Wednesday, October 17, 2007

မြန်မာ့ပြဿနာအဖြေရှာရန် ကုလကြီးကြပ်သည့်

TNA/ခေတ်ပြိုင် ၁၆ အောက်တိုဘာ ၂၀၀၇

မြန်မာ့နိုင်ငံရေးပြဿနာ အဆုံးသတ်စေရန် ကုလသမဂ္ဂက ဦးစီးပြီး တရုတ်၊ အိန္ဒိယနှင့် အာဆီယံနိုင်ငံတို့ ပါဝင်သော ဒေသတွင်း ဆွေးနွေးပွဲတခု ကျင်းပရန် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ဆူရာယွတ် ချူလာနွန်က အဆိုပြုသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် အီဘရာဟင်ဂမ်ဘာရီနှင့် ယမန်နေ့ ကတွေ့ဆုံစဉ် ယင်းသို့ အကြံပြုခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်သူများအားလုံးကို ဆွေးနွေးပွဲစကားဝိုင်းသို့ ရောက်ရှိလာစေရန် ရည်ရွယ်ခြင်းဖြစ် ကြောင်း မစ္စတာ ဆူရာယွတ်က မစ္စတာဂမ်ဘာရီနှင့်တွေ့ဆုံအပြီး သတင်းထောက်များကို ပြောခြင်းဖြစ်သည်။

၎င်းက “အမေရိကန်နဲ့ အခြားနိုင်ငံတွေက မြောက်ကိုရီးယားပဋိပက္ခကို ဖြေရှင်းသလိုမျိုး မြန်မာအစိုးရကိုလည်း အကူအညီပေးဖို့အတွက် ဒီအကြံပြုချက်ကို ကျနော့်တို့အစိုးရက အဆိုပြုပါတယ်” ဟု ပြောသည်။

ထို့အပြင် ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံသို့ အမြန်ဆုံးဝင်ခွင့်ပေးရန်နှင့် လုပ်ငန်းတာဝန်များ အထမြောက်အောင်မြင်ရန် ဆောင်ရွက်ပြီးသည့်အထိ မြန်မာနိုင်ငံ၌ နေခွင့်ပေးရန်တောင်းဆိုသည့် စာတစောင်ကိုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာအစိုးရထံ ယခုသီတင်းပတ်အတွင်း ပေးပို့မည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောသည်။

မစ္စတာဂမ်ဘာရီသည် မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မြန်မာ့ အိမ်နီးချင်းနိုင်ငံများထံမှ အကြံဉာဏ်များ လိုက်လံတောင်းခံသည့်အနေဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ထိုင်းနိုင်ငံမှတဆင့် မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့သို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

အီးယူက မြန်မာနိုင်ငံကို ပိတ်ဆို့ဒဏ်ခတ်မှုတိုးမြှင့်
နိုင်ငံတကာကလည်း အရေးယူကြရန် သမ္မတဘုရှ်တိုက်တွန်း
Agencies/ခေတ်ပြိုင် ၁၆ အောက်တိုဘာ ၂၀၀၇

မြန်မာနိုင်ငံတွင်း ဆန္ဒပြသူများအပေါ် စစ်အစိုးရ၏ အကြမ်းဖက်နှိမ်နင်းမှုကို ဆန့်ကျင်သည့် အနေဖြင့် အီးယူ ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ တိုးမြှင့် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

ယင်းသို့ ပိတ်ဆို့ဒဏ်ခတ်မှုများပြုလုပ်ရန် အီးယူအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ အကြား အချေအတင် ဆွေးနွေးပြီးနောက် ယမန်နေ့က သဘောတူဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ၌ စစ်ဗိုလ်ချုပ်များ၊ အစိုးရအရာရှိများနှင့် ၎င်းတို့၏မိသားစုဝင် များကို ပြည်ဝင်ခွင့် ဗီဇာမပေးဘဲထားခြင်း၊ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ချိပ်ပိတ်ခြင်း၊ မြန်မာ အစိုးရကို အဓိက နိုင်ငံခြားငွေရှာပေးနေသည့် သစ်၊ တွင်းထွက်သတ္တုပစ္စည်းများ၊ ကျောက်မျက်ရတနာများကို အီးယူနိုင်ငံများသို့ တင်သွင်းခွင့် ပိတ်ပင်ခြင်းနှင့် ယင်းလုပ်ငန်းများ၌ ရင်း နှီးမြှုပ်နှံမှုတားမြစ်ခြင်းတို့ ပါဝင်သည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို စိုးရိမ်စရာအခြေအနေဟု အီးယူကရှုမြင်ပြီး မြန်မာပြည်သူ များနှင့်အတူ စည်းစည်းလုံးလုံးရှိကြောင်း ပြသည့်အနေဖြင့် အီးယူက စစ်အစိုးရပေါ် ပြင်းထန် သည့်အရေးယူဆောင်ရွက်မှုများ ပြုလုပ်၍ တိုက်ရိုက်ဖိအားတိုးမြှင့်ပေးရန် လိုအပ်သည်ဟု ယူဆကြောင်း အီးယူ ကြေညာချက်မူကြမ်း၌ ပါရှိသည်။

ပိတ်ဆို့ဒဏ်ခတ်မှုများသည် ပြည်သူလူထုကို မထိခိုက်ရန်စီမံထားပြီး အကူအညီအလိုအပ်ဆုံး လူထုအတွက်လည်း လူသားချင်းစာနာသည့် အထောက်အကူများ ဆက်လက်ပေးသွားမည်ဖြစ် ကြောင်း ဗြိတိန်နိုင်ငံခြား ရေးဝန်ကြီး ဒေးဗစ် မီလီဘန်းက ပြောသည်။

၎င်းက “မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တခုကို မြန်မာစစ်အစိုးရက ဖန်တီးပေးမယ်ဆိုရင် စီးပွားရေးဆိုင်ရာမက်လုံးတွေနဲ့ မြန်မာပြည်သူတွေအတွက် စီးပွားရေး အကူအညီတွေရမှာဖြစ်တယ်။ စစ်အစိုးရက ငြင်းပယ်နေမယ်ရင်တော့ နောက်ထပ် ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ထပ်လာမှာကတော့ ရှင်းပါတယ်” ဟု ပြောသည်။

မြန်မာစစ်ခေါင်းဆောင်များနှင့် ၎င်းတို့၏မိသားစုဝင် (၃၇၅) ဦးတို့အား ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခြင်းနှင့် ပိုင်ဆိုင်မှုများ ချိပ်ပိတ်ခြင်းတို့ကို အီးယူက ယခင်ကတည်းက ပြုလုပ်ထားပြီး ဖြစ်သည်။

အမေရိကန်သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ်ကလည်း မြန်မာအစိုးရအပေါ် ထိရောက်အရေးပါသည့် အရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်ရန် နိုင်ငံတကာအသိုင်းအ၀န်းကို ပန်ကြားသည်။

သမ္မတဘုရှ်က “မြန်မာနိုင်ငံကို ကျနော်တို့တနိုင်ငံတည်း ပိတ်ဆို့ဒဏ်ခတ်မှု လုပ်ခဲ့တယ်။ ထပ်လုပ်ဖို့လည်း စဉ်း စားနေတယ်။ ဒါပေမယ့် ကျနော်တို့ချည်းပဲလုပ်လို့ ပိတ်ဆို့အရေးယူမှုဟာ ဘာမှအဓိပ္ပာယ်ရှိမှာ မဟုတ်ဘူး။ တခါတလေ နိုင်ငံတကာက လုပ်နေတာဟာ အကျိုးရလဒ် မဖြစ်စေဘူး၊ အပြောတော့ ကောင်းကြပါရဲ့၊ ဒါပေမယ့် နောက်ဆက်တွဲ အကျိုးရှိအောင် မလုပ်ကြဘူး။ အချို့နေရာမှာ အကျိုးဖြစ်ထွန်းမှုရှိရပါမယ်” ဟု ပြောသည်။

ဆန္ဒပြသူများအား အကြမ်းဖက်နှိမ်နင်းမှုကို ကန့်ကွက်သည့်အနေဖြင့် မြန်မာစစ်ခေါင်းဆောင် (၁၄) ဦး၏ပိုင်ဆိုင်မှုများကို အမေရိကန်ဘဏ်များမှ ထုတ်ယူလွှဲပြောင်းခြင်း မပြုနိုင်ရန် တားမြစ် သည့် ဒဏ်ခတ်အရေးယူမှုအသစ်များ အမေရိကန်အစိုးရက ယခင်လကုန်ပိုင်းက ချမှတ်ခဲ့ပြီး ဖြစ်သည်။

နအဖစစ်စိုးရကမူ ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုများသည် ပြည်သူလူထုကို အလုပ်လက်မဲ့ဖြစ်စေပြီး ဆင်းရဲဒုက္ခရောက်စေသည်ဟု ၎င်းပိုင်မီဒီယာများမှ မကြာခဏထုတ်ဖော် ရေးသား လေ့ရှိသည်။

0 comments: