Saturday, December 31, 2011

AN ORIGINAL LOST VICTORY

leaving shore for searching for shore
voyager's lost meaning of their own souls
sailors never stop sailing for tomorrows

what is the ship theory of the being
busy journey for more meaningful job
or lazy histories at the birthplace port
no matter what they've lost or what they've got
still losing on and on and on the original lost

on the top of waves of cruel battles
with lots of a brave new struggles
strong strength abilities are the best to fight
long distance strategies are dead or alive

ocean in the cup
journey in the cage
human-race achieves nothing
freedom never free
life is just enjoying the stormy melodies

31.12.2011
A'karikz Yannaing
THE SECOND SECOND

အပြည့်အစုံသို့...

၂၀၁၁များ

လူပြက်တွေ လူပျက်ဖြစ်သွားတဲ့
၂၀၁၁များ

နိုဗယ်ဆုရှင်က
တိုဖယ်ဆင်းဖြေနေတဲ့
၂၀၁၁များ

ကဗျာဆရာတွေ
ကပြာကယာ မှတ်ပုံတင်နေတဲ့
၂၀၁၁များ

ပြီးတော့ ဒါရိုက်တာတွေကိုလည်း
ကာဗရိုက်တာလဲရဦးမယ့်
၂၀၁၁များ

မုန်တိုင်းက သုးိုရေခြုံထားတာပါလို့
ငါဖော့တွေးခဲ့တဲ့
၂၀၁၁များ

အဆိုတော်တွေက
ဘောလုံးပွဲနဲ့မှားပြီး
ခွပ်ဒေါင်းအလံပါးမှာကပ်
သောင်းသောင်းဖျဖျကြိုဆိုကျေနပ်ခဲ့လေသူ
၂၀၁၁များ

ပုတ်သင်ညိုက
တောက်တဲ့ကို အရေဆုပ်ပြီး
ပျောက်ကျားဝတ်စုံဝတ်ထားတဲ့
၂၀၁၁များ

ခွေးထက်မိုက်တဲ့သတ္တဝါ..တဲ့
ကဒါဖီထက်မိုက်တဲ့ကောင်တွေကို
ပဲတွေ့ခဲ့ရ
၂၀၁၁များ

မြစ်ဆုံစီမံကိန်းကိုရပ်တန့်ပြီး
သံဆူးဖိနပ်နဲ့ပါးစပ်ကိုဆို့
ကျနော်တို့ နုတ်ကိုလုံအောင်ပိတ်ခဲ့လေသူ
၂၀၁၁များ

ဆက်ရေးလည်း
လက်ရေးပဲဖြစ်တော့မယ့်
သွားလေသူ
၂၀၁၁များ။ ။

သစ်ကောင်းအိမ်
(၃၁။ ဒီဇင်ဘာ။ ၂၀၁၁

အပြည့်အစုံသို့...

ဆုံဆည်းရာ၊ ၃၁ ရက် ဒီဇင်ဘာလ ၂၀၁၁

ယနေ့ လွတ်လပ်ခြင်း အနုပညာပွဲတော် ကျင်းပခဲ့ပါတယ်။ လွတ်လပ်ခြင်း အနုပညာပွဲတော်ကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှ တက်ရောက် ခဲ့ပါတယ်။

ယနေ့ပြတဲ့ လွတ်လပ်ခြင်းအနုပညာပွဲတော်ကို ပွဲဦးထွက် ၂ ကားပြသခဲ့ပြီး နောက်ရက်တွေမှာလည်း ဆက်လက်ပြသမယ်လို့ သိရပါတယ်။ ပြိုင်ပွဲတွင်ဆုရရှိသူ ဒါရိုက်တာ သုံးယောက်အား ဂျာမန် ဒါရိုက်တာ နစ်ကို နှင့် ဓါတ်ပုံပညာရှင် မတ်က် တို့က အနီးကပ် လေ့ကျင့်သင်ကြားပေးပါမည်။ ထို့ပြင် ဂျာမန်အနုပညာရှင်များက ဇာတ်ကားသုံးကား ရိုက်ရန်ဆုအဖြစ် ဒေါ်လာ ၅ထောင်နှင့် တန်ဖိုးညီမျှသာ ငွေကြေးချီးမြှင့်မှာဖြစ်ပြီး ထို ရုပ်ရှင် ၃ ကားကို ဖနွမ်းပင် ရုပ်ရှင်ပွဲတော်သို့ တင်သွင်းပေးသွားမှာ ဖြစ်ပြီး ဒါရိုက်တာ ၃ယောက်ကိုလည်း ဖနွမ်းပင်သို့ ပွဲတော်တက်ရန် စရိတ်ငြိမ်း ခေါ်ဆောင်သွားပေးမှာဖြစ်ပါကြောင်း သိရှိရပါတယ်။

အပြည့်အစုံသို့...

Friday, December 30, 2011

ဒေါ်အောင်ဆန်းစုကြည် မီးဘေးဒုက္ခသည်များအား သွားရောက်ကြည့်ရှုမည်

ဆုံဆည်းရာ၊ ၃၀ ရက် ဒီဇင်ဘာလ ၂၀၁၂


မြန်မာ့ဒီမိုရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ယမန်နေ့ မီးလောင်ပေါက်ကွဲမှုဖြစ်ခဲ့သော မင်္ဂလာတောင်ညွှန့်မြို့နယ်၊ စက်ဆန်းရှိ မီးဘေးဒုက္ခသည်များထံ ယနေ့ မနက်ပိုင်းတွင် သွားရောက်မည်ဟု သတင်းရရှိသည်။ ရန်ကုန်ဆေးရုံကြီးသို့လည်း ၀င်ခွင့်ရပါကလည်း မီးဘေးကြောင့် ထိခိုက်ဒဏ်ရာ ရသွားသူများအား သွားရောက်ကူညီအားပေးမည်ဖြစ်ကြောင်း သိရှိရသည်။

အပြည့်အစုံသို့...

Thursday, December 29, 2011

စက်ဆန်းမီးလောင်ပေါက်ကွဲမှု လူ ၂၀ ကျော်သေဆုံး

ဆုံဆည်းရာ၊ ၂၉ ရက် ဒီဇင်ဘာလ ၂၀၁၁

ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် စက်ဆန်းတွင် ယနေ့နံနက် ၁ နာရီ ၅၀ မိနစ်မှ မေတ္တာမွန်ဆားစက်နှင် ဂိုထောင်များမှ စတင်ကာ ပေါက်ကွဲလောင်ကျွန်းခဲ့ပြီး ပေါက်ကွဲမှုအရှိန်ပြင်းသောကြောင့် ကျား၊ မ ၂၀ ကျော်သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရှိကြောင်း သိရှိရပါတယ်။ မီးသတ်ဦးစီးဌာနမှ ၄ ဦးသေဆုံးပြီး မီးသတ်သမား ၃၀ ကျော်မှာလည်း ဒဏ်ရာရှိကြောင်း သိရပါတယ်။

အဆိုပါ မီးလောင်ပေါက်ကွဲမှုကြောင့် ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် စက်ဆန်း ကူးတို့ဆိပ်ရပ်ကွက်ရှိ အိမ်ခြေ ၂၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

အပြည့်အစုံသို့...

Wednesday, December 28, 2011

ဗိုလ်ချုပ်တပ်လှန့်သံ

ကျော်သူ


ခန္တီတရား၊ သည်းခံငြား၊ စိတ်ထားဘယ်သို့ဖြည့်သနည်း။

လူမိုက်အမှု၊ ငါပြန်ပြုလျှင်၊ သူလိုငါလည်း၊ လူမိုက်ပဲဟု၊ စိတ်ထဲတွေးဆ၊ အေးမြမြနှင့်၊ ဒေါသမထွက်၊ စိတ်မပျက်၊ သက်သက်အနာခံသတည်း။

“ငါ့အပေါ်၌ လူမိုက်ပြုသော စော်ကားမှုကို ငါကပြန်ပြုလျှင် ငါလည်းလူမိုက်ဖြစ်မှာပဲ” ဟု စိတ်ထဲမှာ တွေးဆ၍ ဒေါသမထွက်ဘဲ စိတ်ပျက်အားငယ်လို့လည်းမနေဘဲ၊ စိတ်အေးအေးနှင့် မိမိကသာ အနာခံလိုက်ခြင်း သည် ခန္တီပါရမီ၏ သဘောတည်း။ (အရှင်ဇနကာဘိဝံသ၊ ရုပ်စုံဗုဒ္ဓ၀င်အမေးအဖြေ စာမျက်နှာ-၂၆) ဟူသော စာပိုဒ်ပါ ဆရာတော်အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)၏ “ခန္တီပါရမီ” ဘာသာရေးဆောင်းပါးအား ဖတ်ရှုမိစဉ် မိမိ၏ အတိတ် ကာလများဆီမှ ပုံရိပ်များကို ဖြိုးခနဲ ဖျတ်ခနဲ ပေါ်လာမိသည်။

အချိန်ကား ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ။ နေပူမိုးရွာထဲ ဖိနပ်မပါဘဲနှင့် လမ်းလျှောက်ကာ ရန်ကုန်မြို့တွင်း လှည့်လည်၍ မေတ္တာပို့သ ဆုတောင်းပေးနေကြသည့် ဗုဒ္ဓ၏သားတော် သံဃာတော်တို့အတွက် ဆွမ်းဘုန်းပေးရန် အခက်အခဲများဖြစ်ပေါ်နေ၍ ရွှေတိဂုံစေတီတော်မြတ်၏ အရှေ့ဘက်မုဒ်ဦး (ကြေးသွန်းဘုရားကြီး)တွင် ခေတ္တ ကြွရောက်သီတင်းသုံး နားနေကြစဉ် မိမိတို့ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဆွမ်းဆက်ကပ်ရန်အတွက် အမျိုးဘာသာ သာသနာစိတ်များ ဖြစ်ပေါ်လာခဲ့သည်။ မိမိတို့ ဗုဒ္ဓဘာသာဝင်များတင်မက သံဃာတော်များ၏ မေတ္တာတန်ခိုးကြောင့် အခြားသောဘာသာဝင်များကပါ ၀င်ရောက်လှူဒါန်းမှုများ ဖြစ်ပေါ်လာခဲ့သည်။


ထိုစဉ်အခါက မိမိသည် တိုင်းပြည်မငြိမ်သက်စေရန် ဆန္ဒမရှိ၊ နိုင်ငံတော်ပုန်ကန်မှုကို ပြုလုပ်ခြင်းမရှိ၊ စီတန်းလှည့်လည် ဆန္ဒပြမှုတွင်လည်း ပါဝင်ခြင်းမရှိ၊ အော်ဟစ်တောင်းဆိုမှုများကိုမပြု . . . အဆုံးစွန်ပြောရသော် မိမိ၏ လက်နှစ်ဖက်ကို လက်သီးလက်မောင်းတန်းပြီး အော်ဟစ်တောင်းဆိုမှုကို ပြုခြင်းမရှိဘဲ သံဃာတော်များအား ရိုသေ၀ပ်တွား လက်အုပ်မိုး၍ ထမင်းဗူး(ဆွမ်း)များကို ပခုံးအထက် လက်နှစ်ဖက်မမြှောက်ဘဲ (မကျော်ဘဲ) ရိုသေ ကိုင်းရှိုင်းစွာ ဆွမ်းကပ်ခဲ့သည်ကို ပရိသတ်ကြီးလည်း မြင်တွေ့ရမည်မှာမလွဲပေ။

သို့သော် . . . ဤသို့ ဆွမ်းဆက်ကပ်မှုကြီး၏ နောက်ဆက်တွဲဇာတ်လမ်းကား ပြည်ထဲရေးရုံးချုပ်၊ အောင်သပြေစစ်ကြောရေးစခန်းများဆီသို့ ဘ၀ပေးကုသိုလ်နှင့် ရောက်ခဲ့ရသည်။ မေးတဲ့သူက မေး၊ ဖြေတဲ့သူက ဖြေ၊ စစ်တဲ့သူက စစ်၊ ပြောတဲ့သူက ပြော . . . လိမ်ညာလို့မရ။ အမှန်အတိုင်း ထွက်ဆိုကြရသည်။ မိမိသည် မည်သည့်ပြစ်မှုကိုမှ မလုပ်ခဲ့ဟု ယုံကြည်မှုကြောင့်လည်းကောင်း၊ အနန္တော အနန္တဂုဏ်ကျေးဇူးကြောင့်၎င်း၊ သမာဒေ၀နတ်မြတ်အပေါင်း၏ မေတ္တာစွမ်းပကားတို့ကြောင့်၎င်း၊ ယင်းဋ္ဌာနကြီးများ၌ ရက်ရှည် နှစ်ရှည်မနေခဲ့ရ။ “ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံ ပြန်လာမည်”ဆိုတဲ့ စကားမှန်ပြီဟေ့ဟု ကြွေးကြော်မိတော့သည်။ ထိုဋ္ဌာနကြီးမှ မိမိ၏နေအိမ်သို့ ပြန်မည့်နေရက်တွင် ရဲမှူးကြီးမှ “ကဲ… ကိုကျော်သူ၊ ခင်ဗျားအိမ်ပြန်ရတော့မယ်၊ ခင်ဗျား ဒီကနေထွက်ပြီး အပြင်ကိုပြန်ရောက်တဲ့အခါ ကိုယ့်ရဲ့ အနုပညာလုပ်ငန်းနဲ့ လူမှုရေးလုပ်ငန်းတွေကို လုပ်တာကိုဘဲ မြင်ချင်ပါတယ်”တဲ့ဗျာ။ ဒါဘဲပေါ့ဗျာ… အမှန်တရားရဲ့ နောက်ကွယ်မှာ အမှန်တရားဘဲရှိတယ်ဆိုတာ။

မှားသွားပြီဗျ။ အမှန်တရားရဲ့နောက်ကွယ်မှာ အမှားတွေ၊ အာဃာတတွေ၊ မစ္ဆိရိယတွေ၊ မုန်းတီးမှုတွေ . . . များစွာပါလား။ ကိုယ်ပြုသောကံ ပဲ့တင်သံလည်း ပြန်မလာတော့ပါလား…. ဟု တဒင်္ဂ ဖျတ်ခနဲ စိတ်ထဲပေါ်ပေါက် လာကာ ဒေါသစိတ်၊ နာကျည်းစိတ်တို့ ဖွားခနဲ…. ဖွားခနဲ ပေါ်ပေါက်လာခဲ့သည်။ တောဘဲ ခိုရမလိုလို၊ လမ်းပေါ် ထွက်ပြီး အော်ဟစ်ရမလိုလို၊ လူဘဲ ရိုက်ရမလိုလို၊ ဆဲဘဲ ဆဲရမလိုလိုစတဲ့ အကုသိုလ်စိတ်တွေ ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်ခဲ့မိသည်။

“(မင်း၊ ခင်ဗျား၊ ကိုမောင်၊ ကျော်သူ) ရုပ်ရှင်ရိုက်ခွင့်ပိတ်လိုက်ပြီ”တဲ့ဗျာ။ ကဲ... ဒါဆို “လူမိုက်အမှု၊ ငါပြန် ပြုလျှင်၊ သူလိုငါလည်း၊ လူမိုက်ပဲ” ဟုဆိုတဲ့စကားအရ ငါဟာလူမိုက်လား၊ သူဟာလူမိုက်လားဟု စဉ်းစားမိ တော့သည်။ “ငါက သံဃာတော်ကို ဆွမ်းဆက်ကပ်တာဘဲ လူမိုက်မဖြစ်နိုင်ဘူး။ ဒါဆိုရင် ငါရဲ့အနုပညာ လုပ်ငန်းတွေကိုပိတ်တဲ့ ရုပ်ရှင် လုပ်ငန်းက လူမိုက်လား၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက လူမိုက်လား၊ ပြန်ကြားရေးဋ္ဌာနက လူမိုက်လား….” ဟု မိမိစိတ်မှာ ဒွိဟဖြစ်ခဲ့ရသည်။

သို့သော် . . . ငါးရာ့ငါးဆယ် သရဘင်္ဂဇာတ်တော်မှာ သရဘင်္ဂရသေ့က “လောကမှာ ဒေါသကို ပယ်သတ် လိုက်ရင် တစ်ရံတစ်ခါမျှ မစိုးရိမ်ရတော့ဘူး” လို့ဟောကြားခဲ့တယ်ဆိုတဲ့ အသိတရား ၀င်လာမိတော့တယ်။ အဲဒီ သည်းခံခြင်းတရားသဘောကို မြင်တွေ့ခဲ့ပြီး “အော်… ရုပ်ရှင်လုပ်ငန်း၊ ရုပ်ရှင်အစည်းအရုံး၊ ပြန်ကြားရေးတို့တွေဟာ ငါ့ကို ခန္တီပါရမီ ဖြည့်ဆည်းပေးတဲ့ လူတွေပါလား၊ အဖွဲ့အစည်းတွေပါလား”လို့ ဆင်ခြင်နှလုံးသွင်းလိုက်လို့ မိမိရင်ထဲ နှလုံးသားထဲမှာ သည်းခံခြင်းဆိုတဲ့ တရားအသိ၊ တရားအားတွေ ၀င်လာမိတော့တယ်။

အော်… ဒါဟာ ဖြစ်ချိန်တန် … ဖြစ်၊ ပျက်ချိန်တန် … ပျက်၊ ဘဘဦးသုခပြောတဲ့ “ဘ၀သံသရာ” ဆိုတာ ပါလား။ ကောင်းမှုပြုသော်လည်း ကောင်းကျိုးမပြု၊ မကောင်းမှုပြုသော်လည်း ကောင်းကျိုးကပြု။ ဒါဘ၀ အဆက်ဆက်က ပြုခဲ့တဲ့ မိမိရဲ့ကုသိုလ် အကုသိုလ်တွေနဲ့ဘဲ သက်ဆိုင်ပါလားဆိုတဲ့ မိမိပြုလုပ် ပေးဆပ်နေတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)နဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ “အနိစ္စ” ဆိုတာကို မြင်တွေ့မိလိုက်ပါတော့တယ်။

ဒီလို “အနိစ္စ” ဆိုတဲ့ အသိတရားနဲ့အတူ မိမိ ၂၀၀၁ ခုနှစ်မှစပြီး အများပြည်သူတို့အတွက် ကူညီဖေးမ ပေးဆပ်မှုတွေကို လုပ်ကိုင်ခဲ့တဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှာဘဲ ၂၀၀၈ ခုနှစ်ကစပြီး ဥက္ကဋ္ဌအဖြစ် ထဲထဲ ၀င်ဝင် နေ့မအား၊ ညမအား ပိတ်ရက် နားရက်မရှိဘဲ (အခမဲ့) ကူညီဖေးမမှုများဖြစ်သော နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးဒဏ် (အရေးပေါ်ကယ်ဆယ်ရေး) စတဲ့ကုသိုလ်ဖြစ် လုပ်ငန်းထဲတွင် ပေးဆပ်မှုများကို ခြေစုံပစ် ၀င်ရောက်၍ လုပ်ကိုင်ခဲ့ပါတော့တယ်။ မိမိနှင့်ပတ်သက် ဆက်နွယ်ခဲ့ဖူးသော ရုပ်ရှင်အနုပညာလောကကြီးထဲသို့ မိမိရဲ့ခြေလှမ်း လှမ်းဝင်ဖို့ပင် လုံးဝ မကြိုးစားခဲ့တော့ပေ။ လူ့လောကကြီးထဲ ရောက်တုန်းရောက်ခိုက် (၃၁) ဘုံတွင် မည်သည့်ဘုံတွင်မှ မလုပ်နိုင်သော မရနိုင်သော ဤကုသိုလ်ကောင်းမှုတော်ကြီးကို မိမိလက်မလွှတ်နိုင်တော့ချေ။

သို့သော် . . . မိမိသည် ဤနာရေးကူညီမှု၊ ဆေးဝါးကုသကူညီမှု၊ ပညာရေးကူညီဖေးမမှု၊ သဘာဝဘေး (အရေးပေါ်ကယ်ဆယ်ရေး) ကူညီဖေးမ လှူဒါန်းမှုတည်းဟူသော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကုသိုလ် ကောင်းမှုတော်ကြီးကို ကူညီဖေးမ ပေးဆပ်ခဲ့မှုသည် (၁၁)နှစ်ပြည့်ရန် တစ်လအလိုအချိန်၌ မိမိအား စွန့်ပစ် ထားခဲ့သော၊ မိမိက စွန့်လွှတ်ခဲ့သော အနုပညာလောကကြီးထဲသို့ ပြန်ဝင်ရောက်ရန် အကြောင်းဖန်လာတော့သည်။

“အော် . . . . ဘ၀သံသရာ…….။”

မိမိတို့ လေးစားကြည်ညို အားကျဂုဏ်ယူနေကြတဲ့ “အမေဒေါ်အောင်ဆန်းစုကြည်”က မိမိတို့ မြန်မာနိုင်ငံရဲ့ အထွဋ်အမြတ်ဖြစ်သူ အာဇာနည်ပုဂ္ဂိုလ်ကြီး “ဗိုလ်ချုပ်အောင်ဆန်း”ရဲ့ အတ္ထုပတ္တိ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူး တော့မည်တဲ့။ အနုပညာအင်အားပေါင်းစုံ၊ ပြည်သူလူထုအင်အားပေါင်းစုံ၊ အစိုးရဋ္ဌာနများ၏ အကူအညီတို့နှင့် အမျိုးသားရေးစိတ်ဓါတ် ပြည့်ဝစွာဖြင့် မြန်မာပြည်ရဲ့ အတ္ထုပတ္တိ၊ ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပတ္တိမော်ကွန်း မှတ်တိုင်ကို စိုက်ထူတော့မည်ဖြစ်သည်။ မြန်မာပြည်ဖွား ဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ယောက်အနေဖြင့် မိမိ ကျင်လည်လှုပ်ရှားရာ လူမှုရေးနယ်ပယ်မှ ၀မ်းမြောက်ဝမ်းသာစွာဖြင့် ကျေးဇူးတင် ဂုဏ်ယူမုဒိတာပွားနေမိ တော့သည်။

ဒေါ်အောင်ဆန်းစုကြည်မှ ရုပ်ရှင်အနုပညာသည်များနှင့် တွေ့ဆုံကြမည့် (၃.၁၂.၂၀၁၁) ရက်နေ့တွင် မိမိအား လာရောက်ရန် အကြောင်းကြားခဲ့သည့်အတွက် မိမိသွားရောက်ခဲ့သည်။ (၄)နှစ်တာ ကာလဝေးကွာခဲ့သော အနုပညာမောင်နှမများနှင့် ပြန်လည်ဆုံတွေ့ခဲ့ရသည်။ အားလုံး၏မျက်လုံးများသည် ချစ်ခင်လေးစား ကြည်ညို ကြသော အမေဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခွင့်ရ၍ တောက်ပ၀င်းလက်နေကြသည်ကို မြင်တွေ့ရမိသည်။ အမေဒေါ်အောင်ဆန်းစုကြည်၏ဆန္ဒကို အကောင်အထည်ဖော်ရန် အားလုံးသဘောတူညီ၍ ဇာတ်ကားရိုက်ကူးမှုကို စတင်နိုင်ရန်အတွက် ဖြစ်မြောက်ရေးကော်မတီအဖွဲ့များ ဖွဲ့စည်းကြသည်ကို နောက်မှ မိမိသိရသည်။ သို့သော်… မိမိထံသို့မည်သူမျှ အကြောင်းကြား အသိပေးခြင်းမရှိခဲ့ချေ။ မည်သို့ရှိစေ… မိမိဝမ်းမြောက်ကြည်နှုးမိသည်။ အနုပညာလောကသားများအတွက် ဂုဏ်ယူဝမ်းမြောက် မုဒိတာပွားနိုင်ခဲ့သည်။ ယခုဖော်ထုတ်ကြမည့် ဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင်ဇာတ်ကားကြီးကား မြန်မာ့သမိုင်း၊ မြန်မာ့အတ္ထုပတ္တိ၊ မြန်မာ့ရာဇ၀င်၊ မြန်မာ့မော်ကွန်း၊ မြန်မာအာဇာနည်ဟူ၍ ကမ္ဘာပေါ်ရှိ လူသားများအားလုံး မျက်စိထောင့်ထောက်ကြည့်ကြမည့် ဂုဏ်ယူဖွယ်ရာ အမျိုးသားရေးကိစ္စ ဖြစ်တော့သည် မဟုတ်ပါလား။

(၂၀.၁၂.၂၀၁၁) ရက်နေ့တွင် မိမိထံသို့ထပ်မံ၍သတင်းပို့လာသည်။ ဒေါ်အောင်ဆန်းစုကြည်မှ တွေ့လိုသည် ဟု ချိန်းဆိုသည့်အတွက် မိမိသွားရောက်ခဲ့သည်။ အမေကပြောသည် “ယခု ‘ဗိုလ်ချုပ်အောင်ဆန်း’ ဇာတ်ကားမှာ သား, ပါရမယ်၊ သား,ကိုပါ အမေတာဝန်ပေးတယ်… ကိုယ်စားလှယ်အဖြစ်နဲ့ ….” ဟု။ မိမိမည်သို့မျှ ပြန်လည် ပြောရန် အင်အားမရှိတော့ချေ။ အမေနေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သည့် နေ့ရက်က အမေ့ဆီ မိမိတစ်ဦးတည်း သွားရောက်တွေ့ဆုံ ဂါရ၀ပြုခဲ့သည်။ အဲဒီနေ့ အဲဒီအချိန်မှာ မိမိက အမေ့အား “အမေ … တိုင်းပြည်နဲ့ လူမျိုးအတွက် အမေပေးတဲ့တာဝန်တွေကို သား ထမ်းဆောင်ပေးဆပ်ပါ့မယ်”ဟု ပြောကြားခဲ့ဖူးသည်။ အမှန်မှာ.... “အမေရေ၊ သား ဒီအနုပညာအလုပ်ကို ပြန်မလုပ် ပါရစေနဲ့တော့၊ သားရဲ့လူမှုရေးလုပ်ငန်းမှာ စိတ် သန့်သန့်ရှင်းရှင်းနဲ့ သီလလုံခြုံစွာ ကုသိုလ်ရေးအတွက်ဘဲ ငြိမ်းချမ်းစွာ လုပ်ပါရစေတော့” ဟုပြောဆိုသင့်သည် မဟုတ်ပါလား။ သို့သော် အမေသည် မိမိ၏ သူရဲကောင်းကြီးဖြစ်သည်။ အမေ့ကိုလေးစားသည်၊ ချစ်ခင်သည်၊ ကြည်ညိုသည်။ အမေသည် အမှန်စင်စစ် လူမှုရေးသူရဲကောင်းတစ်ဦးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူမှုရေး သမားတို့မည်သည် စွန့်လွှတ်မှု၊ အနစ်နာခံမှု၊ စွန့်စားမှု၊ ပေးဆပ်မှု၊ ငြိမ်းချမ်းမှု၊ ဖေးမမှု၊ ကူညီမှုစသည့် ဂုဏ်ပုဒ်များ ရှိဖို့လိုသည်။ အမေ့မှာ ယင်းဂုဏ်ပုဒ်များထက်မကသော ဂုဏ်ပုဒ်ကြီးများ၊ စွမ်းအားများ၊ ပါဝါများရှိသည် မဟုတ်ပါလား။ ထို့ကြောင့်အမေ့ရဲ့ “သားကိုတာဝန်ပေးတာ” ဟူသော စကားရပ်ကို မိမိ မလွန်ဆန် ၀င့်တော့ပေ။

ထို့ကြောင့်… မိမိအား ဘကြီးမိုး(ဦးမိုးသူ)၊ ညီမငယ် ဒါရိုက်တာ-ကြည်ဖြူသျှင်နှင့် ညီငယ် ဒါရိုက်တာဝိုင်းတို့မှ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား ရိုက်ကူးအကောင်အထည်ဖော်ကြမည့် အဖွဲ့တွင် ဒု-ဥက္ကဋ္ဌနေရာမှ ဆောင်ရွက်ပေးရန် ပြောဆိုလာသည်။ ထပ်မံ၍ (၂၃.၁၁.၂၀၁၁) ရက်နေ့တွင်လည်း ကြီးလေးသောတာဝန်များ၊ ၀တ္တရားများအားထပ်မံ၍ ထမ်းဆောင်ပေးရန် အဓိကနေရာများတွင် မိမိအားထည့်သွင်းရန် စီစဉ်ကြပြန်သည်။ မိမိပြန်လည်၍ ပြောကြားခဲ့ရသည်။ “အလုပ်တစ်ခု လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ စည်းစနစ်ကျဖို့လိုတယ်၊ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီးရင် လူစုံအစည်းအဝေး လုပ်ပြီးမှ ဆုံးဖြတ်ချက်ကို အတည်ပြုရတယ်၊ အများသဘောတူတဲ့ ဆုံးဖြတ်ချက်ဖြစ်ရမယ်” ဟု မိမိတတ်သလောက် မှတ်သလောက် ပြန်လည်ပြောကြားခဲ့သည်။

အဘယ့်ကြောင့်ဆိုသော်…. မိမိ ဈေးကိုင်ခြင်းမဟုတ်။ မိမိနှင့် ရုပ်ရှင်လောကပတ်သက်မှု မရှိတော့ပါ။ မိမိ ပါဝင် လာမှုအား မကြိုက်သည့်သူ၊ မနှစ်မြို့တဲ့သူတွေသည်လည်း ရှိနေသည်မဟုတ်ပါလား။

သို့သော်… အမေက မိမိကို အားပေးစကား ပြောကြားခဲ့သည်။

“သား… လူများအတင်းပြောတာ၊ အပုပ်ချတာတွေကို ဂရုမစိုက်နဲ့၊ ကိုယ်လုပ်ရမယ့်လုပ်ငန်းကို ကိုယ်လုပ်” တဲ့။
“အမေဆိုရင် အတင်းပြောတာ၊ အပုပ်ချ၊ အပြစ်ပြောခံရတာ အများဆုံးသော နိုင်ငံရေးလောကထဲမှာ နေရတာ၊ သေကြောင်းကြံတဲ့သူရှိသလို၊ နှင်းဆီပန်းပွင့်လေးတွေ လာပေးတဲ့သူလည်း ရှိတာဘဲလေ။ ဒါပေမယ့် အမေအားလုံးနဲ့ လက်တွဲနိုင်တယ်။ လောကကြီးကို ဒီလိုဘဲ တည်ဆောက်ရမယ်၊ ဒီလိုဘဲ ရင်ဆိုင်ရမယ်” တဲ့။

ဟုတ်ပါတယ်အမေ။ ဒါပေမယ့် ယခု အနုပညာသည်တွေ တည်ထောင်ကြမယ့် မြန်မာ့သမိုင်း မှတ်တိုင်ကြီး အတွက် သားဟာ အနှောင့်အယှက် မဖြစ်လိုပါဘူးအမေ။ အမေပေးတဲ့တာဝန်ကို သား ကျေပွန်ချင်ပါတယ်အမေ။ သမိုင်းမှတ်တိုင် စိုက်ထူတဲ့ လုပ်ငန်းကြီးမှာ သားလည်း ပါဝင်ချင်တာပေါ့အမေ။ သားနည်းတူ အနုပညာသည်တိုင်း မြန်မာပြည်သူလူထု အားလုံး တစ်ယောက်မကျန် ပါဝင်ချင်ကြပါတယ်အမေ။

တစ်ခုဘဲ သားပြောချင်ပါတယ်အမေ။

ဒီလို မြန်မာ့သမိုင်းမှတ်တိုင်ကြီးကို ဖော်ကျူးကြတဲ့နေရာမှာ ပါဝင်ကြတဲ့ အနုပညာရှင်တွေအားလုံးဟာ နေရာကအဓိကမဟုတ်၊ မိမိတို့ပေးဆပ်မှု၊ အနစ်နာခံမှု၊ စိတ်ဓါတ်ခွန်အား၊ လူမှုခွန်အားများသာအဓိကဟု ပြောလိုပါတယ်။ ပါဝင်သူအချင်းချင်းသော်၎င်း၊ မပါဝင်ဘဲဘေးမှနေ၍၄င်း၊ အတင်းအဖျင်း၊ ဝေဖန်၊ ဘုပြော၊ ပုတ်ခတ် တိုက်ခိုက်မှုတွေ လုပ်နေကြတာဟာ အကုသိုလ်တွေ သယ်ဆောင်နေကြတယ်လို့ အသိတရားလေးများ ရကြ စေချင်တယ်။

ယခု ဖော်ကျူးဖန်တီးကြမည့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားမှ ရရှိမည့် အကျိုးအမြတ်များကို မြန်မာ ပြည်တွင်းရှိ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ကဏ္ဍများကို လှူဒါန်းမှုပြုမယ်လို့ အမေ ပြောကြားထားသည့် အတွက် အမျိုးသားရေးစိတ်ဓါတ်ကို ဖော်ကျူးမည့် သမိုင်းအတ္တုပ္ပတ္တိ ဇာတ်ကားတစ်ကားဖြစ်သလို ဘာသာ သာသ နာအတွက် သာသနာပြုမည့် လုပ်ငန်းကြီးတစ်ရပ်ဟု မြင်တွေ့မိပါတယ်။

ဒါကြောင့် နိုင်ငံရေးဘဲလုပ်လုပ်၊ စီးပွားရေးဘဲလုပ်လုပ်၊ ပညာရေးဘဲလုပ်လုပ်၊ ကျန်းမာရေးဘဲလုပ်လုပ်၊ လူမှုရေးဘဲ လုပ်လုပ်၊ ယခုကဲ့သို့ အမျိုးသားရေးကို ဖော်ထုတ်ကြမယ့် သမိုင်းပေးတာဝန်ကို ထမ်းရွက်ကြမယ့် အနုပညာအလုပ်ကိုဘဲ လုပ်လုပ် ပေးဆပ်ကြမည့်သူတိုင်း သီလ၊ သမာဓိလုံခြုံစွာဖြင့် စည်းလုံးညီညွတ်ကြပြီး မိမိတို့ရဲ့ အောင်မြင်မှုပန်းတိုင်ကို မမေ့မလျော့သော သစ္စာအဓိဋ္ဌာန် ဆုံးဖြတ်ချက်တည်းဟူသော ပါရမီ (၁၀)ပါးတို့ဖြင့် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မစိုရ်တရားလေးပါး ပွားများပြီး ပညာဥာဏ်ကိုသုံးကာ မိမိတို့ရည်ရွယ်သော လုပ်ငန်းကို အောင်မြင်ပြီးမြောက်စွာ အကောင်အထည်ဖော်ကြဖို့သာ အရေးကြီးပါကြောင်း ပါဝင်ကြမည့် အနုပညာရှင်များ၊ အများပြည်သူလူထုများအားလုံးကို တပ်လှန့်နှိုးဆော် လိုက်ရပါတော့သည်။

ပါရမီ (၁၀) ပါးလက်ကိုင်ထား၍ သမိုင်းမှတ်တိုင်ကို ဖော်ထုတ်ကြပါစို့လားဗျာ . . . . ။
ကျော်သူ

(ကိုကျော်သူ ဖေ့ဘုတ်စာမျက်နှာမှ ကူးယူဖော်ပြသည်။)

အပြည့်အစုံသို့...

မုန်တိုင်းကြီးနှင့် ဆူနာမီ ၃ ရက်အတွင်း ဖြစ်လာနိုင်ဖွယ်ရှိကြောင်း သတိပေး

ဆုံဆည်းရာ၊ ၂၈ ရက် ဒီဇင်ဘာလ ၂၀၁၁

၂၀၁၁ နှစ်ကုန်ပိုင်းမှာ အလွန်အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီးတစ်ခု ဘင်္ဂလား ပင်လယ်အော် အတွင်း ရှိနေတာကို မြင်တွေ့ရပါတယ်။ ဒီမုန်တိုင်းကြီးဟာ အိန္ဒိယနိုင်ငံတောင်ပိုင်း အရှေ့ဖက်ကမ်းခြေကို ဖြတ်ကျော် ၀င်ရောက်မယ်လို့ မြန်မာနိုင်ငံ မိုးဇလ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ခန့်မှန်းထားပါတယ်။

ဘင်္ဂလား ပင်လယ်အော် အနောက်တောင် ပိုင်းမှာ ဖြစ်ပေါ် နေတဲ့ 03B မုန်တိုင်းကို တဖြည်းဖြည်း ပိုမိုအားကောင်းလာကာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီး တစ်ခုဖြစ်လာပြီးတဲ့နောက် (၃၀-၁၂-၂၀၁၁)ရက် နေ့ညနေပိုင်းအချိန်မှာ အိန္ဒိယနိုင်ငံတောင်ပိုင်း အရှေ့ဖက်ကမ်းခြေကို Chennai မြို့အနီးက ဖြတ်ကျော် ၀င်ရောက်လိမ့်မယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာ ဦးထွန်းလွင် က ခန့်မှန်းပြောဆိုပါတယ်။

အနေအထားကတော့ အန္တရာယ်အလွန်ကြီးမားတဲ့ အခြေအနေပါပဲ။ ဒီလိုအင်အားနဲ့သာဖြတ်ခဲ့ရင်သေချာပေါက် မုန်တိုင်းဒီရေက တက်တော့မှာပဲ။ အသေအပျောက်တွေကိုလည်း စိတ်မချမ်းမြေ့စရာ ကြားရတော့မှာပါပဲ။ ဒီနေရာမှာ တကယ်ဆိုရင် ကြိုတင်ကာကွယ်မှုပဲ လိုပါတယ်။ အချိန် (၃)ရက် အနည်းဆုံး ရပါတယ်။ အိန္ဒိယပြည်သူတွေ ကြိုတင် ကာကွယ်နိုင်ကြပါစေ။ ကျွန်တော်တို့ အတွက်ကတော့ ဒီမုန်တိုင်း နောက်(၃)ရက်အတွင်း လမ်းကြောင်းပြောင်းကာ အရှေ့မြောက်ဖက်ကို ပြန်ကွေ့မလာပါစေနဲ့... လို့ ဦးထွန်းလွင် ၀က်ဆိုက်ဘ်မှာ ဖော်ပြထားပါတယ်။

အရှေ့မြောက်ဖက်ကို ပြန်ကွေ့လာရင် မြန်မာပြည်မှာလည်း မှန်တိုင်းဖြစ်ပေါ်မယ့် အခြေအနေမှာ ရှိတယ်လို့ သိရပါတယ်။

(ရည်ညွှန်း - http://www.tunlwin.com/latestdetail.php?myanmar=639)

အပြည့်အစုံသို့...

Sunday, December 25, 2011

Expression of Freedom

အပြည့်အစုံသို့...

ဆန်ရှင်ရုတ်ရင် ဆင်းရဲချမ်းသာ ပိုကွာဟမယ်

ခင်ရတနာ

မြန်မာပြည်သူတွေ ဆင်းရဲတွင်းနက်နေတာဟာ အနောက်နိုင်ငံတွေက ပိတ်ဆို့ထားတဲ့ ဆန်ရှင်ခေါ် ဒဏ်ခတ်မှုတွေကြောင့်လား-- စစ်အစိုးရရဲ့ စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့်လားဆိုတာ မကြာခင် လွှတ်တော်တက်မဲ့ နိုင်ငံရေးသမားတွေ သိထားဘို့လိုတယ်လို့ မြန်မာစီးပွားရေး ပညာရှင်တချိုံက ထောက်ပြပါတယ်။

ဆန်ရှင်ကြောင့် ပြည်သူကိုထိခိုက်သလားဆိုတာကို လေ့လာတဲ့အခါ ကမ္ဘာမှာ ဆန်ရှင်အလုပ်ခံရတဲ့ နိုင်ငံတွေကို ပြန်ကြည့်ဘိုလိုသလို မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ချိန်ထိုးကြည့်မှ အဖြေမှန်နဲ့နီးစပ်နိုင်မယ်လို့ ဒေါက်တာမျိုးညွန့်လို စီးပွားရေးပညာရှင်တွေက ယုံကြည်ထားပါတယ်။

ဆိုလိုတာက တခြားဆန်ရှင်ရှိနေတဲ့နိုင်ငံတွေမှာ ပုဂ္ဂလိက ကဏ္ဍထွန်းကားနေတဲ့အတွက် ပြည်သူကို အတိုင်းအတာတရပ်ထိ ထိခိုက်ပေမဲ့ မြန်မာပြည်မှာတော့ ပုဂ္ဂလိကကဏ္ဍကို စစ်တပ်နဲ့စစ်တပ်နဲ့နီးစပ်သူတွေကသာ လက်ဝါးကြီးအုပ်ထားတဲ့အတွက် ပြည်သူကိုထိခိုက်ဘို့ အကြောင်း အလွန်နည်းပါးတယ်လို့ မတ်ခရိုစီးပွားရေး ပညာရှင် ဒေါက်တာမျိုးညွှန့်က ထောက်ပြပါတယ်။


မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေတက်နေရခြင်းရဲ့ အဓိကအကြောင်းက အစိုးရအသုံးစရိတ်တွေ ကာမိအောင် လိုငွေတွေကို စက်နဲ့ရိုက်ထုတ်နေလို့ဖြစ်တယ်လို့ အန်အယ်ဒီ စီးပွားရေး သုံးသပ်ချက်စာတမ်းမှာ ဖော်ပြထားပါတယ် တကယ်တော့ ငွေဖောင်းပွလို့ ကုန်ဈေးနှုန်းကြီးပီး ပြည်သူတွေ ဒုက္ခရောက်တာဟာ အနောက်နိုင်ငံ ဆန်ရှင်ကြောင့်မဟူတ်ဘဲ စစ်အစိုးရကြောင့်လို့ ဒေါက်တာမျိုးညွန့်က ရှင်းပြပါတယ်။

စစ်အစိုးရဘက်က စိးပွားရေး စီးမံခန့်ခွဲမှုညံ့ဖျင်းတာတော့ မှန်ပါတယ် ဒါပေမဲ့ ဆန်ရှင်ကိစ္စကို ဒေါက်တာမျိုးညွန်လို ပွင့်ပွင့်လင်းလင်း နာမယ်ထုတ် မပြောရဲတဲ့ ပြည်တွင်း စီးပွားရေးပညာရှင်တချိုံကတော့ တမျိုးမြင်ပါတယ်။

အိမ်နီးချင်းနိုင်ငံတွေကရတဲ့ နည်းပညာတို့ ဈေးကွက်ဆိုင်ရာ လိုအပ်ချက်တို့ အရင်းအနှိးဈေးကွက်တို့စတဲ့အချက်တွေဟာ အနောက်နိုင်ငံတွေက တိုက်ရိုက်ရသလူို အရည်အသွေးမရှိဘူး-- ဒါပေမဲ့ အနောက်နိုင်ငံဈေးကွက်တွေကို မြန်မာပြည်သူတွေ မဆက်သွယ်နိုင်အောင် ဆန်ရှင်က ဟန့်တားထားတယ်လို့ ယူဆပါတယ်။

လွှတ်တော်မှာ ဆန်ရှင်ရုပ်သိမ်းရေးတောင်းဆိုမယ်ဆိုတဲ့ အမတ်တွေရဲ့ တောင်းဆိုချက်ကိုကြည့်ရင် ပြည်သူတွေအတွက် စစ်အစိုးရက ကျန်မာရေးပညာရေး အသုံးစရိတ် ဘာကြောင့် လျှော့သုံးသလဲဆိုပီး မေးမဲ့အချက် မပါတာ အံ့သြစရာဖြစ်ပါတယ်

အန်အယ်ဒီရဲ့ စီးပွားရေးသုံးသပ်ချက်မှာ စစ်အစိုးရက ပညာရေးအတွက် ဂျီဒီပီရဲ့ ၁ ရာနှဲုန်းနဲ့ ကျန်းမာရေးအတွက် ဂျီဒီပီရဲ့ ၀.၅% သာသုံးတယ်လို့ ထောက်ပြထားပါတယ်။

ကာကွယ်ရေးအသုံးစရိတ်ကို လူထုကျန်းမာရေးနဲ့ပညာရေးစရိတ် ၂မျိုးပေါင်း ပဏာမထက်ပိုသုံးနေတဲ့နိုင်ငံဆိုလို့ အာရှဒေသတွင်းမှာ မြန်မာတနိုင်ငံသာရှိတယ်လို့ စီးပွားရေးပညာရှင် ဒေါက်တာ Sean Turnell ကလဲ ဝေဖန်ထားပါတယ်

ဆန်ရှင်ထိရောက်မှုရှိမရှိနဲ့ပတ်သက်ပီး Institute for International Economics ကနေ ၁၁၆ နိုင်ငံကို လေ့လာရာမှာ ဆန်ရှင်ကြောင့် အာဏာရှင်တွေ ထိခိုက်သလို အဲဒီနိုင်ငံတွေက ပြည်သူတွေကိုလဲ တစုံတရာအတိုင်းအတာထိ ထိခိုက်တယ်လို့ အစီရင်ခံဘူးပါတယ်။

တကယ်တော့ မြန်မာနိုင်ငံရဲ့ ဆန်ရှင်ပြဿနာဟာ စစ်အစိုးရက ပြည်သူအပေါ် ဖိနှီပ်ချုပ်ချယ်မှု လု့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အနောက်နိုင်ငံတွေက ဆန်ရှင်တွေ ပြဌာန်းခဲ့တာ ဖြစ်ပါတယ် ဒါပေမဲ့ ပြည်သူတွေ စီးပွားရေးကျပ်တည်းနေတာဟာ စစ်အစိုးရရဲ့ စီမံမှု ညံ့ဖျင်းလို့ဆိုတာ စစ်အစိုးရက ၀န်မခံဘဲ ဆန်ရှင်ကြောင့်ဆိုပီး ဆန်ရှင်ရုပ်သိမ်းရေး တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ စီးပွားရေး ပညာရှင် ဒေါက်တာမျိုးညွန့်က ထောက်ပြပါတယ်

တကယ်လိုရများ အမေရိကန်ဘက်က ဒီနှစ်ထဲ တချိုံ ဆန်ရှင်တွေကို ရုတ်သိမ်းပေးမယ်ဆိုရင် မြန်မာနိုင်ငံထဲမှာ ပိုပီး ဆင်းရဲချမ်းသာကွာဟသွားပီး စစ်အစိုးရလူတွေဘဲ ပို ချမ်းသာသွားမှာဖြစ်တယ်လို့ ဒေါက်တာမျိုးညွှန့်က ၂၀၁၁ ခုအတွက် ခန့်မှန်းထားပါတယ်။

ခင်ရတနာ ဖေ့ဘုတ်မှ ကူးယူဖော်ပြသည်။

အပြည့်အစုံသို့...

နိုင်ငံရေးပိုင်သူ ရှားပါး

မောင်သာနိုး

ကျနော်တို့ မြန်မာနိုင်ငံရဲ့ နောက်ပိုင်းသမိုင်းကို ပြန်ပြောင်းကြည့်လိုက်ရင် ကျနော်တို့နိုင်ငံမှာ နိုင်ငံရေးကို ပိုင်ပိုင်နိုင်နိုင် ခွဲခြမ်းသုံးသပ် သိမြင်တတ်သူ အတော်ရှားပါးတာကို တွေ့ကြရတယ်။ ခေတ်ပညာအသိ မကြွယ်ဝသေးတဲ့ ပဒေသရာဇ်ဘုရင်ခေတ်ကို ထားလိုက်တော့။ လောကဓာတ်ကျောင်းဆိုတာတွေ စတင်ပေါ်ပေါက်၊ နောက် တက္ကသိုလ်ထွက်ပေါ်တဲ့ ကိုလိုနီခေတ်မှာကို ရှိသင့်ရှိအပ်တဲ့ နိုင်ငံရေးအသိရှိတဲ့သူအင်မတန် ခေါင်းပါးတာကို တွေ့ကြရတယ်။

ဥပမာ - ဂျာမဏီမှာ “အာဏာရှင်” ဟစ်တလာ (သူတို့ခေတ်က ၀စ္စပေါက်သံထည့်ပြီး ရွတ်ကြပါတယ်။ နောက်မှ ၀စ္စပေါက်သံ ပျောက်ပြီး “ဟစ်တလာ” ခေါ်ကြတာ) ပေါ်လာတော့ တတိုင်းတပြည်လုံး ဟစ်တလာ ဟစ်တလာ ဖြစ်လာတယ်။ အာဏာရှင် အာဏာရှင် ဖြစ်လာတယ်။ နိုင်ငံရေးခေါင်းဆောင်တဦးကိုတောင် “အာဏာရှင် ဦးချစ်လှိုင်” ခေါ်လိုက်ကြသေး။ သီချင်းထဲမှာတောင် “အာဏာရှင် ဟစ်တလာက ပျိုရွယ်သူတွေ ယှဉ်ကာဖက်လို့” ဘာညာ ဆိုလိုက်ကြသေးတာကလား။

ဒီလိုနဲ့ နောက်ဆုံး ဖက်ဆစ်ဂျပန်နဲ့ ပေါင်းတဲ့ထိ ဖြစ်ခဲ့ရတယ်။ ဒါ့ကြောင့်လည်း နောင် ဦးသိန်းဖေမြင့် (အဲဒီတုန်းက ရဲဘော်သိန်းဖေ) နဲ့ တွေ့တဲ့အခါ တရုတ်ခေါင်းဆောင်ကြီး ချိုအင့်လိုင်က “ကမ္ဘာပေါ်မှာ ကွန်မြူနစ်မှန်သမျှ ဖက်ဆစ်ဆန့်ကျင်တာချည်း၊ မင်းတို့ ဗမာကွန်မြူနစ်တွေပဲ ဖက်ဆစ်ဂျပန်နဲ့ ပူးပေါင်းတယ်” လို့ ရှုတ်ချတာ ဖြစ်တယ် (စစ်အတွင်းခရီးသည်)။

တခါ အင်္ဂလိပ်ခေတ်က ကုလား-ဗမာအဓိကရုဏ်းဖြစ်တော့ နိုင်ငံရေးဆရာ တော်တော်များများက ကုလားဆန့်ကျင်ရေးသမားတွေပါ။ ကုလားတွေကို ချဖို့ ဗမာဆင်းရဲသားတွေကို မြှောက်ထိုးပင့်ကော် လုပ်ခဲ့ကြတာကလား။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းပဲ “ကုလားအရေးလောက်ကိုဖြင့် ဓားသွေးလောက်တယ် ဆရာ မထင်လို့မို့” စသဖြင့် ကဗျာဖွဲ့ကာ အဓိကရုဏ်းရပ်ဖို့ မေတ္တာရပ်ခံ ကြိုးပမ်းခဲ့တယ်။

နောက် ဗိုလ်ချုပ်အောင်ဆန်းတို့ လွတ်လပ်ရေးကြိုးပမ်းကြတဲ့အခါ လက်ဝဲသမားအများက နယ်ချဲ့သမားနဲ့ စေ့စပ်တယ် ဘာညာ ဝေဖန်ကြတယ်။ ဗိုလ်ချုပ် ကျဆုံးပြီး ဦးနုက စေ့စပ်ရေးဆက်လုပ်တော့လည်း ဆက်ဝေဖန်ကြတာပဲ။

လွတ်လပ်ရေး ကြေညာပြီးတော့လည်း ဗမာပြည်ကွန်မြူနစ်ပါတီက လွတ်လပ်ရေးမစစ်၊ အတုအယောင်သာဖြစ်တယ့်လို့ သုံးသပ်တယ်။ ကွန်မြူနစ်ဂီတပညာရှင်က “နု-အက်တလီစာချုပ်နဲ့ ဗမာပြည်ကြီးလည်း ရောင်းစားခဲ့ပြီလေ” လို့ တေးဟစ်တယ်။

နောင် နှစ်အတန်ကြာမှ ရုသျှ၊ တရုတ်တို့က လေသံပြောင်းကုန်မှ (သူတို့ပါတီရဲ့ ဒုတိယကွန်ဂရက်မှာ ထင်တယ်) နိုင်ငံရေးအရတော့ လွတ်လပ်ပါတယ်၊ စီးပွားရေးအရ မလွတ်လပ်ဘူး လုပ်လာတယ်။ ဒီလိုနဲ့ ကွန်မြူနစ်၊ အလံနီ၊ ပြည်သူ့ရဲဘော် စတဲ့ လက်ဝဲနိုင်ငံရေးပါတီတွေရဲ့ ကြွေးကြော်သံမှာ နယ်ချဲ့ဆန့်ကျင်ရေးဆိုတာ ထိပ်တန်းက ရှိနေခဲ့တယ်။

ကိုယ့်ပြည်တွင်းမှာ မရှိတော့တဲ့ နယ်ချဲ့ဆိုတာက တစ္ဆေကြီးတကောင်လို ထိတ်လန့်ခြောက်ခြား နေသမို့ ပြည်တွင်းက ဖိနှိပ်သူဆိုတာကို ဦးစားပေးရကောင်းမှန်း မသိတော့သလို ဖြစ်ကုန်တော့တယ်။ သူတို့ကို ဆရာတင်ထားကြတဲ့ ကဗျာဆရာဆိုသူတွေကလည်း ရေးလိုက်ရတဲ့ နယ်ချဲ့ဆန့်ကျင်ရေးကဗျာ၊ တော်လှန်ကဗျာ၊ မိုးဝေကဗျာ ... စသဖြင့် စသဖြင့် ...။

၁၉၆၂ မှာ ဦးနေ၀င်း ခေါင်းဆောင်တဲ့ စစ်တပ်က တိုင်းပြည်ကို အာဏာသိမ်းတော့ ဗကပလို လက်ဝဲဆရာကြီးတွေက လီနင်ကို ကိုးကားပြီး ဒါ ပါလီမန် စတဲ့ နည်းပေါင်းစုံနဲ့ တိုင်းပြည်ကို ချယ်လှယ်လို့မရ၊ အုံကြွလာတဲ့ ပြည်သူကို မဖိနိုင်တော့တဲ့အခါ နောက်ဆုံးပိတ်နည်းလမ်းအဖြစ် နယ်ချဲ့က စစ်တပ်ကို သုံးတာ ဖြစ်တယ်လို့ အတွေးခေါင် ဝေဖန်သေးတာကလား။


ဦးနေ၀င်းတို့ဟာ ဦးနုအရပ်သားနိုင်ငံရေးအုပ်စုနဲ့လည်း မဆိုင်၊ အင်္ဂလိပ်- အမေရိကန် နယ်ချဲ့အုပ်စုနဲ့လည်း မပက်သက်၊ သီးခြားအုပ်စု၊ တတိယအုပ်စုသာဖြစ်တယ် ဆိုတာကို သဘောမပေါက်ကြဘူး။ နယ်ချဲ့တစ္ဆေကြီးက ပူးတုန်း။

သူတို့နဲ့ ပြောင်းပြန်၊ လက်ဝဲနိုင်ငံရေး ဆရာကြီးတချို့ကျတော့လည်း ဘယ်တုန်းကမှ သမိုင်းမပြောင်ခဲ့တဲ့ ဦးနေ၀င်းကို တကယ့်မျိုးချစ်ကြီး၊တိုင်းပြည်ကယ်တင်ရှင်ကြီးနှယ် ရိုသေမြတ်နိုး ဦးသုံးကြိမ်ချကြတော့တာကလား။တချို့ခေါင်းဆောင်ကြီးတွေက ဆိုရင်ခွေးကတက်က အိပ်ရ အိပ်ရ ကျွန်ခံပါရစေ ကြွေးကြော်တော့တာ။

ဦးနေ၀င်းက “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” ကြေညာတော့ ကျနော်ဟာ အသက်သုံးဆယ် မပြည့်သေးပါဘူး။ လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်း ရေဒီယိုက ဖတ်ပြတာကို နားထောင်နေမိရာက ဘေးက သူငယ်ချင်းကို “အလကားဟာကြီး၊ ဖြီးတာ ဖြန်းတာ” လို့ မှတ်ချက်ချမိတယ်။ အဲသလို ချာတိတ်ကျနော်က သုံးသပ်မိချိန် ကျနော့်ထက် အသက်နှစ်ဆမကကြီးသူ နိုင်ငံ့ခေါင်းဆောင်ဆိုသူများက ကျနော့်လို မမြင်၊ ဇောက်ထိုးမိုးမျှော် မြင်နေတာများကို ကျနော့် ငယ်နုနုဦးနှောက်က မစဉ်းစားတတ်အောင် ဖြစ်ခဲ့ရတော့တယ်။

သူတို့ ပြောတာဆိုတာများကို ဆက်လက်ကြားရလေလေ အံ့သြလေလေပါပဲ။ “ကျနော်တို့ နိုင်ငံချစ်သူတွေဟာ ဂိုဏ်းဂဏစိတ်တွေ ဖယ်ရှာသင့်ပြီ၊ ငါတို့ပါတီမှ ငါတို့ပါတီဆိုတဲ့ အစွဲအလမ်းတွေ မထားသင့်တော့ဘူး။ အခု ဦးနေ၀င်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဟာ ကျနော်တို့ ကွန်မြူနစ်တွေ၊ အလံနီတွေ၊ ဆိုရှယ်နီတွေအားလုံး လက်ခံနိုင်မယ့် ဆိုရှယ်လစ်သဘောတရားကို ဘုံသဘော ရေးဆွဲထားတာပဲ။ ဒီလမ်းစဉ်ကြီးကို အခြေခံကာ အားလုံး ညီညီညွတ်ညွတ် ဆိုရှယ်လစ်စနစ် တည်ထောင်ရေးကို ၀ိုင်းဝန်းလုပ်ဆောင်ကြရမယ်” တဲ့။

အဲဒီလူတွေဟာ အဲဒီအချိန်က ကမ္ဘာမှာ မော်စကိုနဲ့ ပီကျင်း ဘာတွေကွဲလွဲနေကြတယ်ဆိုတာကို နကန်းတလုံး သိနားလည်ပုံမရှိ။ “လူလူချင်း ခေါင်းပုံဖြတ်မှုကင်းသော” ဘာညာ ကြားလိုက်တာနဲ့ ဆိုရှယ်လစ်ပဲလို့ အောက့်မေ့တဲ့ နိုင်ငံရေးမူလတန်းမအောင်သူတွေသာ ဖြစ်တော့တယ်။ သတ္တ၀ါအနန္တကို မေတ္တာထားရမယ် ဆိုကာမျှနဲ့ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ဂျိန်းဘာသာ အတူတူပါပဲ ဆိုတဲ့ပုံစံမျိုး။ ဒါနဲ့များ ဒီလူတွေ တောထဲဝင်လိုဝင်၊ မြို့ခိုသူခိုကာ ဆယ်နှစ်ဆယ်မိုး ဆိုရှယ်လစ်တော်လှန်ရေး လုပ်လိုက်ကြသေးတယ်။ မအောင်မြင်တာ ဘာဆန်းသလဲ ပြောရလိမ့်မယ်။

တောထဲရောက်နေသူကြီးတဦးက ဦးနေ၀င်း လက်ယပ်ခေါ်လိုက်ရာ အူယားဖားယား ပြေးဝင်လာတယ်။ မြို့ပေါ်ရောက်တော့ သူ့အလုပ်က မနက်တိုင်း ဗကပပျက်၊ အလံနီပျက်တွေ မန်နေဂျာလုပ်နေတဲ့ အထူးပြည်သူ့ဆိုင်ပေါက်စေ့ လျှောက်သွားကာ ဒီဆိုင်က ဓာတ်ဗူး၊ ဟိုဆိုင်က ဓာတ်မီး၊ အဲဟိုဆိုင်က နို့ဆီ၊အဲဒီ့ဆိုင်ကနို့မှုန့်ရသမျှ ထုတ်ပြီး မှောင်ခိုကုန်သည်ဆီသွင်းတဲ့အလုပ်ပါပဲ။ အောင်မယ်လေးဟဲ့ တောခိုတော်လှန်ရေးသမားကြီး။

ခွေးကတက်ကပဲ စောင့်ပါရစေဆိုတဲ့မြို့ခိုဆိုရှယ်လစ်ခေါင်းဆောင်ကြီးကတော့ ခွေးကတက်ကတောင် စောင့်ခွင့်မရရှာ။ သူ့တပည့် သားမြေးတွေ ပေးစာကမ်းစာနဲ့ပဲ အသက်ဆက်နေခဲ့ရတယ်။ သူ့တပည့်တွေကိုတော့ ဦးနေ၀င်းက အရိုးအရင်းကိုက်ခွင့်ရတဲ့ နေရာလေးတွေမှာ ထားပေးပါတယ်။ အဲ ကိုယ့်လူတို့က သူတို့ရတဲ့ အဲဒီနေရာလေးတွေမှာ စည်းစိမ်တော့ အယစ်သား။

တခါက ပျဉ်းမနား လယ်ဝေးမှာကျနော်တို့ စာပေဟောပြောပွဲ လုပ်နေစဉ် ရုသျှဆိုရှယ်လစ်စာပေအကြောင်း ထည့်ပြောမိရာ ဆိုရှယ်နီကနေ မြန်မာ့ဆိုရှယ်လစ်ပြောင်းလာသူက တင်မိုး၊ မောင်စွမ်းရည်၊ ကျနော်တို့ကို ညတွင်းချင်း သူ့နယ်မြေက ခွာစေ နှင်ချလို့ ကသောကမျော ပြေးခဲ့ရဖူးတယ်။

နောက် ဦးနေ၀င်းတို့ အာဏာလက်လွှတ်ဖြစ်သွားတော့ အဲဒီ ဦးသာကူးဟာ NLD အမတ် ဖြစ်လာပါတော့တယ်။ တခါ NLD အမတ်က နုတ်ထွက်တာ ကြားရတယ်။ အခု အဲဒီ့ငနဲ ဘယ်ဇာတ်ထဲ ၀င်ရောက် ကပြနေလေပြီမသိ။ ဒါ ကျနော် လက်လှမ်းမီတဲ့ ထိပ်တန်းမှသည် အောက်ခြေနားအထိ နိုင်ငံ့ခေါင်းဆောင်ဆိုသူတချို့ နိုင်ငံရေးအသိပညာ နုံနဲ့ပုံနဲ့ နိုင်ငံချစ်စိတ်ကင်းမဲ့ပုံ သာဓကအချို့ဖြစ်တယ်။



နိုင်ငံရေးပါတီတခုမှာ ခေါင်းဆောင်နေတယ်၊ ၀င်လုပ်နေတယ် ဆိုကတည်းက နိုင်ငံရေးသဘောတရား အထိုက်အလျောက် သိရမယ်။ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကို မှန်မှန်ကန်ကန် ချင့်ချိန်သုံးသပ်နိုင်ရမယ်။ အဲသလို အစွမ်းအစမရှိဘဲစားသာမယ်ထင်တိုင်း သာကူးလုပ်နေလို့ကတော့ နိုင်ငံရေးသမားမဟုတ်၊ နိုင်ငံရေးဖွတ်ကျား၊ မဆလထဲ ၀င်ခဲ့တဲ့ ဗကပ၊ အလံနီ၊ ပြည်သူ့ရဲဘော်၊ ဆိုရှယ်နီ၊ ဖဆပလ၊ ပထစ မှန်သမျှ ဒီအမျိုးအစားထဲပါတယ် (၀န်ထမ်းမို့ မဆလဖြစ်ရသူများ မဆိုင်)။

မောင်သာနိုး

ခင်ရတနာ ဖေ့ဘုတ်မှ တဆင့် (NEWS WATCH သတင်းဂျာနယ်၊ အတွဲ ၇၊ အမှတ် ၂၆ မှ ကူးယူဖော်ပြပါတယ်။)

အပြည့်အစုံသို့...

Wednesday, December 21, 2011

လှည်းတန်းလမ်းဆုံတွင် ဗုံးပေါက်ကွဲ

ဆုံဆည်းရာ၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၂

ရန်ကုန်မြို့ ပြည်လမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်၊ လှည်းတန်းလမ်းဆုံ ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းရှိ ရာမညဆောင် အနီးရှိ အများသုံးသန့်စင်ခန်း (အမျိုးသမီးဘက်ခြမ်း) တွင် ၁၁ နာရီ ၈ မိနစ်က ဗုံးပေါက်ကွဲခဲ့ပြီး အမျိုးသမီး တစ်ဦးသေဆုံးပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိသွားသည်။

နောက်ထပ် ဗုံးထပ်ကွဲရန်ရှိသည်ဟု လုံခြုံရေးတပ်ဖွဲ့များက ပြော၊ အနီးအနား မှ လူအားလုံးဖယ်ရှားခိုင်းကြောင်း သိရှိရသည်။ မပေါက်ကွဲသေးသော ဗုံးရှိနေသေးသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ရှာဖွေစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေသည်ဟု သတင်းရရှိပါသည်။ လှည်းတန်းလမ်း၊ ပြည်လမ်းနှင့် အင်းစိန်လမ်းတို့ကို ခတ္တပိတ်ပြီး စုံစမ်းရှာဖွေမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။
(ဓါတ်ပုံ - ဖေ့ဘုတ်အင်တာနက်စာမျက်မှ ကူးယူဖော်ပြသည်)

အပြည့်အစုံသို့...

နိုင်ငံရေးဝါသနာပါတာလား တာဝန်အရနိုင်ငံရေးလုပ်တာလား...

မောင်ဝံသ


နိုင်ငံရေးဝါသနာပါတာလား တာဝန်အရနိုင်ငံရေးလုပ်တာလား

တစ်လောက ကျွန်တော့်ဆီ အင်တာဗျူးလုပ်ဖို့ ရောက်လာတဲ့ ဂျာနယ်တစ်ခုက အသက်နှစ်ဆယ်ကျော်အရွယ် သတင်းထောက်မလေး တစ်ယောက်က အင်တာဗျူးကိစ္စပြီးသွားတော့ အလွတ်သဘောပါဆိုပြီး ဆရာ နိုင်ငံရေးကို ဘယ်အရွယ်ကစပြီး ၀ါသနာပါလာတာလဲ}} လို့ မေးခဲ့တယ်ဗျ။ အဲဒီမေးခွန်းကို ကျွန်တော် အင်းစိန်တောရမှာ ရှိခဲ့စဉ်တုန်းကလည်း အခန်းနီးချင်း ကျောင်းသားလူငယ်တစ်ယောက်က မေးတာကို ခံခဲ့ရဖူးတယ်ဗျ။ အဲဒီတုန်းက ကျောင်းသားလူငယ်လေးနဲ့ အခု သတင်းထောက်မလေးတို့ရဲ့ အမေးကို ကျွန်တော် ပြန်ဖြေခဲ့ပုံကို အနှစ်ချုပ်ပြီး တင်ပြချင်တယ်ဗျာ။

ဝါသနာအလုပ်ဆိုတာ

အမှန်တော့ အဲဒီမေးခွန်းဟာ အခြေခံကစပြီး မှားနေတဲ့မေးခွန်း ဖြစ်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးလုပ်ငန်းကို ၀ါသနာတစ်ခုအဖြစ် သဘောထားပြီး မေးထားလို့ပဲဖြစ်တယ်ဗျာ။ တကယ်တော့ နိုင်ငံရေးဆိုတာ (သီးသီးသန့်သန့်ရွေးထုတ်ပြီး ပြောရရင် ကျွန်တော်တို့လို နိုင်ငံမျိုးတွေမှာ) ၀ါသနာတစ်ခု မဟုတ်ဘူးဗျ။ ၀ါသနာဆိုတဲ့ ဝေါဟာရကို ]]သင်အလုပ် လုပ်မနေချိန်မှာ စိတ်ချမ်းမြေ့ပျော်ရွှင်မှုရရှိရန်အလို့ ငှာ ပြုလုပ်တဲ့လုပ်ရပ်တစ်ခု}} (an activity that you do for pleasure when you are not working) လို့ အောက်စဖို့ဒ်အဘိဓာန်မှာ ဖွင့်ဆိုထားပြီး ရေကူးတာတို့ ဥယျာဉ်စိုက်ပျိုးတာ တို့ စတဲ့အလုပ်တွေကို ဥပမာပေးထားတယ်ဗျာ။

ဒီမိုကရေစီနိုင်ငံတွေမှာတော့

]]ကျွန်တော်တို့လို နိုင်ငံမျိုးတွေမှာ}} လို့ ကျွန်တော် သုံးနှုန်းထားတာကို သတိပြုမိကြမယ် ထင်တယ်ဗျ။ မှန်တယ်ဗျာ။ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအားလုံးပါဝင် လက်မှတ်ရေးထိုးပြဋ္ဌာန်းထားတဲ့ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ အခြေခံ လူ့အခွင့် အရေးများ လုံလုံလောက်လောက် ရရှိထားကြပြီး အဲဒီအခြေအနေရဲ့ အကျိုးဆက်အဖြစ် ငြိမ်းချမ်းမှု ဖွံ့ဖြိုးတိုးတက်မှု၊ တင့်တယ်ထည်ဝါမှု စတဲ့ ကောင်းမြတ်ခြင်း တရားတွေ စည်ပင်ပွင့်လန်းနေတဲ့ နိုင်ငံတွေ(တစ်နည်း) ဖွံ့ဖြိုးပြီး ဒီမိုကရေစီနိုင်ငံကြီးတွေမှာတော့ နိုင်ငံရေးဆိုတာ ၀ါသနာတစ်ခုဖြစ်အောင်း ဖြစ်နိုင်သလို အဲဒီက နောက်တစ်ဆင့်တက်ပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်း (profession) တစ်ခုလည်း ဖြစ်ချင်ဖြစ်နိုင်တယ်ဗျ။ အဲဒါကို ရှုထောင့်တစ်မျိုးကကြည့်ပြီး ပြောရရင် နိုင်ငံသူ နိုင်ငံသားအားလုံး (တစ်ယောက်မကျန်) မဖြစ်မနေ အရေး တကြီးပါဝင်ဖြေရှင်းကြမှ ပြေလည်မယ့် အမျိုးသားရေး အကျပ်အတည်းကြီးတစ်ခုကို အောင်မြင်စွာ ဖြေရှင်းကျော်လွှားလွန်မြောက်နိုင်ခဲ့ ကြပြီဖြစ်တဲ့ နိုင်ငံမျိုးတွေမှာတော့ နိုင်ငံရေးဟာ ၀ါသနာတစ်ခု၊ အသက်မွေးဝမ်းကျောင်းတစ်ခု ဖြစ်နိုင်တယ်ဗျ။

ဝါသနာအလုပ် လုံးဝမဟုတ်ပါ

ဒါပေမယ့် ကျွန်တော့်တို့လို အမျိုးသားရေးအကျပ်အတည်းကြီးတွေ တစ်ခုပြီးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီး အခုအထိလည်း အမျိုးသားရေး အကျပ်အတည်းကြီးတစ်ခုနဲ့ ကြုံတွေ့ရင်ဆိုင်ဖြေရှင်းနေရဆဲဖြစ်တဲ့ နိုင်ငံတစ်ခုမှာတော့ နိုင်ငံရေးဆိုတာ ၀ါသနာတစ်ခု လုံးဝ(လုံးဝ)မဟုတ်ပါဘူးဗျာ။

လောကီနယ်ပယ်အတွင်း ကျင်လည်လှုပ်ရှားနေကြရတဲ့ လူသားတွေရဲ့ အန္တိမပန်းတိုင်က ဖွံ့ဖြိုးတိုးတက်စည်ပင်သာယာဝပြောတဲ့ လူ့ ဘောင်အဖွဲ့အစည်း တစ်ခုတည်ဆောက်ရေးပဲ ဖြစ်တယ်ဗျာ။ ဒီကနေ့ အဲသလိုမျိုးလူဘောင် အဖွဲ့အစည်းကို အတော်ကလေး မြင့်မားတဲ့ အတိုင်းအတာတစ်ခုအထိ အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့ကြပြီး ဖြစ်တဲ့ နိုင်ငံတွေ လျှောက်လမ်းခဲ့တဲ့ ခရီးက မရောက်သေးတဲ့ နိုင်ငံတွေကို ပေးနေတဲ့ သင်ခန်းစာက ဖွံ့ဖြိုးရေးဆိုတာ ငြိမ်းချမ်းရေးရှိမှ ရရှိခံစားနိုင်တဲ့ အရာဖြစ်တယ်။ ငြိမ်းချမ်းရေးဆိုတာကလည်း ညီညွတ်ရေးရှိမှ ဖြစ်ထွန်း ပေါ်ပေါက် လာနိုင်တဲ့ အရာဖြစ်တယ်။ ညီညွတ်ရေးဆိုတာကလည်း လွတ်လပ်မှု နဲ့ အခွင့်အရေးတန်းတူညီမျှမှုရှိမှ တည် ဆောက်နိုင်တဲ့ အရာဖြစ်တယ်ဆိုတာပဲ ဖြစ်တယ်ဗျ။

နယ်ချဲ့နဲ့ ဖက်ဆစ်တော်လှန်ရေး

အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပထမဆုံး အခြေခံအုတ်မြစ်ဖြစ်တဲ့ အမျိုးသားလွတ်မြောက်ရေး ရရှိဖို့တိုက်ပွဲ အလီလီ ဆင်နွှဲခဲ့ရတဲ့နိုင်ငံဖြစ်တယ်ဗျ။ ဗြိတိသျှကိုလိုနီနယ်ချဲ့အစိုးရကို နှစ်ကြိမ်၊ ဖက်ဆစ်ဂျပန်အစိုးရကို တစ်ကြိမ် စုစုပေါင်း သုံးကြိမ် ဆင်နွှဲခဲ့ရတဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများဟာ ကျွန်တော်တို့နိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ ပထမဆုံး ကြုံတွေ့ခဲ့ရတဲ့ အမျိုးသား ရေး အကျပ်အတည်းကို တစ်မျိုးသားလုံး (တစ်နည်း) ပြည်သူတစ်ရပ်လုံး အားသွန်ခွန်စိုက်စွမ်းစွမ်းတမံ ပါဝင်ဖြေရှင်းခဲ့ကြရတဲ့ ရုန်းကန်မှု ကြီးတွေပဲ ဖြစ်တယ်ဗျ။

ကိုဘဦးမှသည် သခင်အောင်ဆန်းသို့
အဲဒီကာလတွေမှာ ကောလိပ်ကျောင်းသား ကိုဘဦးခေါင်းဆောင်တဲ့ ကျောင်းသားတွေ စာသင်ခန်းကို စွန့်ခွာပြီး သပိတ်စခန်းတွေမှာ နေထိုင်ခဲ့ကြ တာ (၁၉၂၀)။ ဆရာစံဦးဆောင်တဲ့ တောင်သူလယ်သမားကြီးတွေ တံစဉ်တွေ လွှတ်ချပြီး ဓားတွေ၊ သေနတ်တွေကို စွဲခဲ့ကြတာ (၁၉၃၁)၊ သခင်ဘိုးလှကြီး ခေါင်းဆောင်တဲ့ ရေနံမြေအလုပ်သမားကြီးတွေ လုပ်ငန်းခွင်သုံး လက်နက် ကိရိယာ တန်ဆာပလာတွေကို စွန့်လွှတ်ပြီး ခရီးရှည်ချီတက်ဆန္ဒပြခဲ့တာ (၁၉၃၈)၊ သခင်အောင်ဆန်း ခေါင်းဆောင်တဲ့ လူငယ်နိုင်ငံရေးသမားတွေနဲ့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေ ရပ်ဝေးမြေခြားမှာ စစ်ပညာ သွားသင်ခဲ့ကြတာ (၁၉၄၁)၊ အလွှာစုံက ပြည်သူတွေ မိမိတို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို စွန့်လွှတ်ကျောခိုင်းပြီး ဘီအိုင်အေထဲ ၀င်ရောက်ခဲ့ကြတာ (၁၉၄၂)၊ တစ်နည်းပြောရရင် တစ်ချိန်က သလဲသီးလို သူ့အကန့်နဲ့သူ ရှိခဲ့ကြတဲ့ ပြည်သူတွေ အမျိုးသားလွတ်မြောက်ရေးဆိုတဲ့ နိုင်ငံရေး ပင်မရေစီးကြောင်းကြီးထဲ ခုန်ချပါဝင်လာကြတာတွေဟာ ၀ါသနာပါလို့ လုပ်ခဲ့ကြတာ မဟုတ်ဘူးဗျ။ ငါတို့နိုင်ငံလွတ်မြောက်ရေးအတွက် ငါတို့အားလုံးမှာ တာဝန်ရှိတယ်ဆိုတဲ့ တာဝန်သိစိတ်နဲ့ ပါဝင်ထမ်းဆောင်ခဲ့ကြတာပဲ ဖြစ်တယ်ဗျ။ ၀ါသနာတစ်ခုအနေနဲ့ အပန်းဖြေဖို့ နိုင်ငံရေးလုပ်ခဲ့ကြတာ မဟုတ်ပါဘူးဗျာ။

ဘ၀တွေ အသက်တွေပေး၍

လွတ်လပ်ရေးရပြီးတော့လည်း အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့ နိုင်ငံဟာ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ ဒီမိုကရေစီရေးတို့ တစ်ပေါင်းတည်း ပါဝင်တဲ့ အမျိုးသားရေး အကျပ်အတည်းကြီးနဲ့ ဆက်လက်ရင်ဆိုင်ခဲ့ရတာ ဖြစ်တယ်ဗျ။ ၁၉၄၈-၄၉ မှာ ကျောင်းသားတွေ စာသင်ခန်းတွေထဲက ထွက်လာပြီး သေနတ်ကိုင်ခဲ့ကြရပြန်တယ်။ ၁၉၆၂ မှာ စာသင်ခန်းကို ကျောခိုင်းပြီး အဓိပတိလမ်းမပေါ် လျှောက်ခဲ့ကြရတယ်။ ၁၉၇၄-၇၅-၇၆ မှာ ကျောင်းသားနဲ့ အလုပ်သမားတွေ စာပေသင်ယူမှုနဲ့ ကုန်ထုတ်လုပ်မှုတွေကို ရပ်ဆိုင်းပြီး သပိတ်သမားတွေ ဖြစ်ခဲ့ကြရတယ်။ ၁၉၈၈ မှာ လှည်းနေလှေအောင်း မြင်းစောင်းမကျန် ပြည်သူတွေ မိမိတို့ကို ထမင်းကျွေးနေတဲ့အလုပ်တွေကို စွန့်လွှတ်ပြီး လမ်းမတွေပေါ် ချီတက်ခဲ့ကြတယ်။ ၂၀၀၇ မှာ သံဃာတော်တွေ ကျောင်းသင်ခဏ်းတွေကို ကျောခိုင်းပြီး လမ်းမတွေပေါ် ကြွချီခဲ့ကြတယ်။ အဲဒီလုပ်ရပ်တွေ အားလုံးဟာ မိမိတို့လုပ်နေကျ အလုပ်ကနေ ငြီးစီစီဖြစ်လာလို့ ခေတ္တခဏလောက် အပန်းဖြေရအောင်ဆိုပြီး နိုင်ငံရေးလုပ်ခဲ့ကြတာ မဟုတ် ဘူးဗျ။ နေ့တွေ လတွေ နှစ်တွေနဲ့ တည်ဆောက်ထားတဲ့ ဘ၀တွေ၊ တချို့ဆိုရင် အသက်တွေကိုတောင် စတေးပေးဆပ်ပြီး လုပ်ခဲ့ကြတဲ့ နိုင်ငံရေးဖြစ်တယ်ဗျ။ မလုပ်မဖြစ်လွန်းလို့ မတတ်သာလွန်းလို့ လုပ်ခဲ့ကြရတဲ့ နိုင်ငံရေးဖြစ်တယ်ဗျ။ ၀ါသနာပါလို့လုပ်တဲ့ နိုင်ငံရေး မဟုတ်ပါဘူးဗျ။
လူတိုင်းတက်ကြွပါဝင်

ကျွန်တော်တို့နိုင်ငံမှာ တစ်ချိန်ချိန်မှာတော့ နိုင်ငံရေးဟာ ၀ါသနာအလုပ် တစ်ခု ဖြစ်လာကောင်း ဖြစ်လာနိုင်ပါတယ်။ အခုအချိန်မှာတော့ နိုင်ငံရေးဟာ ၀ါသနာအရ မဟုတ်ဘဲ ဒီမိုကရေစီနိုင်ငံထူထောင်ရေးတည်းဟူသော အမျိုးသားရေးတာဝန်အရ မလုပ်မဖြစ် လုပ်ကြရမှာ ဖြစ်တာကြောင့် လူတိုင်း တက်တက်

မောင်ဝံသ ၁၃ ၁၂ ၁၁

(maungwuntha facebook စာမျက်နှာမှကူးယူဖော်ပြသည်။)
ပြောချင်လွန်းလို့ / မောင်ဝံသ (ယခုအပတ် ပြည်သူ့ခေတ်ဂျာနယ်ပါ ဆောင်းပါး)
maungwuntha@gmail.com
Rest of your post

အပြည့်အစုံသို့...

ငရဲကြီးရှစ်ထပ်ရှိသည်ဟုဆိုကြသည်

ဖေမြင့်

“သူငယ်ချင်အရက်သောက်မလား” သူငယ်ချင်းကမေးသည်။

“မင်းထီပေါက်လို့လား” ကျွန်တော်ကမေးသည်။

“ဘယ်ပေါက်ပါ့မလဲကွ”

“ဒါဖြင့်လဲလုပ်မနေပါနဲ့ကွာ၊ ငါ့မှာလဲ အရက်ဖိုးပိုက်ဆံမရှိဘူး၊မင်းမှာလဲရှိမှာလဲရှိမှာမဟုတ်ဘူး။”

“ဘာလို့မရှိရမှာလဲကွ၊ ရှိတာနဲ့သောက်မှပေါ့”

“တော်ပါပြီကွာ၊ ငါမလိုက်တော့ပါဘူး၊ မင်းကကော ဘာကြောင့်ဒါလောက်အရက်သောက်ချင်နေရတာလဲ။”

“အရှင်းဆုံးပြောရရင် စိတ်ညစ်လို့ပေါ့ကွာ သူငယ်ချင်း၊စိတ်ညစ်နေတာကြာပြီကွာ၊ နေတိုင်းစိတ်ညစ်နေတာ မင်းလဲသိသားပဲ၊ဒီနေ့တော့ ငါအရက်သောက်တော့မယ်။”

“မဟုတ်သေးပါဘူးကွာ၊စိတ်ညစ်စရာကတော့ လူတိုင်းမှာရှိတာပေါ့၊စိတ်ညစ်လို့ အရက်သောက်တော့ စိတ်ညစ်စရာတွေထပ်ကြုံရမှာပေါ့၊ စိတ်ညစ်လို့သောက်၊သောက်လို့စိတ်ညစ်၊ ပတ်ချာလည်ပြီး နောက်ဆုံး ကိုယ်ပဲဒုက္ခရောက်မှာပေါ့။ လူ့ဘဝဆိုတာ အခက်အခဲတော့ရှိမှာပဲ၊ အခက်အခဲကို ရင်ဆိုင်ဖြေရှင်းရဲဖို့ လိုတယ်၊ ဒီကနေ့အဆင်မပြေရင်နက်ဖြန် အဆင်ပြေမှာပေါ့ သူငယ်ချင်း၊ အရေးကြီးတာက ကှိယ်ကအားမလျော့ဘဲ ကြိုးစားဖို့ပဲသူငယ်ချင်း၊ အဲဒါမှ တစ်နေ့မှာ အောင်မြင်မှုရမှာပေါ့၊ အခုလောလောဆယ်ဆယ် တောင့်ထားစမ်းပါဦး”

“မင်းစေတနာကိုငါနားလည်ပါတယ် သူငယ်ချင်း၊ မင်းပြောတဲ့စကားမျိုးလည်း ငါပြောတတ်ပါတယ်၊ ပြောလဲ ပြောခဲ့ဘူးတာပဲ၊ ဒါပေမယ့်ငါဒီထက်ပိုပြီးတောင့်မခံနိုင်တော့ဘူး၊ မင်းလဲသတိထား၊ မခံနိုင်လောက်တဲ့ အင်းအားကိုအတင်းတောင့်ခံရင် ဂျွတ်ခနဲ ကျိုးသွားလိမ့်မယ်၊ ရူးသွားတာနဲ့စာရင် အရက်သမားဖြစ်တာကမှ တော်သေးတယ် သူငယ်ချင်း”

“မဟုတ်သေးဘူးကွာ၊ မင်းကပြဿနာကို အဲသလောက် ပုံကြီးချဲ့မပြောနဲ့ရူးသွားရလောက်အောင်အထိ မင်းဘဝမခက်ခဲသေးပါဘူး၊ မင်းသောက်ချင်ရင် သောက်ချင်တယ်ပြောပါ”

“အေး ဟုတ်တယ်၊သောက်ချင်တာလဲ တစ်စိတ်တစ်ပိုင်းပါတာပေါ့ကွာ၊ အရက်ဆိုတာက စိတ်မညစ်ပဲလဲ သောက်လို့ကောင်းတဲ့ ပစ္စည်းတစ်ခုမဟုတ်လား၊ စိတ်ညစ်လို့ဆိုတော့ သောက်ဖို့အကြောင်းဟာ နှစ်ထပ်ကွမ်းလုံလောက်နေပြီ”၊ “ကဲ…..မင်း မလိုက်ချင်လဲ နေတော့ကွာ ငါတော့ ဒီနေ့အဖို့ သောက်ကိုသောက်ရမှ ကျေနပ်မယ်၊ သေသေချာချာကို မူးအောင်သောက်ပြီးမှ ပျှော်ပျှော်ကြီး အိမ်ပြန်သွားတော့မယ်ကွာ”

သူငယ်ချင်း လှည့်ထွက်သွားသည်။ ကျွန်တော် တစ်ယောက်တည်း ငေါင်၍ကျန်ရစ်သည်။

အချိန်ကညနေစောင်း၊ ဘာလုပ်ရမည်မသိပါ။

အမှန်တော့အိမ်ပြန်ရုံပဲရှိသည်။ သို့သော် ဘာမှအကြောင်းမထူးသော အနေအထားဖြင့်အိမ်ပြန်သွားရတာကို ကျွန်တော်စိတ်ပျက် ငြီးငွေ့ပြီ။ ကျပ်ကျပ်တည်းတည်း ကားကြီးထဲမှာ ကိုယ့်လိုပဲ လမ်းမမြင် ကမ်းမမြင်သူများကြားထဲမှာ ငရဲခံပြီး ပြန်ရမှာလည်း ကျွန်တော်ကြောက်ရွံ့နေသည်။

သည်ငရဲကို ဖြတ်သန်းပြီးနောက်မှာ ပြန်လည်ရောက်ရှိရမည့် အိမ်ဟူသည်ကလည်း သု့ခရိပ်မြုံမဟုတ်။ ဘေးမဲ့တော့မဟုတ်။စင်စစ် မနက်အိမ်မှထွက်ခဲ့ခြင်းသည်ပင် ဘေးလွတ်ရာသို့ထွက်လာခဲ့ခြင်း၊ ပြဿနာအပေါင်းမှ ရှောင်တိမ်းပြေးလွှားလာခဲ့ခြင်း ဖြစ်သည်မဟုတ်လော။ မသေချာမရေရာမှန်း ကိုယ့်ဘာသာ သေသေချာချာသိသည့် ကိစ္စတစ်ခုကိုအကြောင်းပြုပြီး ထွက်လာခဲ့တာ ကိုယ့်ဘာသာကိုယ်ပဲ သိသည်။ အဲ…..အိမ်မှာကျန်ခဲ့သည့် မိန်းမည်းသိချင်သိနိုင်ပါသည်။

ဘတ်စ်ကားမှတ်တိုင်နှင့် ဝေးသောနေရာဘက် ကျွန်တော်ထွက်လာခဲ့မိသည်။ လက်ဘက်ရည်ဆိုင်ဝင်ထိုင်ရလျှင်ကောင်းမည်လား။ ဘာလုပ်မည်လဲ။ အလကား ပိုက်ဆံကုန်ဦးမည်။ မီနီမတ်ကက်တွေ၊ နိုင်ငံခြားကုန်တိုက်တွေဆိုတာကလည်း ကိုယ်နှင့်ဘာမှမဆိုင်။ ရုပ်ရုင်ရုံက ပိုစတာများ၊ ဓာတ်ပုံကားချပ်များကို ငေးကြည့်နေရအောင်လည်း ကျွန်တော်ကလေးမဟုတ်တော့။ နိုင်ငံခြားပြက္ခဒိန် အသစ်ကလေးတွေချိတ်ထားတာ သွားလှန်ကြည့်ရ ကောင်းမည်လား၊ ဝယ်လဲမဝယ်ပဲ အသားလွတ် အရသာခံသွားသည်ဟု ကျိတ်ပြီးဆဲရေးတာကို ခံရနိုင်သည်။ အားမနာပါးမနာ ကောက်ကိုင်လှန်လောလို့ရသည့် လမ်းဘေးစာအုပ်ဆိုင်တွေကိုပဲ တစ်ဆိုင်ပြီးတစ်ဆိုင် ဝင်ထိုင်ကိုင်ကြည့်နေမိသည်။ အရက်ဆိုင်တစ်ဆိုင်ရှေ့ နားကိုကျွန်တော်ရောက်လာသည်။

အထဲမှာ သောက်စားနေကြသည်။ ကျွန်တော်အာခံတွင်းထဲတွင် စွတ်စို၍လာသည်။ ဆိုင်ထဲကိုလှမ်းကြည့်ရင်း ဆိုင်ရှေ့မှ ကျွန်တော် ဖြတ်ကျော်၍သွားသည်။ ဒီဆိုင်ဝင်ပြီး ကျွန်တော်တစ်ခွက်နှစ်ခွက်လောက်သောက် လိုက်ရရင်ကောင်းမလား။ “ဟာ…..မလုပ်ပါနဲ့”။ အဓိပ္ပာယ်မရှိဘူး။ ဟိုကောင့်ကျတော့ ကြီးကြီးကျယ်ကျယ် ပြောလိုက်ပြီးတော့။

ဒါပေ့မယ့် သူပြောသွားသလို တစ်ခါတစ်လေတော့ စိတ်တောင့်တင်းမှုတွေ ပြေလျော့သွားအောင် နည်းနည်းပါးပါး လုပ်လိုက်တာမှားဘူးထင်သည်။ သို့သော် ပိုက်ဆံရှိသလား။ ကျွန်တော့်အိတ်ထဲမှာ အရက်ဝင်သောက်၍ ရလောက်သောငွေကြေးတော့ရှိသည်။ ဆယ်တန်တစ်ရွက်၊ ကျပ်တန်သုံးလေးရွက်၊ ပြီးတော့သေသေချာချာ လေးခေါက်ချိုး ခေါက်၍ ထည့်ထားသည့် ကိုးဆယ်တန်တစ်ရွက်။ တစ်ကယ်တော့ သည်ကိုးဆယ်တန်က ကျွန်တော်သုံးစွဲရန် ထည့်ထားသည့်ပိုက်ဆံမဟုတ်။ အရက်သောက်ရန်အတွက်ကား သာ၍မဟုတ်။ ကျွန်တော့ဖိနပ် လမ်းမှာပြတ်သွားလျှင်အသစ်တစ်ရန်ဝယ်စီးရန် အတွက်သာဖြစ်သည်။ ကျွန်တော် တခြားအရာတွေကို သိပ်ဂရုမစိုက်သော်လည်း ဖိနပ်မပါဘဲ လမ်းလျှောက်ရမှာကိုတော့ ကြောက်နေသေးသည်။ ထို့ကြောင့်မြိုထဲထွက်လျှင် ကိုးဆယ်တန်ကလေးကိုအိတ်ထဲထည့်ယူခဲ့မြဲ ဖြစ်သည်။ အင်း….ဖိနပ်တစ်ရန် ကိုးဆယ်နဲ့မှရသေးရဲ့လား ကျွန်တော်တွေးပှုလိုက်မိသည်။သို့သော်လောကကြီးတွင် တွေးပှုမည်ဆိုပါက ပှုစရာတွေချည်းပဲမဟုတ်လား။ ပှုတာလည်း သည်စိတ်၊ မပှုတာလည်းသည်စိတ်။ ကိုယ်ပှုချင်လည်း ပှု၍ရသည်။ မပှုချင်လည်း မပှု၍ရသည်။ ပတ်ဝန်းကျင်ဆိုတာ ဂရုစိုက်မည်ဆိုလည်းရသည်။ မစိုက်ပဲနေတာ့ကော ဘာဖြစ်သေးလဲ။ သူတို့ကိုမထိခိုက်လျှင်ပြီးတာပဲမဟုတ်လား။ ကျွန်တော် နောက်ပြန်လှည့်ကာ ဆိုင်ထဲကိုလှမ်းကြည့်သည်။ အထဲသို့ဝင်လာမိသည်။ အရက်သမားတွေ စားပွဲတိုင်းလိုလို ပြည့်နေသည်။ တချို့ကဝိုင်းဖွဲပြီး ဆူညံအော်ဟစ်ပြောဆိုနေကြသည်။ နေရာလွတ်သည့် စားပွဲများက လူတွေကြည့်ရသည်မှာလည်း ဖော်ရွေသည့် လက္ခဏာမရှိ။ သူစိမ်းတွေ။ ဘယ်သူနှင့်မှ မဆက်ဆံချင်သည့်ပုံစံတွေ။ တစ်စားပွဲတည်းထိုင်၍ အရက်သောက်မိလျှင်ပြဿနာတက်ချင် တက်လာနိုင်သည့် ရုပ်မျိုးတွေ။ သူငယ်ချင်းတစ်ယောက်ကို ရှာသလိုလိုနှင့် ကျွန်တော်ပြန်လှည့်ထွက်လာခဲ့သည်။ အပြင်ရောက်မှသတိရသည်။ ကောင်းဘွိုင်ဇာတ်ကားများထဲကလို ကောင်တာမှာရပ်ပြီး နှစ်ပတ်မှာ၊ ဂွပ်ခနဲ မော့သောက်ပြီးခပ်တည်တည် ပြန်ထွက်လာခဲ့လျှင်လည်းရသားပဲ။

ပြန်လှည့်ဝင်မလိုလိုလုပ်ပြီးနောက်မှ ရှက်သလို ခြေလှမ်းများမရဲသလိုဖြစ်ကာ ကျွန်တော်ဆက်ထွက်လာခဲ့သည်။ စိတ်ထဲမှာ ဆတ်တငံငံနှင့်။ကံအားလျော်စွာ သိပ်ဝေးသည့်တစ်နေရာမှာပဲ နောက်ထပ်အရက်ဆိုင်တစ်ဆိုင်က ရှိနေပြန်သည်။ ကဲ…..ဝင်မလား။ သည်တစ်ခါဝင်လျှင်တော့ သောက်ဖြစ်အောင်သောက်မည်။ ဆိုင်ဝကြည့်လိုက်တောု့ဟိုဆိုင်တုန်းကလို လူအပြည့်။ လူတွေကြည့်တော့လည်းသိပ်အဆင်ပြေနေတဲ့ပုံစံမျိုး မတွေ့ရ။ တချို့ဆိုလျှင်အတော်ပင်နွမ်းနွမ်း ဖတ်ဖတ်။

ကျွန်တော်ကောင်တာမှာသွားရပ်သည်။ ဖန်ခွက်တစ်လုံး တောင်းသည်။ရမ်နှစ်ပက်မှာသည်။ရေခဲတစ်ပွဲ၊ မြေပဲတစ်ပွဲမှာသည်။ ဂွပ်ခနဲမော့မသောက်ဖြစ်။ ကျွန်တော်အဲသလို မသောက်နိုင်။ သောက်နိုင်သူတွေကို သဘောကျရုံပဲရှိသည်။ ဖန်ခွက်ထဲ ရေခဲထည့်၊ ရေထည့်၊ နည်းနည်းသောက်၊ ချထား၊ မြေပဲဝါး၊ အခန်းထဲသောက်စားနေသူများကို ကြည့်၊ နည်းနည်းသောက်။

“ဟိုစားပွဲမှာ နေရာလွတ်သွားပြီ၊ သွားထိုင်ပါလား တဲ့၊” ကောင်တာကလူက ပြောသည်။စားပွဲတစ်လုံးမှာလူနှစ်ယောက်ထသွားသည်။ တစ်ယောက်ကတော့ကျန်နေသေးသည်။ ကောင်တာကလူ ကြည့်ရတာသူအရက်ချင်သည့်အနား မှာရပ်နေတာကို ကြိုက်ပုံမရသဖြင့် သူညွန်ပြသည့် စားပွဲဆီသို့ ရွေ့သွားလိုက်သည်။ စားပွဲမှာတစ်ရောက်ထဲကျန်သည့်သူက ကျွန်တော့် ထက်အတော်လေး အသက်ကြီးသည်။ မူးလည်းအတော်မူးနေသည်။ ကျွန်တော်သူနှင့် မျက်နှာချင်းဆိုင် ဝင်ထိုင်သည့်အခါ သူကမော်၍ပင်မကြည့်။ ခေါင်းကိုငိုက်စိုက်ချကာ ပါးစပ်က ဗျစ်တောက်ဗျစ်တောက်တွေပြောနေသည်။ သူ့ရှေ့စားပွဲပေါ်မှာ ငွေစက္ကူအချို့ရှိသည်။

“သေပေါ့၊ သေကြပေါ့” သူကပြောပြီးရုတ်တရက်မော့ကြည့်သည်။ ကျွန်တော့်ကိုမြင်တော့ လက်ညိုးထိုးပြီး လှမ်းပြောသည်။ “ခင်ဗျားကိုပြောတာ မဟုတ်ဘူး”။

“ရပါတယ်ခင်ဗျာ၊ကိစ္စမရှိပါဘူး၊ ကျွန်တော်နားလည်ပါတယ်”။ သူကကျွန်တော့်ကို မူးဝေနေသော မျက်လုံးဖြင့်ကြည့်နေသည်။ “မောင်ရင် နားလည်တယ်ဆိုရင်ကောင်းပါတယ်၊ ဒါပေမယ့် နားလည်တယ်ဆိုတာ သိပ်များများနားလည်မှ ကောင်းတယ်၊ မလည်တလည်ဆိုရင်ခက်တယ်ကွ၊ ရင်းရင်းနှီးနှီး ပြောတာစိတ်မဆိုးနဲ့နော်၊ ဟောဒီမှာ မလည်တလည်နဲ့ လူလည်လုပ်နေတဲ့လူတွေကြောင့် ဒုက္ခရောက်နေတဲ့ အကောင်” သူ့ရင်ဘတ်သူ ဗုန်းကနဲပုတ်လိုက်သည်။

ထို့နောက်ဆက်ပြောသည်။

“မိန်းမ နေမကောင်းတာပဲကွာ ဘာဖြစ်လဲဟုတ်လား၊ မိန်းမဆိုတာနေမကောင်ဖြစ်မှာပေါ့၊ မိန်းမတွေ အမြဲနေမကောင်းဖြစ်နေတာပဲ၊ သေလဲသေပေါ့ ကွာ၊ သူမသေ ကိုယ်သေ၊ သေရင်အေးတာပဲ၊ သားသမီးတွေဆိုတာလဲ ရှာဖွေပေးကမ်းနိုင်သရွေ့ကာလပတ်လုံး သူတို့ကိစ္စက ပြီးဆုံးတယ်လို့မှ မရှိဘဲ၊ သေပြီဆိုတော့မှ ကိစ္စပြတ်တာ၊ ငါသေပြီ၊ မင်းတို့ကိုမပေးနိုင်တော့ဘူး”။ “ငါ့ အပိုင်းရပ်သွားပြီး၊ မင်းတို့ဘာသာမင်းတို့ လူ့ဘဝထဲရုန်းကန်ကြတော့.၊ အစတုန်းကတော့ လူ့ပြည်ဆိုတာ ငရဲနဲ့ နိဗ္ဗန်တွဲထားမယ်လို့ထင်ထားတာ၊ နိဗ္ဗန်တစ်ခုတည်း ရှိပေမယ့်ငရဲကျတော့ ရှစ်ခုတောင်ရှိတယ် မဟုတ်လား၊ လူ့ပြည်ဆိုတာ ငရဲကြီးရှစ်ထပ်ထဲက တစ်ထပ်ထပ်ရဲ့အစွယ်အပွား တစ်ခုဖြစ်မယ်၊ ဒီသားသမီးတွေကို ငရဲပြည်ကိုခေါ်လာမိတဲ့အတွက် ကိုယ့်မှာအပြစ်ရှိတာပေါ့ကွာ၊ တာဝန်ရှိတယ်ပြောလဲခံရမှာပေါ့၊ ဒါပေမဲ့ ဒါငရဲပြည်ပဲဟေ့၊ ငါခေါ်လာမိတာ ငါတောင်းပန်တယ်၊ ငါလဲ အမှုမဲ့ အမှတ်မဲ့ ခေါ်လာခဲ့မိတာ၊ မင်းတို့နဂိုလာရာ အရပ် ပြန်ကြမလားဆိုရင် သူတို့ကော ပြန်ချင်မလား၊ပြန်ကြမလား၊ အေး ဘယ်ပြန်ရမှန်းလဲတော့ မသိကြဘူးပေါ့ကွာ၊ ဒါပေမဲ့ ငရဲပြည်မှန်းသိပြီးတဲ့နောက် သူတို့ဆက်နေချင်သေးကြသေးရင်တော့ နေကြပေါ့ကွာ၊ ဒါသူတို့အပိုင်းဖြစ်သွားပြီ၊ ဒါပေမဲ့ အခုကျုပ်က မသေဘူး”။ “ဒါလောက်အရက်သောက်တာတောင် မသေသေးဘူး၊ မိန်းမသေမှာ၊ အဲ မိန်မလဲ ပြောသာပြောရတာ၊ တော်တော်နဲ့ သေမဲ့ရုပ်မဟုတ်ပါဘူး၊ စောစောကပြောတဲ့ မလည်တလည်နဲ့ လူလည်လုပ်တဲ့ကိစ္စခံနေရတာ၊ ဒီလိုလေကွာ၊ မောင်ရင် စဉ်းစားကြည့်၊ မိန်းမက နေမကောင်းဘူးကွာ၊ နှလုံးတုန်တယ်၊ ရင်ခုန်တယ်၊ မအိပ်နိုင်ဘူး၊ ထမင်းမစားနိုင်ဘူး၊ လမ်းထဲက ဆရာဝန်နဲ့ ဆေးထိုးတယ်၊သိပ်မထူးဘူး၊ ဒါပေမဲ့ ဒီနေ့မထူးခြားရင် နောက်နေ့ထူးခြားချင်ထူးခြားလာမှာပေါ့ကွာ၊ နည်းနည်းပါးပါး စောင့်ကြည့်ပေါ”့၊ “ဒါကို လူတတ်လုပ်တဲ့လူက ဝင်ပြီးဟာ နှလုံးရောဂါဖြစ်နေရင်ခက်မယ်၊ ရိုးရိုးဆရာဝန်နဲ့ ပြနေလို့ ဘယ်ဖြစ်မလဲ၊သူတို့တောင် နှလုံးရောဂါပါရဂူနဲ့ ပြပြီးမှ သက်သာသွားတာ ဘာညာလုပ်တော့ မိန်းမက သူ့ရောဂါဟာ နှလုံးရောဂါပဲ၊ ပါရဂူနဲ့ပြမှ ဖြစ်မယ်၊မပြရင်သူ သေမှာလို့ ဖြစ်သွားရော၊ အဲ့ဒီတော့ ပြပေါ့ကွာ၊ မရှိရှိ ရှာကြံချေးငှားပြီးပြပေါ့၊” “ပြတော့ ပါရဂူက ဘာပြောလဲ၊ နှလုံးရောဂါဖြစ်ချင်ရင် နေတယ်တဲ့၊ ဖြစ်နေပြီလားဆိုတော့လဲ မဟုတ်ဘူး၊ ဖြစ်ချင်နေတယ်တဲ့၊ ဘာစကားလဲကွာ၊ ဘယ်သူကဖြစ်ချင်တာလဲ၊ ဒီမိန်းမကိုယ်တိုင်ကဖြစ်ချင်နေတာလား၊ ဆရာဝန်ကပဲ ဖြစ်စေချင်နေတာလား၊ အဲဒီလိုပြောတော့လဲ ကိုယ့်အလွန်ဖြစ်ဦးမယ်၊ သိတဲ့အတိုင်း စမ်းသပ်ခနဲ့ဘာနဲ့ ဆေးဖိုးနဲ့နှစ်ရာကျော်ကျတယ်၊ နောက်ဆေးဝယ်ပြီး ဆက်သောက်သုံးလပြည့်ရင် သူ့ကိုပြန်လာပြပါတဲ့၊ အဲဒါ ဆေးတစ်မျိုးက အိမ်မှာကုန်နေတာ ဆေးကတ်တစ်ကတ်ဝယ် မလို့ထွက်လာတာ၊ မေးကြည့်တော့ တစ်ရာ့ခြောက်ဆယ်တဲ့၊ အရင်တုန်းက တစ်ရာ့နှစ်ဆယ်၊ ခုတစ်ရာ့ခြောက်ဆယ်၊ ဆေးတွေပြတ်နေလို့တဲ့၊ ပြတ်နေရင်လဲသေကွာ၊ ဈေးက နောက်ထပ်ဘယ်လောက်ထိ တက်ဦးမလဲ မသိဘူး၊ ဘယ်လို ဆက်ပြီးဝယ်သောက် မလဲ၊ စိတ်ပေါက်ပေါက်နဲ့ အရက်ဆိုင်ရောက်လာတာ၊ ဆေးဝယ်ဖို့ မလောက်တဲ့ပိုက်ဆံ အရက်ဝယ်သောက်တာအေးတာပဲဆိုပြီး ချနေတာ၊ ဒီပိုက်ဆံကုန်မှ ပြန်မယ်” ငွေစက္ကူထပ်ကလေးကိုဗုန်းကနဲ ပုတ်လိုက်သည်။

ကျွန်တော်နှစ်ပက်ကုန်သွားပြီ။ ထပြန်ရကောင်းမလား စဉ်းစားသည်။ သည်လူကြီးနှင့် ကြာကြာဆက်ထိုင်၍ သင့်မည်မထင်။သို့သော် ရေခဲနှင့်မြေပဲတွေပိုနေသည်။ ပြီးအရက်ဆိုသည်က နှစ်ပက်နှင့် ဘာမှအဓိပ္ပါယ်မရှိ။ နောက်ထပ် နှစ်ပက်တစ်ခွက်မှာသည်။ ခပ်မြန်မြန်လေးသောက်ပြီးထွက်လာခဲ့သည်။ စိတ်ညစ်စရာပဲ။ လူတွေအားလုံးစိတ်ညစ်နေကြတာပဲ။ စိတ်ညစ်လို့ အရက်ဆိုင်တွေမှာလူတွေတိုးနေတာ။ အရက်သောက်တော့ ပိုက်ဆံကုန်၊ ပြဿနာဖြစ်၊ နောက်တစ်နေ့ကျ ပိုစိတ်ညစ်၊ ဖိသောက်၊သေအောင်သောက်ကြ။ ဟိုလူကြီးပြောသလို သေကုန်ကြလဲ အေးတာပဲ။ အရက်လေးပက်က သုံးပက်ပင်ပြည့်ပုံမရ။ ဘယ်နားမှ မရောက်ချင်၊ အရက်ဆိုသည်မှာ မူးအောင်သောက်တာ မဟုတ်လား။ ခပ်စောစောက ကျွန်တော်ဝင်ကြည့်ပြီးမသောက်ခဲ့သည့်ဆိုင်ဘက်သို့ လှည့်လာခဲ့သည်။ ချောင်ကလေးတစ်ခုထဲမှာ တစ်နေရာရသည်။ အေးအေးဆေးဆေး နှစ်ပက်တစ်ကြိမ်၊ နောက်နှစ်ပက်တစ်ကြိမ်၊ နောက်တစ်ပက်။

တော်ပြီ။ ပြန်တော့မယ်။ သည်လောက်ဆိုလုံလောက်ပြီ။ဘတ်စကားမှတ်တိုင် ရှိရာဘက်သို့ ကျွန်တော်လျှောက်လာခဲ့သည်။ နည်းနည်းတော့ ရေချိန်ကိုက်သလိုလို။ ပထမသောက်ဖြစ်သည့် ဆိုင်ရှေ့ကဖြတ်ရပြန်သည်။ မထူးပါဘူးကွာ၊ နှစ်ပက်လောက်ထပ်ချလိုက်မယ်။ ဆိုင်ထဲဝင်၊ နှစ်ပက်၊ ရေကလေးလက်တစ်လုံးလောက်ရောပြီး ဂွပ်ခနဲ မော့သောက်ကာ ဆင်းလာခဲ့သည်။

“အိုကေ”။ မှတ်တိုင်ရှေ့တွင်တိုးဝှေ့နေသောလူအုပ်ကြီးကိုကြည့်ကာ ကျွန်တော်သဘောကျနေမိသည်။ကျွန်တော်ဘာမှမပြောပါ စိတ်ထဲကပဲကျွတ်ပြုံးနေမိသည်။

“တက်ကြ၊ တက်ကြ၊တက်ကြပါ။ အိမ်ဝပန်းကုံးစွပ်မယ့်သူ အသင့်စောင့်နေမယ်နဲ့တူတယ်၊ ရေခဲစိမ်မျက်နှာသုတ်ပဝါနဲ့၊ ဘီယာသံဘူးနဲ့ ဆီးပြီးကမ်းမယ့်သူတွေရှိပုံရတယ်၊ သွားကြ၊သွားကြပါ”။ ကျုပ်ကတော့ အေးအေးဆေးဆေးပဲ။ မတ်တပ်ရပ်လိုက်ရမယ့်ကိစ္စ အတင်းတိုးဝှေ့နေတော့ကော ဘာအကြောင်းထူးမှာလဲ။ နံရံတွေပွင့်ထွက်လောက်အောင် မကျပ်မချင်း သည်ကားက ထွက်မှာမှ မဟုတ်ပဲ။ကားဆရာတွေ စိတ်ကျေနပ်လောက်အောင်ပြည့်ပြီ၊ ကျပ်ပြီဆိုတော့မှ ကားတွေကစထွက်သည်။

“နေပါဦး၊ နေပါဦး”တဲ့။ ပုဂ္ဂိုလ်တစ်ယောက်ပြေးလိုက်လာသည်။ ရေချိန်ကိုက်နေတာကို ဒရိုက်ဘာသိပုံမရ။ ကားက နည်းနည်းအရှိန်လျော့၍ပေးသည်။ လုံးဝတော့မရပ်။ ကမန်းကတန်း လှမ်းတက်လိုက်သည့် ပုဂ္ဂိုလ် ခြေချော်ပြီးလိမ့်ကျမလို ဖြစ်သွားသည်။ တံခါးပေါက်နားက လူတစ်ယောက် လှမ်းဆွဲလိုက်သဖြင့် ကျမသွား။ မူးယစ်ရီဝေနေရာက နည်းနည်းချောက်ချားသွားပုံ ရသည်။

“ဟေ့….ဘယ်လိုလဲကွ၊ ကားမမောင်းတတ်တာလား၊ သေကြောင်းကြံတာလား”
ပုဂ္ဂိုလ်က ခပ်ကျယ်ကျယ်အော်လိုက်သည်။

“ရပ်လဲတင်ပေးရသေးရဲ့၊ လူပါးဝစကားပြောတယ်၊ ပြန်ဆင်းခိုင်းကွာ” ဒရိုင်ဘာက ကားကိုရပ်ပစ်လိုက်ပြီး စပယ်ယာကို လှမ်းပြောသည်။

အရက်မူးလာသူက သတိကောင်းသည်။

“သည်းခံပါခင်ဗျာ၊ သည်းခံကြပါ၊ စောစောက ကျွန်တော်ပြောတဲ့ စကားကိုပြန်ရုတ်သိမ်းပါတယ်၊ ရပ်ပြီးတင်တဲ့အတွက် အများကြီးကျေးဇူးတင်တယ်၊ တကယ်ပါ၊ တကယ်ပါ၊ကျွန်တော်တောင်းပန်ပါတယ်၊ ကျန်တဲ့ခရီးသည်များလဲ အားနာစရာကောင်းပါတယ်၊ ကျွန်တော့် အပြစ်ပါ၊ ကျွန်တော့်ပါးစပ် ကိုအိမ်ရောက်ရင်ကျွန်တော် ပိတ်ရိုက်ပါ့မယ်။ ဒီမှာ ရိုက်မပြနိုင်တာကို ခွင့်လွတ်ပါ၊ အိမ်ရောက်ရင်ကျွန်တော် တကယ်ရိုက်ပါ့မယ်၊ ခင်ဗျားတို့ပို့ပေးမှ ကျွန်တော်တို့အားလုံးအိမ်ပြန်ရောက်မှာပါ၊ ကျေးဇူးရှင်များခွင့်လွတ်ဖို့တောင်းပန်ပါတယ်”

ဒရိုင်ဘာက စိတ်တိုဟန်ဖြင့် လှည့်ကြည့်သည်။ စပယ်ယာက တော့ဒေါသထက် လောဘများပုံရသည်။

“ကဲ…….. ခင်ဗျား အထဲတိုဗျာ၊ နောက်ထပ်လဲတောင်းပန်နေနဲ့တော့၊ တော်ပါပြီ၊ လုံလောက်ပါပြီ၊ လုံလောက်တာထက်ပိုနေပါပြီ။ဒီထက်ဆက်တောင်းပန်ရင် ကျွန်တော်တို့လဲ သွေးနဲ့ကိုယ် သားနဲ့ကိုယ်၊ စိတ်တိုတတ်တယ်၊ ကဲ…အစ်ကိုရေ မောင်းမယ်ဗျို့” ကားထွက်လာသည်။ အမူးသမားလည်း နောက်ထပ်ဆက်မတောင်းပန်တော့။

အရက်နံ့၊ ချွေးနံ့၊ချေးညှော်နံ့များကြားမှာ မွန်းနစ်ကျပ်သိပ်စွာဖြင့် တမေ့တမော စီးပြီးသည့်အခါ ကျွန်တော်ဆင်းရမည့် ဂိတ်ဆုံးမှတ်တိုင်သို့ ရောက်သည်။ကံအားလျော်စွာ ဂိတ်ဆုံးရှိ ဘီအီးဒီစီဆိုင်ကလေးက ဖွင့်လျက်ပင်ရှိသေးသည်။ ကျွန်တော့်အိမ်က ကားဂိတ်နှင့်မနီးမဝေး။ သို့သော်သည် အချိန်ကြီးကျမှတော့ ဆိုက်ကားနဲ့ပြန်တာပဲကောင်းမည်။ ဂိတ်မှာဆိုက်ကား အတော်များများ ရှိသေးသည်ဆိုတော့ နည်းနည်းထပ်တင်ရန်အချိန်ရဦးမည်။ဆိုင်နားကျွန်တော်ရောက်တော့ လူတစ်ယောက် ယိုင်တိယိုင်ထိုးနှင့် ဆိုင်ထဲဝင်သွားတာ မြင်လိုက်ရသည်။ သည်လောက် ယိုင်နေတာတောင် ထပ်သောက်ချင်နေသေးသလားဟု ကျွန်တော်တွေးမိသည်။ ကျွန်တော်ကတော့ သူ့လောက်မယိုင်သေးတာ သေချာသည်။ဆိုင်ထဲမှာလူအတော်ရှင်းနေပြီ။ စားပွဲခုံပုကလေးတစ်လုံးမှာ လူတစ်ယောက်ထိုင်နေသည်။ ငြိမ်ငြိမ်သက်သက်။ သို့သော် အတော်မူးနေတာတော့သေချာသည်။ ငြိမ်ငြိမ်သက်သက် မူးတတ်သည့်လူမျိုး။ နောက်တစ်ပိုင်းမှာတော့ လူငယ်သုံးယောက်။ တစ်ယောက်က ခုံနံဘေးမှာ ခွေလဲနေပြီ။တစ်ယောက်က သိပ်တာစူ၍ မရချင်တော့။ ကြိုးစားပမ်းစား ပြန်ထိုင်ပြီးနောက် “ဘီအီးတစ်စိတ်ပေး” ဟုဆိုင်ရှင်ကို လှမ်းပြောသည်။ အာအတော်လေးနေပြီ။

“ဒါပဲနော်၊ နောက်ထပ်မရတော့ဘူး၊ ဆိုင်ပိတ်တော့မယ်၊ အချိန်တောင်နောက်ကျနေပြီ” ဆိုင်ရှင်ကဆိုသည်။

လူငယ်ဝိုင်းကကောင်လေး ဆိုင်ရှင်ကိုလှမ်းပြောသည်။ “ဒီဝိုင်းရှင်းမယ် ဦးလေး၊ ကျွန်တော် ဒီကောင့်ကို ဒီမှာပဲ ထားခဲံမယ်၊ သူ့အိမ်အထိ လိုက်ပို့ရင် ကျွန်တော်တို့ပြဿနာတက်လိမ့်မယ်”

“ဟေ..ဒီလိုမဖြစ်ဘူးကွ၊ ကိုယ့်လူကိုယ် ခေါ်သွားကြ၊ငါတာဝန်မယူနိုင်ဘူး”

“ဦးလေးသူ့ကို ဖျာနဲ့သိပ်စရာမလိုပါဘူး၊ သူ့ဘာသာသူ မြေကြီးမှာ အိပ့်နေလိမ့်မယ်၊ သေရင်လဲသူ့ထိုက်နဲ့သူ့ကံပေါ့

ဘယ်ဖြစ် မလဲကွ၊ ဆိုက်ကားနဲ့တင်ခေါ်သွားလဲရတာပဲ၊ ငါ့ဆီမှာ တော့လုံးဝမဖြစ်ဘူး ပြဿနာရှုပ်ကုန်မယ်”

“ဒါဆိုလဲပြီးရောဗျာ၊ဒီ****ကိုဆိုက်ကားသမား လက်ထဲပဲ အပ်လိုက်တော့မယ်၊ အစကတည်း ****ကိုကျွန်တော်ပြောသားပဲ၊ လိုက်မပို့နိုင်ဘူးလို့၊ ကိုယ်ဘာသာကြည့်သောက်လို့၊ အခုတော့****ကသေအောင်သောက်နေတယ်၊ တစ်ခုခုဖြစ်ရင်ကျနော့်ခေါင်းပေါ် ပုံကျဦးမယ်၊ သူ့မိဘတွေက သူတို့သားကလေးကျတော့ လူကောင်း၊ ကျွန်တော်တို့ဖျက်စီးလို့ ပျက်စီးနေတယ် ထင်ကြတယ်၊ သူတို့သားမိုက်ရိုင်းနေတာတွေ သိတာမဟုတ်ဘူး….”

အဆဲကလေးနှင့်စကားပြောတတ်သည့် လူငယ်အရက်သမားက ဆိုင်ရှင်ကိုငွေရှင်းပေးသည်။ ပြီးလျှင် သူနျင့် နောက်တစ်ယောက်က မြေကြီးပေါ်တွင်အသေကောင်လဲနေသူအား ထူမပြီး ဒယီးဒယိုင် ဆိုင်မှထွက်ကြသည်။ တွဲသူတွေက အခြေအနေမကောင်း၊ အတွဲခံရသူက လုံးဝဇက်ကျိုးနေပြီ၊ ဆိုင်ထဲမှ အတော်ခက်ခက်ခဲခဲ ထွက်ခွာသွားရသည်။

“ယနေ့တွင်နောက်ဆုံးအကြိမ်းအဖြစ်ရောက်ရှိလာပါပြီ ခင်ဗျား” အသားဖြူညစ်ညစ် မျက်နှာနီစပ်စပ်နှင့် လူတစ်ယောက် အင်္ကျီမပါ၊ ခါးကြားမှာ ပုလင်းအသေးတစ်လုံးထိုးကာ ရောက်ရှိလာသည်။နှစ်ဆယ့်လေးနာရီပတ်လည်သောက်သည့် အရက်သမားမျိုးဖြစ်ကြောင်းသိသာသည်။ဆိုင်ရှင်က ဖန်ခွက်တစ်လုံးပြည့်လုနီးပါးလောက် အရက်ငှဲ့ထည့်ပြီးနောက်ဆုံးရောက်လာသော ပုဂ္ဂိုလ်ကို ကမ်းပေးသည်။ ထို့နောက်သူ့ဆီက အာတာပုလင်းလွတ်ထဲသို့ အရက်အပြည့်ထည့်ပေးသည်။ ပုဂ္ဂိုလ်ကြီးက ဖန်ခွက်တစ်လုံးကို တောက်လျှောက်မော့သောက်လိုက်ပြီး ဖန်ခွက်ကိုပြန်ပေးသည်။ ခါးပိုက်ထောင်ထဲထည့်လာသည့် ဆယ့်ငါးကျပ်တန် ငွေစက္ကူခေါက်ကလေးကို ကမ်းပေးပြီး သူ့ပုလင်းကိုယူသည်။

“လိုတာဆက်မှတ်မယ်၊ သွားပြီ၊ ဂွတ်နိုက် ၊ ဆီးယူအားလီးအင်းသမောနင်း၊ ဘဲရီး ဘဲရီး အားလီး” ဆိုပြီးထွက်သွားသည်။

“ဆိုင်ပိတ်ချိန်ရောက်ပါပြီခင်ဗျား၊ အချိန်လဲ မရှိတော့ပါဘူး ခင်ဗျာ၊ အိမ်ပြန်ကြဖို့သင့်ပါပြီ” ခဏကြာတော့ဆိုင်ရှင်ကကြေညာသည်။ဒုတိယမြောက်တစ်ဖန်ခွက်ထဲက နောက်ဆုံးလက်ကျန်ကိုမော့လိုက်ကာ ကျွန်တော်ထိုင်ခုံမှထသည်။ နည်းနည်းတော့ ယိုင်သွားသည်။ သို့သော်အဆိုးကြီးမဟုတ်။ ကျသင့်ငွေရှင်းပြီးကျွန်တော်ထွက်လာသည်။ စောစောကထိုင်ခုံမှာ ယိုင်လဲထားသည့် ပုဂ္ဂိုလ်တစ်ယောက်သာ ဆိုင်ထဲမှာ ကျန်ရစ်သည်။ဆိုင်ရှင်နှင့် မည်သို့ဆက်စခန်းသွားမည်မသိ။ အပြင်ရောက်တော့ ဆိုက်ကားတစ်စီးမျှမရှိတော့။ လမ်းပေါ်မှာ လူသူလည်း ကင်းမဲ့နေပြီ။ ဘာလုပ်ရမည်လဲ။ စဉ်းစားနေရန် အချိန်မရှိတော့။ အိမ်သို့ရောက်အောင်တော့ ခပ်မြန်မြန်ပြန်ဖို့ သာရှိတော့သည်။ တိတ်တဆိတ်ခြောက်ကပ်နေသည့် လမ်းမကြီး အတိုင်းကျွန်တော်လျှောက်လာသည်။ ငါဘာကြောင့် ဒါလောက်ထိညဉ့်နက်အောင် နေမိပါလိမ့်ဟု ကိုယ်ဘာသာတွေးပြီး အပြစ်တင်မိသည်။

အပြစ်တင်နေလို့ အကြောင်းမထူး။အိမ်မြန်မြန် ရောက်အောင်သွားရမည်။ အပြစ်တင်ချင်ရင် အိမ်ကျမှတင်။ အရက်မူးနေသည့် အရှိန်လေးနှင့် ခပ်မြန်မြန်လမ်းလျှောက်သည့်အခါ တစ်ခါတစ်ရံ ရှေ့သို့ဟပ်ထိုးလဲတော့မလို၊ လဲတော့မလိုနှင့် တစ်ကယ်တမ်းကျတော့ မလဲဘဲပြေးသလောက်နီပါးမြန်နေသည်။ ကိုယ့်ဘာသာ ကျေနပ်သလိုရှိနေဆဲ လမ်းလေးတွင် လူရိပ်လိုလို မြင်သဖြင့် ထိတ်ခနဲ ဖြစ်သွားသည်။ လူတော့လူ။ သို့သော်မတ်တပ်မဟုတ်။ လမ်းဘေးမှောင်ရိပ်မှာ တုံးလုံလဲနေခြင်းဖြစ်သည်။

ဒုက္ခပါပဲ။

မနီးမဝေး ချည်းကပ်ကြည့်သည်။ သဲသဲကွဲကွဲ မမြင်ရ။ လူတစ်ယောက်လဲနေတာ ပဲဖြစ်သည်။ ပတ်ဝန်းကျင်မှာ မည်သူတစ်စုံတစ်ယေက်မှမရှိ။ ရာဇဝတ်မှုတစ်ခုခုဆိုလျှင် ပြဿနာ။ ခပ်သုတ်သုတ်လစ်တော့မလို့အလုပ်မှာ ၄င်းလူမှာလှုပ်ရှားလာသည်။ အသံလည်းထွက်လာသည်။ စိတ်ထဲအေးသွားသည်။အမူးလွန်နေသူတစ်ယောက်ပဲ။

“ဟေ့…ကောင်မ၊ ငါခေါ်နေတာမကြားဘူးလား၊ ငါ****.. ”

လူကလမ်းဘေးမှာရှိသော်လည်း စိတ်ကတော့အိမ်ရောက်ပြီးမိန်းမကို ဆဲရေးနေပြီ။

ကျွန်တော်မှာလည်း အိမ်မှာမိန်းမရှိသည်။သို့သော် ကျွန်တော်ကတော့ မိန်းမကိုဆဲရေးတိုင်းထွာလေ့ရှိသူမဟုတ်။ မိန်းမကလည်းကျွန်တော့်ကို အလာကားကောင်၊ အရက်သမား၊ ဖိနပ်မစီးဘဲ အရက်သောက်သည့်အကောင် စသဖြင့် အမနာပပြောကြားမည့်သူမဟုတ်။မိန်းမသည် ကျွန်တော့်ကို စိုးရိမ်းကြောင့်ကြသော အမူအရာဖြင့်စောင့်မျှော်နေလိမ့်မည်။ ကျွန်တော့်ကိုတွေလျှင် “နောက်ကျလိုက်တာ၊စိတ်ပူလိုက်ရတာ၊ ဘာလို့အရက်တွေဒီလောက်သောက်လာတာလဲ” ဆိုတာလောက်သာ ပြောလိမ့်မည်။ သို့သော်ကျွန်တော့်အိတ်ထဲက ပစ္စည်းပစ္စယတွေကို ထုတ်ယူသိမ်းဆည်းသည့်အခါတွင်တော့ ကိုးဆယ်တန် အခေါက်ကလေးမရှိတော့တာတွေ့လိမ့်မည်။သည်အခါမိန်းမကျွန်တော့်မျက်နှာကိုတစ်ချက်တော့လှမ်းကြည့်လိမ့်မည်။အဲ့သည့်အကြည့်မှာကျွန်တော့်ဘဝအတွက် သူစိတ်ပျက်လက်လျော့သွားတာပါလိမ့်မယ်။ ကျွန်တော့်ဘဝနှင့်တွဲချည်ထားခဲ့မိသောသူ့ ဘဝအတွက်မျှော်လင့်ချက်တွေကုန်ဆုံးပြီဟုဝမ်းနည်းအားငယ်သွားလိမ့်မည်။

မိန်း၏အကြည့်ကို စိတ်ထဲကမြင်ယောင်မိရုံဖြင့် ကျွန်တော်တုန်လှုပ်သွားမိသည်။

ကျွန်တော်အကြီးအကျယ်နောင်တရသွားသည်။ အိမ်ခြံဝနား အရောက်မှာ တစ်ကျိုက်မော့သောက်ချဖို့ အရက်လေးပက်လောက်ဝယ်လာခဲ့မိရင် ဘယ်လောက်ကောင်းမည်လဲ။

အပြည့်အစုံသို့...

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လပ် ရှီနာဝပ်တို့ တွေ့ဆုံ

ဆုံဆည်းရာ၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၂



မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လပ် ရှီနာဝပ်တို့ ယမန်နေ့ ညနေ ၆ နာရီဝန်းကျင်ခန့်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ထိုင်းသံရုံး (Royal Thai Embassy) တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရှိရပါတယ်။



ထိုင်းသံရုံး (Royal Thai Embassy) ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးနေစဉ်

အပြည့်အစုံသို့...

Tuesday, December 20, 2011

နာရီအထိ ဗိုလ်အောင်ကျော် ကျဆုံးသည့်နေ့ (ကျောင်းသားများနေ့ ) အထိမ်းအမှတ်ပွဲ ကျင်းပ

ဆုံဆည်းရာ၊ ဒီဇင်ဘာ ၂၀ ရက် ၂၀၁၂
ယနေ့နံနက် (၈) နာရီမှ နေ့ လည် (၁၁) နာရီအထိ ဗိုလ်အောင်ကျော် ကျဆုံးသည့်နေ့ (ကျောင်းသားများနေ့) အထိမ်းအမှတ်ပွဲအား ကျင်းပနေကြောင်း သိရပါတယ်။ ဗိုလ်အောင်ကျော် ကျဆုံးသည့်နေ့ (ကျောင်းသားများနေ့) အထိမ်းအမှတ်ပွဲအား ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ဦးဆောင်ကျင်းပတာ ဖြစ်ပါတယ်။

အဆိုပါ ဗိုလ်အောင်ကျော် ကျဆုံးသည့်နေ့ (ကျောင်းသားများနေ့) အထိမ်းအမှတ်ပွဲကို သမိုင်းမြို့ မ ပရိယတ္တိစာသင်တိုက်၊ သမိုင်းဘူတာရုံလမ်း၊ (၂) ရပ်ကွက်၊ မရမ်းကုန်းမြို့ နယ် တွင် ကျင်းပပြုလုပ်တာဖြစ်ပြီး နိုင်ငံရေး၊ လူမှုရေး အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များနှင့် ကျောင်းသားလူငယ်များ စုံညီစွာတက်ရောက်ကြောင်း သိရပါတယ်။

အပြည့်အစုံသို့...

Monday, December 19, 2011

အသုံးမပြုရသေးသောဆန္ဒများ

(၁)
ငါ့အသက်ထက် ဆထက်များစွာ
ရှည်ကြာရင့်အို ဗုံးခိုကတုတ်
ခပ်စုတ်စုတ်ဟာ ငါ့တိုက်တာပေါ့။
ငါဆိုတာက ထာဝရလင်း
ထင်းမီးဖိုဘေး မွေးဖွားချက်ဖြတ်
သေနတ်သံကြား ဗုံးဆံကြားမှာ
ကြီးထွားလူဖြစ် ရှစ်နှစ်အရွယ်
ကောင်လေးငယ်ငယ်။
စာအုပ်မဟုတ် ခဲတံမဟုတ်
လွယ်အိပ်စုတ်ထဲ ကျောက်ခဲလေးခွ
ဓါးမပဲ့ဆောင် ငှက်ထောင်ထင်းခွေ
အပြင်းဖြေ ခရုငုတ်
နေ့စဉ်ဆက်လုပ် ငါ့အလုပ်။
နံနက်လင်းသော် လှေကားပေါ်မှ
ခုန်ချပြေးသွား လျှိုမြောင်ကြားရောက်
မြစ်ကမ်းနားရောက် တောင်ကမ်းပါးရောက်
နေလုံးပျောက်သော် လှေကားပေါ်တက်
ဒီတစ်ရက်မှာ စုဆောင်းစရာ
ဘာမှမပါခဲ့
အသက်တစ်ရက်ကြီးခဲ့တယ်။
(၂)
အဲဒီလိုနဲ့
ညကိုနေ့မျို နေ့ကိုညမျို
နေ့နဲ့ညက ငါ့ကိုမျိုချ
ဒီလိုဘဝမှာ.....
တခါတခါ ကျည်ဖောက်ရာက
ဝင်လာတတ်တဲ့ အလင်းစက်လေး
ငါငေးကြောင်ကြည့် တွေးနေမိ။
(၃)
အမိုးပြောတယ် ငါ့အရွယ်ဟာ
ပညာကိုရှာ ကျောင်းမှာစာကျက်
ဖြစ်သင့်သတဲ့
ကျောင်းဘယ်မှာလဲ ငါလည်းမေးတော့
မျက်နှာဖျော့ညှိုး အမိုးဖြေခဲ့
စစ်မဲ့နေရာ ငြိမ်းချမ်းမြေမှာ
မြို့တွေမှာတော့ ကျောင်းရှိတာပေါ့
အမိုးတို့မှာ အသပြာမဲ့
အရာရာမဲ့ သိပ်ခက်တယ်။
ကလေးများအတွက်
ထိုက်သင့်တဲ့မြေ ငြိမ်းချမ်းတဲ့မြေ
ဖြစ်ပါစေတော့
"အို...စစ်တွကို ရပ်ကြပါတော့
ကျမသားလေး ကျောင်းအပ်ပါရစေ"။
(၄)
အမိုးစကား ပဲ့တင်ကြားလျှက်
ကျောင်းတက်ချင်တယ် စာသင်ချင်တယ်
ငါ့ရင်ထဲက
ငါ့ဆန္ဒတွေ ငါ့ဆန္ဒတွေ...။
(၅)
ကျည်သီးတစ်လုံး ဘတ်သုံးထောင်တဲ့
ကျည်သီးဆိုတာ တောင်ယာခင်းထဲ
ကျကွဲမီးလောင် တောင်ယာပြာကြွင်း
စပါးခင်းပျောက် သိပ်ကြောက်စရာ။
စစ်ပူတုန်းက
အိမ်စုတ်ရဲ့ဘေး ဝါးရုံးဘေး၌
မြေထဲစိုက်ပြီး မကွဲကျည်သီး
တူးပြီးရောင်းချ ငွေရနိုင်သည်
ပေါက်တူးကိုကိုင် ချွေးဖြိုင်ဖြိုင်ကျ
တူးဆွဖော်စဉ် အမိုးမြင်သော်
ဝါးတုတ်ကိုဆွဲ တအားလွှဲရိုက်
ငါငိုရှိုက်တော့...
အမိုးလည်းငို ငါလည်းငိုခဲ့
ဘယ်လိုပါလဲ ဝေခွဲခက်ခဲ့။
(၆)
တစ်ညနက်နက် ငှက်ဖျားတက်စဉ်
ရမ်းယောင်အိမ်မက် ကျောင်းတက်ချင်တယ်
စာသင်ချင်တယ် အမိုးရယ်ဗျာ
လိုက်ပို့ပါလား ခြောက်ခြားအော်ဟစ်
နိုးလာရစ်သော်...
ငါ့ရဲ့နဘေး မီးဖိုဘေးမှာ
ပူဆွေးစိတ်ပျက် အားကိုးရာမဲ့
ဝေဒနာဆိုးနဲ့ ငါ့ရဲ့အမိုး
ဆန်ပြုတ်အိုးလေးတူးနေစဉ်
ဆန် ပြုတ် အိုး လေး တူး နေ စဉ်။ ။

(ဒါကို ရေးခဲ့တာ ၁၆ နှစ်လောက်ရှိပြီ။ တောခေါင်ခေါင် လူမျိုးစုဒေသတွေဆီက ပညာသင်ခွင့်မဲ့နေတဲ့ ကလေးတွေရဲ့ဘဝကို တွေ့ကြုံခံစားရေးဖွဲ့တာပါ။ အဲဒီတုန်းက အဲဒီကလေးတွေဟာ ကျနော်တို့ ပြောက်ကျားစစ်ကြောင်းတွေကို များစွာကူညီခဲ့ဖူးပါတယ်။)

သုအိုင်စံ
၂၀၁၁

အပြည့်အစုံသို့...

Saturday, December 17, 2011

စာပေသားသတ်ရုံပေါ်က ကာရန်ရသများ

အစဉ်အလာအရ
ဆင်ဆာဖြတ်တယ်

လမ်းစဉ်နဲ့မသင့်ရင်
အရမ်းထွင်ခွင့်မပေးဘူး

မျိုးဆက်ပါးသိပ်လာမဝနဲ့
ချိုးဖျက်ဓါးကသိပ်ထက်တယ်

အသစ်အတွေးတွေ သိပ်ရေးမစွမ်းနဲ့
စစ်ဆေးရေးက သိပ်ကြမ်းတယ်

ခေတ်သံလှိုင်းတွေ သိပ်မသီနဲ့
ပြစ်ဒဏ်ရိုင်းတွေအစီအရီရှိတယ်

ယဉ်ကျေးမှုအပုတ်အသိုးတွေကို
အထင်သေးသမှုနဲ့မလှုပ်နှိုးလေရ

ထုံးစံပေတံပျော့ကွက်တွေကို
ရုန်းဆန်ဝေဖန်လျော့မတွက်ရ

ကဗျာတပုဒ်ပုဒ်ဖြစ်ဖို့
ဘာလုပ်လုပ်မသင့်တဲ့ခေတ်ကြီးမှာ...

ငါ့ကိုအရက်တပိုင်းမြန်မြန်ပေးစမ်းကွာ။ ။

သုအိုင်စံ

အပြည့်အစုံသို့...

Wednesday, December 14, 2011

သွေးမုန်တိုင်း

လမ်းမထက် ကျတဲ့သွေးတွေ ပျောက်ပျက်ကာသွားပြီ မထင်နဲ့ဟေ့ ချောင်းထဲမှ မြစ်သို့စီးဝင် သွေးမြစ်တွေ ရဲရဲနီသတဲ့ ဟေ့ (မြစ်တွေထဲမှ ပင်လယ်ဆီ သမုဒ္ဒရာတွေ ရဲရဲနီ)၂ နေပူရှိန်မှာ အခိုးအငွေ့တွေပျံလို့ သွေးမိုးတိမ်တွေဖွဲ့ ကောင်းကင်နီရဲ သွေးမုန်တိုင်း တိုက်ခတ်ပြီဟေ့ (ဟောင်းနွမ်းတဲ့ အဆောက်အအုံတွေ ဖြိုဖျက်ပစ်ဖို့ ဖောက်ပြန်တဲ့ လူတန်းစားတွေ တိုက်စားပစ်ဖို့)၂ သွေးမုန်တိုင်းတိုက်ခတ်လေပြီ ဟေး.....မုန်တိုင်းကို ဂုဏ်ပြုကြ ဟေး.....မုန်တိုင်းမှာ ပျော်ပါးကြ ကမ္ဘာသစ်ကို ဖန်တီးမှာ အင်အားတွေ ဖြည့်ဆည်းပါ မုန်တိုင်းစဲရင်တော့ ပန်းချီကားတစ်ချပ်ပမာပေါ့ ကမ္ဘာသစ်ဆောက်တည်ကာ ပျော်ပါးကြမှာပဲ

အပြည့်အစုံသို့...

Monday, December 12, 2011

ဗာရာဏသီဖွား

 ခုတော့ သွားလေရာ သဲဖြူခင်း ရာဇမတ်ကာ
ခုတော့ ရောက်လေရာ လက်အုပ်တချီချီ ခွေးတစီစီ
ခုတော့ လက်ညှိုးညွှန်ရာ မြို့ရွာဇနပုဒ် မီးလောင်ငုတ်
ရာဇဝင်ကို အမြစ်လှန် နရသိန်ကို နံရံကာပြီးပြီ
သာသနာကို အရေဆုတ် ဝတ်လဲတော်ချုပ်ပြီးပြီ
ဇာတိမာန်ကို ရင်ခွဲအသည်းထုတ် မြို့ရိုးအောက်မှာ မြှုပ်ပြီးပြီ
တရားကို ဓားစောင့်တဲ့ ပစ္စန္တရစ်အရပ်မှာ
နတ်တွေလည်း ထင်းခွေရေခပ် ဖိနပ်စောင့်
စုန်းမနဲ့ လင်းတ စပ်ကျထားတယ်ဆိုမှတော့
စဉ်းစားသာကြည့်ပေတော့ ဘီလူးချောလေးပေါ့ ဟေ့လူရေ ...
အရပ်ထဲ တီးတိုးပြောကြတာကတော့ အဲဒီ့သကောင့်သားဟာ
ဝရမ်းပြေးဘိုးသိန်းနဲ့ ဟိုသူငယ်မ တောဘုရားပွဲမှာ ညားကြရာက
ကျောက်ဖျာတခုပေါ် ပစ်အသွားမှာ
ဖုတ်သွင်းရထားဆိုက်ခဲ့တာတဲ့
ဘယ်သူသေသေ ငရွှေမာရင်ပြီးရော မဟုတ်ဘူးလား။ ။

သစ်ကောင်းအိမ်
(၁၇၊ သြဂတ်စ်၊ ၂၀၁၁)

အပြည့်အစုံသို့...

အမှိုက်


နောက်ဆုံးပါတီမှာ နောက်ဆုံးသောက်ခဲ့တဲ့ခွက်ဟာ
အခုမှ ပထမဦးဆုံးသောပ်ဖူးတဲ့ အမျိုးအစားပဲ
နောက်တစ်နေ့မနက်မှာ
အရက်နာကျနေတဲ့ ထုံးစံအတိုင်းတွေနဲ့
ကိုယ့်ဖိုင်ကိုကိုယ်ဖွင့်လိုက်ပြန်တယ်။
ကိုယ်အပျင်းပြေ ကစားနေကြ
ရန်သူတစ်ထောင်ဆိုတဲ့ ဗိုင်းရပ်စ်
ကိုယ်ရေးနေတဲ့
လူ ၇ ကုဋေမနက်စာ ဆိုတဲ့ပရိုဂရမ်
ကိုယ်စစ်သွေးစစ်မာန်တွေကြွခဲ့မိလို့
ကိုယ်ရရှိနေတဲ့ စစ်ဘေးစစ်ဒဏ်တွေ
အမျိုးသားရေးအတွက်ကြိုးစားသွေးခဲ့တဲ့ကိုယ့်ဓါး
ကိုယ်တက်ရောက်ခဲ့တဲ့ လူ့ရေးလူ့ရာပါတီတွေရဲ့
အမှတ်တရ အရှုပ်အထုပ်ယဉ်ကျေးမှု
ဆုတ်လမ်းပေါ်အကြိမ်ကြိမ်လျှောက်ခဲ့ရတဲ့ကိုယ့်ခြေရာတွေ
ကိုယ်ပစ်သော်လည်းမထိတဲ့ ကြီးနိုင်ငယ်ညှင်း ပစ်မှတ်
မဆပ်ဖြစ်လိုက်တဲ့ မိဘကျေးဇူး
အနာဂတ်တစ်ခုလုံးပျောက်ဆုံးနေတဲ့ အနာဂတ်လမ်းမကြီး
အဲဒါတွေအားလုံး
ကိုယ့်ဖိုင်ထဲကနေပျောက်ဆုံး
နောက်ဆုံးပါတီမှာ
နောက်ဆုံးသောက်ခဲ့တဲ့ခွက်ဟာ
ဥပေက္ခာပဲ။

အမှိုက်ကားမောင်းတဲ့ဘုရားသခင်
ကိုယ့်ကိုမြန်မြန်မြင်စေတော့။ ။

သုအိုင်စံ

အပြည့်အစုံသို့...

Saturday, December 10, 2011

၃၃လမ်းထဲမှာ အရက်သောက်၊ ကဗျာဆရာများပြောတဲ့ ရသတွေနဲ့ မူးချင်တယ်

မေမေရေ... ဟောဒီမှာ အောင်ပွဲ ဆိုပြီး လူထုရှေ့မှာ သပ်သပ်ရပ်ရပ် မချပြနိုင်သေးတဲ့ သူပုန်တွေမှာ အိမ်ပြန်လက်မှတ်မရှိသေးပါဘူး။ အိမ်ပြန်လမ်းလည်း မပီပြင်သေးပါဘူး။ ကျနော်က မြန်မာနိုင်ငံသား၊ ပုဂံမရောက်ဖူးဘူး။ ခေတ်လူငယ် ရန်ကုန် မရောက်ဖူးဘူး။ စာတော်တယ် ကိုးတန်းတောင် မအောင်ခဲ့ဘူး။ R.I.T ကျောင်းသားဖြစ်ချင်ခဲ့တယ် တက္ကသိုလ် ဗဟုသုတ ဘာမှမရလိုက်ဘူး။ အခု ကဗျာရေးတယ် လေထန်ကုန်း မရောက်ဖူးဘူး။ တခါတခါ မြန်မာပြည်ထဲ ပြန်ပြေးဝင်ချင်စိတ်တွေ ပေါက်လာတတ်တယ်။ အဲဒီစိတ်ကို ပထမဆုံး တားတာက ရဲကျော်စွာ။
သူ့ကို လူချင်း မသိပါဘူး။ နေလင်း ရေးတဲ့ လူရှင်သချိုင်းများအကြောင်း စာအုပ်ထဲမှာ သူ့အကြောင်းဖတ်ခဲ့ရတယ်။ သူဟာ မြန်မာပြည်ရဲ့ အငယ်ဆုံး နိုင်ငံရေး အကျဉ်းသားဖြစ်မယ် ထင်တယ်။ ဆယ်ကျော်သက် အရွယ်နဲ့ နိုင်ငံရေးလုပ်တယ်။ ထောင်ကျတယ်။ စိတ်မာတယ်။ အပြင်မှာ မိဘဆုံးတယ်။ မတွေ့လိုက်ကြရ။ အခုထိ သူထောင်ထဲမှာပဲ ရှိလိမ့်ဦးမယ်။ နောက် တစ်ယောက်က သိပ်မကြာခင်ကပဲ ကျဆုံးသွားတဲ့ ကျောင်းသားခေါင်းဆောင်
သက်ဝင်းအောင်။ တိုင်းပြည်ကို ကောင်းရာကောင်းရပ်ကို ရောက်အောင်ဆွဲတင်ဖို့ ကြိုးစားတဲ့ မြန်မာလူငယ်။ စစ်လူမိုက်တွေရဲ့ တမြေ့မြေ့ စနစ်တကျ ညှင်းပန်း သတ်ဖြတ်မှုကြောင့်ထောင်ထဲမှာပဲ ကြွေပြုန်းခဲ့ရတယ်။ နောက်တစ်ယောက်က ကိုမင်းကိုနိုင်။ နောက်တစ်ယောက်က ဆရာတာရာမင်းဝေ။ နောက်...ကျနော်နဲ့အတူ အခုထိ လက်တွဲတိုက်ပွဲဝင်နေတဲ့ တောတွင်းကရဲဘော်များ။ နိုင်ငံတကာက ရဲဘော်များ။ သူတို့တွေက ယုံကြည်ချက်နဲ့ရေးထားတဲ့ သမိုင်းသစ္စာကို ကိုယ်ရဲ့ ဘာမဟုတ်တဲ့ အတ္တနဲ့ ကျနော် မဖျက်ပစ်နိုင်ဘူး။ အခုချိန်ထိ ကျနော့် ရပ်တည်ချက် လုပ်ဆောင်ချက်တွေဟာ တိုက်ပွဲဝင်ကျောင်းသားအားလုံးနဲ့ တထပ်တည်းပဲ။ ပြည်တွင်း မဂ္ဂဇင်းတချို့ကို ကျနော် ကဗျာရေး/ပို့ နဲနဲဖော်ပြခံခဲ့ရဖူးတယ်။
အဲဒီထဲက ၃ ပုဒ် ဖော်ပြလိုက်တယ်။ ရန်ကုန်မြို့ မြေပုံထဲမှာတွေ့တာ ၃၃လမ်းဟာ လမ်းတိုပြတ်လေးဗျ။ ရောက်မှာပေါ့၊ တစ်နေ့နေ့။ ။

ရေသောက်မြစ်

ကိုယ့်ကျင်းကိုယ်တူးပြီးမှ
ကြီးပြင်းလာရတဲ့ကောင်ပါ
ငါသေတဲ့အခါ
သင်တို့အလုပ်ရှုပ်စရာမလိုဘူး။

ချစ်သူရေ...
ရေသောက်မြစ်ဖြစ်လာမှတော့
မြေအောက်မှာနှစ်ရှည်လများ
နက်သထက်နက်
ငါဆက်တူးသွားပါ့မယ်။

ကမ္ဘာမြေပေါ်က
ငါပို့ပေးလိုက်တဲ့ပန်းတွေ
လှပနေပါစေတော့
ငါပို့ပေးလိုက်တဲ့ကဗျာတွေ
ရသဝေဖြာစေတော့၊

အဲဒီရေသောက်မြစ်က
ရေတစ်ပေါက်လောက်
သောက်ခွင့်ရခဲ့ရင်ပဲ
သေပွဲရဲရဲဝင်ရဲပြီ။ ။

(ကမ္ဘာလောကရှိရေသောက်မြစ်လိုကဗျာဆရာတွေအတွက်ဦးညွတ်ဖွဲ.ဆိုသည်)

လူရဲ့ဂီတ

ရင်ဘတ်အချင်းချင်းတီးခတ်ထားတဲ့သံစဉ်ပါ
အင်ထရိုတစ်ခုလုံး
အချိုမြိန်ဆုံးတွေနဲ့လန်းသစ်တက်ကြွနေခဲ့တယ်။

ပထမအပိုဒ်ကို
စစ်မှန်တဲ့ညီညာမှုနဲ့သီဆိုရမှာမို့
တစ်ယောက်ကိုတစ်ယောက်အကောင်းမြင်ယုံကြည်နိုင်ဖို့
အချစ်တို့ကိုအသုံးချခဲ့တယ်။

သီဆိုနေတုန်းရပ်လို့မရတဲ့တေးသွားဟာ
တစ်ယောက်မအားတော့တစ်ယောက်ပဲဆို
နှစ်ယောက်အားတော့နှစ်ယောက်တွဲဆို
ငြိုငြင်လို့လည်းမရတော့ဘူး
မဆိုချင်လို့လည်းမရတော့ဘူး
အကူး၊ အချိတ်၊ အနိမ့်၊ အမြင့် တွေနဲ့
တေးဟာလွင့်ပြန့်နေခဲ့တယ်။

ကော်ရက်စ်အပိုဒ်မှာ
ဟာမိုနီသမားတွေထပ်ပိုလာခဲ့
တေးသွားဟာမြန်ဆန်သွက်လက်
သြဂက်ထရာဆန်ဆန်ရင့်ကျက်လာခဲ့တယ်။

နောက်ဆုံးအပိုဒ်မှာ
ဟာမိုနီသမားတွေကကြွေးကြော်ကြပြီ
ဂီတသစ်ကိုဖန်ဆင်းမယ်တဲ့
သံစဉ်ဟောင်းထဲ
အညောင်းမိမခံနိုင်ဘူးတဲ့
ဂီတပုံစံနှစ်မျိုးကွဲခဲ့တယ်။

စခဲ့တဲ့နှစ်ဦးရဲ့ဂီတမျိုးက
ငြိမ့်ညောင်းတိုးသိမ့်ညှင်သာပြီး
ဟာမိုနီသမားတွေရဲ့ဂီတကတော့
လေထုကြီးတစ်ခုလုံးကိုသိမ်းပိုက်သွားတာပေါ့
လူသား
နားနဲ့
ပြောင်းလဲတိုးတက်သွားတဲ့ဘ၀ဖြစ်စဉ်။ ။

ခံပြင်းလွန်းတဲ့ပင်လယ်

ပြောကြသေးရဲ့
မြစ်တွေကပေးဆပ်မှ
ငါဖြစ်လာရတာပါတဲ့

တကယ်ဆို
မြစ်တွေကို မျိုချဖို့
ငါဖြစ်လာရတာပါ

တစ်ဘ၀လုံး
ကိုယ့်ကိုယ်ကိုယ် ပက်လက်လှန်
အငွေ့ပြန်ကျိုချက်
ဒါ...မြစ်တွေကို အသက်ဆက်ဖို့ပါ

မြစ်ပေါင်းစုံရဲ့
အကျင့်ပေါင်းစုံ
ပေါင်းဆုံရာအရပ်
ကြည့်...ငါ့ရင်ဘတ်မှာ ဒါဏ်ရာစတွေ

အပြစ်မဆိုပါဘူး
မြစ်ဆိုတာ စီးမှာပေါ့
(တခါတရံတော့)
ငါ့နှုပ်ခမ်းပါးတွေကို
ခပ်ကြမ်းကြမ်း ဖဲ့ရွဲ.တိုက်စား
မြစ်များက...သိမ်မွေ.မှုမဲ့ စီးဆင်းမှုတွေနဲ့
ငါက...ရင်နာနေတဲ့ သီးခံခြင်းတွေနဲ့

ဘာဖြစ်ဖြစ်ပါ
အနစ်နာခံခြင်းဟာ ငါ့ဘဝ
ရင့်ကျက်ခြင်းဟာ ငါ့သိက္ခာ
ငါနေတတ်ခဲ့၊ ငါကျေနပ်ခဲ့

တချိန်လုံး
တောင်တန်းတွေကိုခေါ်မျှော်
သူတို့ပေါ်မလာကြ
ကောင်းကင်ကျယ်ကို ငါလွမ်းတ
နမ်းခွင့်ကို မရခဲ့တဲ့ ငါ
သဘာဝကျိန်စာကျမ်းကြီးထဲ
ကျေကွဲစရာတွေကို
ရေထဲမှာ ဖုံးဖိ
ကြိုးစား ပြုံးကြည့်ခဲ့ပါသေးတယ်

ငါရိုးသားခဲ့ပါတယ်
ငါကိုယ်တိုင် ရိုးသားခဲ့ပါတယ်

ငါ့အောက်ခြေရေသောက်မြစ်တွေ
ခြေထောက်ငြောင်းလာတဲ့အခါမျိုး
မုန်တိုင်းတွေ အလည်လာတဲ့အခါမျိုး
သူတို့ယူလာတဲ့ လေနီကြမ်းတွေကိုသောက်
တစ်ခွက်ပြီးတစ်ခွက်သောက်
ပေါက်ကွဲခက်ထန်တဲ့ ဂီတအောက်မှာ
အသွေးအသားတွေ ဆူဝေခဲ့ပြီ
ထိန်းချုပ်မှုတွေ လျော့ပြေခဲ့ပြီ

နာကြည်းချက်တွေလေ
ခံစားချက်တွေလေ
မကျေနပ်ချက်တွေလေ
ရင်မှာဆူပွက်
လှိုင်းလုံးတွေ တာထွက်သွားကြပြီ

ဟလို...ချစ်သူမြစ်များ
တစိမ့်စိမ့် မူးအားကောင်းတဲ့
နှစ်ချို့မျက်ရည်ဟာ
"ဒီရေ"တွေပေါ့
အကြင်နာတရားကတော့
အငွေ.ပျံသွားခဲ့တာ...ကြာပြီ။ ။

သုအိုင်စံ

အပြည့်အစုံသို့...

Tuesday, December 6, 2011

၂=၅၂

အဖြစ်အပျက်တွေက
စစ်ထွက်သွားကြတယ်
အဖြစ်အပျက်တွေဟာ
စစ်ထွက်လာကြတယ်
အဖြစ်အပျက်နဲ့ အဖြစ်အပျက်တွေဟာ
စစ်ကွက်စစ်မြေမှာ တွေ့ ကြပြီ
စစ်မြေမှာ ချစ်နေစရာမလိုဘူးဟေ့...ပစ်ကွာ
စစ်မြေမှာ ညစ်နေစရာမလိုဘူးဟေ့..သတ်ကွာ
ဒါကြောင့်ပဲ
ဖြစ်လိုက်ခြင်းတွေ ထပ်တိုးလာတယ်
ဒါကြောင့်ပဲ
ပျက်လိုက်ခြင်းတွေ ထပ်တိုးလာတယ်

အညစ်အဟောင်းတွေ ဒိုးသွားမှ
အသစ်အကောင်းတွေ မျိုးပွားမှာဆိုတော့
ဖြစ်/ပျက် ဖြစ်/ပျက် တရားကို ဒရစပ် ဟောတယ်
ဘာမှ ပွင့် မလာဘူး။

အဆိုး အဖျက် အညစ်တွေ ပျောက်သွားမှ
မျိုးဆက်သစ်တွေ ပေါက်ဖွားလာမှာဆိုတော့
စစ်/ငြိမ်း စစ်/ငြိမ်း စကားကို ဒရစပ် အော်တယ်
ဘာမှ ဖြစ်လာဘူး။

ဒီလိုပါပဲ
ဘုရား အယူအဆမှာလည်း
ပွတ်စရာ ဒီဖဲ ၂ ချပ်ပဲရှိတယ်
ဒီလိုပါပဲ
လူသား မူဝါဒမှာလည်း
ပွတ်စရာ ဒီဖဲ ၂ ချပ်ပဲရှိတယ်

ပျောက်နေတဲ့ အဓိပ္ပါယ်ကို ရှာနေတုန်း
ရှာနေတဲ့ အဓိပ္ပါယ်ဟာ ပျောက်ဆုံး
ဆွဲဖဲ နဲ့ တက်ဖဲ ဆက်ဆက်လွဲနေဦးမယ်

၂ ချပ်နဲ့ မကစားတတ်ဘူးလား
ကိုယ့် ဖဲ ကိုယ် ဆွဲဆုတ်သွားခဲ့ပါ။ ။

သုအိုင်စံ

အပြည့်အစုံသို့...

Saturday, December 3, 2011

မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်မည်

ဆုံဆည်းရာ၊ ၃ ရက် ဒီဇင်ဘာ ၂၀၁၁

လွန်ခဲ့သော တစ်နှစ်ကျော်ကပင် ပိတ်ထားခဲ့သည့် မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတားကို ဒီဇင်ဘာ ၅ ရက်တွင် ပြန်လည် ဖွင့်လှစ်မည်ဟု နယ်စပ် ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ချယ်ရီမောင်က ပြောကြားသည်။

မြန်မာနိုင်ငံဘက်မှ မြ၀တီမြို့နှင့် ထိုင်းနိုင်ငံ ဘက်မှ မဲဆောက်မြို့တို့ကို ဆက်သွယ် ပေးထားသော မြ၀တီ ချစ်ကြည်ရေး တံတားအား၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁၈ ရက်က စတင်၍ ယာယီ ပိတ်ထားခဲ့ခြင်းဖြစ်သည်။ တံတား ပိတ်ထားခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများမှာလည်း ထိုအချိန်ကတည်းကပင် ရပ်နားထားခဲ့ရသည်။

မြန်မာနိုင်ငံသို့ ယခုနှစ် အောက်တိုဘာ ပထမပတ်က လာရောက်ခဲ့သော ထိုင်းဝန်ကြီးချုပ် မစ္စယင်းလပ်ရှင်နာဝပ်က သူ့ခရီးစဉ်အတွင်း ချစ်ကြည်ရေးတံတားကို ပြန်လည်ဖွင့်လှစ်ပေးရန် မြန်မာနိုင်ငံအစိုးရထံ မေတ္တာရပ်ခံခဲ့သည်။

တံတားကို မြန်မာနိုင်ငံဘက်မှ ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ထိုင်းဝန်ကြီးချုပ်၏ မေတ္တာရပ်ခံမှုကို တုံ့ပြန်ရာတွင် မြန်မာအစိုးရက အဆိုပါတံတားအောက်ခြေပြင်ဆင်မှုလုပ်ငန်းများကို ဦးစွာဆောင်ရွက်မည်ဖြစ်ပြီး ပြင်ဆင်မှုပြုလုပ်ပြီးပါက တံတားပြန်လည်ဖွင့်လှစ်မည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ အဆိုပါ တံတားကို ၁၉၉၇ ခုနှစ်တွင် သောင်ရင်းမြစ်ကို ဖြတ်ကျော်၍ မြ၀တီနှင့် မဲဆောက်မြို့တို့အား ဆက်သွယ်ဖောက်လုပ်ထားခဲ့ခြင်းဖြစ်သည်။

အပြည့်အစုံသို့...

ဒေါ်အောင်ဆန်းစုကြည်နှင့် ရုပ်ရှင်အနုပညာရှင်များတွေ့ဆုံ

ဆုံဆည်းရာ၊ ၃ ရက် ဒီဇင်ဘာ ၂၀၁၁

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းအထ္ထုပ္ပတိ ရုပ်ရှင်ကားကြီးတစ်ကားကို ရိုက်ကူးဖန်တီးနိုင်ရန် နိုင်ငံကျော် သရုပ်ဆောင်များ၊ ဒါရိုက်တာများအပါအ၀င် အနုပညာရှင် ၁၀၀ ကျော်နှင့်ယနေ့ ညနေ ၃ နာရီတွင် သူမ၏နေအိမ်တွင် တွေ့ဆုံဆွေးနွေး ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အထ္ထုပ္ပတိ ရိုက်ကူးရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ အသက် ၁၈ နှစ်မှ ၃၂ နှစ်အတွင်း ဘ၀ဖြတ်သန်းမှုများနှင့် လွတ်လပ်ရေး အတွက်ကြိုးပမ်းမှုများကို ရိုက်ကူးစေလိုကြောင်း ပြောကြားခဲ့ကာ အနုပညာရှင်များကို ဗိုလ်ချုပ်နေရာတွင် မည်သူ့ကို သရုပ်ဆောင် စေလျှင်ကောင်းမည်လည်းဟု မေးမြန်းအကြံတောင်းခဲ့ကြောင်း သိရသည်။ မြန်မာပြည်လွတ်လပ်ရေးရသည့် အလံတင် အခမ်းအနား မြင်ကွင်းဖြင့် ရုပ်ရှင်ကို စတင်စေလိုကြောင်း လည်း ပြောကြားခဲ့သည်ဟု ဆွေးနွေးပွဲသို့ သွားရောက်ခဲ့သော ဒါရိုက်တာရီဇော်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ရုပ်ရှင်ဇာတ်ကားကို ၂၀၁၅ ဖေဖော်ဝါရီအမီ ရုံတင်ပြသနိုင်လျှင် ကောင်းမည်ဟု ပြောကြားခဲ့ပြီး ပြည်တွင်းနှင့် နိုင်ငံတကာကိုပါ ပြသရန် စိတ်ကူးရှိကြောင်း ပြောကြားခဲ့သည်။ ထိုဆွေးနွေးပွဲသို့ အနုပညာရှင်များထဲမှ ဦးအောင်လွင်၊ မောင်မိုးသူ၊ ဇင်ဝိုင်း၊ ချိုပြုံး၊ ရန်အောင်၊ ရဲအောင်၊ ဇာဂနာ၊ ငှက်ပြောကြော်၊ ကုသိုလ်၊ ကင်းကောင်၊ သီးလေးသီး၊ ဝေလုကျော်၊ မင်းမော်ကွန်း၊ နိုင်နိုင်း၊ နေတိုး၊ ၀ိုင်း၊ သူထူးစံ၊ ညီနန္ဒ၊ နေဆန်း၊ ပြေတီဦး၊ လူမင်း၊ ရဲတိုက်၊ ဖိုးသောကြာ၊ ဒါရိုက်တာဝိုင်း၊ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ လွင်မိုး၊ ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်၊ ချစ်သုဝေ၊ ဖွေးဖွေး၊ မိုးဟေကို စသည့် နာမည်ကျော် သရုပ်ဆောင်များ လာရောက်ခဲ့ကြောင်းသိရသည်။

(source: 7 daynews ဓါတ်ပုံ Facebook အင်တာနက်စာမျက်နှာမှ...)

အပြည့်အစုံသို့...

Friday, December 2, 2011

ကျောင်းဖွင့်ချိန်




မော်ကွန်းထိန်းသိမ်းရေးအခန်းမှာ
ဟစ်တလာရုပ်ထုကို
လူတစုထုဆစ်နေကြတယ်။
... သူတို့ဟာ …
ရုပ်တုရဲ့ရှေ့မှာ ကျိန်စာတွေရွတ်ဖတ်
ပျားရည်စက်တွေကို မီးရှို့ပူဇော်
ဆိုင်ရာနိုက်ဖြူလျော်လျော်တွေ သွန်းကြဲပက်ချ
ဟစ်တလာပါးစပ်ထဲက
ကျည်ဆန်တတောင့် ထွက်အံကျလာတယ်။
သူတို့ဟာ …
ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ စာကိုရေး"
သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ
ဖိတ်ခေါ်ကြပါပြီ။


(၂)
ငါတို့ကျောင်းတော်ကြီးရဲ့
ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တခုဟာ
တဖြည်းဖြည်း နှစ်ငါးဆယ်လောက်ပြန်ငယ်ရွယ်သွား
အရင်က မမြင်ရတဲ့ ဟိုတုန်းက အရိပ်တွေ
နံရံတွေ၊ ခုံတန်းလျားတွေဆီက လွန့်လူးထ
အဲဒါ … “အောင်ဆန်း” တို့၊ “ကျော်ငြိမ်း” တို့၊ “သိန်းဖေ” တို့၊ “ညိုမြ” တို့ရဲ့
ဝိညာဉ်တွေပဲ …
ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး
ဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန်
အာဏာရှင်ကို ဖီဆန်ခဲ့ကြတယ်။
ခု … သူတို့ရဲ့ ၀ိညာဉ်တွေဟာ
“ကမ္ဘာမကြေဘူး … …
ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတေး …
သီချင်းလေး နားဆင်ရင်း
ရာဇ၀င်ရဲ့ တကျော့ပြန်စိမ်ခေါ်ပွဲကို
မျက်ရည်တ၀ဲဝဲနဲ့ စောင့်ကြည့်နေပါတယ်။

(၃)
ငါတို့ကျောင်းတော်ကြီးရဲ့
ဒီဘက်ခေတ် ၁၉၈၇ – ၈၈ နှစ်များထဲမှာပါ
တက္ကသိုလ်စာကြည့်တိုက်ထဲမှာ
ဖြူဝါးဝါးအရိပ်တချို့
စာထိုင်ဖတ်နေကြတယ်။
တချို့ဖတ်တာ .. ကဗျာစာအုပ်
တချို့ဖတ်တာ .. သမိုင်းစာအုပ်တချို့ဖတ်တာ .. နိုင်ငံရေးစာအုပ်
ရုတ်တရက်
အဖြူရိပ်တခုဟာ ထိုင်ရာကထ
“ဗမာပြည်ကို ကယ်တင်ရတော့မယ်”
နောက်ထပ် အဖြူရိပ်တခု စာအုပ်ပိတ
“ဗမာပြည်ကို ကယ်တင်ရတော့မယ်
ဗမာပြည်ကို ထိတ်တုံးချွတ်ပေးရမယ်”
သူတို့ဟာ တိတ်ဆိတ်စွာ
အခန်းပြင်ကို ထွက်သွားကြပါတော့တယ်။
စာကြည့်တိုက်ရဲ့ စာအုပ်ပိတ်သံများ
လွယ်အိပ်လွယ်သံများ
ဖိနပ်စီးသံများ အဆုံးမှာနောက်ထပ် အဖြူရိပ်တခု ထပ်ထွက် …
… … နောက်ထပ် … …
… … နောက်ထပ် … …

(၄)
ငါတို့ကျောင်းတော်ကြီးရဲ့
စာမသင်ဖြစ်တဲ့ စာသင်ခန်းတခုမှာ
အရိုးစုတအုပ် အစည်းအဝေးလုပ်နေတယ်။
အရိုးစုတခုက … ထိုင်ရာမှ ဖြည်းညှင်းစွာထ
“ကျနော်တို့ တော်လှန်ရေး
အာဏာရှင်တွေ နောက်ဆုံးနေ့အထိ”
စသည်ဖြင့် ပြောကြား
အားလုံးငြိမ်သက်နားထောင်နေကြတယ်။
အခန်းထဲမှာ
အကျဉ်းထောင်က ပြေးထွက်လာတဲ့
ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေ
သတ္တိဗုံးကို နှောင်ထုံးခတ်
ပတ်ကြားအက်နေတဲံ ရန်သူ့မျက်နှာတွေ
အဲဒီမှာ … အရိုးစုတခုက လက်သီးဆုပ်
သူ့နှုတ်က တိုးတိုးလေးပြော
“တောက အဖေနဲ့အမေတော့
ကျနော့်ကို မျှော်နေကြတော့မယ်ဗျာ”
ကြေကွဲစွာ သူ့မျက်လုံးပေါက်တဲက
မျက်ရည်ဖြူတစက်
စီးသက်ကျလာတယ်။

(၅)
ငါတို့ကျောင်းတော်ကြီးရဲ့
ပရ၀ဏ် အ၀င်အထွက်လမ်းတွေမှာ
အချုပ်ကားပြာပြာကြီးတွေ
ဒရကြမ်းနှင်နေကြတယ်။
အဲဒီကားကြီးတွေထဲမှာ
“ကမ္ဘာမကြေ၊ ဗမာပြေ .. ဒါတို့ပြေ
ဒါတို့ပြေ ..တို့ပိုင်တဲ့ မြေ” ဆိုတဲ့
တေးသံသာယာ
ညီညာစွာ ပဲ့တင်ပေါ်ထွက်
ကျောင်းသားလက်တွေ သွေးစိမ့်ယိုစီးခဲ့ပြီ
အချုပ်ကားပြာပြာကြီးရဲ့ ဦးထိပ်မှာ
သူတို့ရဲ့ တံဆိပ် … တို့ရဲ့အလံ
ဦးခေါင်းခွံမှာ အရိုးနှစ်ချောင်း ကန့်လန့်ဖြတ်ထားတဲ့ သဏ္ဍန်သာ ဖြစ်တယ်။
ကျောင်းခေါင်းလောင်းအိုကြီးဟာ
ထွက်ခွာသွားတဲ့ အချုပ်ကားနောက်

ပြေးလိုက်ခလုပ်တိုက်ပြီး လဲပြိုကျ
ချိုလွင်ရှတတဲ့ ခေါင်းလောင်းသံထွက်ရမယ့်အစာ
“သားရေ အမေ လိုက်ရှာနေတယ်လေ .. သားရေ”
ဆိုတဲ့ ငိုရှိုက်ညည်းတွားသံအဖြစ်နဲ့သာ
ရာဇ၀င်တုန်ခါအောင် မြည်ဟည်းလာခဲ့ပြီ။

(၆)
ငါတို့ကျောင်းတော်ကြီးရဲ့
နီမောင်းသောလမ်းကြီး၊ လမ်းငယ်များမှာ
ဒေါင်းအလံတလူလူလွှင့်ထူလို့
ကျောင်းသားတွေ ချီလာပါပြီ
ရင်တအုံလုံးပွင့်ထွက်နေတဲ့ ကျောင်းသားက
ရှေ့ဆုံကအလံကိုင်ပြီး သွေးပွက်ပွက်အန်ထွက်နေတဲ့
ကျောင်းသားတွေက
နောက်က ချီတက်လိုက်ပါလာတယ်။
“ဒီမိုကရေစီရရှိရေး … တို့အရေး”
“အာဏာရှင်စနစ်ကျဆုံးရေး … တို့အရေး” တဲ့။
ကိုယ့်ကိုယ်ကိုယ် တခါတည်း အသုဘချရင်း
တိုက်ပွဲဝင်ခဲ့ကြရတဲံ ငါတို့ရဲ့တော်လှန်ရေး
ဘယ်တော့မှ … အရှုံးမပေးဘူးဟေ့ …
သေနတ်သံတချက်ဖောက်ရင်
ရာဇပလ္လင်မီးဟုန်းဟုန်းတောက်သွားမယ် … နောက်ဆုံးနေ့အထိ …

(၇)
ငိုက်မြည်းနေတဲ့ အင်းလျားရေပြင်ဟာ
ရုတ်တရက် ရဲရဲနီစွေးသွားတယ်။
ချက်ခြင်းပဲ ရေငွေ့ပျံတက်
ကောင်းကင်ထက်မှာ တိမ်အဖြစ် မိုးစက်ခို
ကျောင်းတော်ကြီးကို မိုးသွေးတွေ ပြန်ရွာချ
လျှပ်တွေပြက်၊ မိုးတွေခြိမ်း … … …
ဒိန်းဒုံး ဆူညံသွားတယ် …
အဲဒီအခါ … ကျောင်းတော်မှာ …
ပန်းတွေ ဖျတ်ကနဲ ပွင့်ကြ
ငှက်ဆိုးတွေ ဝေါကနဲ ထပျံကြ
သစ်ရွက်တွေ တလက်လက်တောက်ပကြ
ခုံတန်းလျားတွေ အုတ်ဂူအဖြစ်ပြောင်းလဲကြ
မြေကြီးတွေ တုန်ခါတော်လဲကြ
တို့အရေး .. တို့အရေး .. တို့အရေး .. တို့အရေး
ကြွေးကြော်သံတွေနဲ့
ဗမာပြည်ကြီး တ၀ုန်းဝုန်းရုန်းကန်
နိုးထပြီး နောက်ဆုံးငြိမ်သက်သွားတဲ့အခ
ငါတို့ကျောင်းတော်ကြီးဟာ … …
တလဲ့လဲ့ တ၀င်းဝင်း
သွေးနီရောင် တောက်ပခါ …
အာဇာနည် သူရဲကောင်းတို့ရဲ့
ဂူဗိမာန်ကြီးပမာသာ တည်ရှိနေပါတော့တယ် …။

(၈)
ကျောင်းသားတွေနဲ့ ကျောင်းတော်ကြီးကြား
ခု … သွေးပင်လယ်ကြီးခြားနေပါပြီ …
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ အာဏာရှင်တွေဟာ
သွေးပင်လယ်ကြီးကို ကျော်နင်း
ထုံးတံတားကြီးကို ကျော်ခင်းပေးတယ်။
တချို့တွေက ကျောင်းတက်လာကြလိမ့်မယ် …
အဲဒီထဲက တချို့ဟာ …
“အကြောင်းကြောင်းကြောင့်ပါ” လို့
စိတ်မကောင်းစွာပြောရင်း …
ထုံးတံတားကို လျှောက်နင်း …
ကျောင်းခန်းအတွင်း ၀တ္တရားအရထိုင်
ငါတို့ … နားလည်ခွင့်လွှတ်နိုင်ပါတယ် …
တချို့ကတော့ …
“ဂုဏ်တုဂုဏ်ပြိုင်” ကောင်းကြောင်းပြောရင်း
ထုံးနံ့သင်းတဲ့ ပန်းခင်းကိုဖြတ် …
ရီးစားထားဖို့ ကျောင်းပြန်တက်လိမ့်မယ်။
အဲဒီလို … လူစားတွေကိုတော့ …
ငါတို့က ခွင့်လွှတ်သည့်တိုင်အောင်
ရာဇ၀င်က ခွင့်မလွှတ်သရွေ့
သူတို့ဟာ … သမိုင်းမှာ …
“သစ္စာဖောက်” များသာဖြစ်တယ်။

(၉)
ကျောင်းသားနဲ့ကျောင်း
တနေ့တော့ ပေါင်းရမှာပဲ
ငါတို့တွေ သွေးပင်လယ်ကို ဖြတ်ကူးပြီး
ကျောင်းကြီးဆီ အရောက်သွားကြမယ်။
သွေးပင်လယ်ကြီးဟာ
တငွေ့ငွေ့ပူခြစ် ဆူပွက်
ထက်ကောင်းကင် မုန်တိုင်းတို့ အစပျိုး
သွေးလှိုင်းတံပိုး တ၀ုန်းဝုန်းပြင်းထန်
ငါတို့တွေ
ငါတို့တွေ လှည့်မပြန်ဘူး၊
ငါတို့ထဲက တချို့ဟာ …
ကိုယ့်အရိုးကိုယ်ချိုး လှေအဖြစ်ထွင်းထု
ငါတို့အထဲက တချို့ဟာ …
ကိုယ့်အသားကိုယ်လှီး လှေနံရံအဖြစ် ခင်းရိုက်
ငါတို့အထဲက တချို့ဟာ …
ကိုယ့်လက်ဖ၀ါး ကိုယ်ရိုက်ဖြတ်
လှေရွက်အဖြစ် စပ်ချုပ်
မုန်တိုင်းကို ခွဲဝင်
သွေးပင်လယ်ကို ဖြတ်ပြီး
ကျောင်းတော်ကြီးဆီသွားဖို့
လုပ်နေတယ်…။

(၁၀)
နောက်ဆုံးမှာ …
ဒေါင်းအလံကို … ဗြောင်းဆန်အောင် လွှင့်ထူရင်း
အမှန်တရားတခုထံ
ငါတို့ သစ္စာအဓိဌာန်ပြု
အို … သူရဲကောင်းတို့
အို … ကျဆုံးခဲ့လေသော
ဒီမိုကရေစီ တိုက်ပွဲဝင်
သူငယ်ချင်းဟောင်း …
သူရဲကောင်းတို့
ထာဝစဉ်မပျက်ပြယ်နိုင်လောက်အောင်
မြင့်မြတ်စွာ ကျဆုံးခဲ့သော …
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည် ငါတို့၏ရှေ့နောက်ဝဲယာ …
ထက်အောက်ဝန်းကျင်၌
ပျံ့နှံ့တည်ရှိကြကုန်တော့၏။
ထိုသော …
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည် ငါတို့၏ခန္ဓာကိုယ်နေရာအနှံ့အပြားသို့ ထိုးဖောက်ယိုစိမ့်စီးဝင်ကာ
ရဲရင့်ခြင်းမှာ ငါတို့အားဖြစ်တည်စေတော့၏။
အို … သူရဲကောင်းတို့
အို … ကျဆုံးလေသော
ဒီမိုကရေစီတိုက်ပွဲဝင်
သူငယ်ချင်းဟောင်း သူရဲကောင်းတို့
ဗမာပြည်ကို ရှိခိုးကာ
ဤသွေးပင်လယ်အား
ငါတို့ ဖြတ်ကူအံ့
မိုးလုံးပြည်ကောင်းချီးသြဘာပေးသံများကြားမှာ ငါတို့၏ အရေးတော်ပုံ အောင်မြင်ပါစေသတည်း။ ။

ရွှေဘုန်းလူ (တာရာမင်းဝေ)

အပြည့်အစုံသို့...

Thursday, December 1, 2011

ဆွဲအားမဲ့စကြ၀ဠာ

အလင်းလက်လက်တွေ ၀င်လာမှာကြောက်တယ်
အမှောင်ထဲ စမ်းစမ်းဝါးဝါး ညနက်ခဲ့တာ ကြာပြီ

ကိုယ့်ဦးနှောက်ထဲကိုယ် ဆေးရုံတက်ခဲ့ရအခါခါ
ကိုယ့်ဝဋ်ဒုက္ခထဲကိုယ် ဆေးရုံဆင်းခဲ့ရအခါခါ

ကိုယ့်ကားထဲကိုယ့်အဝေးပြေးလမ်းမကြီး အကြိမ်ကြိမ်ဆောက်
ကိုယ့်လမ်းမကြီးပေါ်မှာ ကိုယ့်ကားတစ်စီးတည်း အကြိမ်ကြိမ်မှောက်
နောက်ဆုံးတော့
ခြေထောက်လည်းမရှိဘူး လမ်းလည်းမရှိဘူး
မြစ်ကိုတော့ မြစ်ကိုဖြတ်ကူးခဲ့သလိုမျိုး ဖြတ်ကူးခဲ့ပါတယ်

လမ်းသရဲအဘိဓမ္မာမှာ
ဝမ်းနည်းမိပါသည် ဆိုတာ မရှိဘူး... အမိမြေရေ...
အန္ဓတွေရဲ့ မြေကမ္ဘာမှာ
လွမ်းတတ်တယ် ဆိုတဲ့ ဝေဒနာလည်းမရှိဘူး
ငါ့ရူးကြောင်ကြောင်ဒသနနဲ့ ငါမူးအောင် က ခဲ့တယ်
င့ါရူးကြောင်ကြောင်ဒသနနဲ့ ငါဂုဏ်ထူးဆောင်ဘွဲ့ ရ ခဲ့တယ်

သချိုင်းကုန်း အဟောင်းအစုတ်တစ်ခုထဲမှာ
တစ်လောင်းတည်း မြှုပ်နှံခံထားရတဲ့ ဘုရားအလောင်းလိုပေါ့
ဘယ်အများကောင်းစားရေးကိုမှ ပုတ်စော်မနံစေတော့ပါ

ဟိုနားကို ကိုယ် သွားတော့မယ်
ဘယ်လိုအမှား နဲ့ ဘယ်လိုတရား တို့ မှ မရှိရာ...
ဟုတ်ရဲ့လားဗျာ...တနေရာရာဟာ...တနေရာရာဆိုတာ?

ဟာ...မပြောနဲ့...မပြောပြနဲ့တော့....

သတင်းအချက်အလက်တွေ ၀င်လာမှာကြောက်တယ်
တစ်ကောင်တည်း ခမ်းခမ်းနားနား ဘ၀ပျက်ခဲ့တာ ကြာပြီ။   ။

သုအိုင်စံ

အပြည့်အစုံသို့...