Friday, October 12, 2007

နအဖကိုဘက်ပေါင်းစုံမှ တိုက်မည်ဟု ကေအန်အယ်လ်အေ ပြောကြား

NEJ/ ၁၁ အောက်တိုဘာ ၂၀၀၇

မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲနှင့် အစိုးရ အပြောင်းအလဲဖြစ်စေရန် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ စစ်မဟာ မိတ်အဖွဲ့အစည်းများ၊ အခြားမဟာမိတ်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အရှိန်အဟုန်မြှင့် တိုက်ပွဲဝင်သွားမည်ဟု ပြောသည်။

ယမန်နေ့က ပြီးဆုံးသွားသည့် ကေအန်အယ်လ်အေ စစ်ဌာနချုပ် (၆) လပတ် အစည်းအဝေး အပြီးတွင် ကေအန်အယ်လ်အေ ဒု-စစ်ဦးချုပ် ဗိုလ်ချုပ် စောဖလဲခို့ (အော်လီဗာ) က ပြောက်ကျား စစ်အပါအ၀င် နိုင်ငံရေး၊ သံတမန်ရေးတို့ကို တိုးမြှင့် လုပ်ဆောင်သွားမည်ဟု ပြောသည်။

၎င်းက “တိုင်းပြည်မှာ ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးရဖို့အတွက် တွေ့ဆုံဆွေးနွေးရေး မလိုလားတဲ့ နအဖကို လက်နက်ကိုင်နည်းလမ်းအပြင် အခြားနည်းလမ်းတွေနဲ့လည်း ဖိအား ပေးလုပ်ဆောင်သွားဖို့ဖြစ်တယ်” ဟု ပြောသည်။

ကေအန်အယ်လ်အေအစည်းအဝေးကို ယခုလ (၈) ရက်မှ (၁၀) ရက်အထိ ကရင်အမျိုးသား အစည်းအရုံး အခြေခံဒေသတနေရာတွင် ကျင်းပခဲ့ပြီး တပ်မဟာအသီးသီးမှ တပ်မဟာမှူးများနှင့် အဆင့်မြင့်အရာရှိများ၊ ဗဟိုအထူးတပ်ရင်းများမှ အရာရှိများ စုံညီစွာ တက်ရောက်ခဲ့ပြီး အဆိုပါ အစည်းအဝေးမှ ခံစစ်ရှင် ပြောက်ကျားစနစ်ကို အရှိန်မြှင့်ဆောင်ရွက်သွားရန် ဆွေးနွေးသဘောတူညီခဲ့ကြသည်။

ကေအန်အယ်လ်အေ ရှေ့လုပ်ငန်းစဉ်နှင့် ပတ်သက်၍ မဟာမိတ်အဖွဲ့အစည်းများမှလည်း သဘောထားများ ထုတ်ဖော်ခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက “လက်နက်ကိုင်ဖြစ်တဲ့ နအဖဟာ သူ့ကို လက်နက်နဲ့ ဒုက္ခပေးနိုင်တဲ့လူကို ဂရုစိုက်အလေးထားတဲ့ သဘောရှိတယ်။ သူတို့ကို ဘက်စုံဖိအားပေးမှု အချိန်ကိုက်အစွမ်းကုန်မြှင့်တဲ့အချိန်မှာ မလျော့တဲ့ဇွဲနဲ့ ကိုယ့်ဖက်က တာဝန်ကျေကျေနဲ့ ဖိအားဆက်ပေးဖို့လိုတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ဥက္ကဋ္ဌ ကိုသံခဲက “ဒီမိုကရေစီ အရေး၊ အမျိုးသားရေး တန်းတူရေးအတွက် တိုက်ပွဲဝင်နေတဲ့ မဟာမိတ်အဖွဲ့တွေဟာ ဒီနေ့အခြေအနေမှာ အဖက်ဖက်ကနေပြီး အတူတကွလက်တွဲ ဆောက်ရွက်နေရတဲ့ ကာလဖြစ်တော့ ကျနော်တို့ အားလုံးဟာလည်း အရှိန်အဟုန်မြှင့်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်” ဟု ပြောသည်။

ကေအန်အယ်လ်အေ စစ်ဌာနချုပ် တပ်မှူးများ လပတ်အစည်းအဝေးကို (၆) လတကြိမ် ကျင်းပသည်။

0 comments: