Monday, October 1, 2007

နောက်ဆုံးရ အီးမေးလ် သတင်း

ကျောင်းသားတွေ လျို့ဝှက် တွေ့ဆုံ
စက်တင်ဘာ ၃၀ ရက် ၂၀၀၇ (ရန်ကုန်)

လူထုလှုပ်ရှားမှုများကို အရှိန်မြှင့်ဆောင်ရွက်ရန် ဒီကနေ့ ကျောင်းသားလူငယ်များ ရန်ကုန်မြို့တနေရာ့ လျို့ဝှက်တွေ့ဆုံခဲ့ကြောင်း သတင်း ရရှိသည်။ ကျောင်းသားများက ‘အခုဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ။ သွေးထွက်သံယိုမှုတွေ။ သတ်ဖြတ်မှုတွေအတွက် အဓိကတာဝန်ရှိ သူ မှာ စစ်အစိုးရဖြစ်ပြီး။ စစ်အစိုးရအနေနဲ့ မိမိတို့ လုပ်ရပ်ဆိုးတွေနဲ့ ပတ်သက်ပြီး သေသေချာချာ ပြန်လည်သုံးသပ်စဉ်းစားဖို့လိုကြောင်း၊ အကြမ်းဖက်မှုတွေကို ရပ်ပေးဖို့လိုတဲ့အကြောင်း။ ပြ၏နာများကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့လိုကြောင်း’ သုံးသပ်ဆွေးနွေးခဲ့ကြသည်။

စစ်အစိုးရက ဘယ်လောက်ဘဲ အကြမ်းဖက်ဖက်၊ နှိပ်ကွပ်ကွပ်၊ လူထုအုံကြွမှုတွေကို ရပ်တန့်သွားအောင် လုပ်နိုင်မှာ မဟုတ်ကြောင်း။ လက်ရှိ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေဟာ မြန်မာပြည် လူ့အဖွဲ့အစည်းအတွင်းမှာ အခိုင်အမာတည်ရှိနေတဲ့ အင်အား ၇ သိန်းလောက်ရှိတဲ့ သံဃာ့ အဖွဲ့အစည်းကြီးကို ထိပ်တိုက် အကြမ်းဖက် စော်ကားခဲ့တာဖြစ်နေပြီး။ ဒီအတွက်ကြောင့် သံဃာထုတရပ်လုံး မကြေမနပ်ဖြစ်နေသည့် အပြင် ကျောင်းသားပြည်သူ တရပ်လုံးကပါ မခံမရပ်နိုင်ဖြစ်လာတဲ့အတွက် တိုက်ပွဲပုံစံ ပြောင်းသွားပြီဖြစ်ကြောင်း၊ ဒီကနေ့ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေဟာ ကျောင်းသားနဲ့ တပ်မတော်သားအကြား သံဃာနှင့် တပ်မတော်သားအကြား ဖြစ်ပေါ်နေတာ မဟုတ်ကြောင်း၊ မြန်မာပြည်လူ့အဖွဲ့အစည်းတရပ်လုံးနဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတစုတို့အကြား ထိပ်တိုက်ရင်ဆိုင် ဖြစ်ပေါ်နေတဲ့ တိုက်ပွဲဖြစ်ကြောင်း။ တပ်မတော်သားတွေ၊ ပြည်သူ့ရဲတွေအနေနဲ့ ဘယ်ဘက်ကနေ ရပ်တည်မလဲဆိုတာကို အဆုံးအဖြတ်ပေးရတော့မယ့် အချိန်ကို ရောက်နေပြီဖြစ်ကြောင်း သုံးသပ်ဆွေးနွေးခဲ့ကြသည်ဟု သတင်းရရှိပါသည်။ ဒီကနေ့လည်း ကျောင်းသားတွေ အောင်မြင်စွာဖြင့် ဆန္ဒပြပွဲများ ပြုလုပ်နိုင်ခဲ့ကြောင်း သိရှိရပြီး၊ မနက်ဖန်မှာ ပိုမိုအရှိန်အဟုန်ပြင်းစွာ လှုပ်ရှားကြမှာဖြစ်ကြောင်း သိရှိရပါသည်။

သံဃာတော်များ ပိတ်ဆို့ခံထားရှု ဆွမ်းအခက်အခဲရှိ- မြို့ခံလူထု ၀ိုင်းဖို့လို
စက်တင်ဘာ ၃၀ ရက် ၂၀၀၇ (ရန်ကုန်)

ရန်ကုန်မြို့ရှိ ဘုန်းကြီးကျောင်းများအား စစ်တပ်မှ ပိတ်ဆို့ထားသည့်အတွက် သံဃာတော်များ ဆွမ်းခံထွက်မရ။ ဒကာ ဒကာမများ ဆွမ်းလှူဒါန်းခွင့်မရ ဖြစ်နေပြီး မြို့ခံပြည်သူလူထုများက သံဃာတော်များအတွက် စိုးရိမ်ပူပန်လျှက်ရှိကြောင်း သိရှိရသည်။မိစ္ဆာကောင်များအား သပိတ်မှောက် ကံဆောင်ထားပြီးဖြစ်သည့်အတွက် ၄င်းတို့ ကျွေးသည့် ပေးပို့သည့် ဆွမ်း အပါအ၀င် မည်သည့်ပစ္စည်း ၄ ပါးကိုမှ လက်မခံ၊ ဘုန်းမပေး၊ မသုံးဆောင်ကြကြောင်း စုံစမ်းသိရှိရပါသည်။ မိစ္ဆာကောင်များက သံဃာတော်များအား ပိတ်ဆို့ထားသည့်ရည်ရွယ်ချက်မှာ ဆန္ဒပြပွဲများကို ဦးမဆောင်နိုင်စေရန် ဖြစ်သည့်အပြင်။ သံဃာထုအား အစာဖြတ်၊ ရေဖြတ်၊ အဆက်အသွယ် ဖြတ်ပြီး သံဃာထု၏ သပိတ်မှောက် ကံဆောင်ပွဲကို တန်ပြန်တာဖြစ်ကြောင်း၊ ပြည်သူလူထုအနေနဲ့ ထိုကိစ္စ အမြန်ဆုံး ၀ိုင်းပြီး ဖြေရှင်းဆောင်ရွက်ကြဖို့လိုကြောင်း စုံစမ်းသိရှိရပါသည်။

မိစ္ဆာကောင်များ၏ သံဃာ့သိက္ခာချပွဲ ကျရှုံး
စက်တင်ဘာ ၃၀ ရက် ၂၀၀၇ (ရန်ကုန်)

ဖမ်းဆီးချုပ်နှောင်ခံထားရသော သံဃာတော်များအား မိစ္ဆာကောင်များက သင်္ကန်းချွတ်ပြီး လူဝတ်လဲခိုင်းကာ သံဃာ့သိက္ခာချခိုင်းခဲ့ကြောင်း သို့သော် သံဃာတော်များက လက်မခံသည့် အတွက် မိစ္ဆာကောင်များ၏ သံဃာ့သိက္ခာချပွဲ ကျရှုံးသွားကြောင်း သတင်းရရှိသည်။ ၄င်းတို့အစီအစဉ်မအောင်မြင်သည့်အတွက် သံဃာတော်များအား ခါးပတ်များဖြင့် ရိုက်နှက်ခဲ့ကြောင်း မြန်မာပြည်ဆိုင်ရာ သတင်းများ စုံစမ်း သိရှိရပါသည်။

0 comments: