Monday, February 28, 2011

ဒီကေဘီအေ ဗိုလ်မှူးချုပ် စောလားဘွယ်ရဲ့ လတ်တလော နိုင်ငံရေးအမြင် သဘောထားများ

နယ်ခြားစောင့်တပ်အပေါ် ဗိုလ်မှူးချုပ်စောလားဘွယ် သဘောထား

အမှန်တကယ်တော့ DKBA နဲ့ BGF က အတူတူဘဲ၊ သဘောတား တခုထဲဘဲ။ ဒီ နအဖ ရဲ့ သွေးခွဲတဲ့ မက်လုံးနဲ့ တဖက်က မိသားစု အခက်အခဲ၊ စားဝတ်နေရေး အခက်အခဲတွေကြောင့် ဖြစ်ရတာ။ BGF ဖြစ်သွားတဲ့ ကျနော်တို့ ရဲဘော်တွေ အပေါ်မှာ ကျနော်နားလည်တယ်။ ကျနော့် ရဲဘော်ရဲဘက်တွေလိုဘဲ သဘောထားပါတယ်။ အခြေအနေ တခုကြောင့်သာ သူတို့လုပ်ရတာ ဖြစ်ပါတယ်။ တချိန်မှာ ကျနော်တို့အားလုံး ပြန်လည် ပေါင်းစည်နိုင်ကြမှာပါ။

BGF လုပ်လိုက်ရင် ဘာဖြစ်မလဲ၊

ကျနော်တို့ တိုင်းရင်းသားတွေက နအဖ လုပ်ခိုင်းတဲ့ BGF လုပ်လိုက်ရင် ကျနော်တို့ရဲ့ တိုင်းရင်းသား လက်ခဏာတွေ ပျောက်ကုန်မယ်။ ကရင်ဆိုရင် ကရင့်အမျိုးသား လက္ခဏာ ပျောက်သွားမယ်။ ဥက္ကဌ ကြီးစောဘဦးကြီးမူ (၄) ချက်လည်း ပျောက်သွားမယ်။ အဲဒီလိုဘဲ မွန်၊ ကချင်၊ ရှမ်း သူတို့ လုပ်ရင် သူတို့ရဲ့ အမျိုးသားရေး လက္ခဏာ ပျောက်သွားမယ်။

နအဖ တပ်မှူးတပ်သားများအပေါ် သဘောထား

ဒီ နအဖ တပ်မှူး တပ်သားတွေအပေါ်မှာလည်း ကျနော်နားလည်တယ်။ မေတ္တာ ထားတယ်။ ကျနော့်ညီအကို မောင်နှမသားချင်းတွေလို သဘောထားတယ်။ အထက်က သူတို့ ခေါင်းဆောင်တွေခိုင်းလို့ လုပ်ရတာဆိုတာ ကျနော်သိတယ်။ ကျနော်တို့ မတိုက်ချင်ဘူး။ ကျနော်တို့ကို လာတိုက်လို့ ကျနော်တို့ ခုခံကာကွယ်နေရတာပါ။

နယ်စပ်မှာရှိတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ

ကျနော်တို့ နယ်စပ်တလျှောက်မှာရှိတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း စည်းလုံး ညီညွတ်ရမယ်။ တဖွဲ့ကိုထိရင် ကျန်တဲ့အဖွဲ့တွေက ဒါ ငါနဲ့မဆိုင်ဘူး၊ ငါ့ကို လာတိုက်တာ မဟုတ်ဘူး၊ အဲ့ဒီလို နေလို့ မရဘူး။ တဖွဲ့ကိုထိတာနဲ့ ကျန်တဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း စစ်ရေးအရရော၊ နိုင်ငံရေးအရပါ ဝိုင်းတိုက်ရမယ်။ ဒါမှ ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီရမယ်။ ဥပမာပြောရရင် ကျွဲတကောင်ကို တယောက်ထဲ သယ်လို့ မရဘူး။ တပိုင်းစီ ခုတ်ထစ်ပြီး ဝိုင်းသယ်မှရမယ်။ အဲ့ဒီလိုဘဲ ဒီမိုကရေစီကို ဒေါ်အောင်ဆန်းစုကြည် တယောက်ထဲ၊ ကျနော်တို့ တိုင်းရင်းသားတဖွဲ့ထဲ လုပ်လို့မရဘူး။ တိုင်းရင်းသားတွေအားလုံး ညီညီညွတ်ညွတ်နဲ့ စုပေါင်းပြီး ဝိုင်းလုပ်ကြမှရမှာပါ။

အပြည့်အစုံသို့...

Sunday, February 27, 2011

ရန်ကုန် အင်းစိန်တွင် ဗုံးပေါက်ကွဲ

ဆုံဆည်းရာ၊ ဖေဖော်ဝါရီလ ၂၇ ရက် ၂၀၁၁ ခုနှစ်

ည (၇ နာရီ ၄၅ မိနစ်) ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် ကမ်းနား အလယ်ရပ်ကွက် အောင်ဇေယျအိမ်ရာအနီးတွင် မြန်မာစံတော်ချိန် ၇ နာရီတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ လူထိခိုက်မှုရှိခဲ့ပြီး၊ ထိခိုက်သေဆုံးမှုအတိအကျ မသိရသေးပါ။

အပြည့်အစုံသို့...

Saturday, February 26, 2011

ယနေ့သတင်း (၂၆ ရက် ဖေဖော်ဝါရီလ ၂၀၁၁)

ဆုံဆည်းရာ၊ ၂၆ ရက် ဖေဖော်ဝါရီလ ၂၀၁၁

သတင်း
နံနက် (၁၀ နာရီ ၄၀ မိနစ်) ကေအိုင်အို ထိန်းချုပ်ရာနယ်မြေဒေသ၀န်းကျင်တွင် နအဖ ဘက်က စစ်အင်အား တိုးမြှင့်ချလိုက်ပါတယ်။ ဖေဖော်ဝါရီလဆန်းပိုင်းက ကေအိုင်အေ ထိန်းချုပ်နယ်မြေသို့ ကျူးကျော် ၀င်ရောက်ခဲ့သော နအဖ တပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ဘက်မှ ဒု ဗိုလ်မှူးကြီးတဦး ကျဆုံးသွားပြီးတဲ့ နောက်ပိုင်း စစ်ရေးအရ နှစ်ဘက် တင်းမာမှုတွေ ဖြစ်ခဲ့တာပါ။ ဒါ့အပြင် ကေအိုင်အေက ပြည်သူ့စစ်တပ် ဖွဲ့စည်းမယ်ဆိုပြီး ကြေညာပြီး နောက်ပိုင်းနှင့် ကေအိုင်အို ထိန်းချုပ်ရာဒေသ လိုင်ဇာဌာနချုပ် နယ်မြေအတွင်းသို့ ပျံသန်းဝင်ရောက်သွားတဲ့ ထူးကုမ္ပဏီ၏ ရဟတ်ယာဉ် တစင်းကို ကေအိုင်အေ တပ်ဖွဲ့ဝင်များက ပစ်ခတ်သတိပေးမှုတွေ ပြီးတဲ့နောက်ပိုင်း နအဖ စစ်တပ်ဘက်က မကျေနပ်မှုတွေ ပိုမိုများပြားလာတယ်လို့ သိရပါတယ်။ နအဖ စစ်တပ်နှင့် ကေအိုင်အေ ထိန်းချုပ်ရာဒေသနှင့် ထိစပ်လျှက်ရှိတဲ့ စစ်မျက်နှာ သုံးနေရာမှာ နအဖ စစ်က တပ်အင်အားတိုးမြှင့်ချထားပြီး ကေအိုင်အိုဘက်မှ ၄င်းတို့ထိန်းချုပ်ရာ နယ်မြေဒေသအတွင်းသို့ နအဖ စစ်တပ်များ နယ်ကျွံဝင်ရောက်လာလျှင် ပစ်မိန့် ပေးထားသောကြောင့် လက်နက်ကိုင် စစ်ရေးပဋိပက္ခ အချိန်မရွေး ဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံတဦးက သုံးသပ်ပြောဆိုပါတယ်။

နံနက် (၁၀ နာရီ ၂၇ မိနစ်) ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဝေါလေဒေသ ကနဲလေးဂွင်အတွင်း လက်ရှိလှုပ်ရှားနေသည့် နအဖ စကခ(၈) လက်အောက်ခံ ခမရ(၄၀၄)တပ်ရင်းနေရာ ကို စကခ(၅) လက်အောက်ခံ ခမရ (၃၄၆) တပ်ရင်းက တပ်အပြောင်းအလဲ လုပ်နေကြောင်း သိရပါတယ်။

နံနက် (၁၀ နာရီ ၁၅ မိနစ်) ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ကနဲလေးဂွင်ရှိ ဖို့ခဲတဒို့နှင့် ခီးကုဒေါ့်ခီးဂွင်ဖောမု ဘောထာ့နေရာတွင် DKBA-KNLA ပူးပေါင်းတပ်နှင့် နအဖ စကခ(၅) လက်အောက်ခံ ခမရ(၅၆၃)၊ စကခ(၈) လက်အောက်ခံ ခမရ(၄၀၄)တပ်ရင်းများအကြား ၂၃ ရက်နှင့် ၂၄ ရက် နှစ်ရက်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၇ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။ (ကိုးကား - ကေအိုင်စီ)

နံနက် (၁၀ နာရီ ၇ မိနစ်) တာချီလိတ်မြို့နယ် လေယာဉ်ကွင်းအနီးတွင် မူးယစ်ဆေးဝါးဂိုဏ်း ရောင်းဝယ်မှုမှ အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားရာ ရဲများ ရောက်ရှိပြီး ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။ ရဲနဲ့ မူးယစ်ဂိုဏ်းများ ပစ်ခတ်မှုဖြစ်နေစဉ် စစ်တပ်မှ ရောက်ရှိပြီး ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားခဲ့ပါတယ်။ ထိုပစ်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးကြောင်း သိရှိရပါတယ်။

အပြည့်အစုံသို့...

Thursday, February 24, 2011

ယနေ့သတင်း (၂၄ ရက် ဖေဖော်ဝါရီလ ၂၀၁၁)

ဆုံဆည်းရာ၊ ၂၄ ရက် ဖေဖော်ဝါရီလ ၂၀၁၁

သတင်း
ည (၇ နာရီ ၂၇ မိနစ်) မြ၀တီမြို့နယ်ရှိ ချူးကလိ ဒေသကို ဒီကေဘီအေ မှ ၀င်ရောက်တိုက်ခိုက်မည် ဆိုသည့် သတင်းကြောင့် မြ၀တီမြို့တွင်းရှိ နေရာတော်တော်များများတွင် နအဖ မှ စစ်တပ်အင်အားကို တိုးမြှင့်ချထားလိုက်ကြောင်း သိရှိရပါတယ်။

ည (၇ နာရီ ၂၀ မိနစ်) နအဖ စစ်တပ် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ်၊ မိုင်းထားမြို့နယ်ခွဲ ဒေသတ၀ိုက်တွင် မိုင်းထားအခြေစိုက် နအဖ ခြေမြန်တပ်ရင်း (ခမရ) ၃၂၈ တပ်ဖွဲ့ဝင်များနှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့ဝင်များ ယခုရက်ပိုင်း အတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖ ဘက်က ၃ ဦး ကျဆုံး၍ SSA တပ်သား တချို့လည်း ဒဏ်ရာရရှိ သွားကြောင်း သိရသည်။ (ကိုးကား - ဧရာဝတီ)

အပြည့်အစုံသို့...

Tuesday, February 22, 2011

ကြိုးကြီးချိတ် ဝတ်သူများ

(ကိုးကား - ဧရာဝတီဘလော့ဘ်)

အပြည့်အစုံသို့...

ABSDF န၀မအကြိမ် ညီလာခံ ထုတ်ပြန်ကြေညာချက်


absdf -

အပြည့်အစုံသို့...

Monday, February 21, 2011

ယနေ့သတင်း (၂၁ ရက် ဖေဖော်ဝါရီလ ၂၀၁၁)

ဆုံဆည်းရာ၊ ၂၁ ရက် ဖေဖော်ဝါရီလ ၂၀၁၁

သတင်း
နံနက် (၁၂ နာရီ ၇ မိနစ်) ယမန်နေ့ မနက် မြဝတီနဲ့ ကော့ကရိတ်ကြားက နေရာနှစ်ခုမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ နေရာတွေ ကတော့ ဗျူဟာဂိတ်လို့ ခေါ်တဲ့ ခမရ ၃၅၆ နဲ့ အုပ်ဖို လို့ခေါ်တဲ့ ခမရ ၃၅၅ နေရာနှစ်ခုပဲ ဖြစ်ပါတယ်။ ဒီကေဘီအေဘက် က ယမန်နေ့ မနက် ၃ နာရီခွဲလောက်မှာ ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။

နံနက် (၁၁ နာရီ ၂၇ မိနစ်) ယမန်နေ့က ဝေါလေဒေသ ဖလူးကျေးရွာအနီးတွင် ဒီကေဘီအေတပ်များနဲ့ နအဖ တပ်ရင်း ခမရ (၃၅၆) နဲ့ တိုက်ပွဲဖြစ်တာ နအဖ ဘက်မှ စစ်သား တဦး ဒဏ်ရာရှိကြောင်း သိရှိရသည်။

အပြည့်အစုံသို့...

Sunday, February 20, 2011

ဗိုလ်မှူး စောစန်းအောင်၏ တိုက်တွန်းပြောဆိုချက်

ရေးသားသူ -အဲခေါင်သောင့်

နအဖ ဖက်စစ် အကြမ်းဖက် တပ်တွေကို သုတ်သင် နှိမ်နှင်းပြီး ကရင်ပြည်ကနေ မောင်းထုတ်နေသူ DKBA တပ်မဟာ ၅မှ ဗိုလ်မှူး စောစန်းအောင်ကို သူရဲ့ ခဏတာ မအားမလပ်တဲ့ ကြားထဲကနေ ယနေ့ (ဖေဖော်ဝါရီလ ၁၈ရက်နေ့) ညနေ ၈နာရီခွဲ အချိန်မှာ ဖုန်းနဲ့ ဆက်သွယ်စကား ပြောဆို နိုင်ခဲ့ပါတယ်။

အဆိုပါ ခဏတာ စကားပြောဆို နေချိန်အတွင်း ကရင်လူထုများ၊ လွတ်မြောက်မှု လိုလားသူများနဲ့ တော်လှန်ရေး သမားများ အားလုံးကို ဗိုလ်မှူးစန်းအောင်ကနေ အောက်ပါအတိုင်း တိုက်တွန်း အမှာ စကားတချို့ ပြောဆိုသွားခဲ့ပါတယ်။

”လွတ်မြောက်မှုအတွက် တော်လှန်တိုက်ပွဲဝင် နေတဲ့ တော်လှန်ရေးသမားများ အားလုံး တော်လှန်ရေးကို ဆက်လုပ်ကြပါ၊ တော်လှန်ရေးကို မလုပ်စားကြပါနဲ့ လို့ပဲ တော်လှန်ရေး သမားတွေ အားလုံးကို မှာချင်တယ်။ ဒီစကားကို သတင်းတွေမှာ တင်ချင်တယ်ဆိုရင်လည်း အစ်ကို့နာမယ်နဲ့ တင်ပါ။ မှန်တာကို ပြောမှာပဲ။ မှန်ကန်ရင် ကွဲတယ်” ဟု တော်လှန်သူတွေ အားလုံးကို ဗိုလ်မှူး စောစန်းအောင်က တိုက်တွန်း ပြောဆိုသွား ပါတယ်။

”နိုင်ငံတကာရောက် သွားကြသော်လည်း ကိုယ့်လူမျိုး၊ ကိုယ့်တော်လှန်ရေးအတွက် မမေ့ကြပဲ ပြန်လည် လှည့်ကြည့် ကူညီနေကြတဲ့ လူတွေကို အထူးပင် လေးစားမိပါတယ်။ ကျနော်တို့ တိုက်ပွဲဝင်နေ တာကလည်း အားလုံး မျက်နှာမငယ်ရအောင် အသက်ပေး တိုက်ပွဲ ၀င်နေတာ ဖြစ်တယ်။ ဘယ်လောက်ပဲ ဆင်းရဲပင်ပန်းနေပါစေ မမှုဘူး။ ကျနော်တို့ ဆက်ပြီး တိုက်ပွဲ ၀င်သွားမယ်”ဟု နိုင်ငံတကာရောက် ကရင်ပြည်သူတွေကို ဗိုလ်မှူးစန်းအောင်က ပြောဆိုသွားပါတယ်။

ဒီကေဘီအေ တပ်ဖွဲ့ဝင်များ၊

လက်ရှိ ဖြန့်ချိ ထုတ်ဝေနေတဲ့ ဒေါနမြေမှ ဟစ်ကြွေးသံ တိုက်ပွဲ ဗီဒီယိုခွေအပေါ် ရန်သူအတွက် စစ်ရေး ပစ်မှတ်တွေ ဖြစ်လာနိုင်မှာကို စိုးရိမ်နေသူများ အတွက်ကိုလည်း ဗိုလ်မှူး စောစန်းအောင်က အခုလို ပြန်လည် တုန့်ပြန် ပြောဆိုသွားပါသေးတယ်။
”အဲဒီခွေနဲ့ ပါတ်သက်ပြီး ဘာမှမပူပါနဲ့။ ဖြန့်သာ ဖြန့်ပါ၊ ရန်သူက သူတို့နည်း သူတို့ဟန်နဲ့ စစ်ရေး ရှိသလို ကျနော်တို့လည်း စစ်ရေးနည်းပရိယာယ်တွေ အများကြီး ရှိတယ်။ ဒီခွေကို ထုတ်ဝေဖြန့်ချိ နေရတာကလည်း ကျနော်တို့ တော်လှန်ရေး တိုက်ပွဲဝင်နေတာကို လူတွေကို အသိပေးချင်လို့ပါ။ ကျနော်တို့ ကရင်တွေ တော်လှန်ရေး လုပ်တာ နှစ် ၆၀တောင် ကျော်နေပြီး မှတ်တမ်းတွေ အရမ်းနည်းခဲ့တယ်။ တချို့လူတွေဆိုရင် ကရင်တော်လှန် ရေးကိုတောင် မသိကြဘူး။ နောက်ပြီး ရဲဘော်တွေ ဘယ်လောက် ဆင်းရဲ ပင်ပန်းလည်း ဆိုတာကိုလည်း ပြစေချင်တာပါ”ဟု တုန့်ပြန် ပြောဆိုသွားပါတယ်။

အထက်ပါ တိုက်တွန်းမှာကြားချက်တွေ အားလုံးဟာ မအားမလပ်တဲ့ ကြားကနေ အချိန်ပေးပြီး မှတ်တမ်းဗီဒီယိုတွေ ထဲကလိုပဲ အာပေါင်အားရင်း သန်သန်နဲ့ ဗိုလ်မှူး စောစန်းအောင် ဖုန်းထဲကနေ ပြောဆိုသွားတာ ဖြစ်ပါတယ်။
(http://ehkhaungthaunt.blogspot.com/ ဘလော့ဘ်မှ ကူးယူဖော်ပြပါသည်။)

ဗွီဒီယို
ဒေါနမြေမှ ဟစ်ကြွေးသံ (သို့) ဖလူးတိုက်ပွဲ

အပြည့်အစုံသို့...

Saturday, February 19, 2011

ယနေ့သတင်း (၁၉ ရက် ဖေဖော်ဝါရီလ ၂၀၁၁)

ဆုံဆည်းရာ၊ ၁၉ ရက် ဖေဖော်ဝါရီလ ၂၀၁၁

သတင်း
နံနက် (၉ နာရီ ၂၇ မိနစ်) ကော့ကရိတ်မြိုကအနီး မြဝတီ ကော့ကရိတ် ကားလမ်းပေါ်က ဝါးစခန်း တရုတ်ဖြူတောင်မှာရှိတဲ့ နအဖ လမ်း ကင်းတပ်တွေကို ဒီကေဘီအေ ဗိုလ်ဂျပန် ဦးစီးတဲ့ တပ်ဖွဲ့ဝင်တွေဟာ ယမန်နေ့ နေ့လည် ၁၂ ခန့်က ဝင်ရောက်တိုက်ခိုက် ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရတာကိုတော့ အသေးစိတ်မသိရှိရသေးပါဘူး။ မြဝတီမြို့က မြို့ခံမျက်မြင်တွေ့ရှိသူတွေ ပြောပြတာကတော့ ဒီနေ့ နေ့လည်လောက်က ကော့ကရိတ်ဘက်ကနေ နအဖ တပ်က ဒဏ်ရာရ လူနာတွေကို မြဝတီဆေးရုံးကို သယ်သွားတာတွေ့ရတယ်ကြောင်း သိရပါတယ်။

နံနက် (၉ နာရီ ၂၀ မိနစ်) ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ ကျောက်ခက်နှင့် ဘလယ့်ဒို့အကြားတွင် လှုပ်ရှားနေသော နအဖ စကခ(၁၂)လက်အောက်ခံ (၂၃၁) တပ်ရင်းကို DKBA က ယမန်နေ့မနက် ၈ နာရီအချိန်၌ ရှေ့ထွက်မိုင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ နအဖဘက်က ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်မှူးချုပ်စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွှေး) ဦးဆောင်တဲ့ DKBA တပ်မဟာ(၅)၊ (၉၀၇) တပ်ရင်းက ပြုလုပ်ခဲ့ပြီး ယခုလို ရှေ့ထွက်မိုင်းတိုက်ခိုက်မှုအပေါ် နအဖဘက်က အထိနာစေခဲ့ကြောင်း DKBA တပ်မှူးတဦးက ပြောပါတယ်။ (ကိုးကား - ကေအိုင်စီ)

အပြည့်အစုံသို့...

Friday, February 18, 2011

ယနေ့သတင်း (၁၈ ရက် ဖေဖော်ဝါရီလ ၂၀၁၁)

ဆုံဆည်းရာ၊ ၁၈ ရက် ဖေဖော်ဝါရီလ ၂၀၁၁

သတင်း
နံနက် (၉ နာရီ ၁၇ မိနစ်) ဝေါလေဒေသ၊ ကျောက်ခက်နှင့် ဖလူးလေးအကြား ပဒူအုံ(ပလောတပ၀ို)တွင် ဖေဖော်ဝါရီလ ၁၅ရက် နေ့က DKBA တပ်မဟာ(၅)တပ်ဖွဲ့ဝင် တပ်မဟာ(၉၉၉)မှ တပ်ရင်း(၅)မှူးဖြစ်သူ ဒုဗိုလ်မှူးကြီးစောဖိုးခလိ တို့၏ ဆွဲမိုင်းကြောင့် နအဖ တပ်မ(၂၂)လက်အောက်ခံ ခမရ(၃၅၇) တပ်ရင်းမှ ဗိုလ်ကြီး ၁ဦး၊ အရာခံဗိုလ် ၁ဦး၊ တပ်ကြပ်ကြီး ၁ဦး၊ ဒုတပ်ကြပ် ၁ဦးနှင့် တပ်သား ၆ဦး အပါအ၀င် စုစုပေါင်း ၁၀ဦး သေဆုံးပြီး ၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ဆွဲမိုင်းကြောင့် ဒဏ်ရာရရှိခဲ့သည့် နအဖ ခမရ(၃၅၇)မှ တပ်ဖွဲ့ဝင်များကို မြ၀တီမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သူ မြ၀တီမြို့ခံများ၏ ပြောပြချက်အရ သိရသည်။ (ကိုးကား - ကေအိုင်စီ)

နံနက် (၉ နာရီ ၁၂ မိနစ်) ဖေဖော်ဝါရီလ ၁၃ ရက်နေ့၌လည်း ကော့ကရိတ်မြို့ရှိ တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး(စရခ)ရုံးကို DKBA တပ်ဖွဲ့ က လက်ပစ်ဗုံးဖြင့် သွားရောက်လှမ်းပစ်ခဲ့ရာ နအဖ ၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အပြည့်အစုံသို့...

Tuesday, February 15, 2011

ဆေးရုံ

(၁)
ရာဇဝင်လို အိုမင်းတဲ့
တောင်ပူစာ တလုံးရဲ့ နဘေးမှာ
ရေမစီးတဲ့ ခဲခြစ်ကောက်ကြောင်းရှိတယ်
အဲဒိနံဘေးမှာ
အဖုံးမပါတဲ့ မှော်သေတ္တာတလုံးရှိတယ်

မှော်သေတ္တာထဲမှာ . . .
ကြယ်ရောင်တွေကို မြှုပ်ထားတယ်
ဝတ်စုံပြည့် သတို့သမီးတွေကို မြှုပ်ထားတယ်
ခြေတစ်ဖက်ကျိုးနေတဲ့ အနာဂတ်ကို မြှုပ်ထားတယ်
ဒိုမိနစ်လာပီယဲရဲ့ “သုခမြို့တော်” မြှုပ်ထားတယ်
မှော်သေတ္တာထဲမှာ
ကမ္ဘာကြီးအတွက်
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပန်းချီကား
ချန်ထားရစ်တဲ့
ကိုချိုကြီးကို မြှုပ်ထားတယ်
တန့်ဆည်သပိတ်က ကိုချိုထွန်းကို မြှုပ်ထားတယ်
သတင်းထောက်ကြီး ဦးကျော်ညွန့်ကို မြှုပ်ထားတယ်
ရွှေကူသပိတ်က ဦးကိုလေးကို မြှုပ်ထားတယ်
. . . .
. . . .
မြှုပ်ထားတယ် . . မြှုပ်ထားတယ် . . . .
မှော်သေတ္တာထဲမှာ
လူသေတွေထုတ်လုပ်တဲ့
ဆေးရုံ တစ်ရုံ မြှုပ်ထားတယ်

(၂)
သင်္ချိုင်းမြေမှာ တည်ခဲ့လို့များလားမသိ
ဆေးရုံဟာ
အစားကြူးလွန်းလှတယ်

ရှေ့တည့်တည့်က လှမ်းကြည့်ရင်
လူခေါင်းခွံပေါ် နာဇီစစ်ခမောက်ဆောင်းထားသလိုမျိုး
အမိုးခုံးခုံးတို့ ကုန်းရုံးထ
ပြတင်းပေါက်တွေက ဟောက်ပက်ပက် မျက်တွင်းတွေ
တံခါးမကြီးက . .
အစွမ်းကုန်ဟထားတဲ့ ပါးစပ်ပေါက်
နီရင့်ရင့် သံတိုင်တွေက
သွေးအလူးလူး စွယ်သွားတွေနဲ့ . .တူ . .တူ . .နေချေသေးတော့

အပေါ်ထပ်က လှမ်းကြည့်ရင်
စိမ်းစိုလယ်ကွင်း . . မှိုင်းညို့တောအုပ်
ခြေတံရှည်တဲစု
ဗျိုင်းဖြူတကောင်နှစ်ကောင်ကြဲပက်ထား
နွားတချို့မြက်စား အေးအေးလူလူ
ဒီ . . သက်ငြိမ် ပန်းချီကားချက်
ညနေ . . ညနေ . . မှုံငေး
မျက်လုံးတွေနဲ့ လှမ်းပွေ့ဖက်ကြ
အိမ်ရာရဲ့ရနံ့ကို စိတ်ကူးနဲ့ လွမ်းရှိုက်ကြ
ရဲဘက်စခန်း မပြန်ချင်လို့
ဒီနေရာကနေ
ခုန်ချ အသေခံသွားသူတွေ ရှိခဲ့တယ်

ခါးလျားရှည် လှေကားနှစ်စင်းဟာ
သူ့အပေါ်နင်းဖြတ်သွားသူတွေလို
အိုမင်း . . ချိနဲ့
တကျိုးကျိုး တကျွတ်ကျွတ် ညည်းညူ
အပေါ်ထပ်နှင့်အောက်ထပ်ကို
အလျားမှောက် ဆက်သွယ်ထားတယ်

အောက်ထပ်မှာ . .
အနံ့တလှောင်းလှောင်း . . မှောင်အိုက်အိုက်
မာသာထရီဆာနဲ့
လူထုဒေါ်အမာ သိမသွားရှာတဲ့
ခေါင်းတလားလိုမျိုး
ရှည်မျောမျော အခန်းတစ်ခန်းရှိတယ်

အဲသမှာ . .
သေအံ့မူးမူး လူနာတွေ
တွား . . တွား . .တက်လာတဲ့
ဆင်သင်္ချိုင်းလို့ခေါ်တဲ့
ကွပ်ပျစ်တလုံးရှိတယ် . .

အဲသမှာ . .
အခင်းမရှိ . . စောင်မရှိ
ရက်စက်တဲ့ လာနီညာ ဆောင်းညများ
ရိုးတွင်းချဉ်ဆီဖေါက် . .ကိုက်ခွဲ
ယမ်းနံ့စွဲ သစ်ရွက်ကြွေတွေလို
လူ့အဖွဲ့အစည်းရဲ့အံဖတ်တွေ . . .
နေ့စဉ် . . ညစဉ် . .
တဖြုတ်ဖြုတ်ကြွေ . . .

အဲသမှာ . .
နိုင်ငံရေးအကျဉ်းသား
ဆေးဖက်ပညာသည်တွေ ဆေးကုပေးခဲ့ကြတယ် . .
ဆရာသင်း ဆေးကုပေးခဲ့တယ်
ဆရာဝင်းအောင် ဆေးကုပေးခဲ့တယ်
ဆရာစိုးမြင့် ဆေးကုပေးခဲ့တယ်
ဆရာခင်မောင်ဆွေ ဆေးကုပေးခဲ့တယ် . . .

အဲသမှာ . .
အကြောင်းထူးမရှိ . . ကောင်းဗျား တဲ့
အခွင့်အရေးကို ဆေးစွဲသလိုစွဲနေသူတစ်ယောက်
သံကြောင်ဟစ်ကြေညာနေတုန်း
ဖင်စီဒိုင်း တခါသာသယ်ရောင်းဘူးတဲ့
ကလေးမြို့က . .
ရှစ်တန်းကျောင်းသားလေး “မောင်မောင်လတ်”
သွေးပွက်ပွက်ထိုးအံ . . လဲကျသေရှာ
ပိတောက်လမ်းသီချင်း အဆိုကောင်းတဲ့
အိမ်ခြေရာခြေမဲ့ . . သာတီဖိုက် မောင်ကို
အသက်ငင် . . နေရှာ . .
ဒါဟာ ဒီနေရာမှာတော့  အကြောင်းထူးမဟုတ်ခြေဘူး
ကုလသမဂ္ဂ ရဲ့
လူ့အခွင့်အရေးအစီရင်ခံစာထဲမှာ . .
စာကြောင်းတကြောင်းအဖြစ် ပါမပါတော့မသိ . .
မနက်လင်းရင် ခရမ်းခင်းထဲ ပစ်ထည့်ထားမယ့်
ဖျာလိပ်ခေါင်းထဲမှာ
ခြေလေးချောင်း ရှိနေမှာသေချာ . . ။

ဆေးရုံဟာ
အခင်းအကျင်းတွေ
အတင်းအဖျင်းတွေ
အတင်းအဖျင်းတွေနဲ့
အသက်မရှူတော့တဲ့ “ဆောင်ပုဒ်” တွေကို ဝတ်ဆင်ထားတယ် . . .

ဆေးရုံရဲ့ . .
သွေးခုန်သံတွေမှာတော့ . . .
မင်းတို့အကျဉ်းသားတွေဟာ
ငါ့မိန်းမ ပစ္စည်းလောက်မှ တန်ဘိုးမရှိတဲ့ . .
မတ္တရာက . .
လာဘ်စား အလုပ်ပြုတ် ထောင်မှူး တင်မော်ရဲ့ “အကြွား”
မင်းတို့ အကျဉ်းသား (၁) ယောက်သေရင် (၁၀၀) လာမယ်
(၁၀၀) သေရင် . . (၁,၀၀၀) လာမယ်တဲ့
နမ့်ဆန်ထောင်ပိုင် ဗိုလ်ကြီးစိုးအောင်ရဲ့ “စကား”
ထောင်ဝက်တကောင်သေရင် . . .
စာရွက် (၃)ရွက် ကုန်တယ် . .
မင်းတို့အကျဉ်းသား တယောက်သေရင်
စာရွက်တရွက်ဘဲကုန်မတဲ့ . .
ညွှန်ကြားရေးမှူး . .ဗိုလ်မှုးဘမှန်ရဲ့ တရား

ဒီ . . ငရဲကောင်တွေရဲ့ .
စကြာတံဆိပ် ဝိညာဉ်တွေ . . ပူးကပ်စွဲဝင်နေတယ် . .

ဘော်ဒါတေဝါးမယ်ဟေ့ . . .
ရေချိုးတန်းစီမယ်ဟေ့ . . .
အော်သံစူးစူးရဲ့ လက်များက
ကန့်လန့်ကာကိုဆွဲဖွင့်လိုက်တော့ . . . ။

အရောင်လွင့်နေတဲ့
သူတို့ဘဝလိုမျိုး . . .
မျက်နှာတွေ . . မျက်နှာတွေ . . မှိန်ဖျော့
ပိန်ချိုင့်မျက်တွင်း ဟောက်တွေထဲ
ခြေချော်ကျ မျက်လုံးတွေမှာ . .
ပြာကျအိပ်မက်တွေ ချိတ်ဆွဲလို့ . .
အသက်ရှူနေတဲ့ . .
လူသေကောင်တွေစီတန်း လှည့်လာကြ . . .
တချို့ဝတ်လစ်စားလစ်
တချို့အောက်ပိုင်း ဗလာ . .
ဒါနာဇီအကျဉ်းစခန်း အော့ဇဝစ်မဟုတ်
ရှင်ဒဲလား စာရင်း ရုပ်ရှင်မဟုတ်
အီသီယိုပီးယားမဟုတ်
မဟုတ် . . မဟုတ် . . မဟုတ် . .

ခပ်တဲတဲတေ့ဆက်ထားတဲ့
ဖဲထီးသံကိုင်းနံရိုးတွေ
ပုလွေရိုးပေါင်တံတွေ
ကျူပင်ရိုး လက်မောင်းလက်ဖျံတွေကို
လောကဓံ ပြင်းပြင်းစိမ်ထားတဲ့
အရေပြားတွေနဲ့ထုပ်ပိုး . .
သူတို့ဘဝလိုချိုငဲ့တဲ့ . .
ထမင်း တပုံစံ စားဘို့ . . .
သူတို့ဘဝလို ညစ်ထေးတဲ့
ရေ . . တပုံစံ ချိုးဘို့
ပါးလှပ်လှပ် စက္ကူလူတွေ
အဖြူအမဲ ရုပ်ရှင်အနှေးပြကွက်လိုမျိုး
တရွေ့ရွေ့ လှမ်းထွက်လာကြ
ဒါ . .
ကဘော်မှာ
ကြိမ်ခရန်ခမှာ . .
နမ့်ဆန်မှာ . .
တောင်လေးလုံးမှာ . .
ထုံးဘိုမှာ . .
ရာဇဂြိုဟ်မှာ . .
ဘဝသစ်စခန်းမှာ . .
ဒီ . . သေမင်းတမန် ရဲဘက်စခန်းတွေမှာ

ငတ်မွတ်မှုက တတိတိ တိုက်စား
ကျောက်တုံးတွေက တအိအိဖိပြား
ပေါက်တူးတွေက ဒရစပ်ဝါးမျိုပစ်လို့
နွားတစ်ကောင်အဖြစ် ထွန်ယက်ရင်း . .
ပဲစင်းငုံခင်းထဲအားပြတ်လဲကျ . .
ကျောက်မိုင်းထိ ခြေပြတ်လက်ပြတ် . .
ဝါး တလုံး . .
နှီးသုံးချက်ချည် အလောင်းတလောင်းအဖြစ်
လက်ယက်တွင်းထဲ ခွေးဖော်စားမခံခဲ့ရလို့
မသေလို့ကျန်ခဲ့သူတွေ . . .
ဒါမှမဟုတ် . . သေဘို့ကျန်ခဲ့သူတွေ
ဒါမှမဟုတ် . . သေဘို့ပြန်ခဲ့သူတွေဖြစ်ကြတယ် . . .။
ကပ္ပိလဝတ် နန်းဆောင်လယ်
လရောင်ပြက် . . ည . .မှိုင်ငေး . . တွေးမော
သူအိုသူနာတွေ့ခဲ့သူ . . မင်းသားသိဒ္ဓတ္ထ
ဒီလူတွေသာမြင်ခွင့်ရခဲ့ရင် . .
ဒီမင်းသား . .
ဆယ်ခါပြန် ဘုရားပွင့်လောက်ရဲ့ . .
ဆယ်ခါပြန် ဘုရားပွင့်လောက်ရဲ့ . .။

(၃)
စားဖိုရဲ့ညှော်နံ့တွေကိုရှုရှိုက်
ထိုးခွာနေတဲ့ မီးကျွမ်းထမင်းချိုးတွေကိုငေးစိုက်
ဖိုခေါင်းရဲ့ကြောင်စားနေတဲ့ . .
သူတို့ “ပုံစံ” ထက်များတဲ့
အသားတုံးတွေကို အာသာငမ်းငမ်းလှမ်းမျှော်
လူတန်းကြီးရဲ့ . . .
ဗို့အားကျ မျက်နှာတွေမှာ . .
အရောင် နဲနဲ . . လက်လာ . . .

ငရဲသားတွေကတော့
ပုခုံးပေါ် သတ္တုကြယ်တွေထိုးချိတ်
တဝါးဝါး ရယ်ပွဲဖွဲ့လိုက်ကြ
တရွှမ်းရွှမ်း ကြိမ်စွမ်းပြလိုက်ကြ
သေလူလည်ချောင်းထဲက နို့ပေါင်မုန်ု့ကြက်ဥတွေကို
လုယက်နှိုက်စားလိုက်ကြနဲ့
“ကောင်းဗျား” ဂီတသံစဉ်ကို
မြိန်မြိန်ယှက်ယှက် စင်တင်နေတယ်

(၄)
တူတူတူတူ . .
တူတူတူတူ . . .
တတူတူနဲ့
ကြေကြေကွဲကွဲ ညည်းရှိုက်
ဒီလူနာတွေကို တင်ခေါ်မသွားနိုင်လို့
တဂျုံးဂျုံး တဂျုတ်ဂျုတ် စုတ်သပ်ရင်း
မတ္တရာ ရထား ဖြတ်ခုတ်သွား
ဒါ . .
ပြင်ပကမ္ဘာကြီးနဲ့ စည်းခြားထားတဲ့
အနားသတ် ငရဲမျဉ်းပေါ့ . .

ဆေးရုံကတော့
ဒီလူနာတွေရဲ့ ဘဝကို တစက်စက်လောင်းငှဲ့
တစက်မကျန် တရှိန်ထိုး ကောက်မော့ချလိုက်ရင်း
အကြွင်းအကျန်တွေကို
စားဖိုမီးနဲ့ လောင်ကျွမ်းပစ်
ဝိညာဉ်တွေကိုတော့
စားဖိုမီးခိုးခေါင်းတိုင်ကနေ
အန်ထုတ်ပစ်လိုက်ပါတော့တယ်

(၁၉၉၉ ဖေဖော်ဝါရီ၂၅ - မတ် ၁၅)
တာကောဒီ

kaungkin.com မှကူးယူဖော်ပြပါသည်။

အပြည့်အစုံသို့...

Monday, February 14, 2011

ယနေ့သတင်း (၁၄ ရက် ဖေဖော်ဝါရီလ ၂၀၁၁)

ဆုံဆည်းရာ၊ ၁၄ ရက် ဖေဖော်ဝါရီလ ၂၀၁၁


သတင်း
နေ့လည် (၁၂ နာရီ နာရီ ၃၅ မိနစ်) ဒီကေဘီအေ၊ ကေအန်ယူ၊ ကျောင်းသားတပ်မတော် ပူးပေါင်း တပ်ဖွဲ့ဝင်တွေ မြို့တွင်းတိုက်ပွဲတွေ တိုက်ခိုက်လာမှု၊ မြို့ပြပြောက်ကြား ဆင်နွှဲလာမှုတွေအပေါ် နအဖ စစ်တပ်ဘက်မှ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

နေ့လည် (၁၂ နာရီ နာရီ ၃၀ မိနစ်) နအဖ စစ်အစိုးရ စစ်ကားတွေကို မစီးဖို့ ဒီကေဘီအေ အဖွဲ့က ပြောကြားလိုက်ပါတယ်။ စစ်အစိုးရ နောက်တန်းပြန် စစ်သားတွေဟာ စစ်အစိုးရ စစ်ကားပေါ် အရပ်ဝတ်တွေနဲ့ ပြန်တဲ့အတွက် နအဖ စစ်တပ်ကားတွေကို တိုက်ခိုက်ရာမှာ အရပ်သားလူထု ထိခိုက်မှာ စိုးရိမ်အတွက် အခုလို သတိပေး ပြောကြားလိုက်တာဖြစ်တယ်လို့ ဒီကေဘီအေ ဘက်မှ ပြောပါတယ်။

နေ့လည် (၁၂ နာရီ နာရီ ၂၀ မိနစ်) ယမန်နေ့ညနေ ၄ နာရီကျော် ကော့ကရိတ်မြို့ ဂေါက်ကွင်းနေရာမှာ ဒီကေဘီအေ၊ ကေအန်ယူ၊ ကျောင်းသားတပ်မတော် ပူးပေါင်း တပ်ဖွဲ့ဝင်တွေ နအဖ စစ်တပ်နဲ့ အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဗွီဒီယို
ဒေါ်အောင်ဆန်းစုကြည်မှ (၆၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေစဉ်
(မူရင်း - nldburma.org)

အပြည့်အစုံသို့...

၉၅ /၂၀၀၀ တက္ကသိုလ်နေ့ရက်များအမှတ်တရ

နီလွင်သွေး(ဒဿနိက)

ချစ်ခြင်းမေတ္တာနဲ့သီဖွဲ့ရာ
ရာဇ၀င်အထပ်ထပ်
မြင့်မြတ်ခမ်းနားသော
ကံ့ကော်တောလို့ပဲဆိုဆို
မြကျွန်းညိုလို့ပဲခေါ်ခေါ်
ကျနော်တို့ရဲ့အမိတက္ကသိုလ်က
မပြောင်းလဲသောအလှတရားအောက်မှာ
မဖေါက်မပြန်ရှိနေလိမ့်မပေါ့ ။

ခြောက်နှစ်တာ
ပညာဆီးပူးရင်း
ကံ့ကော်လွမ်းချင်းထဲမှာ
အိပ်မက်တွေနဲ့စီးမျောခဲ့ ။

ပဲခူးဆောင်
ကျောင်းသားခေါင်းဆောင်ကိုအောင်ဆန်း
အဓိပတိလမ်းမနဘေး
သမဂ္ဂမျက်ခင်းပြင်အစပ်က
အရောင်ခပ်မှိုင်းမှိုင်း ဗိုလ်အောင်ကျော်အုပ်ဂူ
အဲဒီရာဇ၀င်ထူထူထဲမှာ
နယူတန်ရဲ့ နိယာမတရားကို
ရှာဖွေရင်း
မြစ်ကျဉ်းမှာအကြိမ်ကြိမ်ဆန်တက်ခဲ့ဖူးတယ် ။

မျိုးနိုင်နဲ့ဆုံခဲ့
ခင်မောင်ဝင်းနဲ့ဆုံခဲ
စောအောင်ထူးလင်းနဲ့ဆုံခဲ့
ကိုဌေးအောင်းနဲ့ဆုံခဲ့
တင်မောင်ထွန်းနဲ့ဆုံခဲ့
မြင့်ထွန်းသိန်းနဲ့ဆုံခဲ့
ဖြူဖွေးနဲ့ဆုံခဲ့
မိုးစက်နဲ့ဆုံခဲ့
ယုံကြည်ချက်ကို
အသက်နဲ့ရင်းပြီးပုံခဲ့ကြသူတွေနဲ့
အဲဒီမြကျွန်းညိုမှာဆုံခဲ့ကြတယ်။

အဲဒီမှာ
ဒဿနတွေကိုဆွေးနွေးခဲ့
ကျောင်းသားအရေးဆွေးနွေးခဲ့
အနုပညာတွေသွေးခဲ့
ကဗျာတွေရေးခဲ့
ကျောင်းသားဘ၀ကိုရေးခဲ့
ကိုအောင်ဆန်းကိုအားကျခဲ့

ဗိုလ်အောင်ကျော်ကိုလွမ်းတခဲ့
ကျောင်းသားသူပုန်ထခဲ့
ဘယ်တော့မှမေ့မရတဲ့ကာလများ
အလွမ်းတွေနဲ့မကြာခဏဖျားတယ် ။

အဓိပတိလမ်မနဲ့ဘွဲနှင်းသဘင်
သစ်ပုတ်ပင်နဲ့ခုံတမ်းပြာ
ရေတမာတန်းနဲ့ဂျပ်ဆင်
ရေပြင်အင်းလျှားနဲတံတားဖြူ
သစ္စာကြီးသူတို့စံနန်း
ဝေးတဲ့အခါတိုင်းပိုလွမ်းတယ် ။

ပဲခူးဆောင်
တောင်ငူ ရာမည
စစ်ကိုင်း ပင်းယ
အင်းဝ သထုံ
ဒဂုံ ရွှေဘို
မန္တလေးဆောင်နဲ့မြရာပင်အိုရိပ်
လိပ်ပြာလွင့်မိ ။

ဝိဇာဆောင်စားသောက်တန်းနဲ့
မြကျွန်းသာကဖီး
အရီးမြအသုတ်ဆိုင်
တောင်ငူဆောင်စားသောက်တန်းနဲ့
ဦးချစ်ကဖီး
အာစီနဲ့အားကစားခမ်းမ
ကံ့ကော်တန်းနဲ့စာကြည့်တိုက်
ရေတမာတန်းနဲ့ခုံတန်းပြာ
တသက်တာမေ့မရတဲ့နေ့ရက်များ ။

အင်းလျှား ရတနာ
မာလာ သိရိ
တသက်တာတွယ်ငြိခဲ့ ။

ကျနော်တို့ခေတ် အမိတက္ကသိုလ်လျှင်
အစဉ်အလာအတိုင်း
သမိုင်းတွင်ခဲ့
ချစ်ခင်ခဲ့
ငြိမ်းချမ်းခဲ့
လှပခဲ့
ဒေါင်းခွပ်ခဲ့
ချွန်မြခဲ့
တွန်ကခဲ့
လွမ်းတခဲ့
မဆုံးနိုင်တဲ့အလှတရား ။ ။

(အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနဲ့ခေတ်အဆက်ဆက်က အိမ်မက်တွေထုဆစ်ခဲ့ကြသော အမိတက္ကသိုလ်မှသူရဲကောင်းများသို့)

နီလွင်သွေး(ဒဿနိက)

ဖေဖေါ်ဝါရီ ။ ၁၃ ။ ၂၀၁၁
တနင်္ဂနွေနေ့ ။

အပြည့်အစုံသို့...

Sunday, February 13, 2011

nightwish

မကြာသေးခင်ကပဲ Gary Moore ရှောသွားပါတယ်။ ဒီသီချင်းဟာ Gary Moore သီချင်းဖြစ်ပြီး Nightwish ကပြန်လုပ်ထားထာပါ။ Nightwish က ဖင်လန်နိုင်ငံက Symphonic Metal Band တခုပါ။ Over The Hills And Far Away ကို ဒီသီချင်းစာသားအရ (တောင်စွယ်နေကွယ်)လို့ ဘာသာပြန်ရင် ရမယ်ထင်ပါတယ်။ ဒီသီချင်းထဲကကောင်ကို ဓါးပြမှုနဲ့မှားပြီးထောင်ချလိုက်တော့ ထောင်ထဲကနေ မိန်းမလွမ်းချင်း လို့ပဲဆိုပါတော့။ Music ကောင်းတယ်၊ နားထောင်ကြည့်။

Over The Hills And Far Away
[a Gary Moore cover tune]

They came for him one winter's night.
Arrested, he was bound.
They said there'd been a robbery,
his pistol had been found.

They marched him to the station house,
he waited for the dawn.
And as they led him to the dock,
he knew that he'd been wronged.
"You stand accused of robbery,"
he heard the bailiff say.
He knew without an alibi,
tomorrow's light would mourn his freedom.

Over the hills and far away,
for ten long years he'll count the days.
Over the mountains and the seas,
a prisoner's life for him there'll be.

He knew that it would cost him dear,
but yet he dare not say.
Where he had been that fateful night,
a secret it must stay.
He had to fight back tears of rage.
His heart beat like a drum.
For with the wife of his best friend,
he spent his final night of freedom.

Over the hills and far away,
he swears he will return one day.
Far from the mountains and the seas,
back in her arms he swears he'll be.
Over the hills and far away.

Over the hills and,
over the hills and,
over the hills and far away.

Each night within his prison cell,
he looks out through the bars.
He reads the letters that she wrote.
One day he'll know the taste of freedom.

Over the hills and far away,
she prays he will return one day.
As sure as the rivers reach the seas,
back in his arms he swears she'll be.

Over the hills and far away,
he swears he will return one day.
Far from the mountains and the seas,
back in her arms he swears he'll be.

Over the hills and far away,
she prays he will return one day.
As sure as the rivers reach the seas,
back in his arms is where she'll be.

Over the hills,
over the hills and far away.

Over the hills,
over the hills and far away.

အပြည့်အစုံသို့...

