Friday, September 7, 2007

“လူထုတိုက်ပွဲကို အရှိန်အဟုန်မြှင့်တင်ကြ”


လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံအတွင်းရှိ လူထုတိုက်ပွဲများအပေါ်
မကဒတ၏ အရေးပေါ်ထုတ်ပြန်ချက်

“လူထုတိုက်ပွဲကို အရှိန်အဟုန်မြှင့်တင်ကြ”

ယမန်နေ့ လှုပ်ရှားတိုက်ပွဲဝင်နေသော ပခုက္ကူမြို့ ရဟန်းသံဃာများနှင့် လူထုကြီး၏ ရဲရင့် တောက်ပြောင်မှုကို နိုင်ငံတ၀ှမ်းလုံးရှိ ရဟန်းသံဃာတော်များနှင့် လူထုကြီးတရပ်လုံးမှ အားရကျေနပ် ကြကြောင်း သိရှိရပါသည်။

နအဖစစ်အုပ်စု၏ ပြည်သူအချင်းချင်း စစ်ခင်းခိုင်းသည့် ယုတ်မာပက်စက်သော ကြံစည် လုပ်ဆောင်ချက်များကို ပခုက္ကူနှင့် နိုင်ငံတ၀ှမ်းဆန့်ကျင်ဆန္ဒပြ တုံ့ပြန်တိုက်ပွဲဝင်မှုများက နအဖ စစ်အာဏာရှင်တို့အား အမိအရ ခြိမ်းခြောက်နေပြီဖြစ်သည်ဟု မကဒတ မှ ရှုမြင်သည်။

ထိုဆုံစည်းမှုများမှ ဖြစ်ပေါ်လာမည့်အထွေထွေလူထုလှုပ်ရှားမှုကြီးသည် စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ လက်ကိုင်တုတ်များ၏ အတားအဆီးမှန်သမျှကို ရိုက်ချိုး ဖျက်သိမ်းသွားမည့် အင်အားကြီးပင်ဖြစ်သည်။

ပြည်သူအမည်ခံ ကြံ့ဖွတ်နှင့် စွမ်းအားရှင်တို့အား တုံ့ပြန်တိုက်ပွဲဝင်မှုမှာ အကြမ်းဖက်လုပ်ရပ်များ၊ နိုင်ငံတော်အား မတည်မငြိမ်ဖြစ်အောင် ဆူပူလုပ်ဆောင်နေမှုများ မဟုတ်ဘဲ လူထုအရေးတော်ပုံကြီးတရပ် ပေါ်ပေါက်ဆင်နွှဲတော့မည့် လက္ခဏာကောင်းများပင်ဖြစ်သည်ဟု ကျွန်ုပ်တို့ မကဒတမှ ယုံကြည်ပေသည်။

အထူးသဖြင့် ပန်ကြားလိုသည်မှာ ကြံ့ဖွတ်နှင့် စွမ်းအားရှင် အမည်ခံပြည်သူတို့အနေဖြင့် နအဖစစ်အုပ်စု. အသုံးချမှုကို နားလည်သိရှိပြီး တဒင်္ဂခံစားရမှုများအတွက် ကိုယ်ကျိုးမကြည့်ဘဲ တိုင်းပြည်၏ အနာဂတ်ရေးကို ရှေ့ရှု မှန်မှန်ကန်ကန် ရပ်တည်ရှောင်လွှဲသင့်သည်။ သို့မဟုတ်ပါက ပခုက္ကူမြို့မှ ကြံ့ဖွတ်အတွင်းရေးမှူးနှင့် စွမ်းအားရှင် ဥက္ကဌတို့၏ ဖြစ်ရပ်များကဲသို့ ရင်ဆိုင်ရမည်ဖြစ်သည်။ မကဒတ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီမှ လက်ရှိဖြစ်ပေါ်နေသည့် လူထုတိုက်ပွဲများအပေါ် အောက်ပါအတိုင်း သုံးသပ်ပြောဆို လိုက်ပါသည်။

“ယနေ့ မြန်မာပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ လူထုဆန္ဒပြမှုများဟာ တရားမျှတမှုရှိပြီး သမိုင်းလိုအပ်ချက်လည်း ဖြစ်ပါတယ်။ ဒါကို စစ်အုပ်စုက မှန်မှန်ကန်ကန်မဖြေရှင်းပေးဘဲ အခုလို အကြမ်းဖက်နှိပ်ကွပ်နေရင် လူထုက သူတို့လိုလားချက် ပန်းတိုင်ရောက်တဲ့အထိ အတားအဆီး မှန်သမျှကို ရိုက်ချိုးချီတက်သွားမှာဖြစ်တယ်။ ဒါဟာ မည်သည့်လူမှုတော်လှန်ရေး သမိုင်းမှာမဆို ဖြစ်ခဲ့တယ်။ နောင်ကိုလည်းဖြစ်နေဦးမယ့် သမိုင်းရဲ့ အမှန်တရားပဲ ဖြစ်ပါတယ်”

နိုင်ငံတ၀ှမ်းရှိ ရဟန်းသံဃာတော်များနှင့် ပြည်သူလူထုကြီးအား ပန်ကြားလိုသည်မှာ နအဖစစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ်အား ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ပွဲဝင်ချေမှုန်းသွားကြပါရန် ပန်ကြားလိုက်ပါသည်။

ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)
ရက်စွဲ-၂၀၀၇-ခုနှစ်၊ စက်တင်ဘာလ (၇) ရက်။

0 comments: