Tuesday, October 2, 2007

စစ်ရေးမဟာမိတ်အဖွဲ့က စစ်ရေးလှုပ်ရှားမှု တိုးမြှင့်သွားမည်ဟု ပြော

သန်းထိုက်ဦး (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၂ ရက်၊ ၂ဝဝ၇ ခုနှစ်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ် နယ်စပ် ဒေသများတွင် နအဖ စစ်အစိုးရကို တိုက်ပွဲ ဝင်နေသော စစ်ရေး မဟာမိတ်အဖွဲ့ (Military Alliance - MA) ခေါ် တိုင်းရင်းသားများ လက်နက်ကိုင် အဖွဲ့ကြီးက စစ်ရေး လှုပ်ရှားမှုများ ဆက်လက် တိုးမြှင့် သွားမည်ဟု ပြောဆိုလိုက်သည်။

MA အဖွဲ့ဝင်များ ဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ကချင် အမျိုးသား တပ်ဦး၊ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်၊ ကရင်နီ တိုးတက်ရေး ပါတီနှင့် ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) တို့ တက်ရောက်သော MA အစည်းအဝေး တရပ်အပြီး ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။ အဖွဲ့ဝင် တဖွဲ့ဖြစ်သည့် ချင်းအမျိုးသား တပ်ဦး အနေဖြင့် အစည်းအဝေးသို့ တက်ရောက်နိုင်ခြင်း မရှိခဲ့ဟု သိရသည်။

“ကျနော်တို့ စီမံချက် လုပ်ထားတဲ့ဟာက အကောင်အထည် မဖော်နိုင်ဘူး။ ဘာဖြစ်လဲ ဆိုတော့ လူစုစည်းတဲ့ အားက နည်းနည်း လျော့နေတယ်။ ဒါကြောင့် မြှင့်တင်ပြီးတော့ လုပ်သွားမယ် ဆိုတဲ့ဟာ ပါလာတာ။ အားနည်းတယ် ဆိုတာက ကျနော်တို့ သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းက နည်းနည်း လိုနေတယ်။ နယ်စပ်ချင်း ထိစပ်မှုရှိတဲ့ ကရင်နဲ့ ကရင်နီ ပူးတွဲ စစ်ဆင်ရေး၊ ကရင်နီနဲ့ ရှမ်း ပူးတွဲ စစ်ဆင်ရေး၊ နယ်စပ်ချင်း ထိစပ်နေတဲ့ အစုအဖွဲ့တွေ ပေါ့နော်၊ ပြီးတော့ ရခိုင်နဲ့ ချင်း ပူးတွဲ စစ်ဆင်ရေးတွေ လုပ်ဖို့ ချမှတ်ထားတယ်။ ဒါကို ပီပီပြင်ပြင် လက်တွေ့ အကောင်အထည် ဖော်နိုင်တဲ့ အနေအထားမျိုး မရှိခဲ့ဘူး။ ဒါကြောင့် ပြန်ပြီးတော့ စစ်ရေး လှုပ်ရှားမှုကို မြှင့်တင် လုပ်ဆောင်သွားမယ့်ဟာ ချလာတာ” ဟု MA ပြောရေး ဆိုခွင့်ရှိသူ စဝ်အွတ်က မဇ္ဈိမကို ပြောသည်။

ယမန်နေ့က ထုတ်ပြန်လိုက်သည့် MA ၏ ကျေညာချက်ထဲတွင် ရဟန်းရှင်လူ ပြည်သူလူထုနှင့် ကျောင်းသားများ ဆန္ဒပြနေခြင်းကို အပြည့်အဝ ထောက်ခံပြီး ရဟန်းရှင်လူ ပြည်သူလူထုနှင့် ကျောင်းသားများ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကို တိုက်ခိုက် သတ်ဖြတ်သော SPDC ကို အပြင်းအထန် ရှုတ်ချကြောင်းနှင့် သံဃာများနှင့် ကျောင်းသားများကို ကာကွယ်သွားမည် ဖြစ်သလို နအဖ စစ်အုပ်စုကို UN နှင့် ASIAN အဖွဲ့ဝင် အဖြစ်မှ ထုတ်ပစ်ရန် တောင်းဆိုလိုက်ကာ ပြည်သူလူထုများနှင့် လက်တွဲ ပူးပေါင်းပြီး ဒီမိုကရေစီကို အခြေခံသော စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံ တည်ထောင် သွားမည်ဟု ရေးသား ဖော်ပြထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက� ဌ ကိုသံခဲ က “မြန်မာနိုင်ငံရဲ့ အင်မတန်မှ အရေးကြီး အခြေအနေမှာ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ တစုတဝေး စုစည်းပြီး အားပေး ထောက်ခံတယ်၊ ဒီနေ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို အပြည့်အဝ ထောက်ခံတယ် ဆိုတဲ့ ဒီ စစ်ရေး ဆုံးဖြတ်ချက်ဟာ အင်မတန်မှ အားရဖို့ ကောင်းတယ်။ ကျနော်တို့တွေက နိုင်ငံရေး ပြဿနာတွေကို ပေါင်းစုံဖြေရှင်းဖို့ ကြိုးစားနေတဲ့ အနေအထားအောက်မှာ အခုလိုမျိုး အနုနည်းတွေကို အကြမ်းဖက်တဲ့ နည်းတွေနဲ့ နအဖ စစ်အုပ်စုက တုံ့ပြန်နေတာကို ကမ္ဘာက မျက်ဝါးထင်ထင် တွေ့နေရတာကြောင့် လက်နက်ကိုင်ပြီး တော်လှန်ရတယ် ဆိုတဲ့ အဓိပ္ပာယ်ကလည်း ပိုပြီး တဖြေးဖြေး ပေါ်လွင်လာပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ၁ဝ၃ တပ်ရင်း တပ်ဖွဲ့ တခုသည် နအဖ တပ်တခုက နောက်တန်းသို့ ပြန်လည် ဆုတ်ခွါကာ လူထု လှုပ်ရှားမှုကို ဖြိုခွဲရန် သွားရောက်သည်ဟု ယူဆသဖြင့် ကရင်ပြည်နယ် ဖလူးရွာအနီး ကားလမ်းပေါ်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့သဖြင့် နအဖ ဗိုလ်ကြီးတဦး အပါအဝင် တပ်ကြပ် တဦး၊ တပ်သား ၄ ဦး သေဆုံးခဲ့သည်။

0 comments: