Wednesday, January 14, 2009

Wi-Fi အင်တာနက်စနစ် ရောင်းချခြင်းမပြုရန် တားမြစ်

ခေတ်ပြိုင်၊ ဇန်န၀ါရီလ ၁၃ ရက် ၂၀၀၉

ဇန်နဝါရီ လဆန်းမှာ စတင် မိတ်ဆက်ရောင်းချမည့် Wi-Fi နည်းပညာသုံး အင်တာနက်စနစ်ကို ရောင်းချခြင်း မပြုပဲ ဆိုင်းငံ့ထားရန် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ညွှန်ကြားထားကြောင်း Ezy Trading Co., Ltd မှ အမည်မဖော်လိုသူ ဈေးကွက်မန်နေဂျာတဦးက ပြောသည်။

၎င်းက “ရန်ကုန်တိုင်း မြို့လယ် (၈) မြို့နယ်မှာ အသုံးပြုခွင့်တွေ ရောင်းချဖို့ နဂိုက ကျနော်တို့ ဆက်သွယ်ရေးနဲ့ ညှိနှိုင်းထားပြီးသား၊ ခု ဘာအကြောင်းပြချက်မှ မပေးဘဲ ဆိုင်းငံ့ထားပါဆိုပြီး ပြောတယ်” ဟု ပြောသည်။

၎င်းတို့ကုမ္ပဏီက ရောင်းချမည့် Wi-Fi နည်းပညာသုံး အင်တာနက် စနစ်သည် မိမိနေအိမ်၌ Wi-Fi စနစ်ပါသည့် ဒက်စ်တော့ သို့မဟုတ် လက်ဖ်တော့ ကွန်ပျူတာ ရှိရုံဖြင့် အသုံးပြုနိုင်မည့် စနစ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စနစ်ကို ပုံစံနှစ်မျိုး ရောင်းချမည်ဖြစ်ပြီး တမျိုးက ကွန်ဒို သို့မဟုတ် ကန်ထရိုက်တိုက်ခန်းများ အတွက်ဖြစ်ကာ နောက်တမျိုးမှာမူ တဦးချင်း Public Network အတွက် ဖြစ်သည်။ အသုံးပြုခ အနေဖြင့် ကွန်ဒို သို့မဟုတ် ကန်ထရိုက် တိုက်ခန်းတခုလုံးအတွက် လစဉ်ကြေး တလ အက်ဖ်အီးစီ (၅ဝ) ကျသင့်မည်ဖြစ်ပြီး သုံးစွဲသည့် အခန်းတိုင်းက မျှဝေကျခံရမည်ဖြစ်သည်။



Public Network အတွက်မှာမူ Register ကြေး ကျပ် (၁ဝ,ဝဝဝ) နှင့် လစဉ်ကြေး တလ ကျပ် (၃,ဝဝဝ) မှ (၅,ဝဝဝ) အကြားသာ ကောက်ခံမည့်အကြောင်း အဆိုပါ ကုမ္ပဏီ တာဝန်ရှိသူတဦးက မီဒီယာများကို ပြောဆိုခဲ့ဖူးသည်။

အဆိုပါ အစီအစဉ်သာ သုံးခွင့်ရပါက ရန်ကုန်မြို့ရှိ လူများ အင်တာနက်ကို ဈေးပေါပေါဖြင့် လွယ်လွယ်ကူကူ အသုံးပြုခွင့်ရမည်ဖြစ်သည့်အတွက် မြို့ခံများက မျှော်လင့်နေခဲ့ကြခြင်း ဖြစ်သည်။ ရောင်းချခွင့်ရပါက ကမာရွတ်၊ စမ်းချောင်း၊ လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတား မြို့နယ်တို့တွင် ကနဦး သုံးနိုင်မည်ဖြစ်ပြီး အဆိုပါ မြို့နယ်များနှင့် ထိစပ်နေသည့် ဧရိယာတို့တွင်လည်း သုံးခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စ မရမ်းကုန်းအိပ်ခ်ျချိန်းမှ အင်ဂျင်နီယာတဦးကို မေးမြန်းရာ ၎င်းက တားမြစ်ထားသည်မှာ မှန်ကြောင်း၊ အကြောင်းရင်း နှစ်ခုရှိကြောင်း၊ ပထမအကြောင်းရင်းက ဆက်သွယ်ရေးဝန်ကြီး အပါအဝင် နိုင်ငံတော်အကြီးအကဲ အဆင့်က ပြည်သူများ အင်တာနက် လွယ်လွယ်ကူကူ ဈေးပေါပေါ သုံးမည်ကို မလိုလား၍ ဖြစ်ကြောင်း၊ ၎င်းတို့၏ လုံခြုံရေးအမြင်အရ ဖြစ်နိုင်ကြောင်း၊ နောက်တချက်မှာမူ လောလောဆယ် Broadband Wi Max စနစ် ရောင်းချနေသည့် Red Link Communication Co.Ltd. ကို မထိခိုက်စေလို၍ ဖြစ်ကြောင်း၊ အဆိုပါ Broadband Wi Max စနစ်သည် နှစ်စဉ်ကြေး၊ လစဉ်ကြေး အပါအဝင် စတင် တပ်ဆင်သည်နှင့် ကျပ် သိန်း (၂ဝ) ကျော် အထက် ပေးရမည်ဖြစ်သည့်အတွက် Wi-Fi စနစ်ကို စတင်ရောင်းချသည်နှင့် ဝယ်ယူသူ လုံးဝ ရှိတော့မည် မဟုတ်ကြောင်း၊ ထို့ကြောင့် Wi-Fi စနစ် ရောင်းချခွင့်ပိတ်ပင်ထားခြင်း ဖြစ်ကြောင်း ပြောသည်။

၎င်းက ဆက်လက်၍ “သူတို့ ဆက်သွယ်ရေးက တာဝန်ရှိသူတွေနဲ့ ဆက်ညှိနေကြပါတယ်။ ပြည်သူတွေ လွယ်လွယ်ကူကူ သုံးနိုင်တာမျိုး မဟုတ်တော့ဘဲ ကုန်တိုက်တွေ၊ စူပါမားကက်တွေမှာ Wi-Fi စနစ် လွှတ်ပေးထားပြီး ပရီပေးကတ် သဘော ရောင်းချတာမျိုးလောက် ခွင့်ပြုနိုင်ပါတယ်။ ဒါကို နောင် (၃-၄) လ လောက်ကြာရင် ခွင့်ပြုနိုင်ပါတယ်” ဟု ရှင်းပြသည်။

မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုနိုင်သည့် နည်းလမ်းများတွင် ပထမတခုက အေဒီအက်စ်အယ်လ် စနစ်ဖြစ်ပြီး ဒီဂျစ်တယ် တယ်လီဖုန်း ကြိုးလိုင်း ရှိရန် လိုအပ်ကာ ရန်ကုန်ရှိ တယ်လီဖုန်းလိုင်းများသာ အသုံးပြုနိုင်သည်။ ကနဦး တပ်ဆင်ခ အပါအဝင် ကျပ် သိန်း (၂ဝ) ကျော် ကုန်ကျမည်ဖြစ်ပြီး လက်ရှိ ရန်ကုန် အင်တာနက်ကဖေးများတွင် အများဆုံး အသုံးပြုသည့် စနစ်ဖြစ်သည်။

နောက်တခုမှာ ဒိုင်ယယ်အပ် Dial-up စနစ် ဖြစ်ကာ ဒီဂျစ်တယ် တယ်လီဖုန်း လိုင်းကြိုး ရှိရမည်ဖြစ်ပြီး ပရီပေးကတ် စနစ်ဖြင့် ဝယ်ယူ အသုံးပြုနိုင်သည်။ တနာရီ ကျပ် (၇ဝဝ) ခန့်ပေးရပြီး ဈေးအသက်သာဆုံး ဖြစ်သော်လည်း ဆက်သွယ်မှု ကွန်နက်ရှင် အလွန်နှေးကွေးသည့်အတွက် အဆင်မပြေကြောင်း ရန်ကုန်မြို့ခံများက ပြောပြကြသည်။

နောက်တခုမှာ အိုင်ပီစတား ဂြိုဟ်တုသုံး စနစ်ဖြစ်ပြီး မြန်မာပြည် မည်သည့်နေရာ၌မဆို အသုံးပြုနိုင်သည်။ ကနဦး တပ်ဆင်ခ အပါအဝင် ကျပ် သိန်း (၆ဝ) ကျော်မှ သိန်း (၈ဝ) ခန့်အထိ ကုန်ကျသည့်အတွက် ဝယ်ယူအသုံးပြုသူ အလွန်နည်းသည်။

နောက်တစ်ခုမှာ Broadband စနစ်ဖြစ်ပြီး ယခုအခါ ဆက်လက် ရောင်းချခြင်း မပြုတော့ပေ။ ယခုနောက်ဆုံး ရောင်းချနေသည်မှာ တယ်လီဖုန်းလိုင်း မလိုသည့် Broadband Wi Max စနစ် ဖြစ်သည်။ ကနဦး တပ်ဆင်ခ ကျပ် သိန်း (၂ဝ) ကျော် ကုန်ကျသည့်အပြင် အသုံးပြု၍သိပ်မကောင်းသော်ကြောင့် အရေအတွက် (၂ဝဝ) ဝန်းကျင်ခန့်သာ ရောင်းချရသေးကြောင်း သိရသည်။

ယခု Ezy Trading Co., Ltd ကုမ္ပဏီက ရောင်းချမည်ဆိုသည့် Wi-Fi နည်းပညာသုံး စနစ်မှာမူ ပြည်သူများ ဈေးပေါပေါဖြင့် အင်တာနက်ကို လွယ်လွယ်ကူကူ သုံးနိုင်မည့် ပထမဦးဆုံး စနစ်ဖြစ်သည့်အတွက် စစ်အစိုးရက ယခုကဲ့သို့ တားမြစ် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

1 comments:

Thet Aung said...

http://myanmaritpros.com/forum/topic/show?id=1445004%3ATopic%3A104906

Discussion