Saturday, February 12, 2011

ယနေ့သတင်း (၁၂ ရက် ဖေဖော်ဝါရီလ ၂၀၁၁)

ဆုံဆည်းရာ၊ ၁၂ ရက် ဖေဖော်ဝါရီလ ၂၀၁၁

သတင်း
နေ့လည် (၁ နာရီ နာရီ ၂၀ မိနစ်) ဒု-ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို စစ်ဆေးမှုများပြုလုပ်မည့် အကြောင်းပြချက်ဖြင့် ရေကြည်အိုင်စခန်းသို့ ပို့ဆောင်လိုက်ကြောင်း သိရှိရပါတယ်။ ၄င်းရဲ့ ကိုယ်ရေးအရာရှိများ လုံခြုံရေးများကိုလည်း ဖမ်းဆီးထားကြောင်း သိရှိရပါတယ်။

နေ့လည် (၁ နာရီ နာရီ ၁၀ မိနစ်) ဖေဖော်ဝါရီ ၁၀ ရက်နေ့ည (၈)နာရီတွင် နအဖ စစ်တပ်များ နအဖ စကခ (၁၂)လက်အောက်ခံရင်းများ ဝေါ်လေဒေသသို့ ရိက္ခာပို့ရန် လေးဝေါ်ကျေးရွာ အ၀င်တွင် ကေအဲန်ယူ တပ်ဖွဲ့ဝင်များ၏ ထောင်ထားခဲ့သော မြေမြှုပ်ပိုင်း တက်နင်းမိသဖြင့် နအဖ စစ်သားများ လေးဝေါ်ကျေးရွာသို့ ၀င်ရောက်ပြီး လူနေအိမ် ၁၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရပါတယ်။

နေ့လည် (၁ နာရီ နာရီ ၅ မိနစ်) ကေအန်ယူနှင့် နအဖ စစ်တပ်ကြား ၂၀၁၀ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၁ဝ၈၃ ပွဲ ဖြစ်ပွားခဲ့ပြီး ကေအန်ယူ နယ်မြေဒေသများဖြစ်သည့် တပ်မဟာ ၇ ခု အတွင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ နအဖ စစ်တပ်ဘက်မှ ၆၁၈ ဦး ကျဆုံးခဲ့ကာ ဒဏ်ရာရသူ ၁၃ဝ၄ ဦး၊ အသက်ရှင်လျက် ဖမ်းမိသူ ၁၆ ဦးနှင့် ကေအန်ယူ ဘက်မှ ၉ ဦး ကျဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ပြုစုထားတဲ့ ကေအန်ယူ တိုက်ပွဲနှစ်ချုပ် အစီရင်ခံစာ ထုတ်ပြန်လိုက်ကြောင်း သိရှိရပါတယ်။

နေ့လည် (၁ နာရီ နာရီ ၂ မိနစ်) ဒီကေဘီအေနှင့် ကေအဲန်ယူ တပ်ဖွဲ့ဝင်များ လှုပ်ရှားနေသည့် ဝေါ်လေနှင့် ချူကလီးဒေသတွင် နအဖစစ်တပ် စစ်ကွပ်ကဲရေး ဌာနချုပ်-စကခ(၁၂) လက်အောက်ခံ ဗျူဟာ(၂)၊ တိုင်းတပ်လက်အောက်ခံတပ်ရင်းများ၊ စကခ(၅) ဗျူဟာ(၁)၊ စကခ(၁၉) ဗျူဟာ(၁)နှင့် တပ်မ(၂၂)မှ ဗျူဟာ(၁)နှင့် ယခင်ရှိထားသည့် စကခ(၈) လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားလျှက်ရှိပြီး နအဖ စစ်တပ်များသည် စစ်ရေးလှုပ်ရှားမှုထက် စစ်ရိက္ခာနှင့် လက်နက်ခဲယမ်း၊ မီးကျောက်များ ပိုမို ဖြည့်တင်းလျှက်ရှိပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့က စစ်ရိက္ခာအပြည့် တင်ဆောင်လာသည့် စစ်ကား ၉ စီးနှင့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ညက စစ်ရိက္ခာအပြည့်ပါသည့် စစ်ကား ၁၂စီး ထပ်မံ ရောက်ရှိလာကြောင်း သိရှိရပါတယ်။ (ကိုးကား - ကေအိုင်စီ)

အပြည့်အစုံသို့...

Friday, February 11, 2011

ယနေ့သတင်း (၁၁ ရက် ဖေဖော်ဝါရီလ ၂၀၁၁)

ဆုံဆည်းရာ၊ ၁၁ ရက် ဖေဖော်ဝါရီလ ၂၀၁၁

သတင်း
ည (၉ နာရီ နာရီ ၄၇ မိနစ်) ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှ ၂၀၁၁ခုနှစ်၊ ဇန်န၀ါရီလ ၃၁ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် နအဖ စစ်တပ်ဘက်မှ သေဆုံးသူ ၂၅၁ ဦး၊ ဒဏ်ရာရရှိသူ ၂၇၈ ဦးနှင့် DKBA ဘက်မှ သေဆုံးသူ ၅ ဦး၊ ဒဏ်ရာရသူ အရပ်သားတဦး အပါအ၀င် ၉ဦး ထိခိုက်မှုရှိ သည်ဟု ဒီကေဘီအေ ဘက်မှ ထုတ်ပြန်ပြောဆိုလိုက်ကြောင်း သိရှိရပါတယ်။ (ကိုးကား - ကေအိုင်စီ)

ညနေ (၃ နာရီ နာရီ ၄၇ မိနစ်)
ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား နေအိမ်အကျယ်ချုပ်ချထားလိုက်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီးသာအေးနှင့် စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်း တို့ကိုလည်း နေအိမ် အကျယ်ချုပ် ချထားလိုက်တယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။ ဒီကေဘီအေ ထိုးစစ် စစ်ဆင်ရေးတွေကို အဓိက ဦးဆောင်ကိုင်တွယ်တဲ့ ဒု - ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို ဒီကေဘီအေနဲ့ တိုက်ပွဲတွေမှာ နအဖ ဘက်က စစ်သားတွေ အကျအဆုံးများတာကြောင့် ဒု - ဗိုလ်ချုပ်ကြီး သူရမြင့်အောင် ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကာကွယ်ရေးစီးချုပ်နေရာ မပေးတော့ပဲ ကာကွယ်ရေးဝန်ကြီး ပေးလိုက်တဲ့အပေါ် မကျေနပ်ပဲ ဗိုလ်ချုပ်မှူးကြီးထံ သွားရောက်ပြောဆိုခဲ့ရာမှ ၄င်းအား အကျယ်ချုပ် ဖမ်းဆီးထားလိုက်တာဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။ လတ်တလော အခြေအနေအရ နေပြည်တော်တွင် နအဖ တပ်တွင်း ရှုတ်ထွေးမှုများ ဖြစ်ပေါ်နေတယ်လို့ နေပြည်တော် နအဖ အသိုင်းအ၀ိုင်းက ပြောဆိုနေပါတယ်။

အပြည့်အစုံသို့...

Thursday, February 10, 2011

ယနေ့သတင်း (၁၀ ရက် ဖေဖော်ဝါရီလ ၂၀၁၁)

ဆုံဆည်းရာ၊ ၁၀ ရက် ဖေဖော်ဝါရီလ ၂၀၁၁

သတင်း
ည (၉ နာရီ နာရီ ၇ မိနစ်) နအဖ စစ်တပ်က ကချင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ဇန်န၀ါရီ ၇ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားရာ ဒေသအနီးသို့ ပို့ထားသည့် စစ်ကူများ ဖြစ်ကြတဲ့ ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက်ရှိ အင်မောက် (မိုးမောက်) နယ်မြေခံတပ်ရင်း ခမရ (၄၃၇)၊ မန်ဂျေ (မန်စီ) နယ်မြေခံတပ်ရင်း ခမရ (၃၁၉)၊ မိုးညှင်း နယ်မြေခံတပ်ရင်း ခလရ(၁၅) နှင့် မြစ်ကြီးနား နယ်မြေခံတပ်ရင်း ခလရ (၂၁) တပ်ရင်းများ ပြန်လည် ဆုတ်ခွာသွားပြီဖြစ်ကြောင်း သိရှိရပါတယ်။

ည (၇ နာရီ) ယမန်နေ့ ညပိုင်းနှင့် ယနေ့ မနက်ပိုင်း ၉ နာရီခန့်အထိ ဒီကေဘီအေ ကလိုထူးဘောဗျူဟာ ဗိုလ်မှူးကြီး ကျော်သက် ဦးဆောင်သည့်အဖွဲ့နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၁၈ မှ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ကော်ထူး ဦးဆောင်သည့် တပ်ဖွဲ့များ တောင်သုံးလုံး၊ တောင်ပြတ်နဲ့ ကြောင်ရှာကုန်း စတဲ့ ကော့ကရိတ်အနီး မြဝတီ ဘားအံ ကားလမ်းပေါ်က နေရာတွေမှာ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ နအဖ ဘက်က ၂ ယောက်သေပြီး ၁ ယောက်ဒဏ်ရာရတယ်လို့ သိရပါတယ်။

ည (၆ နာရီ ၄၀) အင်းစိန်အကျဉ်းထောင်နဲ့ ပခုက္ကူအကျဉ်းထောင်တို့မှ အကျဉ်းသား ၆၀၀ ကျော်ခန့်ကို ယမန့်က ခေါ်ဆောင်သွားတယ်လို့ သိရှိရပါတယ်။ စစ်မြေပြင် ပေါ်တာအဖြစ် ခေါ်ဆောင်သွားတာဖြစ်နိုင်ကြောင်း မျက်မြင်သက်သေတချို့က သုံးသပ်ပြောဆိုပါတယ်။

ည (၆ နာရီ ၃၀ မိနစ်) ယမန်နေ့ မနက်ပိုင်း ၆ နာရီ ကျော်အချိန်က ကျိုက်ဒုံမြို့နယ် မိနန်းအကျေးရွာမှာ ဘုရားငုတ်တိုတွင် ဒီကေဘီအေ ဗိုလ်ဗိုလ်ချန် ဦးဆောင်တဲ့တပ်ဖွဲ့နဲ့ နအဖ တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ နအဖ စစ်တပ်ကို ဒီကေဘီအေ အဖွဲ့ ပြောက်ကြားဝင်ရောက် ပစ်ခတ်ခဲ့တာပါ။ နအဖ ဘက် ထိခိုက်ဒဏ်ရာမှု အနည်းငယ်ရှိတယ်လို့ သိရပါတယ်။

အပြည့်အစုံသို့...

ဆရာ အကို လွမ်းဏီ လက်ပေါ်မှာ ကျနော် သေမယ် …

ဇော်ဂျီ… မသိ…
ဂေါ်ကီ… မသိ…
ကော်နီကိုပဲ သိတဲ့အထဲ…
ကျနော် မပါဘူး… အကို လွမ်း…

စွမ်းရည်… မသိ…
လွမ်းဏီ… မသိ…. တဲ့ အထဲ…
ကျနော်လည်း မပါဘူး… အကို လွမ်း…

အကို့ အမေကို
အကို ဆုံးရှုံး သွားခဲ့ရတုန်းက…
ကျနော့် အမေကို ဆုံး ရှုံး သွားရသလို

ကျနော် ငိုခဲ့ဖူးတယ်…
ငါ့ကို မသနားနဲ့…
နင့်ကိုယ်ကို နင်သနား တဲ့…
အကို့ အမေ့ အမှာစကား…
ကျနော့် နားထဲမှာ ဆူကျယ်အူလောင်…

အကိုရယ်… …
ကျနော် ဘာပြောရမယ် မသိတော့ဘူး…

ဂျက်ပင်ထိုးတယ်…
ဝတ်မှုန်ချင်း ထုံကူးတယ်…
စကားလုံးတွေက ဟုန်နေပြီ…

ကျနော်ကတော့ ရိုးသားချင်တယ်…
စကားလုံးတွေကြားမှာ ကျနော် မနေချင်ဘူး အကို…

မာယာတွေ… ကျနော် မုန်းတယ်…
စကားလုံး မာယာတွေကို ကျနော် အမုန်းဆုံးပဲ….

ကျနော့် ခံစားမှုများမှာ
ကျနော် ရိုးသားခဲ့တယ်…
ဘုရားသခင့် သက်သေ…

ကျနော့် နေ့ရက်တွေ ဘယ်လောက် ကျန်နေသေးလဲ…
ကျနော် ရေတွက်မနေပါဘူး….အကို…
အကို့ကို စိန်အေးမာက ချစ်တာထက် ကျနော် ပို ချစ်တယ် …

မောင်လွမ်းဏီရဲ့ ကဗျာတွေကို
စိန်အေးမာ ချစ်တာထက် အောင်သာငယ်က ပို ချစ်ခဲ့တယ်…

မောင်လွမ်းဏီ ကဗျာတွေကို
ကွန်ပြူတာနဲ့
အောင်သာငယ် စာစီ စာရိုက်လုပ်ခဲ့တဲ့နေ့ရက်တွေမှာ
စိန်အေးမာဟာ…
တခြား ကမ္တာမှာ…

ကျနော့် မဖြစ်ညစ်ကျယ် စာတွေကို
ကဗျာတွေ ဖြစ်အောင် လုပ်ခဲ့တာ
မောင်လွမ်းဏီ…

အောင်သာငယ်ကို
ကဗျာဆရာဖြစ်အောင် လုပ်ခဲ့တာ
မောင်လွမ်းဏီ…

ခုတော့ ကျနော် ကဗျာဆရာဖြစ်ပြီ…
မောင် လွမ်းဏီ…

တခုပဲ…
ကျနော် သေရင်…
အကို့ လက်ပေါ်မှာ သေချင်တယ်…

ကျနော့်ကို ဖက်ပြီး
အကို ငိုတာ ကြားချင်လို့…
အဲသလိုမျိုး…။

အောင်သာငယ်
ဖေဖော်ဝါရီ ၁၀၊ ၂၀၁၁

အပြည့်အစုံသို့...

Wednesday, February 9, 2011

ယနေ့သတင်း (၉ ရက် ဖေဖော်ဝါရီလ ၂၀၁၁)

ဆုံဆည်းရာ၊ ၉ ရက် ဖေဖော်ဝါရီလ ၂၀၁၁

သတင်း
ည (၇ နာရီ) မဲဆောက် - မြ၀တီ ချစ်ကြည်ရေးတံတားအနီး ယနေ့ မွန်းလွဲပိုင်းတွင် ဗုံးပေါက်ကွဲခဲ့ပါတယ်။ အဆိုပါ ဗုံးသည် မြ၀တီ ချစ်ကြည်ရေးတံတား အဆင်း လက်ဘက်ရည်ဆိုင်တွင် ပေါက်ကွဲတာဖြစ်ပါ။ ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး ရဲ ၄ သေဆုံး ၅ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။ ပထမအလုံးပေါက်ကွဲအပြီး ဒုတိယအကြိမ် ဗုံးကို သွားရောက်ကြည့်ရှုချိန်တွင် ထပ်မံကွဲကြောင်း သိရှိရပါသည်။

အပြည့်အစုံသို့...

Monday, February 7, 2011

ကေအိုင်အိုနဲ့ နအဖ စစ်တပ် တိုက်ပွဲဖြစ်ပွား

ဆုံဆည်းရာ၊ ဖေဖော်ဝါရီ ၇ ရက် ၂၀၁၁ ခုနှစ်

နေ့လည် (၂ နာရီ ၃၀ မိနစ်)
ကချင်ပြည်နယ် ဗန်းမော်မြို့အရှေ့တောင်ပိုင်း၊ နမ့်ခမ်းမြို့ အနောက်မြောက်ဘက်နေရာမှာ နအဖ မိုးညှင်းအခြေစိုက် ခလရ (၁၅) စစ်တပ်များနဲ့ KIA တပ်မဟာ(၃) တပ်ရင်း (၂၇) တပ်ဖွဲ့များ ယနေ့မနက် ၉ နာရီကျော်မှ နေ့လည်ပိုင်းအထိ တိုက်ပွဲ တစ်နာရီကျော်ကြာ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ KIA မှ ပစ်လွှတ်လိုက်သော RPJ က နအဖ စစ်ကားကို တည့်တည့်တိုက်ရိုက် ထိမှန်ခဲ့သောကြောင့် နအဖ ဘက်မှ ဒု-ဗိုလ်မှူးကြီးယဉ်ထွေး ကျဆုံးပြီး၊ ၁၀ ဦး ဒဏ်ရာရထားကြောင်း သိရှိရပါတယ်။ ကေအိုင်အေ တပ်ရင်း (၁) နယ်မြေတွင်လည်း နအဖ စစ်တပ်များနဲ့ ကေအိုင်အေ တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

နအဖ စစ်တပ် ခလရ (၁၅) မှ တပ်ရင်းမှူးယဉ်ထွေး ဦးဆောင်သည့် စစ်ကားသည် ကေအိုင်အို ထိန်းချုပ်နယ်မြေရှိ ကန့်သတ်နယ်မြေထဲသို့ ဂရုမစိုက်ဘဲ ကျူးကျော် ဝင်ရောက်သွားသဖြင့် တွေ့ရင်ပစ် (shoot on sigh) အမိန့်အတိုင်း တိုက်ပွဲစတင် ဖြစ်ပွားခဲ့တာပါ။ နအဖ ဘက်က ဘိန်းခင်းရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ကေအိုင်အေ တပ်များရှိတဲ့နေရာကို လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်း စတင်ချည်းကပ်နေတာ ဖြစ်ပါတယ်။ ကေအိုင်အို ကန့်သတ်နယ်မြေထဲသို့ နအဖ စစ်ကားဝင်လာတာကို ကေအိုင်အေ တပ်ဘက်ကနေပြီး မိုးပေါ်ထောင်ပြီး အချက်ပေးပါသေးတယ်။ နအဖ ဘက်က မိုးပေါ်ထောင်မပစ်ပဲ ကေအိုင်အေ တပ်များရှိတဲ့ဆီကို လက်နက်ငယ်တွေနဲ့ စတင်ပစ်ခတ်တာကြောင့် ကေအိုင်အေ ဘက်မှ နအဖ စစ်ကားကို အာပီဂျေနဲ့ ပစ်သောကြောင့် နအဖ ဘက်မှ တပ်ရင်းမှူးသေပြီး ၁၀ ဦး ဒဏ်ရာရခဲ့တာလို့ ကေအိုင်အေ နဲ့ နီးစပ်တဲ့ အသိုင်းက ပြောဆိုပါတယ်။

နအဖ ရဲ့ နယ်ခြားစောင့်တပ်ကို လက်မခံတဲ့ ကေအိုင်အိုနှင့် မွန်ပြည်သစ်ပါတီတို့သည် ယမန်နှစ် ၂၀၁၀မှ စတင်၍ ၄င်းတို့ ကန့်သတ်နယ်မြေများ သတ်မှတ်ကာ ကျူးကျော်ဝင်ရောက်လာတဲ့ ရန်သူ နအဖ တပ်များကို အထက်အမိန့် စောင့်ဆိုင်းနေစရာမလိုဘဲ တွေ့ရင်ပစ်နိုင်တဲ့ shoot on sigh ကို ထုတ်ပြန်ထားကြောင်း သိရှိရပါတယ်။

အပြည့်အစုံသို့...

နအဖ စစ်သား သေဆုံး/ဒဏ်ရာနှင့် အခြားအချက်အလက်များ (၇၊ ၁၁၊ ၂၀၁၀ မှ ၃၁၊ ၁၊ ၂၀၁၁)

ဆုံဆည်းရာ၊ ၇ ရက် ဖေဖော်ဝါရီလ ၂၀၁၁

၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့ (နအဖ ရွေးကောက်ပွဲလုပ်တဲ့နေ့) ကနေ ၂၀၁၁ ခုနှစ် ဇန်နဝါရီလကုန်အထိ နအဖ စစ်တပ်နဲ့ ဒီမိုကရေစီ အင်အားစုများရဲ့ တိုက်ပွဲစစ်တမ်းပါ။

နအဖ စစ်သား ထိခိုက် သေဆုံး၊ ဒဏ်ရာ၊ တိုက်ပွဲအရေအတွက်

- တိုက်ပွဲအကြိမ်ရေ ၈၅ ကြိမ်ကျော်
- နအဖ စစ်သား သေဆုံး ၂၄၄
- နအဖ စစ်သား ဒဏ်ရာရ ၃၈၉
- ဗိုလ်မှူးအဆင့်အရာရှိများ သေဆုံး/ဒဏ်ရာရထဲပါဝင်

ပါဝင်တိုက်ခိုက်နေသည့် နအဖ တပ်ရင်း၊ တပ်မများ

- တပ်မ ၂၂၊ စကခ (၈)၊ တပ်မ ၆၆၊ စကခ (၁၈)၊ စကခ (၅)၊ စကခ (၉)၊ စကခ (၁၂)၊ စကခ (၁၉)


နအဖ တပ်များ၏ တိုက်ပွဲပုံစံနှင့်အခြေအနေ

- လက်နက်ကြီးအဓိကထား
- တက်-ကျ-ဆုတ် ဗျူဟာ ကျင့်သုံး (လူသူအလုံးအရင်းနဲ့ တက်တိုက်လိုက် အကျအဆုံးများလို့ ပြန်ဆုတ်ပြေးလိုက်)
- ထိုင်းအစိုးရဆီက အကူအညီတွေ တောင်းခံနေ (ဒီမိုအင်အားစုတွေကို ထိုင်းကတဆင့် တင်းကြပ်မှုတွေလုပ်ဖို့၊ ပိတ်ဆို့မှုတွေလုပ်ဖို့၊ ထိုင်းနယ်မြေထဲက ပတ်ဝင်ပြီး နောက်ကျောကနေ လှည့်တိုက်ဖို့)
- အင်းစိန်၊ မော်လမြိုင်၊ ဘားအံတောင်ကလေး ထောင်အသီးသီးက အကျဉ်းသားပေါ်တာတွေကို စစ်ပွဲမှာ အသုံးပြုနေ (လူသားမိုင်းရှင်းကိရိယာ၊ အထမ်းသမားပေါ်တာ)
- ခလေးစစ်သားတွေ အမြောက်အများ အသုံးပြု
- စစ်သားများ ရိက္ခာလစာ မလုံလောက်
- တပ်ပြေး စစ်သားအရည်အတွက် များသထက်များ
- ရိက္ခာပို့လည်း အတိုက်ခံရ၊ စစ်ကြောင်းချီလည်း အတိုက်ခံရ၊ စစ်ကြောင်းနားလည်း အတိုက်ခံရ၊ ရှေ့ကလည်း အတိုက်ခံရ၊ နောက်ပိုင်းကလည်း အတိုက်ခံရ၊ ဘေးနှစ်ဘက်က ၀ိုင်းတိုက်ခိုက်မှုခံရ ဖြစ်နေ
- စစ်သားများ စိတ်ဓာတ်ကျဆင်း
- မိမိလူ ထိခိုက်/ကျဆုံးအလေးအနက်မထား
- လူထုထောက်ခံမှုမရ (ရွာသားတွေကို နှိပ်စက်သတ်ဖြတ်၊ ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ပစ်ခတ်၊ ဆေးခန်း အပါအ၀င် ဈေးဆိုင်အစ တဲအိမ် အဆုံး အကုန်လုံးကို မီးရှို့ဖျက်ဆီးနေ)
- ဝေါလေဒေသတွင် မုဒိမ်းမှုကျူးလွန်ခဲ့

ကရင်ပြည်နယ်တွင်း တိုက်ပွဲဝင်နေတဲ့ ဒီမိုကရေစီအင်အားစုများ

- DKBA
- KNU
- ABSDF (ကျောင်းသားတပ်မတော်)

စစ်ပြေးဒုက္ခသည် အခြေအနေနှင့် ကူညီစောင့်ရှောက်မှု

- နအဖ ထိုးစစ်ကြောင့် ၃၀၀၀ ကျော် နယ်စစ်ဒေသတွင် ထွက်ပြေး တိန်းရှောင်နေရ
- နအဖ ထိုးစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ပြေးဒုက္ခသည် ရွာသူရွာသားများအတွက် လိုအပ်သည့် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ဆေး ၀ါးကုသမှုများကို နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေး လုပ်သားများအဖွဲ့(BPHWT)နှင့် ကရင် လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ ကူ ညီပေးလျှက်ရှိသည်။

ဒီမိုကရေစီ အင်အားစုများ၏ တိုက်ပွဲပုံစံနှင့် အခြေအနေ

လှုပ်ရှားစစ်အခြေပြုထားသည့်
- ရင်ဆိုင်တိုက်ပွဲ
- ပြောက်ကျားတိုက်ပွဲ
- မိုင်း တိုက်ပွဲတွေ
- နယ်စပ်စစ်ပွဲကို မြို့ပြစစ်ပွဲဖြစ်လာအောင် ကျိုးပမ်းလျက်ရှိ
- စိတ်ဓာတ်ရေးရာ အမြင့်မားဆုံးမှာရှိ
- ကမ္ဘာတ၀ှမ်းက မျိုးချစ်မြန်မာများ၏ စိတ်ပိုင်း/ရုပ်ပိုင်းထောက်ခံမှု အပြည့်အ၀ရရှိထား

ကိုးကား။ ။ သားဆွေအီးမေးလ်၊ အင်တာနက်သတင်းများ၊ ထပ်မံဖြည့်စွက်ချက်များ ရှိပါက ဆုံဆည်းရာ အီးမေးလ်ကို ပို့ပေးနိုင်ပါတယ်။

အပြည့်အစုံသို့...

ယနေ့သတင်း (၇ ရက် ဖေဖော်ဝါရီလ ၂၀၁၁)

ဆုံဆည်းရာ၊ ၇ ရက် ဖေဖော်ဝါရီလ ၂၀၁၁

သတင်း
ဖေဖော်ဝါရီ (၄)ရက်နေ့  ညနေပိုင်းအချိန်က ၀ါးမီထနှင့် ဥကလိထကျေးရွာတ၀ိုက်တွင် လှုပ်ရှားလျှက်ရှိသည့် ရှေ့ တန်းခမရ (၂၀၄)၊ ဗိုလ်မှူးကြီး ရဲလင်းဦး ဦးစီးသည့် စစ်ကြောင်း(၂)သည် DKBA, KNU နှင့် ခုခံရေးစစ်ဆင်နွှဲနေကြသည့် ကျောင်းသားတပ်မတော်တို့ ၏ တိုက်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့်(၆)ဦး ဒါဏ်ရာရ၍ (၃)ဦးထက်မနည်း သေဆုံးသွားကြောင်းနှင့် ဒါဏ်ရာရသူများအား တဖက်နိုင်ငံထိ လိုက်လံထမ်းပိုး ပို့ဆောင်ခဲ့သူ ရွာသားများ၏ ပြန်လည်ပြောဆိုချက်အရ သိရသည်။

ဖေဖော်ဝါရီ (၅)ရက်နေ့  မနက် (၆)နာရီ အချိန်ခန့် တွင်လည်း ဘလက်ဒို့ကျေးရွာ အနောက်ဘက် တောင်သူငို တောင်ခြေတွင် ရှေ့ တန်း ခမရ (၃၅၇)မှ နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲသဖြင့် တပ်သားတစ်ဦး ဒါဏ်ရာ ရရှိသွားကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၅)ရက်နေ့  မနက်(၆)နာရီ (၃၀) မိနစ်အချိန်တွင် ရွှေအေးမြိုင်ကျေးရွာ အနီးတစ်ဝိုက်တွင်လည်း ရှေ့တန်း ခမရ (၂၀၄)တပ်ရင်းမှ တိုက်မိုင်းတစ်လုံးထိမိ ပေါက်ကွဲမှုကြောင့် (၃)ဦး ဒါဏ်ရာရရှိသွားကြောင်း သိရသည်။

အပြည့်အစုံသို့...

စနိုက်ပါပြောက်ကျား

(ဓာတ်ပုံ - Demotix)

မွန်ဇော်နိုင်
မော်စီတုန်းပြောက်ကျား..။ ချေဂွေဗားရားပြောက်ကျား..။ ဗီယက်ကောင်းပြောက်ကျား..။ တချိန်ကကမ္ဘာတွင် ကျော်ကြားခဲ့တဲ့ ပြောက်ကျား တပ်မတော်များပါခင်ဗျ။


ယခုတင်ပြမှာက စနိုက်ပါပြောက်ကျား..။ ဟုတ်ပါတယ်..။ ကမ္ဘာပေါ်မှာ ကျော်ကြားလာဦးမယ့် “စနိုက်ပါပြောက်ကျား” လို့ ဆိုချင်ပါတယ်။

စနိုက်ပါ (sniper) ဆိုတာက တနေရာမှာပုံးကွယ်ပြီး နေတယ်။ သေနတ်မှာတပ်ထားတဲ့ မှန်ပြောင်းဖြင့်ရန်သူပစ်မှတ်ကို ရွေးပြီးချိန်တယ်။ ဒက်ထိမှန်အောင် အသေအခြာပစ်တယ်။ အဲ့ဒါ..လက်ဖြောင့်တပ်သား..စနိုက်ပါ..။

ပြောက်ကျား (guerrilla) ဆိုတာက အစိုးရစစ်တပ်ကို တိုက်ခိုက်နေတဲ့ တပ်အစုအဖွဲ့တခုရဲ့ အဖွဲ့ဝင်တပ်သားဖြစ်တယ်။ ပြောက်ကျားတပ်သားဟာ ရန်သူ့အမြင်မခံဘူး။ ပိုင်တဲ့အခါမှာတိုက်တယ်။ တိုက်ပြီးတာနဲ့ တပ်ဖျောက်တယ်။ အဲဒါ..ဂေါ်ရီလာ (guerrilla).. ပြောက်ကျားတပ်သား.. ပြောက်ကျား..။


စနိုက်ပါပြောက်ကျားတွေဟာ မြ၀တီရှေ့တန်းစစ်မြေပြင်မှာ လက်စွမ်းပြနေကြလေရဲ့။ သူတို့ဟာ ဗိုလ်နှုတ်ခမ်းမွှေးတို့ ကရင်တပ်မတော်ကဖြစ်တယ်။ စစ်အာဏာရှင်သန်းရွှေ စစ်တပ်ထဲက တကောင်ပြီးတ်ကောင်ကိုပစ်မှတ်ရွေးပြီး ဇီဝိန်ချုပ်ပစ်နေတယ်။ အဲဒီစနိုက်ပါပြောက်ကျားများကို မီဒီယာများမှာ မြင်တွေ့နေရပါပြီခင်ဗျာ။

သေနတ်ကိုမေးတင်ပြီး ပစ်မှတ်ကိုချိန်နေတဲ့ စနိုက်ပါပြောက်ကျားကို မြင်လိုက်ရတော့ အတွေးတစ်ခု ၀င်လာတယ်။ စနိုက်ပါပြောက်ကျား စစ်ဗျူဟာဆိုတာ နောင်အသစ်တိုးတက်ဖြစ်ထွန်းလာမယ့် နည်းဗျူဟာသစ် တခုပေလားဆိုတဲ့ အတွေးပါခင်ဗျ။

ယခု တဆက်တည်း သာမန်အားဖြင့်ပြောရရင် ပြောက်ကျားစစ်ဗျူဟာဆိုတာ ရန်သူကို အလစ်အငိုက်ဝင်စီးသုတ်သင်ပြီး အမြန်ဆုံးလူစုခွဲဆုတ်ခွာတယ်။ ကိုယ့်ဘက်က အထိအခိုက်အကျအဆုံးမခံဘူး။ ရန်သူ့အင်အားကို အမှည့်ချွေ, ချွေပြီးရင်းချွေရင်းနဲ့ အနိုင်ယူတယ်။

ဒီပြောက်ကျားစစ်ဗျူဟာကို စနိုက်ပါပြောက်ကျားနည်းဗျူဟာက တဘက်တလမ်းမှ အားဖြည့်ပေးနိုင်တယ်လို့ တွေးမိပါတယ်။ စနိုက်ပါပြောက်ကျားတို့ဟာ အဝေးတနေရာမှာနေတယ်။ ရန်သူပစ်မှတ်ကို ရွေးချယ်ပြီး အတိအကျသုတ်သင်တယ်။ ဒါကြောင့်ရန်သူကို အမိန့်ပေးညွှန်ကြား ဦးဆောင်တဲ့တပ်မှူးကို ရွေးချယ်သုတ်သင်နိုင်တယ်။ ဦးဆောင်တပ်မှူးကျဆုံးသွားရင် ရန်သူ့တပ်ဟာအစည်းပြေပြီးတပ်ပျက်မယ်။ ရှေ့ဆက်မတက်နိုင်ဖြစ်မယ်။ အစည်းပြေတပ်ပျက်ရှေ့ဆက် မတက်နိုင်တဲ့ရန်သူကို ပြောက်ကျားတပ်မတော်က အလွယ်တကူချေမှုန်းပစ်နိုင်တယ်။

ဒါကြောင့် ပြောက်ကျားတပ်မတော်ကို တိုင်းရင်းသားပြည်သူတို့က နည်းပေါင်းစုံနဲ့ဝိုင်းဝန်းပံ့ပိုးကြရမယ်ခင်ဗျ။ ဘယ်သူတွေက အထူးသဖြင့် အနီးကပ်ပံ့ပိုးပေးနိုင်ကြသလဲဆိုတာက တဆက်တည်းတင်ပြပါ့မယ်ခင်ဗျာ။

စစ်အာဏာရှင်သန်းရွှေက ဒီမိုကရေစီနဲ့လူ့အခွင့်အရေး၊ တိုင်းရင်းသားလူမျိုးများရဲ့ တန်းတူအခွင့်အရေးတွေကို ဆန့်ကျင်ဖိနှိပ်တယ်။ ဒါကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စတွေမှာ အလွန်အကျွံထိခိုက်နစ်နာရပြီး စစ်အစိုးရဆန့်ကျင်တဲ့ဘက်ကို တိုင်းရင်းသားပြည်သူအများ ရောက်သွားကြရတယ်။ အဲဒီ တိုင်းရင်းသားပြည်သူများ နေထိုင်ရာဒေသဟာ စနိုက်ပါပြောက်ကျားတို့ ခိုအောင်းရှင်သန်ရာနယ်မြေများ ဖြစ်လာကြတယ်။

အဲဒီနယ်မြေက အဓမ္မပြောင်းရွှေ့ခံရသူများ၊ မီးရှို့ဖျက်ဆီးခံရသူများ၊ လယ်မြေအဓမ္မအသိမ်းခံလယ်သမားများ၊ ပေါ်တာများ၊ မိုင်းနင်းခိုင်းမှာကိုစိုးရိမ်နေရသူများ၊ နှိပ်စက်ခံရွာသားများ၊ အဓမ္မကျင့်ခံရွာသူမများ.. အစရှိတဲ့ကျေးလက်တိုင်းရင်းသား ပြည်သူများဟာ စစ်အာဏာရှင်စစ်တပ်ခြေမှုန်းရေးအတွက် စနိုက်ပါပြောက်ကျားတို့နဲ့ လက်တွဲကြရမှာဖြစ်တယ်ဗျ။

ဆိုင်ရာ ဒေသခံတိုင်းရင်းသားပြည်သူများက စစ်သတင်းစုပေးမယ်။ လမ်းပြပေးမယ်။ ကိုယ်ရောင်ဖျောက် ပေးမယ်။ လက်နက်များကိုကွယ်ဝှက်ပေးမယ်။ အရေးပေါ်လိုအပ်လာရင် အဲဒီလက်နက်နဲ့တိုက်ခိုက်မယ်။ အဲဒီနည်းတွေဖြင့် တိုင်းရင်းသားပြည်သူများက စနိုက်ပါပြောက်ကျားစစ်တွင် ပါဝင်လက်တွဲလာကြပါက စနိုက်ပါပြောက်ကျားများ လှုပ်ရှားတိုက်ခိုက်အောင်ပွဲခံနိုင်မှာ မသွေမုချပါခင်ဗျာ။

ဒါကြောင့် ကရင်တပ်မတော် ဗိုလ်နှုတ်ခမ်းမွှေးတို့ ကျင့်သုံးနေတဲ့ စစ်နည်းဗျူဟာသစ်ဆိုတာ တနေ့ကမ္ဘာမှာ ကျော်ကြားလာဦးမယ့် “စနိုက်ပါပြောက်ကျား”လို့ ဆိုခဲ့ရကြောင်းပါခင်ဗျား။ ။

ဧရာဝတီဘလော့ဘ်မှ ကူးယူဖော်ပြသည်

အပြည့်အစုံသို့...

Friday, February 4, 2011

ယနေ့သတင်း (၄ ရက် ဖေဖော်ဝါရီလ ၂၀၁၁)

ဆုံဆည်းရာ၊ ၄ ရက် ဖေဖော်ဝါရီလ ၂၀၁၁

သတင်း
နေ့လည် (၂ နာရီ ၅ မိနစ်) နအဖ အစိုးရ လွှတ်တော်မှ သိန်းစိန်ကို သမတအဖြစ် တင်မြောက်လိုက်ကြောင်း လတ်တလော သတင်းအရ သိရှိရသည်။

ဗွီဒီယို

နေ့လည် (၂ နာရီ ၅၅ မိနစ်) ရန်သူ နအဖ စစ်တပ်စခန်းကို KNLA တပ်မဟာ(၇)မှ သွားရောက် ထိုးစစ်ဆင်သည့် ဗွီဒီယို...
(မူရင်း - ကိုးဒီသွေး)

သတင်း
နေ့လည် (၂ နာရီ ၃၅ မိနစ်) နအဖစစ်အစိုးရသည် ကရင်ပြည်နယ်ကို သဲကြီးမဲကြီး ထိုးစစ်ဆင်နေချိန်မှာ KNU, DKBA, ကျောင်းသားတပ်မတော်၊ ကရင်နီအဖွဲ့နှင့်သျှမ်းပြည်တပ်မတော်(တောင်ပိုင်း)တို့က စစ်ရေးအရ နားလည်မှုရယူပြီး ပြောက်ကျားစစ်ဖြင့် ရိက္ခာသယ်လာသော နအဖအဖွဲ့ကို ကြားဖြတ်ပိတ်ဆို့ ထားနိုင်ခဲ့သည်။

ဗိုလ်မှူးချုပ်စောလားပွယ်၏ ဒီကေဘီအေတပ်ဖွဲ့သည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းရှိ မြို့ကြီးများနှင့် ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ပြီး နေရာအနှံ့ဖြန့်ကျက်ထားသော ဒီကေဘီအေ၊ ကေအန်ယူနှင့် ကျောင်းသားတပ်မတော်တို့၏ ပူးပေါင်းတပ်ဖွဲ့သည် ရန်သူနအဖကို မြို့ပြတိုက်ပွဲ ဆင်နွဲရန် အသင့်အနေအထားတွင် ရှိနေပြီးဖြစ်သည်။

လွန်ခဲ့သော ဇန်န၀ါရီ(၃၁)ရက်နေ့ညတွင် ကော့ကရိတ်မြို့ရှိ ရန်သူ၏ မိုက်ခရိုဝေ့ဗ်ကို ကရင်တပ်ဖွဲ့ ၀င်များ သွားရောက်တိုက်ခိုက်ခဲ့သည့်ညမှာပင် မွန်ပြည်နယ် ဘီးလင်းမြို့တွင်းရှိ အခွန်ဦးစီးရုံးကိုလည်း မီးရှို့ ဖျက်ဆီးခံခဲ့ရသည်။ (မူရင်း - ကိုးဒီသွေး)

အပြည့်အစုံသို့...

Thursday, February 3, 2011

ကျောင်းသားတပ်မတော် စစ်ရေး လှုပ်ရှားမှု ဓါတ်ပုံများ

ဖေဖော်ဝါရီ ၁ ရက်နေ့က ကျောင်းသာတပ်မတော် ရဲဘော်များ ရှေ့တန်းစစ်မျက်နှာပြင်တွင် တွေ့ရစဉ်...

နအဖ စစ်မြေပြင်စခန်းကို ပျောက်ကြားစစ် တိုက်ခိုက်ရန် ပြင်ဆင်စဉ်...

ကျောင်းသာတပ်မတော်မှ ရဲဘော်များ ရှေ့တန်းစစ်မျက်နှာပြင်တွင်....

စစ်ရေးဆွေးနွေးနေစဉ်...

အပြည့်အစုံသို့...

ဗိုလ်မှူးချုပ် စောလှဘွယ်၏ အမှာစကား

ဒီမိုကရေစီစနစ်သာလျှင် ကျနော်တို့ တိုင်းရင်းသားတွေရဲ့ လွတ်လပ်မှုနဲ့ တန်းတူမှုကို အာမခံချက်ပေးနိုင်တယ်။ ဒီမိုကရေစီရဖို့ က ကျနော်တို့ တိုင်းရင်းသားအဖွဲ့အစည်းတွေက တက်ညီလက်ညီ တပြိုင်တည်း ဒီစစ်အာဏာရှင်စနစ်ကို တိုက်မှရမယ်။ ဟိုတပေါက် ဒီတပေါက် လုပ်လို့မဖြစ်ဘူး။ ညီညီညွတ်ညွတ် လုပ်မှရမယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ထောက်ခံတယ်။ ကျနော်တို့ ထောက်ခံတယ်ဆိုတာ တိုက်ပွဲနဲ့ အသက်နဲ့ရင်းပြီး ထောက် ခံတာဖြစ်တယ်။ တိုက်ပွဲပုံစံမတူပေမယ့် စိတ်တူကိုယ်တူ တထပ်တည်းပဲ။ ဒါကြောင့် ကျနော်တို့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းအင်အားစုတွေ ညီညီညွတ်ညွတ်နဲ့ ပြန်စုစည်းမှရမယ်။ ဘယ်နည်းနဲ့ဘဲတိုက်တိုက် ဒီစစ်အာဏာရှင်စနစ်က တိုက်မှရမယ်။ ဒါကြောင့် ကျနော်တို့တိုက်ပွဲဝင်တဲ့ အင်အားစုအားလုံးစုစည်းညီညွတ်ဖို့လိုတယ်။

ဒေါ်အောင်ဆန်းစုကြည် တယောက်ထဲကိုဘဲ တာဝန်ပေးလို့ မဖြစ်ဘူး။ ကျနော်တို့ တိုင်းရင်းသားတွေကလည်း အပြည့်အဝ ကိုယ်တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ဝိုင်းရံပံ့ပိုးပေးရမယ်။ နောက်ပြီး နိုင်ငံတကာမှရှိကြတဲ့ ကျနော်တို့ အင်အားစုတွေကလည်း အဲ့ဒီနိုင်ငံတွေမှာ ရှိနေတဲ့ နအဖ သံရုံးတွေကို ဝိုင်းဝန်း ပိတ်ဆို့ပြီး အပြင်းအထန် ဆန္ဒပြကြဖို့ လိုပါတယ်။

အဲဒီလို ဘက်ပေါင်းစုံက တက်ညီလက်ညီ လုပ်ရင် ကျနော်တို့ လိုချင်တဲ့ ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့ တန်းတူမှုအခွင့်အရေးတွေ အမြန်ဆုံးရမှာ သေချာတယ်။ ကျနော်ယုံကြည်တယ်။

ဗိုလ်မှူးချုပ်စောလှဘွယ်
ဒီကေဘီအေ
၃ ဖေဖော်ဝါရီ ၂၀၁၁ ခုနှစ်

အပြည့်အစုံသို့...

ယနေ့သတင်း (၃ ရက် ဖေဖော်ဝါရီလ ၂၀၁၁)

ဆုံဆည်းရာ၊ ၃ ရက် ဖေဖော်ဝါရီလ ၂၀၁၁

သတင်း

နေ့လည် (၁၂ နာရီ ၃၅ မိနစ်) ကရင်ပြည်နယ် ဝေါ်လေဒေသ မော်သုနေရာမှာ ဒီကေဘီအေဘက်မှ နအဖ တပ်မ ၂၂ လက်အောက်ခံ ခမရ (၅၈၆) တပ်ရင်းကို ယမန်နေ့ ညနေပိုင်းက ဆွဲမိုင်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ နအဖ ဘက်က ထိခိုက်သေဆုံး မသိရသေးပါ။ ၁ ရက်နေ့ညပိုင်းက သီပေါဘိုး နဲ့ ဘရက်တို့ ကြားမှာလည်း နအဖ ကို ဒီကေဘီအေမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါကြောင်း သိရှိရပါတယ်။

နေ့လည် (၁၂ နာရီ ၂၅ မိနစ်) ဒီကေဘီအေ တပ်ဖွဲ့မှ မြို့ပေါ်တိုက်ပွဲတွေ စတင်ဆင်နွှဲနေပါပြီ။ ယမန်နေ့ည ၁၂ နာရီဝန်းကျင်မှာ ကော့ကရိတ် အနီးမှာ မောထူးနေရာတွင် တိုက်ပွဲ ၁ နာရီနီးပါး နအဖ စစ်တပ်တွေဖြစ်ခဲ့ပါတယ်။

အပြည့်အစုံသို့...

Wednesday, February 2, 2011

ယနေ့သတင်း (၂ ရက် ဖေဖော်ဝါရီလ ၂၀၁၁)

ဆုံဆည်းရာ၊ ၂ ရက် ဖေဖော်ဝါရီလ ၂၀၁၁

သတင်း
နေ့လည် (၂ နာရီ ၃၅ မိနစ်) နအဖ အစိုးရရဲ့ လွှတ်တော်ခေါ်ယူကျင်းပနေတဲ့အချိန်မှာပဲ နယ်စပ်ဒေသရှိ ဒီကေဘီအေ ယာယီစခန်းတွေကို အပြင်းအထန် ထိုးစစ်ဆင်နေပါတယ်။ ထိုကဲ့သို့ နအဖ စစ်အစိုးရရဲ့ စစ်ဆင်ရေး တိုးမြင့်တိုက်ခိုက်မှုတွေကြောင့် ကရင်ပြည်နယ်ရှိ ဌာနေတိုင်းရင်းသားအချို့လည်း ထိုင်းနိုင်ငံ ဘက်ခြမ်းကို ထောင်နဲ့ချီပြီး စစ်ပြေးဒုက္ခသည် အဖြစ်ရောက်ရှိနေပါတယ်။ ဒီကေဘီအေ တပ်များအနေနဲ့ ယာယီစခန်းတွေ ဖြစ်တဲ့ ဘောဘောကျိုး၊ အူကေးထ၊ ၀ါမေ့ထ စခန်းတွေကို စနစ်တကျ ဆုတ်ခွာပေးခဲ့ရပါတယ်။ ဒီကေဘီအေအနေနဲ့ စခန်းတွေကို ယာယီဆုတ်ခွာပေးခဲ့ရပေမယ့် သူတို့ရဲ့ နယ်မြေဒေသ ကျွမ်းကျင်မှုအရ နအဖ စစ်တပ်၊ စစ်ကြောင်းတွေကို ပိုမိုအထိနာစေမယ့် တောတွင်း ပျောက်ကြားစနစ်တွေ၊ မြို့ပြပျောက်ကြားနည်းဗျူဟာ တိုက်ခိုက်နည်း စစ်ဆင်ရေးတွေကို ပိုမိုလုပ်ဆောင်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ယမန်နေ့ကလည်း ကော့ကရိတ်မြို့အရှေ့နားရှိ နအဖစစ်စခန်းထိုင်သည့် တောင်သုံးလုံးစခန်းကို ဒီကေဘီအေတပ်ဖွဲ့ဝင်များ ၀င်ရောက်တိုက်ခိုက်ပြီး မိုက်ခရိုဝေ့ဗ်နှင့် ကွန်ပြူတာများကိုလည်း မီးရှို့ဖျက်ဆီးပြီး အစောင့်ရဲတဦးကို စစ်သုံးအဖြစ် ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ဗွီဒီယို
နေ့လည် (၂ နာရီ ၂၅ မိနစ်) လေးဒေးတိုက်ပွဲ

အပြည့်အစုံသို့...

Tuesday, February 1, 2011

ယနေ့သတင်း (၁ ရက် ဖေဖော်ဝါရီလ ၂၀၁၁)

ဆုံဆည်းရာ၊ ၁ ရက် ဖေဖော်ဝါရီလ ၂၀၁၁

သတင်း

နံနက် (၇ နာရီ ၃၅ မိနစ်) ယမန့်နေ့ည ၁၂ နာရီတွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နှင့် သုံးမိုင် အကွာအဝေးတွင် ရှိသည့် နအဖ စစ်တပ်ဗျူဟာ စကခ (၉) လက်အောက်ခံ ခမရ (၃၅၆)၊ ခမရ (၃၅) တပ်ရင်းများထိုင်သည့် တောင်ကလေးစခန်းကို ဒီကေဘီအေမှ ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။

နံနက် (၁၀ နာရီ ၅၅ မိနစ်) ယမန်နေ့က ဖြစ်ပေါ်ခဲ့သော နအဖ စစ်တပ်နဲ့ ဒီကေဘီအေ တပ်ဖွဲ့တိုက်ပွဲများတွင် နအဖ မှ ပစ်ခတ်သော လက်နက်ကြီး ထိုင်းဘက်ကမ်းကို ကျရောက်ပေါက်ကွဲသောကြောင့် ကင်းလှည့်နေသော ထိုင်း စစ်ကားအနီး ကျရောက်ထိမှန်ပြီး ထိုင်း စစ်သား နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ထိုင်းဘက်ခြမ်းမှာ တောင်ယာ လုပ်ကိုင်နေတဲ့ ထိုင်းရွာသား သုံးဦးလည်း လက်နက်ကြီး စထိမှန်ပြီး ဆေးရုံတက်ရောက် ကုသနေရတယ်လို့ သိရပါတယ်။ ထို့အပြင် ထိုးဘက်ခြမ်း မိုးကဲရွာအနီးတွင် နအဖ တပ်မှ ပစ်ခတ်သည့် ၁၂၀ မမ လက်နက် ကြီး ကျည် ၄ လုံး ကျရောက် ပေါက်ကွဲသဖြင့် ထိုင်းဘက်တွင် ခိုလှုံနေသည့် မြန်မာဒုက္ခသည်၂ ဦး ဒဏ်ရာရရှိ ခဲ့ပါသေးတယ်။

နံနက် (၁၀ နာရီ ၃၅ မိနစ်) ဒီဇင်ဘာလ ၃၀ ရက်နေ့က ဒီကေဘီအေ (၉၀၈) တပ်ရင်းမှူး ဗိုလ်မှူး စောကျော်တလို့ ဦးဆောင်သည့် အဖွဲမှ မြ၀တီ၊ သင်္ကန်းညီနောင် ဗျူဟာဂိတ်ရဲ့ အလွန်တွင် ဆွဲမိုင်းနဲ့ ဖြင့် နအဖ တပ်ရင်း(၂၇၅) တပ်ဖွဲ့မှ ကားချောက်ထဲကျသွားကာ စစ်သား ၆ ဦး ကျဆုံးပြီး ၁၃ ယောက် ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။ ထို့တနေ့တည်းမှာပဲ ၀ါလေဒေသတွင် ဗိုလ်မှူးဆန်းဆောင် ဦးဆောင်သည့်အဖွဲ့မှ နအဖ စစ်တပ်အား ဆွဲမိုင်းနဲ့ ဆွဲရာ နအဖစစ်သား ဗိုလ်မှူးနှင့် တပ်ခွဲမှူး၊ ဒုခွဲမှူးအပါအ၀င် စစ်သား ၆ ဦးဒဏ်ရာရပြီး ထိုင်းနိုင်ငံထဲကနေပြီး မြ၀တီကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

အပြည့်အစုံသို့...