Tuesday, January 8, 2013

မိစ္ဆာဘုံဂီတ

မြင်တယ် အမြင်ယိမ်းယိမ်းတံလျပ်များ
ကြားတယ် ဝေဝါးဝါးဟားတိုက်သံများ
ရတယ် ခါးတူးတူးလူသေရနံ့များ။

ကြားတော့ ကြားနေရတာပဲ အပြင်သဘောအတိုင်း
အနှစ်သာရလှိုင်းမဲ့ အမှန်လိုလိုထင်ရပေမဲ့
ဘယ်ရောက်လိုက် ညာရောက်လိုက် တည်ဆောက်ထားတဲ့
သံစဉ်ခပ်ဆန်းဆန်းခပ်မိုက်မိုက်များအတွက်
လူဟာ ဘယ်တုန်းကမှ
အတိအကျ ခံစားလို့ရတဲ့ ရပိုင်ခွင့်
နားကြပ်တစ်ရံ ရှိမနေခဲ့ဘူး မဟုတ်လား
နောက်ပြန်လျှောက်ပြထားတဲ့
စစ်ဖိနပ်လမ်းကြောင်းနောက်
မျက်စေ့ရှန်းခြေရာခံလျှောက်လိုက်ခဲ့တာပဲ
ရန်သူတခြား ထိုးစစ်တခြား
ဗျူဟာမှားနဲ့ ဆက်ချီတက်ကြ
နေဝင်ရမဲ့ကိစ္စတွေ မိုးသောက်သွားရပြီ
ကမ္ဘာအလီလီ သုန်းသော်လည်း
ဘုရားတစ်ပါးပါးမှ မတွေ့ခဲ့
တရားသက်သက်ထားခဲ့
ရှောင်ထွက်သွားရက်တယ်
ပုလင်းထဲမှာ ရေးထားတဲ့စာ
လူတတ်တဲ့ဘာသာနဲ့
ဖတ်ရှုပြန်ဆိုလို့မရတာ
သေချာကြောင်း အရူးများသိခဲ့ပေမဲ့
ဘိုင်ဘယ်ထဲပစ်ထဲ့
ကိုရမ်ထဲပစ်ထဲ့
ပိဋက၃ပုံထဲပစ်ထဲ့
နောက်လူတွေ ဆက်ရူးကြဖို့
ဆက်ကောက်ကျစ်ထားခဲ့တယ်
ငရဲနဲ့ ဖြဲချောက်ထားတယ်
နိဗ္ဗာန်နဲ့ပွဲမြှောက်စားတယ်
၃၁ဘုံနဲ့ဆွဲထောက်မျှားတယ်
အသိသူငယ်နဲ့
အရှိကွယ်ဖုံး လူသုံးဇတ်ပျက်
တံလျပ်ရေထင်
ရေငတ်ရွှေသမင်တို့ရဲ့
အမြင်မှားများ ထင်ရှားသော်လည်း
ဆန့်ကျင်မရအောင် စတန့်မထွင်တတ်အောင်
မြတ်အရှင်ဘုရားများ အဖသခင်ဘုရားများက
ဖျားယောင်းကာသိမ်းသွတ် အမှားအပေါင်းမှာတိမ်းညွတ်
ပိတ်၍လွှတ်ထားတဲ့စိတ်များ
ဥာဏ်ဆန့်တွေးခေါ်
စဉ်းစားမှုပင်လယ်အော်ထဲပဲ
ဝဋ်ဒုက္ခမုန်တိုင်းလှည့်ပတ်ခွပ်ကြ
အကျွတ်တရားကို
ညွှတ်အားက ဆွတ်ထားတယ်
ဘဝခါးဟာ
ခဏများစွာ အခါခါ
ကောင်းကင်မှာတောင်ပံလူးခတ်
သမုဒ္ဒရာမှာကျောက်ဆူးချ
ဖြတ်ကူးကြတယ်
မြစ်ကိုအလျှားလိုက် တံတားကိုဒေါင်လိုက်ပဲ
အမှားထိုမှောင်မိုက်ထဲ
သချိုင်းကုန်းလား သားဖွားဆောင်လား
မှားမှားပြီး ကလေးမွေးကြ ဈာပနချကြ
အသုသအလောင်းကောင်က အူဝဲလို့ ထယောင်စဉ်
အမြင်ယိမ်းယိမ်း အကြားဝါးဝါး အနံ့တူးတူး
မနုဿပန်းဖူးအိုး
လူ့အရိုးစုပုံပေါ် လူ့ဦးခေါင်ခွံထက်
ထိုးစိုက်ထဲ့ထားပေ
အမှောင်အင်္သချေ ကမ္ဘာမြေ။

အပါယ်ဇတ်သွေးများပိန်းထပေါက်ဖွာ
မရဏတေးများယိမ်းကခြောက်ခြား
ဒရစပ်ပြေးလွှားဟိန်းကြွပေါက်အား
ဟားတိုက်သံစဉ်
အမှားမိုက်အမှန်ထင်
မိစ္ဆာရင်တွင်း
မဟူရာအလင်းနဲ့အာဠာဝကမင်းစိုး
ဘုံဆိုးဥပဒေသ မတော်တဆသီအိုရီပဲ
တည်မြဲလျှက် အမှောင်နက်နက်မှာ။ ။
 
သုအိုင်စံ
၀၈-၀၁-၁၃

0 comments: