခံနိုင်ပါဘူး။ လက်မခံနိုင်လို့ သံဃာတော်အရှင်မြတ်တွေရဲ့ ကံဆောင်သပိတ် မအောင်မြင်မချင်း မေတ္တာတရားကိုရှေ့ထားပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆက်လက်တောင်းဆို သွားမယ်လို့ ကျမကတိသစ္စာ ပြုခဲ့ပါတယ်” ဟု မစုစုနွေးက ပြောသည်။

သံဃာတော်များနှင့် ကျောင်းသားပြည်သူများ အကြမ်းဖက်ခံခဲ့ရသည့် ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်၌ လွန်းသူ့ပန်းခြင်းချရန် မူလကစီစဉ်ထားသော်လည်း ထိုနေရာတွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ တင်းကျပ်စွာ ချထားသောကြောင့် ဘုရား အနောက်ဘက်မုခ်တွင်ချရခြင်းဖြစ်ကြောင်း မစုစုနွေးက ပြောသည်။

စက်တင်ဘာလ ၂၆ ရက်နေ့က ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တွင် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြကြသည့် သံဃာတော်များနှင့် ကျောင်းသား ပြည်သူများကို စစ်သား၊ ရဲ၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက မျက်ရည်ယိုဗုံးများ သုံးကာ အကြမ်းဖက်ရိုက်နှက် ဖြိုခွဲခဲ့ကြပြီး ရာနှင့်ချီသော ရဟန်းရှင်လူတို့ကို ဖမ်းဆီးခဲ့သည်။ ၎င်းအကြမ်းဖက်မှုတွင် ကျဆုံးခဲ့သည့် ရဟန်းရှင်လူစာရင်းကို မရရှိသေးပေ။

ယမန်နေ့မှစ၍ ရန်ကုန်မြို့ ရွှေတိဂုံဘုရားနှင့် ဆူးလေဘုရားပတ်ဝန်းကျင်တွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို တင်းကျပ်စွာ ချထားပြီး ကြံ့ဖွံ့၊ စွမ်းအားရှင်များကိုလည်း တွေ့နေရသည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

ရန်ကုန်မြို့ရှိ သာမန်ပြည်သူတချို့ကလည်း ရဟန်းရှင်လူများကျဆုံးသည့် တလပြည့်အထိမ်းအမှတ် ဆွမ်းကျွေးပွဲများကို ပြုလုပ်ကြောင်းသိရသည်။
ကမာရွတ်မြို့နယ် လှည်းတန်းတွင်နေထိုင်သည့် တလပြည့်အထိမ်းအမှတ် ဆွမ်းကပ်သူတဦးက “အမြဲပင့်နေကျ ဘုန်းကြီး ၃ ပါးကို အိမ်မှာပင့်ပြီး ဆွမ်းကပ်တယ်။ လွန်ခဲ့သောတလက ဆုံးပါးသွားတဲ့ ပြည်သူတွေနဲ့ ရဟန်း သံဃာတွေအတွက် အမျှဝေတာပါ” ဟု ဧရာဝတီကို ပြောသည်။

ဒေါ်စုနှင့် တွေ့ဆုံခွင့်ပေးရန် အဖွဲ့ချုပ်တောင်းဆို
ဧရာဝတီ-ကိုစိုး | အောက်တိုဘာ ၂၆၊ ၂၀၀၇

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီးတို့၏ တွေ့ဆုံမှု မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည်လွှတ်ပေး၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)တာဝန်ရှိသူများ နှင့် တွေ့ဆုံဆွေးနွေးခွင့် ပေးရန်လိုအပ်သည်ဟု အန်အယ်လ်ဒီက ယနေ့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အန်အယ်လ်ဒီ ၏ ခေါင်းဆောင်ဖြစ်သည့် အတွက် ၎င်း၏ ပါတီနှင့်တွေ့ဆုံဆွေးနွေး ခွင့်ရပြီးမှ နအဖ ဆက်ဆံရေးဝန်ကြီးနှင့်တွေ့ဆုံပါက ပိုမိုသင့် လျှော်သည်ဟု အန်အယ်လ်ဒီ ပြန်ကြားရေး တာဝန်ခံ ဦးဥာဏ်ဝင်းက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့လွတ်လပ် တဲ့ ဆန္ဒကိုထုတ်ဖော် ပြောဆိုနိုင်ဖို့အတွက် သူကိုယ်တိုင်လွတ်လပ်မှု ရှိတာ ပိုပြီးတော့ သဘာဝကျပါတယ်၊ သူလွတ်လပ်မှုရှိဖို့ဆိုရင် ပြန်လွှတ်ပေးဖို့လိုပါတယ်၊ ဒီအတိုင်း အရင် တုန်းကလည်း ကျနော်တို့ သဘောထား ပေးခဲ့ပါတယ်”ဟု ဦးဥာဏ်ဝင်းက ဧရာဝတီ သို့ ပြောဆိုသည်။

ယမန်နေ့ မွန်းလွဲပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာ၌ အချိန် ၁ နာရီ ကျော်ကြာတွေ့ဆုံကြောင်း စစ်အစိုးရမီဒီယာများက ဓာတ်ပုံနှင့်တကွဖော်ပြသည်။

ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည့် လတ်တလော အလုပ်သမား ၀န်ကြီးခန့်အပ်ခြင်းခံရသော ဗိုလ်ချုပ် အောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် မည်သည့်အကြောင်းအရာကို တွေ့ဆုံဆွေးနွေးကြောင်းကိုမူ စစ်အစိုးရနှင့် အစိုးရ မီဒီယာများက ထုတ်ပြန်ပြောကြားခြင်းမရှိပေ။

“ဒီလိုတွေ့ဆုံတာကတော့ သူတို့ရဲ့ ကြေညာချက်၂/၂၀၀၇ အတိုင်းပေါ့လေ၊ ဒါဟာ တိုးတက်မှုတခုအနေနဲ့ ကျနော်တို့ ကြိုဆိုပါတယ်၊ ဘာတွေဆွေးနွေးတယ်ဆိုတာကတော့ ကျနော်တို့ လုံးဝမသိရပါဘူး၊ ဒီလိုတွေ့ဆုံမယ် ဆိုတာကိုလည်း ကြိုမသိရပါဘူး”ဟု ဦးဥာဏ်ဝင်းက ဆက်လက် ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ မတွေ့ဆုံမီ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အရ တွေ့ဆုံခြင်းဖြစ် သည်ဟု ထင်မြင်ကြောင်းလည်း ၎င်းကပြောဆိုသည်။

ဗိုလ်ချုပ် အောင်ကြည်ကို စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းတို့အကြား ဆက်သွယ်ရေး အတွက် ဆက်ဆံရေးဝန်ကြီး အဖြစ် အောက်တိုဘာ ၈ ရက်က ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးကြီး သန့်ရှင်းက လက်မှတ်ထိုးခန့်အပ်၍ ထုတ်ပြန်ကြေညာခဲ့သည်။

စက်တင်ဘာ ၂၉ ရက် က မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ၏အကြံပြုချက်အရ နောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းများ ဆက်သွယ်လုပ်ဆောင်ရန် ယင်း ဆက်ဆံရေး ၀န်ကြီးကို ခန့်အပ်ခြင်းဖြစ်သည်ဟု အောက်တိုဘာ ၉ ရက်ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

မစ္စတာ ဂန်ဘာရီသည် လာမည့် နိုဝင်ဘာလ အတွင်း၌ မြန်မာနိုင်ငံသို့ နောက်တကြိမ် ထပ်မံ သွားရောက်မည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင်ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှစ၍ နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ ၄ နှစ် ပြည့်ပြီးဖြစ်သည်။ ၁၉၈၉ ခုနှစ်နှင့် ၂၀၀၀ ခုနှစ်များ၌ လည်း နေအိမ် အကျယ်ချုပ် ၂ ကြိမ် ကျခံခဲ့ရသောကြောင့် နေအိမ်အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်းမှာ ၁၁ နှစ် ကျော်ပြီ ဖြစ်သည်။

ဘုရားဆင်းတုတော်လည်း မနေနိုင်
ဧရာဝတီ | အောက်တိုဘာ ၂၆၊ ၂၀၀၇

ရန်ကုန်တိုင်း ခရမ်းမြို့နယ် ဘုရားပျိုကျေးရွာရှိ ဘုရားဆင်းတော်တဆူ၏ ခန္ဓာကိုယ်အထက်ပိုင်းသည် ယခု လဆန်းမှ စတင်၍ လှုပ်နေသောကြောင့် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူများ နေ့စဉ် ရာဂဏန်းနှင့်အထက် လာရောက်ကြည့်ရှု ဖူးမျှော်ကာ အတိတ်နိမိတ်များ ကောက်ယူနေကြကြောင်း သိရသည်။

အဆိုပါ ဘုရားပျိုကျေးရွာမှ ဥာဏ်တော် ၉ တောင် ခန့်ရှိသော အောင်တော်မူ ဘုရားဆင်းတုတော်ကြီးသည် သီတင်းကျွတ် လဆန်း ၁ ရက်နေ့မှ စတင်ကာ ရင်ညွန့်အထက်ပိုင်း လှုပ်လာခြင်းဖြစ်ပြီး တနေ့လျှင် ၅ ကြိမ် ထက် မနည်းလှုပ်သည်ဟု ကိုယ်တိုင်သွားရောက်ဖူးမျှော်ခဲ့သူ ရန်ကုန်မြို့တွင်နေထိုင်သည့် ကိုသားကြီးကပြောပြသည်။

“မျက်လုံးတော်တွေတောင်လှုပ်နေတာကစတွေ့လိုက်ရတဲ့သူတွေရှိတယ်၊ ကျနော်တို့သွားကြည့်တော့ ခေါင်းလှုပ်တာပဲ တွေ့လိုက်ရတယ်၊ ဘယ်ညာ ခပ်ကြမ်းကြမ်းနှစ်ကြိမ်လှုပ်တာ တွေ့လိုက်ရတယ်၊ အဲဒီလောက်လှုပ်တာတောင် အက်ကြောင်း မပေါ်ဘူး”ဟု ၎င်းက ပြောသည်။

ယင်းသို့ ဘုရားဆင်းတုတော်ကြီး၏ ခန္ဓာကိုယ် အထက်ပိုင်းလှုပ်သည့်အပေါ်တွင် လူအများက ထင်ကြေးအမျိုးမျိုး ပေးကာ နီးစပ်ရာ ဗဟုသုတကြွယ်ဝသူ ပညာတတ်များ၊ ဗုဒ္ဓဘာသာ ရဟန်းတော်များထံသို့ သွားရောက်မေးမြန်း၍ အတိတ်နိမိတ် ကောက်ယူနေကြသည်ဟုလည်း ၎င်းက ဆိုသည်။

“ဦးပဉ္ဖင်းကို ဘုရားလှုပ်တာမြင်ခဲ့ရလို့ဆိုပြီး လာလျှောက်တဲ့သူ အယောက် ၃၀ လောက်ရှိရော့မယ်၊ သူတို့က ဘယ်လို အတိတ်နိမိတ်ကောက်ရမလဲပေါ့၊ ဟဲ့ ဒကာ၊ ဒကာမတွေရဲ့လှုပ်ရင်ပြုတ်တာပဲ၊ နောက်ဆုံးကတော့ တန်ဆောင်မုန်းပဲလို့ နိမတ်ရတယ် ဆိုပြီး ပြောလိုက်တယ်”ဟု ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်းတကျောင်းမှ သက်တော် ၇၀ ကျော် ခန့်ရှိသော ဘုန်းတော်ကြီးတပါးက ဧရာဝတီသို့ မိန့်ကြားသည်။

ဘုရားလှုပ်လျှင် အစိုးရပြုတ်မည်ဟု နိမိတ်ယူသော အထက်ပါဘုန်းတော်ကြီးမှာ ဗေဒင်နက္ခတ်အတတ် ကိုလည်း တတ်ကျွမ်းသည့်အတွက် ၎င်းနှင့်အတူ မန္တလေးမြို့မှ ဘုန်းတော်ကြီးတပါးတို့က တွက်ချက်ကြည့်ရာတွင် လက်ရှိ စစ်အစိုးရအထက်ပိုင်းမှာ လာမည့်တန်ဆောင်မုန်းလအထိသာ ခံနိုင်ဖွယ်ရာရှိကြောင်း ဆက်လက် မိန့်ကြားသည်။

“လာတဲ့သူ ဘယ်လောက်များလဲဆိုရင် ဘုရားဝင်းရှေ့က ဆူးခြုံပင်တွေတောင် မရှင်းရဘဲနဲ့ မြေကတုတ်ဖြစ်သွားတယ်၊ မန္တလေးဘက်ကလည်း လာကြတယ်၊ ဟိုးမော်လမြိုင်ကနေတောင်သတင်းကြားလို့လာကြည့်ကြတယ်”ဟု ဘုရားဖူးသွားခဲ့သူ တဦးကလည်း ပြောသည်။

အဆိုပါဘုရားသို့ ရန်ကုန်တိုင်း ခရိုင်ရဲမှူးနှင့် ရ၀တ၊ မ၀တ များကပါ လာရောက်ဖူးမျှော်ကြသည်ဟု သိရသည်။

ယင်းဘုရားလှုပ်သည်ကို သွားရောက်ဖူးမျှော်သူများ အကြားတွင်လည်း “အပေါ်ပိုင်းလှုပ်တယ်ဆိုတော့ အစိုးရ အထက်ပိုင်း လှုပ်မယ်၊ အစိုးရမတည်မငြိမ်ဖြစ်မယ်”ဟု ပြောဆို နိမိတ်ကောက်နေကြကြောင်းသိရသည်။

အဆိုပါ ခရမ်းမြို့နှင့် မိုင် ၇ မိုင်ကျော်အကွာရှိ အောင်တော်မူဘုရားမှာ လွန်ခဲ့သော ၂၀၀၀ ခုနှစ်ခန့်တွင် ဘုရားပျို ကျေးရွာ သားများက စတင်တည်ထားကိုးကွယ်ခဲ့သောဘုရားဖြစ်ပြီး ထိန်ပင်၊ ခရေစု၊ သူဌေးကွင်းကျေးရွာနှင့် ဘုရားပျိုကျေးရွာ စသည့် ရွာကြီးလေးရွာမှ ကိုးကွယ်သော ဘုရားဖြစ်သည်ဟုလည်း ဆိုကြသည်။

0 comments: