Sunday, October 21, 2007

လမ်းတခုရဲ့ … အလွမ်း

တိုဒ်

ခပ်ပါးပါး ဘ၀ထဲက
ပိုင်ဆိုင်သမျှတွေနဲ့ 
နောက်ဆုံး … တကိုယ်စာတောင်မချန်
ပေးထားတာတောင်မှ
ဘ၀မှာ ဒဏ်ရာဒဏ်ချက်တွေသာ
ကျည်းပေါင်း အထပ်ထပ်တက်ခဲ့

အရာရာကိုဖန်တီးနိုင်စွမ်းတဲ့ တန်ခိုးရှင်တွေ
အနာဂါတ် ပန်းခင်းတွေ
တရားရေအေးတိုက်ကြွေးတဲ့ သံဃာတော်တွေ
လမ်းမတွေထက်မှာ
ဘုရားကျောင်းကန်တွေထဲမှာ
စာသင်ခန်းတွေထဲမှာ
သူတို့ကိုယ်ကထွက်တဲ့ သွေးစိမ်းရှင်ရှင်တွေနဲ့
သူတို့ကိုယ်တိုင် သွေးစီးကြောင်းတွေဖြစ်နေတဲ့အချိန်မှာ
အိပ်မက်သေတွေ ရှင်သန်ထမြောက်ပြန်တယ်။

ကိုယ့်ချစ်သူကို
ကိုယ့်အတ္တထက် ပိုချစ်ခဲ့ပေမယ့်
အတ္တနဲ့ ချစ်သူထက်
အကြိမ်ကြိမ် ရိတ်သိမ်းခံရမှုတွေ
ပိုအားပြင်းလာတဲ့အခါ
ကိုယ့်နှလုံးသား ကိုယ်ထုတ်ပိုး
သမိုင်းသစ် မော်ကွန်းထိုးဖို့
ငါခရီးထွက်ခဲ့ပြီ

အချစ်ရေ
မလွမ်းတတ်လို့မဟုတ်ပါဘူး
ငါ့ရင်ခွင်ကျယ်ရဲ့
ကိုယ်စားပြုအလွမ်းတွေ အားလုံးအတွက်
ငါ့ကိုယ်ငါ လမ်းတလမ်းဖြစ်စေခဲ့တာ
(ချစ်သူ) မင်း နားလည်နိုင်ပါစေ ။

တိုဒ်
(၂၁၊ ၁၀၊ ၂၀၀၇)

0 comments: