Monday, October 1, 2007

အောက်တိုဘာလ ၁ ရက်၊ ၂၀၀၇ ခုနှစ်

စိုးဝင်း မြန်မာပြည်ပြန်၊ ရန်ကုန်တိုင်း စစ်တိုင်းမှူး ရာထူးမှ ဖယ်ရှားခံရ

လပေါင်းများစွာ ဆေးရုံတက် ကုသနေရသော ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းသည် ယနေ့ ညနေ့တွင် မြန်ာနိုင်ငံသို့ ပြန်တော့မှာ ဖြစ်ကြောင်း သတင်း ရပ်ကွက်များအရ သိရသည်။

ဗိုလ်ချုပ်စိုးဝင်း လိုက်ပါသည့် အထူး လေယာဉ်သည် ရန်ကုန်သို့ ညနေ ၅ နာရီခန့်တွင် ရောက်ရှိမှာ ဖြစ်သည်ဟု သိရသည်။

“သူ့အခြေအနေကတော့ မကောင်းဘူး။ သေမှာပဲ။ မင်္ဂလာဒုံ စစ်ဆေးရုံမှာ နေရလိမ့်မယ်။” ဟု စစ်ဖက်နှင့် နီးစပ်သူ သတင်းရပ်ကွက်က ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သစ္စာခံဖြစ်ပြီး ၂ဝဝ၃ ခုနှစ် ဒီပဲယင်း လူသတ်ပွဲတွင် ကွပ်ကဲခဲ့သူ သေဆုံးလျှင် အတွင်းရေးမှူး (၁) ဗိုလ်ချုပ် သိန်းစိန်ကို အစားထိုး ခန့်အပ်မည်ဟု ပြောသည်။

“စိုးဝင်းသေရင် သိန်းစိန်ကို အစားထိုးမယ်။ သိန်းစိန် နေရာကို တင်အောင်မြင့်ဦးကို ပေးလိုက်မယ်” ဟု ပြောသည်။

ထိုစဉ်မှာပင် သဘောထား ပျော့ပြောင်းသည်ဟု အတိုက်အခံများ အကြား ကျော်ကြားသည့် ရန်ကုန် စစ်တိုင်းမှူး ဗိုလ်ချုပ် လှဌေးဝင်း ကို စစ်အစိုးရက ယနေ့ ဖြုတ်ထုတ်လိုက်ပြီ ဖြစ်ကြောင်း စစ်ဘက် သတင်းရပ်ကွက် တခုက ပြောသည်။

မည်သည့် အတွက်ကြောင့် ဖြုတ်လိုက်သည်ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း စက်တင်ဘာ ၂၇ ရက်နေ့က ရန်ကုန်မြို့ ဆန္ဒပြ သတင်းယူသူ ဂျပန် သတင်းထောက် သေဆုံးခြင်းတွင် တာဝန်ရှိသည်ဟု ဆိုကာ ဖြုတ်ထုတ်လိုက်ခြင်း ဖြစ်သည်ဟု နအဖ ခေါင်းဆောင်က အကြောင်းပြထားသည်ဟု ဆိုသည်။

ဂျပန်သတင်းထောက် Kenji Nagai ကို ရန်ကုန်မြို့တွင် ဆန္ဒပြသူများ လိုက်လံ ဖြိုခွင်းနေသော မြန်မာ စစ်သား တယောက်က အနီးကပ် သေနတ်ဖြင့် ပစ်လိုက်သည့်ဟန်ကို ဂျပန် ရုပ်မြင်သံကြား သတင်းများတွင် တွေ့ခဲ့ရသည်။

သို့သော်လည်း အတိုက်အခံများအတွင်း သိထားသည်မှာ ဗိုလ်ချုပ် လှဌေးဝင်းသည် ဆန္ဒပြသူများကို ပစ်ခတ်လိုခြင်း မရှိသော တိုင်းမှူးများ အနက် တဦးအပါအဝင် ဖြစ်ပြီး နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ပစ်မိန့်ကို လိုက်နာရန် ရှောင်လွှဲခဲ့သည်ဟု ဆိုသည်။

ထိုသတင်းသာ မှန်ကန်ပါက နအဖ စစ်အုပ်စုအတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သူ၏ သစ္စာခံ ရက်စက် ခေါင်းမာသူများ ပိုမို ကြီးစိုးလာခြင်း ဖြစ်သည်။

မန္တလေးအခြေအနေ
မြန်မာစံတော်ချိန် ၁၂းဝဝ (သတင်းရယူချိန်)

ယမန်နေ့က ကျောင်းသား လှုပ်ရှားမှု တခု ပြုလုပ်ခဲ့သည့် မန္တလေးတွင် လူစုဝေးမှုများ တွေ့နေရရာ ယခင်နေ့များကအတိုင်း ၂ နာရီခန့်တွင် စတင်လုပ်မည်ဟု ခန့်မှန်း ပြောဆိုနေကြသည်။

လုံခြုံရေးများကတော့ ၇၈ လမ်းပတ်လည်တွင် ယနေ့ ပိုချထားပြီး ဒီ ၃၅ လမ်း၊ ၃၄ လမ်းတို့တွင်တော့ ပုံမှန် အနေအထား ဖြစ်သည်။

ကြံ့ဖွံ့နှင့် စွမ်းအားရှင်များကို တရက် ၃ ထောင်ပေးကာ လူစုဆောင်း နေကြပြန်သည်။

“ချမ်းအေးသာစံ ရပ်ကွက် ဈေးဝင်ရဲ့ အနောက်ရပ်ကွက်က ဆင်ခြေဖုံးမှာ ရှိတဲ့ ဒီလူတွေကို လိုက်ပြီးတော့ ညက လိုက်ခေါ်တယ်။ တရက်ကို သုံးထောင်ပေးမယ် လုံခြုံရေးအတွက် ဆိုပြီးတော့ ခေါ်ပါတယ်။ လှုပ်ရှားမှုတွေ လုပ်တဲ့အခါမှာ သူတို့ အဲဒီ လူတွေနဲ့ အရင် ထိပ်တိုက် ဖြေရှင်းခိုင်းပြီးတော့ နှိမ်နင်းဖို့အတွက် အဲဒီလိုမျိုး ကျနော်တို့ ယူဆရပါတယ်။” ဟု မန္တလေးသား တဦးက ပြောသည်။

ဘုန်းကြီးကျောင်းများပတ်လည် လုံခြုံရေးတိုးချထားပြီး တချို့ကျောင်းများတွင် ဒါဇင်ပေါင်းများစွာသော လက်နက်ကိုင်များ စောင့်ဆိုင်းနေသည်။

ယမန်နေ့မှစ၍ တပ်မ ၁၁ မြို့တွင်း ရောက်လာသည်ဟု ဒေသခံများ အပြောအရ သိရသည်။

ယခုအခါ တပ်မ ၃၃၊ တပ်မ ၁၁ နှင့် ရဲတို့ ရှိနေသည်။

တောင်တွင်းကြီးတွင် ညီလာခံ ထောက်ခံပွဲ လုပ်ရန် နအဖကြိုးပမ်းနေ
မြန်မာစံတော်ချိန် ၁၁း၁၀ (သတင်းလွှင့်တင်ချိန်)

“အခုက ရယကရုံးကနေပြီးတော့ ကြံ့ဖွတ်တွေကို ရုံးကို အစည်းအဝေး ခေါ်လိုက်တယ်။ နောက် ကြံ့ဖွတ်နဲ့ ရယက အဖွဲ့တွေက ရပ်ကွက်ထဲမှာ တအိမ်တက်၊ တအိမ်ဆင်း လိုက်ပြောနေကြတယ်လေ။ တက်ရင်တော့ ၃ ထောင်ပေးမယ်၊ မလိုက်ရင် လူတွေက ၁သောင်း ပေးရမယ်။” ဟု တောင်တွင်းကြီး ဒေသခံ တဦးက ပြောသည်။
“သူတို့ ည ၈ နာရီလောက်မှာ အစည်းအဝေး လုပ်ပြီးတော့ ဒီနေ့ လိုက်ပြောနေတာပေါ့နော်။ ပြည်သူတွေကတော့ မတက်ချင်ကြဘူးလေ။ အခုဟာက ကြံ့ဖွတ်နဲ့ ဝန်ထမ်း အင်အားပြမယ် ထင်တယ်။ သူတို့ အင်အားပြပြီး လူထုကို မျက်နှာဖုံးစွတ် လုပ်မှာပေါ့နော်။ မနက်ဖြန် မနက်ပိုင်းလား မသိဘူး။ အချိန်ကိုတော့ အတိအကျ မသိသေးဘူး။ အမျိုးသား ညီလာခံ ရဲ့ ဖွဲ့စည်းပုံ ဥပဒေကို လူထု ထောက်ခံပွဲ လုပ်မယ် ပေါ့နော်။” ဟု သူက ထပ်ပြောသည်။

ရန်ကုန်မြို့လယ် လုံခြုံရေးလျော့၊ လမ်းဆုံ လမ်းခွများမှာ တိုး
မြန်မာစံတော်ချိန် ၁၁း၀၀ (သတင်းလွှင့်တင်ချိန်)

ရန်ကုန်မြို့အတွင်း လုံခြုံရေးများ တိုးချဲ့ ချထားပြန်ရာ မီးပွိုင့်တိုင်း လိုလိုမှာပင် ရှိနေသည်။ ကားလမ်းများ ပြန်လည် ပွင့်နေပြီး လမ်းဆုံ လမ်းခွများတွင် စစ်တပ်နှင့် လုံထိန်း ရောထွေး ချထားသည်။ စစ်ကားများကလည်း မြို့တွင်း လှည့်လည်နေသည်။

“ပြည်သူတွေကတော့ မြို့ထဲမှာ ၃ ယောက် ၄ယောက်တတွဲ သွားနေကြတယ်။ ပြည်သူတွေကတော့ ဒီနေ့ရော ရအောင် မြို့ထဲမှာ လုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားတယ်လို့ အများက ပြောနေကြတယ်။ အချိန်ကို စောင့်ရမှာပေါ့နော်။ ဘယ်အချိန်မှာ ဘယ်နေရာမှာ ပေးမလဲ။ ဘယ်မှာ ပွင့်မလဲပေါ့နော်၊ ပွင့်တဲ့ နေရာကနေ စလုပ်မယ်ကြမယ်တဲ့။” ဟု ဒေသခံတဦးက ပြောသည်။

“အဓိက ပိုတိုးချတာကတော့ စွမ်းအားရှင်တွေပေါ့နော်၊ သူတို့က အရမ်းသိသာတယ်။ မြို့ထဲကို လမ်းကြော မကျွမ်းတဲ့ သူတွေပေါ့နော်။ စုတ်စုတ်ပြတ်ပြတ် တချို့ဆိုရင် ဖိနပ်တောင် မစီးထားဘူး လမ်းလျောက်နေတယ်။” သူက ဆက်ပြောသည်။

သို့သော် မြို့လယ်တွင် ယခင်နေ့များထက် စာလျှင် လုံခြုံရေး လျော့နည်းသွားသည်။ ဆူးလေ တဝိုက်တွင်သာ လေးဘက် လေးရံ သံဆူးကြိုးများ ချထားပြီး လုံခြုံရေးများ ရှိနေသည်။

မဇ္ဈိမ သတင်းဌာန

0 comments: