Friday, September 7, 2007

၁၉၇၄ - ၇၅ - ၇၆ မျိုးဆက် ကျောင်းသားဟောင်းကြီးများ၏ အရေးပေါ် ထုတ်ပြန် ကြေညာချက် ၁ / ၂၀၀၇

စက်တင်ဘာ ၄ ရက်၊ ၂၀၀၇ ခုနှစ်။

၁။ တိုင်းပြည်တွင်ကျရောက်လျက်ရှိသော ဖိနှိပ်ညှန်းပန်းမှုအမျိုးမျိုးနှင့် အထွေထွေအကြပ်အတည်းများကို သည်းမခံနိုင်တော့သည့် ကျောင်းသားလူငယ်များ၊ ရဟန်းသံဃာတော်များနှင့် ပြည်သူလူထု၏ လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြမှုများကို လူမဆန်စွာ ဖြိုခွင်းတိုက်ခိုက်လျက်ရှိသော နအဖ စစ်ကောင်စီ၏ တရားမဲ့လုပ်ရပ်ကို ငါတို့ အပြင်းထန်ဆုံး ကန့်ကွက်ရှုံ့ချလိုက်သည်။

၂။ နအဖ စစ်ကောင်စီ၏ ကောက်ကျစ်စဉ်းလဲသောလုပ်ရပ်ကြောင့် ရဲရင့်သောမြန်မာပြည်ထောင်စုသားတို့၏
သံမဏိစိတ်ဓာတ်သည် ယိုင်လဲသွားမည်မဟုတ်ဘဲ ပိုမိုပြင်းထန်သောအရှိန်အဟုန်သို့ ကူးပြောင်း၍ လူမျိုးစုံလူထု
တိုက်ပွဲကြီးတရပ် ပေါ်ပေါက်လာလိမ့်မည်ဟု ငါတို့ အကြင်းမဲ့ယုံကြည်ကြသည်။

၃။ ပြည်သူလူထု၏တိုက်ပွဲသဏ္ဌာန် ဆိုသည်မှာ အုပ်စိုးသူလူတန်းစားက သတ်မှတ်ပြဋ္ဌာန်းသည့်အတိုင်း တုံ့ပြန်သွားရလိမ့်မည်ဟု ငါတို့ (၇၄-၇၅-၇၆) မျိုးဆက်ကျောင်းသားဟောင်းများက လုံးဝခံယူသည်။

၎။ ထိုသို့သော လူမျိုးစုံလူထုတိုက်ပွဲကြီး ပေါ်ပေါက်လာ၍နအဖ စစ်ကောင်စီ၏ မတရားမှုအပေါင်းကို ဖယ်ရှားတိုက်ထုတ်ကြရာတွင် ငါတို့ (၇၄-၇၅-၇၆) မျိုးဆက်ကျောင်းသားဟောင်းကြီးများက မိမိတို့အတွေ့အကြုံ၊ မိမိတို့သိမြင်မှုဖြင့် မပြီးဆုံးသေးသောတိုက်ပွဲကို ဆုံးခန်းတိုင်အောင် ဆက်လက်ဆင်နွှဲသွားရန် သံဓိဋ္ဌာန်ချ ထားကြသည်။ ဤသည်နှင့်တဆက်တည်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ပြန်လည်ထူထောင်ခြင်းကို ငါတို့လှိုက်လှဲတက်ကြစွာ ထောက်ခံအားပေး ပူးပေါင်းလက်တွဲသွားမည်။

၅။ ပြည်ထောင်စုတိုင်းရင်းသားအပေါင်း၏ အထွေထွေအကြပ်အတည်း ဒုက္ခဆင်းရဲကို အမှန်တကယ် နားလည်သော တပ်မတော်အရာရှိကြီးများအပါအ၀င် လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးသည် ပြည်ထောင်စုကြီးကို ကာကွယ် ကယ်တင်သောအားဖြင့် လူထုကြီးဖက်မှ အမြန်ဆုံးရပ်တည် ပူးပေါင်းကြပါရန် လည်း ငါတို့ အလေးအနက်တိုက်တွန်း ပန်ကြားအပ်ပါသည်။

ကျောင်းသားရှိရင် ကျောင်းသားသမဂ္ဂရှိရမည်။
တရားမျှတ လွတ်လပ်သော တန်းတူရည်တူပြည်ထောင်စု
မုချပေါ်ထွန်းရမည်။
စစ်ကိုလိုနီဝါဒ တကမ္ဘာလုံးတွင် မုချကျဆုံးရမည်။

0 comments: