Saturday, October 13, 2007

ညီလာခံထောက်ခံပွဲများနှင့် မွန်ပြည်သစ်ပါတီ ကင်းကင်းရှင်းရှင်းနေ

မဇ္ဈိမသတင်းဌာန/သန်းထိုက်ဦး
အောက်တိုဘာလ ၁၂ ရက်၊ ၂ဝဝ၇ ခုနှစ်။

မြန်မာ စစ်အစိုးရမှ အမျိုးသားညီလာခံ ထောက်ခံပွဲ ပြုလုပ်နေသော်လည်း လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ထားသော မွန်ပြည်သစ်ပါတီ အနေဖြင့် ပါဝင် ပတ်သက်မှု မရှိဟုဆိုကာ ကင်းကင်းရှင်းရှင်း နေကြောင်း ပါတီ ပြောရေးဆိုခွင့် ရှိသူတဦးက ယနေ့ ပြောဆိုလိုက်သည်။

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အောက်တိုဘာ ၁ဝ ရက်နေ့က အမျိုးသား ညီလာခံ ထောက်ခံပွဲနှင့် လူထုဆန္ဒပြမှု ရှုတ်ချပွဲ ပြုလုပ်ရာ မွန်ပြည်သစ်ကို ဖိတ်ကြားပြီး ဟောပြောခိုင်းသော်လည်း ငြင်းဆန်ခဲ့သည်။ လူ ၅ ဦးပါ ကိုယ်စားလှယ် အဖွဲ့ကိုတော့ စေလွှတ် နားထောင်ခဲ့သည်။

“ကျနော်တို့ အခု ညီလာခံ ကြိုဆို ထောက်ခံပွဲနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့မှာက မွန်ပြည်သစ်ပါတီ အနေနဲ့ပေါ့နော် လေ့လာသူ ကိုယ်စားလှယ် အဖြစ်နဲ့ပဲ ဒီညီလာခံမှာ အဆုံးသတ်ခဲ့တယ် ဆိုတော့ ဒီကြိုဆို ထောက်ခံပွဲမှာ ပါဝင် ပတ်သက်မှု မရှိပါဘူး” ဟု မွန်ပြည်သစ် ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက မဇ္ဈိမကို ပြောသည်။

စစ်အစိုးရအနေဖြင့် အမျိုးသား ညီလာခံကို ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် စတင် ကျင်းပခဲ့ရာ ၁၄ နှစ်ကြာ ကျင်းပခဲ့ရာ ၂ဝဝ၆ ခုနှစ်မှစ၍ လေ့လာသူ အနေဖြင့် မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

နိုင်အောင်မငေးက “တရားဝင် ကိုယ်စားလှယ် မဟုတ်တော့ ဒီညီလာခံမှာ ပါဝင် ပတ်သက်မှု မရှိဘူးလို့ ပြောနိုင်ပါတယ်” ဟု ဆက်ပြောသည်။


မြ၀တီမြို့တွင် ဗုံးပေါက်ကွဲ၍ လူတဦးဒဏ်ရာရ
NEJ/ ၁၂ အောက်တိုဘာ ၂၀၀၇

ယနေ့ မွန်းလွဲ(၃) နာရီခွဲခန့်က ကရင်ပြည်နယ် မြ၀တီမြို့ အမှတ် (၁) ရပ်ကွက် ချစ်ကြည်ရေး တံတားအနီးရှိ မွန်ပြည်သစ်ပါတီ မြ၀တီစီးပွားရေးတာဝန်ခံ နိုင်မြင့်အောင် ပိုင်ဆိုင်သည့် ရွှေပြည်စံရာ တည်းခိုခန်း၌ ဗုံးပေါက်ကွဲသည်။

မြ၀တီမြို့ခံ အမျိုးသမီးတဦးက “အသေအပျောက် ဘယ်လိုရှိလဲဆိုတာ လောလောဆယ် မသိရ သေးဘူး။ အဲဒီတည်းခိုခန်းကို အာဏာပိုင်တွေက ၀ိုင်းထားပြီး အနားကို ဘယ်သူမှပေးမသွားဘူး။ ဒီလောက် အသံကျယ်တဲ့ဗုံးဟာ အနည်းနဲ့အများတော့ ထိခိုက်မှာပဲ” ဟုပြောသည်။

မြ၀တီမြို့မှကုန်သည်တဦးက “ဒီတည်းခိုခန်းက လေးထပ်ရှိတယ်။ ပထမအထပ်မှာရှိတဲ့ လူမနေတဲ့ အခန်းတခုမှာ ပေါက်ကွဲတာဖြစ်တယ်။ လောလောဆယ်တော့ လူတဦးဒဏ်ရာရတာရှိတယ်” ဟုပြောသည်။

လက်ရှိအခြေအနေအရ မြ၀တီမြို့တွင် လုံခြုံရေး တိုးမြှင့်ချထားသော်လည်း ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို ပုံမှန်အတိုင်းဖွင့်လှစ်ထားသည်။

မြ၀တီမြို့မှ သံဃာတော်တပါးက “ဘုန်းကြီးတော့ ဒီကိစ္စကို နိုင်ငံရေးမကင်းဘူးလို့ထင်တယ်။ လက်ရှိမြန်မာပြည် အခြေအနေတွေနဲ့ ပတ်သက်ပြီး နအဖရဲ့ လုပ်ရပ်ကို မထောက်ခံတဲ့အကြောင်း အတိအလင်းပြောကြားခဲ့တဲ့ မွန်ပြည်သစ်ပါတီနဲ့ သူ့ရဲ့ပတ်သက်ရာပတ်သက်ကြောင်းတွေကို ပြဿနာလုပ်ဖို့ ရမယ်ရှာတာပဲလို့ ထင်တယ်” ဟု မိန့်ကြားသည်။

မြ၀တီမြို့တွင် ယခင်ကလည်း ဗုံးပေါက်ကွဲမှုများရှိခဲ့ပြီး တရားခံများအား ဖမ်းဆီးနိုင်ခြင်းမရှိဘဲ မြန်မာစစ်အစိုးရက မြန်မာအတိုက်အခံအဖွဲ့အစည်းများ၏ လက်ချက်ဖြစ်သည်ဟုစွပ်စွဲလေ့ရှိသည်။

0 comments: