တိုက်မောင်း
ဗော်လဂါ
ယန်စီ
ဧရာဝတီ
ဂင်္ဂါ
မဟာမြစ်များကြား
(ကျနော်) ဧရာဝတီနားမှာ နေပါတယ်။
ဧရာဝတီကမ်းပါးနားက
လှပါပေ့ဆိုတဲ့ပန်းချီကားများ
မပီမသခံစားကြည့်ဖူးပါတယ်။
ဘယ်လိုမှ ဆုပ်ကိုင်၍မရပါ။
တကယ်တော့ --- ကျနော်ဟာ ----
ဧရာဝတီနဲ့
ပုဂံပြည်မရောက်ဖူးသေးတဲ့
တကယ့်မြန်မာပြည်ဖွား
အညာသားမျိုးနွယ်ဝင်တယောက်
အောက်ပြည်ပေါက်
ကျနော့်လောက်
ရှက်စရာကောင်းသူကိုမှ
မခင်သီက ---- ဧရာဝတီရဲ့အလှအပတွေအကြောင်း ပြောပြနေတယ်။
အိပ်ပါရစေတော့ --- မခင်သီ။
ဖောင်စုန်ရွက်တိုက် ---
ဧရာဝတီတ၀ိုက်ကလေပြေ
ကျနော့်ဆီမှာ --- မနေဘူးလေ။
အပူဇုံဘေးက
အေးမြတဲ့အာဝါသ
ဓမ္မရိပ်ချောင်
စစ်ကိုင်းတောင်ဆိုတာကလည်း ---။
မန္တလေးနန်းတော်နဲ့ ဦးပိန်တံတား
ကြားဖူးရုံနဲ့လွမ်း
မှန်းကြည့်ရင်းကြေနပ်
သီပေါမင်းဇာတ်ထုပ်ကို လက်မခံနိုင်ပါ --- မခင်သီ။
ထိုးကွင်းမင်ကြောင်စွပ်
ဓားလွတ်ကိုင်ခဲ့တဲ့ခေတ်
ကျနော်လည်းချစ်တတ်ပါတယ် --- မခင်သီ။
ဒါပေမယ့် ---
သမိုင်းဇာကွက်တွေ
ဖျက်ချေပစ်လို့ရမယ်ဆိုရင်
ကျွန်နံ့တွေစင်အောင်တော့ ဆေးချင်တာပဲ။
သခင်ရည်တွေပက်ဖြန်းပြီး
လက်ပန်းပေါက်တော့ခတ်လိုက်ချင်တာပဲ။
ကဲ ---
ညဥ့်နက်လှပြီ --- မခင်သီ။
မြန်မာပြည်သားဖြစ်ဖို့ဆိုတာ
ဧရာဝတီဆီ --- ချီတက်ရဦးမယ်၊
ပုဂံပြည်ဆီ --- ချီတက်ရပါဦးမယ်၊
မန္တလေးနန်းမြို့ဆီ --- ချီတက်ရပါဦးမယ်။
ချီတက်ကြပါဦးစို့ --- မခင်သီ။
တိုက်မောင်း
Tuesday, September 4, 2007
မခင်သီနှင့် ချီတက်ခြင်း
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment