Friday, September 28, 2007

ရန်ကုန်တပ်ဆုတ်မှု မဖြစ်နိုင်
မြန်မာစံတော်ချိန် ၁၃း၃၅ (သတင်းလွှင့်တင်ချိန်)

“သူတို့က မြောက်ဥက္ကလာပ မယ်လမုဘုရားကို ဝင်စီးထားတယ်။ ဘုရားရှေ့မှာ ဂျစ်ကားတစ်စီး ရပ်ထားတယ်။ အထဲမှာက စွမ်းအားရှင်တွေ ရှိတယ်။ ပြည်သူတွေကို အဝင်မခံပဲနဲ့ သူတို့ ပိတ်ထားတာပေါ့လေ။ လူတွေလဲ မရှိဘူး။ စစ်ကား ၄စီးလောက် ရှိတယ်။ ကားပေါ်မှာ စုထားတယ် ဖြစ်လိမ့်မယ်၊ တပ်ဆုတ်တာ မဖြစ်နိုင်ဘူး။ ထပ်တိုးတာ ဖြစ်ပါလိမ့်မယ်။ တပ်ရွှေ့ဖို့ အတွက်ကို တပ်ရွှေ့တယ် ဆိုတာက လူတွေရှိတဲ့ နေရာတွေကိုလေ။ သူတို့က လူတွေရှိတဲ့ ဘက်ကို လိုက်ဖို့အတွက် ရွှေ့တာဖြစ်မှာပါ။” ဟု စောင့်ကြည့် လေ့လာနေသူ တဦးက ပြော သည်။
“အခု လောလောဆယ် လုံထိန်းကား ၁စီး၊ စစ်ကား ၃စီး၊ ဂျစ်ကား၁စီး၊ စစ်ကားနောက်ထပ် သူတို့အခု မြို့ထဲကို သွားနေတယ်။ နောက်ထပ် လုံးထိန်းကား ၁ စီး၊ အင်အား တော်တော်များတယ်” ဟု သူက ထပ်ပြောသည်၊
သိမ်ကြီးဈေး ရှေ့တွင် ဆန္ဒပြသူများသည် စစ်တပ်က လမ်းနှစ်ဖက် ပိတ်ဆို့လိုက်ပြီးနောက် လူစု ခွဲလိုက်ကြသည်။

မန္တလေး တပ်မ ၃၃ အခြေအနေ
မြန်မာစံတော်ချိန် ၁၃း၂၀ (သတင်းလွှင့်တင်ချိန်)

ဒေသခံတဦး၏ အမြင် “မန္တလေးမြို့ တခုလုံး လှည့်နေတာ။ တိုင်းမှူးကိုယ်တိုင် လှည့်တဲ့ကား ကားတန်းရှိတယ် ၁ဝ စီးလောက် ကျော်မယ် ထင်တယ်။ မောင်းသွားတယ်။ မောင်းသွားပြီးတော့ ၈၄ လမ်းမှာ ခဏ ရပ်ထားပြီးတော့ အဲဒီမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ မေတ္တာရပ်ခံပြီးတော့ မထွက်ဖို့ ပြောတယ် ထင်တာပဲ။”

မြတောင်နှင့် မစိုးရိမ် ကျောင်းတိုက်များကို တိုင်းမှူးက သွားရောက် မေတ္တာရပ်ခံခြင်း ဖြစ်သည်။
“အဲဒီတပ်တွေက ၃၃ တပ် တွေ ပါတယ်။ နောက်တခါ မီးသတ်ကားတွေ အဲဒီ ဘုန်းကြီးကျောင်းတွေမှာလဲ စစ်တပ်တွေ ချထားတယ်တဲ့။ အဲဒီ ကျောင်းက တပ်တွေကလည်း ကြည့်ရတာ တရုတ်တပ်လိုလို ဝတပ်လိုလို အဲဒီမှာ စခန်းချထားတယ် ပြောတယ်။ အပြင်က ကြည့်ရတာ ၃ဝဝ ပတ်ဝန်းကျင်လောက် ရှိလိမ့်မယ်တဲ့”
“၈၄ လမ်းအတိုင်း မောင်းထွက်သွားတာပဲ။ ၁ဝ စီကျော်မယ် ၁ဝ စီး ၁၂ စီးလောက် ရှိမယ်။”

နအဖ အောက်ခြေယန္တယား ပြိုလဲစပြုနေ
သတင်းပေးပို့ချိန် မနက် ၁၁ နာရီ။

“ယရက ရုံးတွေဆို ပိတ်ထားတယ်။ မဖွင့်တော့ဘူး။ ညကနေ စတာပေါ့ဗျာ။ ရှောင်တဲ့ကောင်တွေ ရှောင်ကုန်ပြီ။ မရက အဆင့်ထိကို ဖြစ်နေပြီ။ ခရိုင်အဆင့် ထိကို ရောက်နေပြီ။ အောက်ခြေတွေ ပြိုနေပြီ။ ကိုယ့်အိမ်မှာ ကိုယ်မနေရဲတဲ့ ဘဝ ရောက်နေပြီ။ ရပ်ကွက်တွေရဲ့ လက်ရှိ အနေအထားပေါ့ဗျာ” ဟု တာမွေ ဒေသခံ တဦးမှ ပြောပြသည်။
စစ်အစိုးရသည် အင်တာနက်လိုင်းများကို ယနေ့နံနက်မှစ၍ ဖြတ်တောက်ထားသည်။

လေတပ်လေယဉ်များ အရေးပေါ်ပျံ
မြန်မာစံတော်ချိန် ၁၂း၃၀ (သတင်းလွှင့်တင်ချိန်)

မတ္ထီလာ လေတပ်မှ လေယာဉ်များ ပျံတက်သွားသည်။ တပ်မ ၃၃ နှင့် တပ် ၉၉ အတွင်း ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားလျှက်ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
နယ်တပ်များ ရန်ကုန်ဆင်းပြီ

မြန်မာစံတော်ချိန် ၁၂း၁၅ (သတင်းလွှင့်တင်ချိန်)

အလယ်ပိုင်းတိုင်းနှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်များ ရန်ကုန်သို့ ဆင်းသွားသည်ဟု စစ်တပ် သတင်းရပ်ကွက်က ပြောသည်။ စစ်တပ်အတွင်း ကွဲပြဲမှုများ ရှိနေသည် ဆိုသော သတင်းများ ဆက်တိုက် ထွက်ပေါ်လာသည်။

ရန်ကုန်ဆန္ဒပြ သတင်းများ
မြန်မာစံတော်ချိန် ၁၁း၅၀ (သတင်းလွှင့်တင်ချိန်)

မြောက်ဥက္ကလာပ မယ်လမုဘုရားအနီး တပ်မနှစ်တပ် တဖက်နှင့်တဖက် ပစ်ခတ်နေသည် ဆိုခြင်းအပေါ် မဇ္ဈိမ အထောက်တော်က လေ့လာ စုံစမ်းပြီး ပြန်ဖြေကြားရာတွင်
“တပ်နှစ်တပ် ပစ်နေတယ်ဆိုတာ မဖြစ်နိုင်ဘူး။ အခုချထားတာက တပ်မ ၇၇ တွေကြီးဘဲလေ။ သူတို့က အသားမဲမဲ တကယ့် ဝါရင့်တွေ ဖြစ်တယ်။ လူတွေကို သူတို့ စောင့်နေတာလေ။ တောင်ဥက္ကလာနဲ့ မြောက်ဥက္ကလာကို စောင့်နေတယ်။ မနေ့က ငွေကြရံမှာလဲ တော်တော် ဖြစ်သွားတယ် ဆိုတော့ သူတို့က အဲဒီ နေရာတွေမှာ ထွက်လာမှာဘဲ ဆိုပြီး စောင့်နေတယ်။ အခုတော့ မြို့ထဲ၊ ဆူးလေဘက်ကို ပြန်ဆင်းနေတယ်။”

သိမ်ကြီးဈေးမှာ ပြောက်ကျား ဆန္ဒပြမှု
မြန်မာစံတော်ချိန် ၁၁း၄၅ (သတင်းလွှင့်တင်ချိန်)

“စောစောကတော့ ဆန္ဒပြတဲ့ အုပ်စုကတော့ ၅ထောင် ပတ်ဝန်းကျင် ရှိတယ်။ အဲဒီ သိမ်ကြီးဈေးနားမှာ ပိတ်မိနေလို့ ကြားတယ်။ သူတို့က အခုပြန်ပြီး ခြေရာဖျောက်သွားပြီဗျာ။ နောက်ဘယ်နေရာ ပြန်စုမှာလဲတော့ မသိဘူး။ ဟိုဘက်ထိပ်မှာက မမြင်ရဘူး။ ဒီဘက်ထိပ်မှာက စစ်ကား၃စီးနဲ့ ရင်ဘောင်တန်းပြီး ပိတ်ထားတယ်။ အင်အားက စစ်သား တရာလောက် ရှိတယ်။”

ရန်ကုန်အခြေအနေ
မြန်မာစံတော်ချိန် ၁၁း၃၅ (သတင်းလွှင့်တင်ချိန်)

စစ်ကား ၃ စီးနှင့် လုံထိန်းကား ၂ စီး မြေနီကုန်းကို ဖြတ်၍ လှည်တန်းဘက်သို့ မောင်းနှင်သွားသည်။

ရန်ကုန်အခင်းအကျင်း
မြန်မာစံတော်ချိန် ၁၁း၃၀ (သတင်းလွှင့်တင်ချိန်)

“ပြည်သူတွေအများက ဒီကောင်တွေကို ဖြတ်ကို ဖြတ်ရမယ် ဆိုပြီး နောက်ပြီး ဒီနေ့ ဒီလိုမျိုး အချိန်ဟာ နောင်ရမှာ မဟုတ်ဘူး။ ဒီပွဲကို ပြတ်အောင် လုပ်ရမယ်၊ သူတို့ဖာသာ တစ်ယောက်နဲ့တစ်ယောက် ပြောနေကြတယ်။ လူတွေက မခံနိုင်ကြတော့ဘူး။ ရပ်ကွက်ထဲက လူတွေရော ပါတယ်။ နောက်ပြီး ဘယ်က လာတာမှန်း မသိဘူး လူတွေကလေ အများကြီးဘဲ ပြောနေကြတယ်။ ဒီနေ့ဆိုရင်လည်း ချမှာပဲတဲ့လေ။” ဟု မဇ္ဈိမ အထောက်တော် တဦးက ပြောပြသည်။

တာမွေအမှတ် ၃ အထကနှင့် အမှတ် ၄ အထက ကျောင်းဝင်းများအတွင်း ပြောက်ကျား ဝတ်စုံဝတ် လုံထိန်း ၃ဝ ကျော် စောင့်ဆိုင်းနေကြသည်။

အစိုးရ ကျောင်းများ အားလုံး ဖွင့်ထားသော်လည်း ကျောင်းမတက်သူ များ၍ ခြောက်ကပ်နေသည်။
စစ်ကားများ ကင်းလှည့်လျှက် ရှိပြီး ကျောက်တံတား ရဲစခန်း ပတ်ပတ်လည်တွင် သံဆူးကြိုးများ ကာရံထားသည်ကတော့ ထူးခြားမှု ဖြစ်သည်။ စခန်းအတွင်း ရဲနှင့် စစ်သားများ ယခင်နေ့ကထက် ပိုလာသလို ဆူးလေတွင်လည်း စစ်သား၊ ရဲ၊ လုံထိန်းများ ပိုမို ချထားသည်။

မဇ္ဈိမ

0 comments: