Friday, September 28, 2007

စက်တင်ဘာ ၂၈ ရက် ၇က် ညနေပိုင်း သတင်းများ

စက်တင်ဘာလ ၂၈ ရက်၊ ၂၀၀၇ ခုနှစ်။

ထိပ်ပိုင်းကွဲပြီ
မန်မာစံတော်ချိန် ၁၉း၁၀ (သတင်းလွှင့်တင်ချိန်)

ဆန္ဒပြသူများကို သတ်ဖြတ် ဖြိုခွင်းခြင်း အပေါ် ဗိုလ်ချုပ် မောင်အေးနှင့် သူ့အပေါ် သစ္စာခံသူ တပ်မှူးများက ဗိုလ်ချုပ်သန်းရွှေ မကျေမနပ် ဖြစ်နေကြပြီး ဗိုလ်ချုပ် သန်းရွှေနှင့် အကြီးအကျယ် သဘောကွဲလွဲနေကြောင်း စစ်အစိုးရနှင့် နီးစပ်သူ သတင်းရပ်ကွက် တခုက ပြောသည်။

ပန်းဆိုးတန်းနဲ့ တရုတ်တန်းမှာ ဆန္ဒပြသူများ အရိုက်ခံရ
မြန်မာစံတော်ချိန် ၅ နာရီ (သတင်းရယူချိန်)

ရန်ကုန်မြို့လယ် ပန်းဆိုးတန်းနှင့် တရုတ်တန်းတွင် ယနေ့ညနေ ၃ နာရီခွဲခန့်က ဆန္ဒပြ လူအုပ်ကြီးကို စစ်တပ် ဦးဆောင်သည့် ကြံ့ဖွတ်၊ စွမ်းအားရှင်များနှင့် ထောင်ထွက်များက တုတ်များဖြင့် ဝိုင်းဝန်း ရိုက်နှက်ခဲ့ရာတွင် လူများစွာ သေဆုံးသည်ဟု ဒေသခံများ အကြား ခန့်မှန်း ပြောဆိုနေကြပြီ ဖြစ်သည်။

ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူတဦးက …

“ကျနော်လေ ဆူးလေကနေ နေ့လည် ၂ နာရီလောက်ကနေ ပြန်လာတာပါ။ အခြေအနေ မကောင်းလို့။ အခြေအနေ မကောင်းလို့ ဆိုတာက အဲဒီမှာ ကြံ့ခိုင် ဖွံ့ဖြိုးရေးတွေ၊ ထောင်က ထွက်လာတဲ့ ကောင်တွေလေ။ ထောင်က ထွက်လာတဲ့ ကောင်တွေကို သိတဲ့အတိုင်းပဲ မနေ့ကလည်းပဲ ကား ၄ စီးလောက် လာချသွားတယ်လေ။ အဲမှာ ကျနော် ကြည့်လိုက်တဲ့ အခါကျတော့ ဒီကောင်တွေကလည်း လက်တွေ၊ ခြေထောက်တွေမှာ ပွစိစိ၊ ဖောယောင်နေတာ။ ထောင်ထဲမှာ သိတဲ့အတိုင်းပဲ လုံးတီးဆန် စားထားတဲ့ ကောင်တွေလေ။ အဲကောင်တွေကလည်းပဲ နောက်ဘက်မှာ လွယ်အိတ်လေးတွေ လွယ်ပြီးတော့ အထဲမှာ ဂျင်ကလိတို့၊ လေးခွတို့ ပါတယ်ထင်တယ်။ စစ်တပ်က နောက်ကနေပြီး လူတွေကို လိုက်ချက်နေတာ ကျနော်တို့ကလည်း လိုက်ချက်နေရတယ်။

အခုပဲ လမ်း ၄ဝ က တယောက်က လှမ်းဖုန်းဆက်တယ်။ ပန်းဆိုးတန်း ကုန်းပေါ်မှာ သွေးတွေ အများကြီးပဲ အိုင်ထွန်းနေတာပဲတဲ့။ တရုတ် တန်းမှာလည်း ပစ်လို့ အကုန် ထွက်ပြေး နေကြတယ်။ စစ်တပ်က ပစ်တာဗျာ။ ပထမတုန်းက ဆူးလေလောက်ကနေ ပန်းဆိုးတန်း၊ နောက် ပန်းဆိုးတန်း ကျော်ကျော်လာက်ကနေ လူတွေက ဘားလမ်းလောက်ထိပေါ့နော်။ လှည့်ပတ်ပြီးတော့ သွားတဲ့အခါကျတော့ ပန်းဆိုးတန်းမှာ တွေ့တဲ့သူတွေ အကုန်လုံးကို သေနတ်နဲ့ ပစ်တာထက် အသံတိတ် ရိုက်နေတာဗျ။ စွမ်းအားရှင်တွေကလည်း သံတုတ်တွေနဲ့ ရိုက်နေတာ အသံတိတ် ရိုက်နေတာ။ သေနတ်သုံးတာထက် အသံတိတ် ရိုက်သတ်နေတာဗျာ။ ဖြစ်တဲ့အချိန်က ၃ နာရီခွဲ လောက်မှာဗျ။

လူတွေက ၁၇ လမ်းတို့၊ တရုတ်တန်းတို့ကို အကုန် ထွက်ပြေးနေကြတာ။ လမ်းမတော် လမ်းတလျှောက်မှာတော့ စစ်တပ်ကတွေ အကုန် ပိတ် ထားတာ။ လူအသေအချာတော့ သေချာ မသိဘူးဗျာ။ ဒီဖြစ်ရပ်မှာတော့ လူက ရာနဲ့ ချီသေတယ်။ ရာနဲ့ချီပြီး သေသွားပါပြီ။ ဖမ်းထားတာတွေ ကတော့ ထောင်ဂဏန်းလောက် ရှိမယ်။ အင်းစိန်ထောင်တောင် မဆန့်လို့ လူတွေကို ဂျီတီအိုင် ကျောင်းထဲ ပို့ထားတယ်လို့ ကြားတယ်။

ပြီးခဲ့တဲ့ ၂၆ ရက်နေ့က ဘုန်းကြီးတွေကို သံတုတ်တွေနဲ့ ရိုက်ပြီးတော့ အလုံးပိတ် ကားတွေပေါ် တင်သွားခံရတဲ့ ဘုန်းကြီးတွေရဲ့ ကံကြမ္မာတွေ ကို ကျနော်တို့က စိုးရိမ်တယ်။ အဲဒီနေ့မှာ နောက်တခါ ဘုရားပေါ်မှာ ပိတ်မိနေတဲ့ ဘုန်းကြီးတွေကို လူမသိသူမသိ ခွေးဆွဲသလို ဆွဲသွားခံရတဲ့ အဲဒီဘုန်းကြီးတွေရဲ့ ကံကြမ္မာကလည်း နည်းတာ မဟုတ်ဘူး။ ကျောင်းမှာ ပိတ်မိနေတာလည်း အများကြီး။ သူတို့တွေက ကျေညာထားတာက လူ ၉ ယောက် သေတယ်၊ ၁၁ သေတယ်တဲ့။ ဘယ်ကမလဲဗျာ။ ရာနဲ့ချီ သေလောက်ပြီ အခုလောက်ဆိုရင်ဗျာ”

ပုဇွန်တောင်ပစ်ခတ်မှု
မြန်မာစံတော်ချိန် ၁၇း၃၀ (သတင်းလွှင့်တင်ချိန်)

၎နာရီကျော်မှာ ပုဇွန်တောင်ဘက်မှာ ဆန္ဒပြတဲ့ တသောင်းကျော် ရှိတဲ့ လူအုပ်ကို စစ်တပ်က ပစ်တယ် အနည်းဆုံး လူ ၃ဦး ဒဏ်ရာ ရတယ်။ နောက်မကြာမီမှာဘဲ လူအုပ်ကွဲသွားပြီ။

မန်မာစံတော်ချိန် ၁၅း၅၅ (သတင်းလွှင့်တင်ချိန်)
ဒဏ်ရာရသူများ များပြားသည်ဆိုသော သတင်းကြောင့် WHO မှ သွားရောက်ကာ ဆေးများ လှူဒါန်းသည်ကို လက်မခံဘဲ ငြင်းလွှတ်ကြောင်း (WHO ရုံးက) ကြားသိရပါသည်။ ဆေးရုံကြီးသို့ ဖုန်းဆက် မေးမြန်းသောအခါ ပြန်လည် ဖြေကြားခြင်း မရှိ၊ ငြင်းဆိုခြင်း မရှိဘဲ ဖုန်းကို ချသွားပါသည်။ ဆေးရုံကြီးဝင်းကို စစ်တပ်က ပိတ်ပစ်လိုက်သည်။

ဆူးလေနားတွင် ရောက်ရှိနေသူတဦးက မဇ္ဈိမ သို့ ပြောပြချက်
မြန်မာစံတော်ချိန် ၁၅း၁၀ (သတင်းလွှင့်တင်ချိန်)

“ညောင်ပင်လေးဈေး ပလာဇာရှေ့ကနေ ဖြတ်ပြီးတော့ ဒေါင်းအလံ တင်ထားတဲ့ ကျောင်းသားအင်အား ၃ သောင်းလောက်က လမ်းမတော် လမ်းအတိုင်း ဆူးလေကို မသွားဘဲနဲ့ အပေါ်ကို ထောင်တက်သွားတယ်။နောက်ပြီးတော့ ဆူးလေ ပန်းခြံထဲမှာလဲ ပြည်သူလူထုက တုတ်ဓါးတွေနဲ့  တိုက်ခိုက်ဖို့ ကြိုးစားနေတယ်။ သူတို့ဘက်ကတော့ စောင့်နေတဲ့ ဆူးလေဘုရား အရှေ့အနောက်ကို အင်အားက ၃ထောင် ၄ ထောင် အဲဒီ ပတ်ချာလည်မှာ အများကြီးဘဲ၊ ပိတ်ထားတယ်။ သူတို့ဘက်ကတော့ ဆူးလေ ပတ်ချာလည်မှာ အင်အား တော်တော်များတယ်။ ပြည်သူတွေက ဆူးလေ ပတ်ချာလည်မှာ ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် စစ်အစိုးရကို တော်လှန်နေကြတယ်။”

“ဆူးလေ လမ်းထောင့်တိုင်းမှာတော့ လမ်းတိုင်း လမ်းတိုင်းမှာ လူတွေက တုတ်ဓါးတွေနဲ့ စွမ်းအားရှင်တွေ ထွက်လာလို့ကတော့ အရိုက်ပဲ ဆိုပြီး စောင့်နေကြတယ်။”

ရန်ကုန်မြို့လုံခြုံရေးကို တပ်မ ၆၆ တပ်နှင့် တပ်မ ၇၇ တပ်များက နေရာခွဲ တာဝန် ယူထားသည်။ တောင်ဥက္ကလာနှင့် မြောက်ဥက္ကလာတွင် တပ်မ ၇၇ ရှိနေပြီး မြို့ထဲတွင် တပ်မ ၆၆ ကို တွေ့ရသည်။

မြောက်ဥက္ကလာထဲက စစ်ကားတွေ ထွက်သွားပြီ
မန်မာစံတော်ချိန် နေ့လည် ၂ နာရီ (သတင်းရယူချိန်)

ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့ရှိ မယ်လမုဘုရား အနီးတွင် နာရီပိုင်းမှ တပ်စွဲထားသည့် စစ်ကား ၁၇ စီးသည် ယခုအခါ ရန်ကုန် မြို့တွင်းသို့ ကမ္ဘာအေး ဘုရားလမ်းတိုင်း ပြန်လည် ထွက်ခွါသွားပြီ ဖြစ်ကြောင်း သိရသည်။

မျက်မြင်တွေ့ရှိသူတဦးက …

“အန်တီတို့ ရပ်ကွက်ထိပ်မှာ စစ်သားတွေ ရောက်နေတယ် ပြောတော့ သွားကြည့်လိုက်တဲ့ အခါကျတော့ စစ်ကား ၁၇ စီးကို မယ်လမု ဘုရားထိပ်မှာ တွေ့လိုက်တယ်။ အဲဒီနားကနေ နေ့ခင်း တနာရီခွဲလောက်မှာ ရန်ကုန်ဘက်ကို တက်သွားတယ်။ ကမ္ဘာအေး ဘုရားလမ်းအတိုင်း တက်သွားတာ။ အပေါ်မှာ အမိုးပါတယ်၊ ဘေးမှာ သံကိုင်းတွေ ထောင်ထားတဲ့ ထရပ်ကားတွေပေါ့နော်။ စစ်ကားတစီးကို စစ်သားက ၃-၄ဝ လောက်ပါတယ်။ လက်ပတ်တွေကို မမြင်လိုက်ရဘူး။ ကားအားလုံးက ဒါမျိုးကားတွေချည်းပဲ။ နောက်ထပ် စစ်သားကတော့ ဘယ်သူမှ မကျန်ရစ်ဘူး။ စစ်သားတွေ ကွဲတယ်လို့ သိုးသိုးသဲ့သဲ့ ပြောကြတယ်။ ဒါပေမဲ့ အတည် ပြုလို့ မရဘူးပေါ့ သားရယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ ဒီမှာ လာနေတယ် ဆိုတာကလည်း လာနေတယ်ပဲ ရှိတယ်။ ဘာမှလည်း မဟုတ်ဘူး။ ပစ်တာခတ်တာ၊ ဖမ်းတာဆီးတာ မရှိဘူး။ လာပြီး ကားတွေရပ်နေတဲ့ သဘောပဲ။

မနက် ၉ နာရီခွဲ၊ ၁ဝ နာရီ ပတ်ဝန်းကျင် လောက်ကတည်းက မယ်လမု ဘုရားနားမှာ ရပ်နေတာလေ။ အဲလောက်ကတည်းက ရောက်ခဲ့တာ။ ဘယ်စစ်သားမှ ချန်မနေရစ်ဘူး။ အကုန် ထွက်သွားတာ။ အကုန်လုံး အေးအေးဆေးဆေးပဲ။ ဆန္ဒပြတာတွေလည်း မရှိဘူး။

သူတို့ ရပ်နေတဲ့ မယ်လမု ဘုရားနားမှာက ဘုန်းကြီးကျောင်း တကျောင်းရှိတယ်။ အန်တီတို့ ရပ်ကွက်က ထင်တာက ဘုန်းကြီးကျောင်းကိုများ လာတာလားပေါ့နော်။ ဒါပေမဲ့ ဘုန်းကြီးကျောင်းကို ဘာမှ အန္တရာယ် ပေးမသွားပါဘူး။ နောက်တော့ ကမ္ဘာအေး ဘုရားလမ်းအတိုင်း ရန်ကုန်ဘက်ကို တက်သွားတာပါ” ဟု ပြောသည်။

မြန်မာစံတော်ချိန် ၁၄း၃၅ (သတင်းလွှင့်တင်ချိန်)
“လူတွေက အခုအချိန် ပန်းဆိုးတန်း လမ်းတလျှောက် အော်နေပါတယ်။ ကြွေးကျော်သံတွေနဲ့ ကြွေးကျော်ပြီး အော်နေတာပေါ့နော်။ ပန်းဆိုးတန်း လမ်းထောင့်မှာ သူတို့ ဟိုဘက်က ကြည့်နေတယ်။ လူတွေကတော့ အော်လိုက်ပြေးလိုက် အော်လိုက်ပြေးလိုက်ပေါ့နော် လုပ်နေကြတယ်။ အခုလူအင်အား တသောင်းလောက် ဖြစ်လာပြီ။ အသင့်စောင့်နေတဲ့ လူတွေကတော့ တိုးလာတာ မရှိသေးဘူး။ ဒါပေမဲ့ ကျနော်တို့ ကြောက်ရတာက နောက်ကနေ သူတို့ ပိတ်ပစ်လိုက်တာလေ။” ဟု ဆန္ဒပြမှုတွင် ပါဝင်သူ တဦးက မဇ္ဈိမသို့ ပြောသည်။

မန်မာစံတော်ချိန် ၁၄း၃၀ (သတင်းလွှင့်တင်ချိန်)
ရန်ကုန်မြို့ ၂၇ လမ်းတွင် ကျောင်းသားများ ယူလာသော ခွပ်ဒေါင်းအလံ တခုကို ရဲများက ယနေ့ အစောပိုင်းက သိမ်းဆည်းလိုက်သည်။

မန်မာစံတော်ချိန် ၁၄း၁၅ (သတင်းလွှင့်တင်ချိန်)
ပန်းဆိုးတန်း လမ်းတလျှောက် ဆန္ဒပြသူ ၁ သောင်းကျော် ရှိလာပြီ ဖြစ်သည်။ ကျောင်းသားများ ဦးဆောင်ပြီး ဆက်လက်၍လည်း ကြွေးကျော် အော်ဟစ်လျှက် ရှိသည်။ စစ်သားများက ၂၄ လမ်းထိပ်တွင် အကာအရံ အတားအဆီးများဖြင့် စောင့်လျှက်ရှိသည်။ စစ်သားများ အရှေ့ ထပ်တိုးမှု မရှိသေးပါ။

လူမစုရ အမိန့်ကို ၃ ရက်မြောက် အာခံပြန်
မန်မာစံတော်ချိန် ၁၄း၁၀ (သတင်းလွှင့်တင်ချိန်)

ပန်းဆိုးတန်းတွင် ဆန္ဒပြနေသူ ၁၀၀၀ ကျော်က စတင် ဆန္ဒပြနေပြီး လမ်းကြားများမှလည်း ပူးပေါင်းမည့်သူများ လာရောက် နေကြသည်။

“ပြည်သူ့ဆန္ဒ အောင်ရမည်။ ပြည်သူ့ဆန္ဒ အောင်ရမည်” ဟူသော ကြွေးကျော်သံများ ဟစ်အော်လျှက် ရှိသည်။

ဆူးလေမှာ ဆုံတယ်
မန်မာစံတော်ချိန် ၁၄း၀၀ (သတင်းလွှင့်တင်ချိန်)

သမတ ရုပ်ရှင်ရုံ ရှေ့ဘက်တွင် လူ ၁၅ဝဝ ကျော် ဆန္ဒပြရန် အသင့် စောင့်ဆိုင်း နေကြသလို စစ်တပ်ကလည်း ဆူးလေဘုရား ပတ်ဝန်းကျင်တွင် စောင့်ဆိုင်း နေကြသည်။

မြန်မာစံတော်ချိန် ၁၃း၅၀ (သတင်းလွှင့်တင်ချိန်)
မြောက်ဥက္ကလာပ မယ်လမုဘုရားအနီး တပ်မနှစ်တပ် တဖက်နှင့်တဖက် ပစ်ခတ်နေသည် ဆိုခြင်းအပေါ် မဇ္ဈိမ အထောက်တော်က လေ့လာ စုံစမ်းပြီး ပြန်ဖြေကြားရာတွင်

“တပ်နှစ်တပ် ပစ်နေတယ်ဆိုတာ မဖြစ်နိုင်ဘူး။ အခုချထားတာက တပ်မ ၇၇ တွေကြီးဘဲလေ။ သူတို့က အသားမဲမဲ တကယ့် ဝါရင့်တွေ ဖြစ်တယ်။ လူတွေကို သူတို့ စောင့်နေတာလေ။ တောင်ဥက္ကလာနဲ့ မြောက်ဥက္ကလာကို စောင့်နေတယ်။ မနေ့က ငွေကြရံမှာလဲ တော်တော် ဖြစ်သွားတယ် ဆိုတော့ သူတို့က အဲဒီ နေရာတွေမှာ ထွက်လာမှာဘဲ ဆိုပြီး စောင့်နေတယ်။ အခုတော့ မြို့ထဲ၊ ဆူးလေဘက်ကို ပြန်ဆင်းနေတယ်။”

သိမ်ကြီးဈေးမှာ ပြောက်ကျား ဆန္ဒပြမှု
မြန်မာစံတော်ချိန် ၁၃း၄၅ (သတင်းလွှင့်တင်ချိန်)

“စောစောကတော့ ဆန္ဒပြတဲ့ အုပ်စုကတော့ ၅ထောင် ပတ်ဝန်းကျင် ရှိတယ်။ အဲဒီ သိမ်ကြီးဈေးနားမှာ ပိတ်မိနေလို့ ကြားတယ်။ သူတို့က အခုပြန်ပြီး ခြေရာဖျောက်သွားပြီဗျာ။ နောက်ဘယ်နေရာ ပြန်စုမှာလဲတော့ မသိဘူး။ ဟိုဘက်ထိပ်မှာက မမြင်ရဘူး။ ဒီဘက်ထိပ်မှာက စစ်ကား၃စီးနဲ့ ရင်ဘောင်တန်းပြီး ပိတ်ထားတယ်။ အင်အားက စစ်သား တရာလောက် ရှိတယ်။”

ရန်ကုန်အခြေအနေ
မြန်မာစံတော်ချိန် ၁၁း၃၅ (သတင်းလွှင့်တင်ချိန်)

စစ်ကား ၃ စီးနှင့် လုံထိန်းကား ၂ စီး မြေနီကုန်းကို ဖြတ်၍ လှည်တန်းဘက်သို့ မောင်းနှင်သွားသည်။

ရန်ကုန်အခင်းအကျင်း
မန်မာစံတော်ချိန် ၁၁း၃၀ (သတင်းလွှင့်တင်ချိန်)

“ပြည်သူတွေအများက ဒီကောင်တွေကို ဖြတ်ကို ဖြတ်ရမယ် ဆိုပြီး နောက်ပြီး ဒီနေ့ ဒီလိုမျိုး အချိန်ဟာ နောင်ရမှာ မဟုတ်ဘူး။ ဒီပွဲကို ပြတ်အောင် လုပ်ရမယ်၊ သူတို့ဖာသာ တစ်ယောက်နဲ့တစ်ယောက် ပြောနေကြတယ်။ လူတွေက မခံနိုင်ကြတော့ဘူး။ ရပ်ကွက်ထဲက လူတွေရော ပါတယ်။ နောက်ပြီး ဘယ်က လာတာမှန်း မသိဘူး လူတွေကလေ အများကြီးဘဲ ပြောနေကြတယ်။ ဒီနေ့ဆိုရင်လည်း ချမှာပဲတဲ့လေ။” ဟု မဇ္ဈိမ အထောက်တော် တဦးက ပြောပြသည်။

တာမွေအမှတ် ၃ အထကနှင့် အမှတ် ၄ အထက ကျောင်းဝင်းများအတွင်း ပြောက်ကျား ဝတ်စုံဝတ် လုံထိန်း ၃ဝ ကျော် စောင့်ဆိုင်းနေကြသည်။

အစိုးရ ကျောင်းများ အားလုံး ဖွင့်ထားသော်လည်း ကျောင်းမတက်သူ များ၍ ခြောက်ကပ်နေသည်။

စစ်ကားများ ကင်းလှည့်လျှက် ရှိပြီး ကျောက်တံတား ရဲစခန်း ပတ်ပတ်လည်တွင် သံဆူးကြိုးများ ကာရံထားသည်ကတော့ ထူးခြားမှု ဖြစ်သည်။ စခန်းအတွင်း ရဲနှင့် စစ်သားများ ယခင်နေ့ကထက် ပိုလာသလို ဆူးလေတွင်လည်း စစ်သား၊ ရဲ၊ လုံထိန်းများ ပိုမို ချထားသည်။

မဇ္ဈိမ


2 comments:

FreedomOfBurma said...

နအဖ(နွားအဖွဲ့)တွေ လုံးဝ ကျဆုံးတဲ့အထိ တိုက်ပွဲ ၀င်ကြရမယ်။

PhoEniX said...

UN hotline in Yangon
Can call 24hrs/7 days
Should work especially curfew hrs:
Tel:554597
Tel:554625
Please Pass these to everyone in Burma
Kinldy
Burman