Sunday, September 30, 2007

စစ်တွေမှာ စစ်တပ် လုံခြုံရေးတွေ ချထား

စက်တင်ဘာ ၃၀ ရက် ၂၀၀၇ ခုနှစ်
မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီခွဲ (သတင်းရယူချိန်)

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် သံဃာနှင့် ပြည်သူ ပူးပေါင်း ဆန္ဒပြပွဲများ ယနေ့တွင် ဆက်လက် ကျင်းပနိုင်ခြင်း မရှိစေရန်အတွက် ဆန္ဒပြလေ့ရှိသည့် မြို့နေရာ အချို့တွင် ယမန်နေ့ညမှ စတင်ကာ စစ်တပ်နှင့် ရဲတပ်သားများ စုပေါင်း လုံခြုံရေး ယူလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဒေသခံတဦးက “ဒိုးဝင်း ရပ်ကွက်က ဘုရားကြီးရှေ့ ဝင်္ကပါကွင်းမှာ စစ်တပ်ကနေ သံဆူးကြိုးအကာတွေ ချထားပြီးတော့ တဲတွေ ထိုးထားတယ်။ စစ် တာလပတ်တွေနဲ့လေ။ ယာယီတဲတွေ။ ရဲက ၁ဝဝ၊ တပ်က ၂ဝဝ လောက် ရှိတယ်။ ပြည်တော်သာ ရပ်ကွက်ထဲမှာ ရှိတဲ့ ပယက (ပြည်နယ် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ) ရုံးမှာလည်း သံဆူးကြိုးတွေနဲ့ ချကာထားတယ်ဗျ။ စစ်တပ်နဲ့ ရဲ အင်အားက ၁၅ဝ လောက် ရှိတယ်။ ကျေးပင်ကြီး ရပ်ကွက်ထဲက ဦးဥတ္တမ ပန်းခြံမှာလည်း ချထားတယ်။ ရဲနဲ့ စစ်တပ် ၂ဝဝ လောက် ရှိတယ်။ ကုန်သွယ် လယ်ယာမှာလည်း ချထားတယ်ဗျ။ ဒါတွေက ညပိုင်းမှာ ချလိုက်တာ။ ဘုန်းကြီးတွေလည်း ဆွမ်းခံကြွတာတောင် မရဘူး။ ခေါ်ပြီး စစ်ဆေးတယ်။ အဲလိုဖြစ်နေတာ။ လုံးဝ ထွက်လို့မရအောင် လုပ်ထားတာ” ဟု ပြောသည်။

ယမန်နေ့ နံနက်ပိုင်းက အာဏာပိုင်များဘက်က အဓိကရုဏ်း နှိမ်နင်းရေး လေ့ကျင့်မှုများကို လူမြင်ကွင်းတွင် ပြုလုပ်ပြခဲ့သော်လည်း ညနေပိုင်းတွင် သံဃာ အပါး ၈ဝ ခန့်နှင့် ပြည်သူ ၃ဝဝဝ ခန့် ပါဝင်သည့် မေတ္တာပို့ ဆန္ဒပြပွဲ တရပ် ကျင်းပခဲ့သေးသည်။

ယခင်က ဆန္ဒပြပွဲ ကျင်းပရာ နေရာများတွင် ယခုလို လုံခြုံရေးများ တိုးမြှင့် ချထားခြင်း ဖြစ်ကြောင်းနှင့် ယနေ့တွင် ဆန္ဒပြပွဲ ဖြစ်ပေါ်နိုင်ခြင်း ရှိ၊ မရှိ မခန့်မှန်းနိုင်သေးကြောင်း စစ်တွေ ဒေသခံက ဆက်ပြောသည်။

မြန်မာစံတော်ချိန် ၁၈း၀၀ (သတင်းလွှင့်တင်ချိန်)

မန္တလေးတွင် သံဃာတော်များ ဆန္ဒမပြရန် စစ်တပ်က ကြိုးပမ်းရာတွင် ကျောင်းတိုက်များကို ပိတ်ထားပြီး ထွက်ခွင့် မပြုဘဲ ထားခြင်း ဖြစ်သည်။ သို့သော် သံဃာတော်များက ကျောင်းတိုက်အတွင်းမှ မောရသုတ်၊ မေတ္တာသုတ်များ ရွတ်ဆိုနေကြသည်။

ပြည်သူလူထုကတော့ ဗုဒ္ဓ ဂေါတမဘုရားရှင် ပုံတော်ကိုင်၍ ဆန္ဒပြရန် စီစဉ်နေကြသည်။

မဇ္ဈိမ သတင်းဌာန

0 comments: