၂၄ - ၉ -၂၀၀၇
လူထုသည် သမိုင်းကို ဖန်တီးတည်ဆောက်သူဖြစ်သည်။
ထိုတရားနှင့်အညီ တိုက်ပွဲခေါ်ခဲ့ချေပြီ။
အတွေးရှင်းရှင်း၊ လမ်းစဉ်မှန်မှန်နှင့် ခြေလှမ်းသွက်သွက် ချီတတ်နေကြခြင်းဖြစ်သည်။
တီထွင်ကြံဆမှု ရှိရှိဖြင့် မမှန်းဆနိုင်သည့် ထောင့်များမှ တိုက်ပွဲကို တိုက်နေခြင်းဖြစ်သည်။
ဟိုရှေ့ကနီရွှေရွှေ နေထွက်ပြီလေ …
ဗမာပြည်၌ ယဉ်ကျေးမှုအင်အားစုများ နိုင်ငံရေးအင်အားစုအဖြစ် အခိုင်အမာရပ်တည်လာသည်။
ရွှေဝါရောင်တော်လှန်ရေး (သို့) ဗုဒ္ဓဘာသာ သံဃာသူရဲကောင်းများ၏ တော်လှန်ရေး …
လူအချင်းချင်းနှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။
တို့မေတ္တာစွမ်းကမ္ဘာလွှမ်း အေးချမ်းကြပါစေ။
ဗမာပြည်တပြည်လုံးဟိန်းလျှံနေသည့် တိုက်ပွဲဝင်ဓမ္မတေးသံ …
အဓမ္မကို အပြီးတိုင်ချေမှုန်းမည့် ဓမ္မတေးသံ …
စစ်မှန်သည့်ကိုးကွယ်ရာ၊ စစ်မှန်သည့် ဂုဏ်သိက္ခာ၊ စစ်မှန်သည့် တိုင်းပြုပြည်ပြု ဓမ္မတေးသံ …
မာရ်နတ်သည် ဂေါတမဗုဒ္ဓအား ချေမှုန်းရန် အမျိုးမျိုးကြိုးစာခဲ့၏။
သို့သော် … မရ။ မာရ်နတ်သည်သာ ကျေပျက်ခဲ့ရသည်။ ထိုသို့ပင် …
ဓမ္မနှင့် အဓမ္မတို့၏တိုက်ပွဲသည် လူ့သမိုင်းဖြစ်စဉ်တလျှောက်လုံး ဖြစ်တည်နေသည့် လောကကို တည်ဆောက်သည့်တရားဖြစ်သည်။
ပဋိက္ခဖြင့် လောကကို အကျိုးပြုခြင်းဖြစ်သည်။
အဓမ္မသည် ဓမ္မအား အစဉ်အတိုက်အခံပြု၏။
အဓမ္မက ရက်စက်ရိုင်းစိုင်းစွာ အတိုက်အခံပြုသည်။
ဓမ္မက တည်ငြိမ်ရင့်ကျက်စွာ ခုခံကာကွယ်သည်။
အဓမ္မက ရူးမူး ရိုင်းစိုင်းစွာ အတိုက်အခံပြုသည်။
ဓမ္မက ပိုမို၍တည်ကြည်လေးနက်စွာ ခုခံကာကွယ်သည်။
အဓမ္မက အရှက်ကင်းမဲ့စွာ အတိုက်အခံပြုသည်။
ဓမ္မက ဂုဏ်သိက္ခာရှိစွာ ခုခံကာကွယ်သည်။
အဓမ္မက တိရိစ္ဆာန်ကဲ့သို့ အတိုက်အခံပြုသည်။
ဓမ္မက မြင့်မြတ်မှုဖြင့် ခုခံကာကွယ်သည်။
အဓမ္မက အလုံးစုံဖျက်ဆီးမှုဖြင့် အတိုက်အခံပြုသည်။
ဓမ္မက စစ်မှန်သည့် တည်ဆောက်မှုဖြင့် ခုခံကာကွယ်သည်။
အဓမ္မက မိမိကိုယ်တိုင်ကိုရော အလုံးစုံကိုပါ အသေသတ်သည်။
ဓမ္မက မိမိကိုယ်တိုင်ကိုရော အလုံးစုံကိုပါ အသက်ဓာတ်သွင်းပေးသည်။
အဓမ္မက နောက်ဆုတ်ခြင်းဖြင့် အတိုက်အခံပြုသည်။
ဓမ္မက ရှေ့တိုးခြင်းဖြင့် ခုခံကာကွယ်သည်။
အဆုံးတွင်တော့ အဓမ္မသည် ဓမ္မအား အရှုံးပေးရတော့သည်။
ငုရင်ပြင်
www.nguyinpyin.net
Monday, September 24, 2007
ဓမ္မဖွင့်ချပွဲ
Posted by ဖိုးညို at 12:10 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment