Tuesday, May 31, 2011

(၁၈) နှစ်အောက်မဝင်ရ

အရက်သမားလူထွက်တွေ
ဘုန်းကြီးဟောင်းတွေ
စိတ်ခမ်းနိုင်ငံရေးသမားတွေ
စစ်ကျန်စစ်သားတွေ
စုပေါင်းတီးခတ်တဲ့
လောကီ နိုက်ကလပ်တဲမှာ ပုထုဇဉ်ဂီတ။

အောင်မြင်မှုတို့ ဘုန်းဘုန်းသေသော
ပေးဆပ်မှုတို့ အဓိပ္ပါယ်အသော
လူ့တန်ဖိုးတို့ လူရုပ်မပေါက်သော
ဒီမြေရဲ့ စိတ်ကျရောဂါဟာ
အမြဲစိမ်းသစ်တောတစ်ခုလို ကျမ္မာလို့
စပိန်နွားရိုင်းတစ်ကောင်လို သန်စွမ်းလို့။

အမှန်တရားကို မြတ်နိုးနေတုန်း
လောကလက်ဆောင်ဆိုးတွေ လာဘ်ထိုးခံရအတိတ်များ
ဖြစ်တည်ခြင်းကို ပုံသွင်းမှားခဲ့သော
တစ်ခင်းလုံးပိုးကျ ဥယာဉ်မှူးရဲ့ စိတ္တဇများ
အရာရာဟာ
ကွန်မြူနစ်စနစ်ကြီးလို လုပ်ကြံခံရပြီးနောက်
ဒီအခန်းရဲ့ စောင့်ရှောက်မှုမှာ တည်ငြိမ်။

ဒီမှာတော့
အနာဂတ်တွေ အိမ်မက်တွေ
လောဘတွေ ရမ္မက်တွေ
အံဝင်ဂွင်ကျမှုတွေ ဆန္ဒတွ
အားလုံးသေခဲ့
ဒုတ်ပြီးဓါးပြီး အတွေ့အကြုံတို့နဲ့ ရင့်ရော်ရင့်ကျက်တယ်။

ဘုရားအပါးပါးတို့ရဲ့ ဥပေက္ခာမြေဆိုတာ
ဘာစိုက်စိုက် မပေါက်တဲ့ ဆာဟာရ ပေါ့ကွာ။ ။

သုအိုင်စံ

အပြည့်အစုံသို့...

Monday, May 30, 2011

အသုံးမပြုရသေးသောဆန္ဒများ

(၁)
ငါ့အသက်ထက် ဆထက်များစွာ
ရှည်ကြာရင့်အို ဗုံးခိုကတုတ်
ခပ်စုတ်စုတ်ဟာ ငါ့တိုက်တာပေါ့။
ငါဆိုတာက ထာဝရလင်း
ထင်းမီးဖိုဘေး မွေးဖွားချက်ဖြတ်
သေနတ်သံကြား ဗုံးဆံကြားမှာ
ကြီးထွားလူဖြစ် ရှစ်နှစ်အရွယ်
ကောင်လေးငယ်ငယ်။
စာအုပ်မဟုတ် ခဲတံမဟုတ်
လွယ်အိပ်စုတ်ထဲ ကျောက်ခဲလေးခွ
ဓါးမပဲ့ဆောင် ငှက်ထောင်ထင်းခွေ
အပြင်းဖြေ ခရုငုတ်
နေ့စဉ်ဆက်လုပ် ငါ့အလုပ်။
နံနက်လင်းသော် လှေကားပေါ်မှ
ခုန်ချပြေးသွား လျှိုမြောင်ကြားရောက်
မြစ်ကမ်းနားရောက် တောင်ကမ်းပါးရောက်
နေလုံးပျောက်သော် လှေကားပေါ်တက်
ဒီတစ်ရက်မှာ စုဆောင်းစရာ
ဘာမှမပါခဲ့
အသက်တစ်ရက်ကြီးခဲ့တယ်။
(၂)
အဲဒီလိုနဲ့
ညကိုနေ့မျို နေ့ကိုညမျို
နေ့နဲ့ညက ငါ့ကိုမျိုချ
ဒီလိုဘဝမှာ.....
တခါတခါ ကျည်ဖောက်ရာက
ဝင်လာတတ်တဲ့ အလင်းစက်လေး
ငါငေးကြောင်ကြည့် တွေးနေမိ။
(၃)
အမိုးပြောတယ် ငါ့အရွယ်ဟာ
ပညာကိုရှာ ကျောင်းမှာစာကျက်
ဖြစ်သင့်သတဲ့
ကျောင်းဘယ်မှာလဲ ငါလည်းမေးတော့
မျက်နှာဖျော့ညှိုး အမိုးဖြေခဲ့
စစ်မဲ့နေရာ ငြိမ်းချမ်းမြေမှာ
မြို့တွေမှာတော့ ကျောင်းရှိတာပေါ့
အမိုးတို့မှာ အသပြာမဲ့
အရာရာမဲ့ သိပ်ခက်တယ်။
ကလေးများအတွက်
ထိုက်သင့်တဲ့မြေ ငြိမ်းချမ်းတဲ့မြေ
ဖြစ်ပါစေတော့
"အို...စစ်တွကို ရပ်ကြပါတော့
ကျမသားလေး ကျောင်းအပ်ပါရစေ"။
(၄)
အမိုးစကား ပဲ့တင်ကြားလျှက်
ကျောင်းတက်ချင်တယ် စာသင်ချင်တယ်
ငါ့ရင်ထဲက
ငါ့ဆန္ဒတွေ ငါ့ဆန္ဒတွေ...။
(၅)
ကျည်သီးတစ်လုံး ဘတ်သုံးထောင်တဲ့
ကျည်သီးဆိုတာ တောင်ယာခင်းထဲ
ကျကွဲမီးလောင် တောင်ယာပြာကြွင်း
စပါးခင်းပျောက် သိပ်ကြောက်စရာ။
စစ်ပူတုန်းက
အိမ်စုတ်ရဲ့ဘေး ဝါးရုံးဘေး၌
မြေထဲစိုက်ပြီး မကွဲကျည်သီး
တူးပြီးရောင်းချ ငွေရနိုင်သည်
ပေါက်တူးကိုကိုင် ချွေးဖြိုင်ဖြိုင်ကျ
တူးဆွဖော်စဉ် အမိုးမြင်သော်
ဝါးတုတ်ကိုဆွဲ တအားလွှဲရိုက်
ငါငိုရှိုက်တော့...
အမိုးလည်းငို ငါလည်းငိုခဲ့
ဘယ်လိုပါလဲ ဝေခွဲခက်ခဲ့။
(၆)
တစ်ညနက်နက် ငှက်ဖျားတက်စဉ်
ရမ်းယောင်အိမ်မက် ကျောင်းတက်ချင်တယ်
စာသင်ချင်တယ် အမိုးရယ်ဗျာ
လိုက်ပို့ပါလား ခြောက်ခြားအော်ဟစ်
နိုးလာရစ်သော်...
ငါ့ရဲ့နဘေး မီးဖိုဘေးမှာ
ပူဆွေးစိတ်ပျက် အားကိုးရာမဲ့
ဝေဒနာဆိုးနဲ့ ငါ့ရဲ့အမိုး
ဆန်ပြုတ်အိုးလေးတူးနေစဉ်
ဆန် ပြုတ် အိုး လေး တူး နေ စဉ်။ ။

(ဒါကို ရေးခဲ့တာ ၁၆ နှစ်လောက်ရှိပြီ။ တောခေါင်ခေါင် လူမျိုးစုဒေသတွေဆီက ပညာသင်ခွင့်မဲ့နေတဲ့ ကလေးတွေရဲ့ဘဝကို တွေ့ကြုံခံစားရေးဖွဲ့တာပါ။ အဲဒီတုန်းက အဲဒီကလေးတွေဟာ ကျနော်တို့ ပြောက်ကျားစစ်ကြောင်းတွေကို များစွာကူညီခဲ့ဖူးပါတယ်။)

သုအိုင်စံ
၂၀၁၁

အပြည့်အစုံသို့...

အရက်သောက်သူများ

သွန်ချင်သွန် သောက်ချင်သောက်
မမှာပဲ ရောက်လာခဲ့တဲ့ခွက်တွေနဲ့
အရက်ဆိုင်ကြီးကတော့ ဆူညံလျှက်ပဲ။

အဖေချက်တဲ့အရက်ထဲ
အမေလုပ်တဲ့ရေခဲတွေပစ်ထဲ့
လူဆိုတာ အရည်ပျော်နေတဲ့ အရက်ခွက်ပေါ့။

ချိုချိုခါးခါး ပြင်းပြင်းပျော့ပျော့
မော့သောက်သွားရမဲ့ ဒုက္ခရားတွေနဲ့
မူးပြီးရင်းမူးနေမဲ့ ဖြစ်တည်ခြင်းတွေနဲ့
ဘဝဆိုတာ
မကြိုက်ပဲ နားယဉ်လာခဲ့တဲ့ သီချင်းလည်း ဖြစ်နိုင်တာပဲ။

စားသုံးနေတာလား ရောင်းချနေတာလား
စားသုံးရင်း ရောင်းချနေတာလား
ဘုရားသခင်ဖွင့်ထားတဲ့ ဒီအရက်ဆိုင်ထဲမှာ
ကိုယ့်ခွက်ကိုယ် အငမ်းမရသောက်ကြ
ကိုယ့်ခွက်ကိုယ် အကြာကြီးပစ်ထားကြ
ကိုယ့်ခွက်ကိုယ် ငေးကြည့်တွေဝေကြ
ကိုယ့်ခွက်ကိုယ် ရက်ရက်စက်စက် သွန်ပက်ကြ
ကိုယ့်ခွက်ကိုယ် ဓါတ်ခွဲရှာဖွေကြ
ကိုယ့်ခွက်ကိုယ် အဓိပ္ပါယ်ဖွင့်သီကုံးကြ
ကိုယ့်ခွက်ကိုယ် ကြိုးစားနိဂုံးချုပ်ကြ
အချိန်တွေကို အမြည်းလုပ်ကြတယ်။

အရက်သမားတိုင်းဟာ
အရက်ဆိုင်ထဲကအထွက်
မရဏတေးကို ဟစ်ဆိုသွားခဲ့တယ်။ ။

သုအိုင်စံ

အပြည့်အစုံသို့...

Sunday, May 29, 2011

ဘောလုံးထဲကဘောလုံးပွဲ

ဘောလုံးတစ်လုံးထဲက လေထုဟာ
အောက်ဆီဂျင်လား ကာဗွန်ဒိုင်အောက်ဆိုဒ်လား
မွန်းကြပ်မှုထဲမှာ လွပ်လပ်နေတဲ့
လေအမျိုးအစားတစ်ခုဆိုတာတော့ သေချာတယ်။

ကျနော့်အဖေနဲ့ ကျနော့်သား ကန်တဲ့ပွဲမှာ
ဒိုင်အဖြစ်ကစားခဲ့တာ ကျနော်ပါ။

ကျနော်က ကမ္ဘာကြီးကို ကွင်းလယ်ထဲပစ်ချ
ပွဲစအချက်ပေးဝီစီကို မှုတ်လိုက်တဲ့အခါ
ကျနော့်အဖေက ငယ်သွေးငယ်ခြေတွေပြတော့တာပဲ။

+အာဒမ်ကဧဝပေါင်ကြားထဲ ကန်ထည့်လိုက်တဲ့ ကန်ချက်မျိုး
+မီးကိုတွေ့ပြီး ကန်မိလိုက်တဲ့ ယောင်ယောင်ကန်းကန်း ကန်ချက်မျိုး
+လူရိုင်းတစ်စုနဲ့တစ်စု သတ်ကြတဲ့ ကန်ချက်မျိုး
+ကိုလံဘတ်က မြောက်အမေရိကကို တအားကြုံးကန်လိုက်တဲ့ ကန်ချက်မျိုး
+ပထမကမ္ဘာစစ်ကြီး ဦးကျိုးသွားတဲ့ ခွေးကျကျတဲ့ကြောင်ရဲ့ ကန်ချက်မျိုး
+နွားနဲ့ကား အပြေးပြိုင်တဲ့ ကန်ချက်မျိုး
+ဟစ်တလာအရူးထတီးခတ်တဲ့ ဂျူးတွေဘုန်းဘုန်းသေ ကန်ချက်မျိုး
+ဟီရိုရှီးမားကို အမေရိကန်ကကန်လိုက်တဲ့ လေယာဉ်ပေါ်က ကန်ချက်မျိုး
+ယဉ်ကျေးမှုတော်လှန်ရေးပြီးနောက် ကွန်မြူနစ်တွေကျဆုံးတဲ့ ကန်ချက်မျိုး
+ဘီဂိတ်က ကွန်ပြူတာထဲကန်ထည့်လိုက်တဲ့ သပ်ရပ်သစ်လွင်တဲ့ ကန်ချက်မျိုး
အဲဒီကန်ချက်မျိုးစုံနဲ့
ကျနော့်အဖေက တဝုန်းဝုန်းကန်ထည့်ပေမဲ့
တစ်ဂိုးပဲရတယ်
အဲဒီဂိုးက "သမိုင်း" တဲ့။
ဒီပွဲမှာ မီးစင်ကြည့်ကန်ခဲ့တဲ့ ကျနော့်သားက
သူ့ခေတ် သူ့ဗျူဟာနဲ့ ကန်သွင်းခဲ့သမျှ
နှစ်ဂိုးရတယ်
ပထမဂိုးက "ပြောင်းလဲခြင်းအသစ်"
ဒုတိယဂိုးက "ငြိမ်းချမ်းရေးအစစ်" တဲ့
ဒီဒုတိယဂိုးဟာ
တချို့က "ဂိုးတယ်" တချို့က "မဂိုးဘူး" တဲ့
အခုချိန်ထိ ကျနော် ဆုံးဖြတ်ရခက်ဆဲ
ကမ္ဘာကြီးကို ကျနော်တို့ ဆက်ကန်နေဆဲပဲ။

ကမ္ဘာကြီးထဲက လူသားတွေဟာ
ချစ်ခြင်းသင်္ကေတတွေလား မုန်းခြင်းသင်္ကေတတွေလား
ဘောလုံးထဲရောက်နေတဲ့
ကွင်းလယ်က ကစားသမားတွေဆိုတာတော့ သေချာတယ်။ ။

သုအိုင်စံ
၀၈.၁၂.၂၀၀၄

အပြည့်အစုံသို့...

Saturday, May 28, 2011

ဆာလောင်နေသောတစပြင်

မကောင်းဆိုးဝါးကောင်းကင်အောက်မှာ
ကျောင်းဆာနေတဲ့ ကလေးများ
အလုပ်ဆာနေတဲ့ ဘွဲ့ရများ
တရားတဲ့အမိန့်ဆာနေတဲ့ စစ်သည်များ
လွပ်လပ်မှုဆာနေတဲ့ နိုင်ငံရေးအကျဉ်းသားများ
မကောင်းဆိုးဝါးကောင်းကင်အောက်မှာ
ပညာဆာနေတဲ့ ဦးနှောက်များ
အစာဆာနေတဲ့ အစာအိမ်များ
အလှအပဆာနေတဲ့ မျက်လုံးများ
အချစ်ဆာနေတဲ့ နှလုံးသားများ
မကောင်းဆိုးဝါးကောင်းကင်အောက်မှာ
သီလဆာနေတဲ့ ကိုယ်ကျင့်တရားများ
စစ်ဆာနေတဲ့ ရန်ငြိုးများ
အကျွတ်တရားဆာနေတဲ့ မိုက်မဲမှုများ
ကယ်တင်ခြင်းဆာနေတဲ့ ဒုက္ခများ
မကောင်းဆိုးဝါးကောင်းကင်အောက်မှာ
ငြိမ်းချမ်းရေးဆာနေတဲ့ မတည်ငြိမ်မှုများ
ပြောင်းလဲခြင်းဆာနေတဲ့ ခေတ်နောက်ကျမှုများ
သင်္ချိုင်းဆာနေတဲ့ လူအရိုးများ
နိဂုံးဆာနေတဲ့ စစ်ပွဲများ
အဓိပ္ပါယ်မှန်ဆာနေတဲ့ လူ့ဘဝများ
မကောင်းဆိုးဝါးကောင်းကင်အောက်မှာ
အရိပ်ဆာနေတဲ့ လွင်တီးခေါင်များ
စိမ်းလန်းခြင်းဆာနေတဲ့ တောတောင်များ
သီးနှံဆာနေတဲ့ မီးလောင်မြေများ
အသုံးပြုမှုဆာနေတဲ့ မြစ်တေလေများ
မကောင်းဆိုးဝါးကောင်းကင်အောက်မှာ
အောင်ပွဲဆာနေတဲ့ ယုံကြည်ချက်များ
ခြေလှမ်းဆာနေတဲ့ လမ်းမများ
ခေါင်းစဉ်ဆာနေတဲ့ ခြေလှမ်းများ
ကောင်းကင်ဆာနေတဲ့ ခေါင်းစဉ်များ
ကောင်းကင်ဆာနေတဲ့ ပြည်သူများ
မကောင်းဆိုးဝါးကောင်းကင်အောက်မှာ

အဲဒီမကောင်းဆိုးဝါးကောင်းကင်ကိုဖြိုချ
ကမ္ဘာကို ကောင်းကင်သစ်နဲ့ အမိုးမိုးကြမယ်
သင်ဆာနေတာဟာ ကောင်းကင်သစ်ဆိုရင်တော့
ကောင်းကင်သစ်က ဆာနေတာဟာ သင်ပဲဖြစ်တယ်။ ။

သုအိုင်စံ
၀၁.၀၁.၂၀၀၃

အပြည့်အစုံသို့...

Thursday, May 26, 2011

လမ်းတစ်ချောင်းရဲ့ ကိုယ်ရေးရာဇဝင်အကျဉ်း

အမည်.............................................. ကမ္ဘာပတ်ဟိုင်းဝေး
ငယ်နာမည်........................................ လမ်းကြားလေး
မိဘအမည်........................................ ဘယ်ခြေဖဝါးနဲ့ ညာခြေဖဝါး
မွေးဇာတိ.......................................... လူသားရဲ့ ခြေအောက်တည့်တည့်
နေရပ်လိပ်စာ..................................... အတည်အကျမရှိ (အပြောင်းအရွှေ့များ)
မွေးနေ့............................................. လူသားလမ်းစလျှောက်တဲ့နေ့
အိမ်ထောင်........................................ ရှိလိုက်၊ မရှိလိုက်
ကိုးကွယ်သည့်ဘာသာ.......................... ဘာသာစုံ
အမျိုးအနွယ်...................................... မြေသားအမျိုးအနွယ်
ပညာအရည်အချင်း.............................. အကန့်အသတ်မဲ့
တက်ရောက်ခဲ့သည့်ကျောင်း................... ကမ္ဘာမြေ
ဝါသနာ............................................. နယ်မြေသစ်ရှာနယ်ချဲ့ခြင်း
အကြိုက်ဆုံးနေရာ............................... စင်္ကြဝဠာ
အကောင်းဆုံးအရည်အသွေး.................. ပေးဆပ်မှု
အဖြစ်ချင်ဆုံးဆန္ဒ................................ လမ်းပီသတဲ့လမ်းဖြစ်ရေး
လက်ရှိအခြေအနေ.............................. ဖုန်းဆိုးမြေထဲမှာ ဖြတ်သန်းဆဲ
အနာဂတ်အစီအစဉ်..............................အခြားဂြိုလ်များသို့ခရီးစဉ်၊ လမ်းယဉ်ကျေးမှုနှင့် လမ်းမျိုးဆက်ပြန့်ပွားရေး၊ ခရီးစဉ် (၁) လကမ္ဘာသို့။
အတွေ့အကြုံနဲ့လုပ်သက်......................အာဒမ်နဲ့ဧဝ ကို တွေ့ဆုံပေးနိုင်ခဲ့။ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ် အတွင်းမှာ လူ၊ လက်နက်၊ ရိက္ခာ၊ အမုန်းတရား စတာတွေကို ဟိုပို့ ဒီပို့ လုပ်ပေးမိခဲ့။ ယနေ့ထိ သယ်ယူပို့ဆောင်ရေးတာဝန်ကို ယူထားဆဲ။ ငြိမ်းချမ်းရေးသမားတွေ တွေ့ဆုံဆွေးနွေးနိုင်ဖို့ လုံခြုံရေးယူခဲ့။ တစ်ဖက်မှာလည်း စစ်ပေါင်းများစွာရဲ့ အနိုင်ကျင့်မှုကို ကြံ့ကြံ့ခံခဲ့။ သိပ်များတယ်။

P.S. ။ ။ ကမ္ဘာပတ်နေတဲ့ ဟိုင်းဝေးတစ်ခုအနေနဲ့ သမုဒ္ဒရာတွေနဲ့တွေ့တဲ့အခါ ဘယ်လိုဆောင်ရွက်သွားမလဲ မေးကြည့်တော့ လမ်းက အောက်ပါအတိုင်း ပြန်ဖြေခဲ့ပါတယ်။ "ကျနော်တို့လမ်းတွေမှာ ဒီစီမံချက်က ရှိပြီးသားပါ၊ သမုဒ္ဒရာတွေနဲ့တွေ့တဲ့အခါ ကျနော်တို့ဟာ သင်္ဘောကြီးတွေ၊ လေယာဉ်ကြီးတွေ အယောင်ဆောင်ပြီး ခရီးဆက်ရပါမယ်၊ ယာယီအားဖြင့် လမ်းရဲ့အဘိဓမ္မာ ခဏပျောက်သွားပေမဲ့ တစ်ဖက်ကုန်းမြေ ရောက်တဲ့အခါ လမ်းဟာလမ်းပဲ ပြန်ဖြစ်မှာပါ၊ ဒီအတွက် ကျနော်တို့ လမ်းအမျိုးအနွယ်တစ်ချို့ရဲ့ "လမ်းသည် အမြဲတမ်း လမ်းဖြစ်ရမည်" ဆိုတဲ့ ကျဉ်းမြောင်းတဲ့အစွဲကို ချွတ်ရပါမယ်။ ဒီနည်းနဲ့ ခရီးဆက်ခဲ့တာ အခုတောင် တော်တော် ခရီးပေါက်ခဲ့ပါပြီ" ။

P.P.S. ။ ။ နောက်ဆုံးအနေနဲ့ လူသားရယ် ကမ္ဘာမြေရယ်ကို တိုက်ရိုက်ဆက်ဆံနေရတဲ့ လမ်းအနေနဲ့ ဘာပြောချင်သေးသလဲလို့မေးတော့ အခုလို ဖြေခဲ့ပါတယ်။ "လိုရာကို ရောက်အောင်သွားကြမဲ့ လူတွေကလည်း ရောက်အောင်သွားကြပေါ့။ နားချင်သူတွေကလည်း နားကြပေါ့။ ဘာပဲဖြစ်ဖြစ် လမ်းကတော့ ကူညီပေးဆပ်နေမှာပါ။ လမ်းကိုယ်တိုင်လည်း ချီတက်နေရတုန်းပါပဲ။ လူသားနဲ့ ကမ္ဘာမြေအတွက်ဆို လမ်းရဲ့ ကျောကုန်းကြီးတစ်ခုလုံး ပေါက်ပြဲစုတ်ပြတ်သွားပါစေဦး၊ လမ်းကတော့ ကျေနပ် ဂုဏ်ယူနေမှာပါပဲ။ လမ်းဆိုတာ မကုန်ဆုံးတတ်တဲ့ (အဆုံးတစ်ခုနဲ့)၊ မကုန်ဆုံးတတ်တဲ့ (အပြုံးတစ်ခုနဲ့) တစ်သက်လုံး ရုန်းကန်ချီတက်နေပါတယ်။ ကျေးဇူးတင်ပါတယ်" ။ ။

သုအိုင်စံ

အပြည့်အစုံသို့...

CEMETERY ROSE AND DEATH KISSES

Just like you,
I was heavy-loaded
Just like you,
I drove ahead
On this highway,
All the destinations were unsure
All the definitions were unclear
Almost all the accelerations differed
Just like you,
I slept in that darkness
Just like you,
I had the food of tastelessness
On this highway,
I waved GOODBYE to red tale lights of memory
I said HELLO to the front lights of presency
Just like you,
I hated the police camera of lawful shits
I hated the stupid drama of awful promise
On this highway,
I used to lose all my maps
I used to lose all my bests
Just like you,
I was listening to the silence
And wondering what is really inside
Just like you,
I was looking at the emptiness
And wondering how the real MEANING look alike
Just like you,
I never looked back
I was almost empty handed.
Just like you,
I left nothing over there
I brought nothing to here

Just like you, on this highway,
On this highway, just like you,
The highway itself was just like you
You yourself was just like the highway
And I myself was also in the same way
Just like you,
I'm here and dead
Take a look at those cemetery roses
They're all nicely standard and fresh
Just like you,
Just like me,
Just like all,
Nobody wants to use them and ignore their beautifulness
Would you accept one of the roses to celebrate our death?
"Long Live This Death: Long Live Our Death:"
Just like every human history is empty and useless
SKELETON KISSES ARE ETERNITY!!!

A'karikz Yannaing
THE SECOND SECOND

အပြည့်အစုံသို့...

Monday, May 23, 2011

ကြိတ်ဖတ်များ

(၁)
မှောင်ကြီး မည်းမည်းမှာ
လှေကားစောက် အမြင့် ကြီးပေါ်က
စမ်းပြီး ဆင်းရသလို တထိတ်ထိတ်နဲ့ ။
ငါတို့ဟာ အမြဲပဲ မမြင်မကန်း
ငါတို့ ပင်ပန်းကြ ၊
ငါတို့မှာ အာယတန အတွက်
အပိုပစ္စည်း ဆိုတာ မရှိ
ငါတို့ အသိဥာဏ်ဟာ ကူလီပိန်ပိန်လို
သူ့ကျောပေါ် မမျှမတ ၊မနိုင်ဝန်ထုပ် ပိကျလို့
ငါတို့ ဆင်းရဲ ခဲ့ပါတယ်
သို့ပေမယ့် အချိန်အားရင် လမ်းသလားဆဲ။

(၂)
မင်းမလာတော့လည်း
ငါ့မယ် မျှော်ရတာပေါ့
ငါ့လည်ပင်းဟာ အုတ်ရိုးပေါ် ကျော်ခဲ့
ငါ့စိတ်တွေပြေးကြ ။
ငါကိုယ်တိုင်
လိုက် မမီ အောင်ပဲ
ငါ့စိတ်တွေ ပြေးကြ ။

(၃)
နောက် တစက္ကန့်လောက်မှာ
ငါဟာ တခုခုနဲ့ တိုက်ပြီး
လဲပြို သွားနိုင်တယ် ။
နောက်တစက္ကန့် လောက်မှာ
ငါဟာ ခေါက်ကနဲ စိတ်ဖေါက်သွားနိုင်ရဲ့ ။
တွေးရင်း
အတွေးမှာ
ငါ့စိတ်ဟာ ရှည်လျား ၊
တွေးရင်း
အတွေးမှာ
ငါ့စိတ်ဟာ လှုပ်ရှားပေါ့ ။
ပွက်ပွက်ဆူ
ယိမ်းထိုး
လှုပ်ရမ်းလို့ ။
ငါ့စိတ် လှုပ်ရမ်း နေပုံကို
ငါပြန်ကြည့်ရမယ်။
ငါ့စိတ် လှုပ်ရမ်းနေပုံကို
ငါပြန်မကြည့်မိရင်
နောက် တစက္ကန့် လောက်မှာ ..........။

(၄)
ညတုန်းက အိပ်မက်တော့
ငါဟာ
ဆုတ်ဖြဲ ခံရတဲ့ စက္ကူလို
နာလွန်းတော့ အော်မိတယ်။
အော်သံရဲ့ လှိုင်းကြီးတွေ
အတိုင်းသား မြင်ရရဲ့ ။
တကယ်ပဲ
ဖွါလန် ကြဲလို့ ။
အသားတစ်တွေ
စိတ်တွေ
အော်သံတွေ
စိတ်ဗို့အား မမှန်တော့
နံရံရှေ့မှာ
ဒူးထောက်ကျခဲ့ ပါတယ်။

(၅)
တစ်စစီ
ဆုတ်ဖြဲ ဖို့
ငါဟာ ပါးပါးလေး ပဲ ။

(၆)
ခင် ဗျားတို့စာ ဖတ်ရ
ခေမာသီဝံ သတိရ။
ခင်ဗျားတို့စာ ဖတ်ရ
ပန်းဆိုးတန်း သတိရ
ခင်ဗျားတို့စာ ဖတ်ရ
ရန်ကုန် ကြေးအိုး သတိရ
ခင်ဗျားတို့စာ ဖတ်ရ
ကျွန်တော့် မှာ အသက်ရှည်ရ ။
အခု
ကျွန်တော်တို့ ဆီမှာ
ညနေဟာ
တိမ်တောက်ခဲ့ ပါပြီ ။
ကွန်တော်တို့ ခေါင်းပေါ် ကျော်လျက်
ငှက်များ
အိပ်တန်း ပျံခဲ့ပါပြီ ။
လရောင်ကို စောင့် ကြည့်ဖို့
ကျွန်တော်ဟာ
အခန်း(၅) ကိုရွှေ့ခဲ့
ဘ၀ တဏှာနဲ့
ကျွန်တော်ဟာ
ခင်ဗျားတို့ စာတွေ
အကြိမ်ကြိမ် ဖတ်တယ်။

(၇)
သူငယ်ချင်း လင်မယား
ကလေးတစ်ယောက် ထားပြီး
ထွက်ခွါ သွားကြပြီ ။
ဇော် (ပျဉ်းမနား)လည်း
ထွက်ခွါ သွားခဲ့ပြီ
ငါတို့ကော
အချစ်ရေ
ဘယ်တော့လဲ ။

(၈)
ကျွန်တော့်
မောင်သင်းခိုင် များ
ကျန်းမာပါစေ။

(၉)
ငါတို့မှာ
တန်းစီ ဇယား တွေများတယ်။
ဝင်ဖို့၊ ထွက်ဖို့
ပစ္စည်း သွင်းဖို့ ၊ပစ္စည်းထုတ်ဖို့
နေဖို့၊ သေဖို့
အချူပ်သားတစ်ယောက်
ထိပ်တုံး အဖြုတ် စောင့်သလို
မီးလောင်နေတဲ့ အိမ်များ
မီးသတ်ကား စောင့် သလို
ကိုယ့်အလှည့်ကျအောင်
စောင့်ရတယ်။
ကျွန်တော်တို့ ကိုယ်ပေါ်မှာလည်း
အသားတံဆိပ် ကိုယ်စီနဲ့
၉၄၃၅ / င
ကျွန်တော်ဟာ ကျွန်တော် စစ်မစစ်
ခင်ဗျားဟာ ခင်ဗျား စစ်မစစ်
နံပတ်နဲ့ တိုက်ကြည့်ရတယ်။

(၁၀)
''ကိုယ်မမေ့တာ ယုံစေချင် ....''
ကျွန်တော် သီချင်း ညဉ်းမိတယ်။
ရေမိုးချိုးရင်း
ခြေလက် ဆန့်ထုတ်ရင်း
စားသောက်ရင်း
မျှော်ရင်း
ဒီလိုနဲ့ နေ့တာ တို
ဒီလိုနဲ့ နေ့တာ ရှည်
ကျွန်တော်တို့ ရဲ့နေ့ရှိသ၍ ဖြစ်ပါတယ်။
ကြောင်တွေ ကို ဖြန်ဖြေဖို့
အန်း ရေ လိုတွေးဖို့
မကြာခဏ
ဆေးလိပ်ဖြတ်ဖို့
ကျွန်တ်ာတို့ ရဲ့ ညရှိသ၍ ဖြစ်ပါတယ်.။

(၁၁)
ငါဟာ
သစ်ရွက် ၀ါးရွက်လို
စိတ် ကစား ခဲ့ပါတယ်။
ငါဟာ
သိကြားမင်း ဆင်း သလို
မိုးကို မော့ကြည့်ခဲ့ပါတယ်။
ငါဟာ
လိပ်ပြာ ဖမ်းသလို
ခြေဖေါ့နင်းခဲ့ ပါတယ်။
ငါဟာ ခလုတ်တိုက်လဲ သလို
အုပ်ကွဲ ကျန်ရစ်ပါတယ်။
ငါဟာ.......

(၁၂)
လင်းနို့ ရဲ့ ကျွမ်းကျင် မှု နဲ့ ညရောက်လာ
ဒီည ငါဟာ
သစ်ပင်များ တိုက်တာ အိမ်ခြေများ နံရံ မြင့်မြင့်များကို
ရှောင်တိမ်းလျက်
ငါဟာ ကျွမ်းကျင်စွာ ၊ အကန့်အသတ်မဲ့ စွာ
ညမှာ ပျံသန်းနေပါတယ်။

(၁၃)
ခြောက်လ ဆိုတာ
လူတွေ
တစ်ယောက်ကို တစ်ယောက်
မေ့လျော့ ပစ်ဖို့
လုံလောက်တဲ့ အချိန်ပဲ ။
မင်း ရောက်မလာ နိုင်တာလည်း
မင်းအကြောင်း နဲ့ မင်း
ရှိမယ်။

(၁၄)
ဒီည
ငါဟာ
ဟိုရောက်ဒီရောက်ဖြစ်နေတယ် ။
တစ်ဘ၀လုံး ပြန်ရှာတောင်
ငါတို့ အစ
ငါတို့ ပြန်တွေ့နိုင်ပါ့မလား ။
သို့ပေမယ့်
ငါ တို့ အဆုံး
ငါတို့ (သိလိုရင်) သိခွင့်ရှိပါရဲ့။
ငါတို့ အဆုံး
ငါတို့ ခံစား ကြည့်နိုင်ရဲ့ ။
အဆုံးကို ဆုံးဖြတ်ဖို့ မှာ
ငါတို့
တွန့်တို ဆုတ်နစ်ကြ ။
ငါ ရှေ့ က
ကဗျာဆရာ တစ်ယောက်က ပြောတယ်
သေခြင်း တရားဆိုတာ
လေယာဉ်ပျံ တစ်စီးက တစ်စီး
ပြောင်းစီး သလိုပဲ တဲ့။
သူ
လေယာဉ်ပျံ ပြောင်းတုန်းက
လက်ပြသွားခဲ့ သေးသလားကွာ ။
ငါ
သူ့ကို
ဦးညွတ်ရဲ့ ။

(၁၇)
ငါတို့ ဟာ
တွဲပျက် ရထားကြီးပါကွာ
ဘီးက ပူသနဲ့
မိးခိုး တွေဟာ
အူထွက်လို့ ။

(၁၈)
ငါတို့ ဟာ
အဖြူ အမဲ ဓာတ်ပုံ လို
အဖြူအမဲ ခေတ်မှာ
ကျန်ခဲ့ပြီ ။
ငါတို့ ဟာ
လမ်းဘေး ဓာတ်တိုင်လို
လမ်းဘေးမှာ
ကျန်ခဲ့ပြီ ။
သို့ပေမယ့်
ငါတို့ အကျောပေး လိုက်ပါ ပေရဲ့
ငါတို့ ထက်
လက်ရည် ညံ့တဲ့
ကမ္ဘာ ကြီး ။

(၁၉)
ဒီလိုပဲ
ကိုယ့် ကိုယ်ကိုယ်
ရေ ပတ် တိုက်ရ ။
ငါတို့ဟာ
သေချာမှု တခုဆီ
ဦးတည် သွားနေလေရဲ့..။
ကိုယ့် ဘွိုင်လာ
ကိုယ် ကိုယ် တိုင်
မီးထိုးရ ။
ငါတို့ ဖင့်နွဲ ခဲ့သော်လည်း
ငါတို့ သေချာ ရဲ့
ပြို ကွဲရာက
ပြန်စု မိတဲ့ အခါ
ပြဒါး လို တစ်လုံးတစ်စည်း တည်း ဖြစ်သွားပြန်တယ်။

(၂၀)
ငါမကြားဝံ့တဲ့ အသံ
ငါ့ဆီပျံသန်းလာသလား
လမ်းတ၀က် ရောက်ပြီလား
နောက် တစ်ရက် ရောက်မှာလား
အနေအထိုင် မတတ်
မိမိ ကိုယ် ကို
မီး ရှို့မှုများ
ငါဟာ
တစ်ချက်ချင်း
အသက်ရှင် နေတယ်။
ဘာကို
ကြိုပြီး
မျှော် လင့်မလဲ။

(၂၁)
တစ်ခါတစ်ရံ
ကျွန်တော် ဟာ
ကျွန်တော့် ကဗျာပေါ်
သံသယ ရှိပါတယ်။
တစ်ခါ တစ်ရံ
ကျွန်တော်ဟာ လွန်သွားခဲ့။
တစ်ခါတစ်ရံ
ကျွန်တော်ဟာ ရောက်မလာဘူး။
တစ်ခါတစ်ရံ
ကျွန်တော်ဟာ မြင်းကပ် တစ်ကောင်လို
ဘယ်လောက်ပဲ ရိုက် ရိုက်
မလှုပ် တော့ဘူး။
သို့ပေမယ့်
ကျောက်ခဲ လည်း ကျောက်ခဲ အလျောက်
ရွံ့စေး လည်းရွံ့စေး အလျောက်
လိုအပ်မှူ ရှိတယ်။
ပိုတယ်ဆိုပြီး သွန်ပစ်စရာ
ဘာတစ်ခုမှ မမြင်မိဘူး။
ကျွန်တော် ဟာ
ကိုယ့် ကိုယ် ကို
သွန်မပစ်ခဲ့ပါဘူး။

(၂၂)
ကျွန်တော် တို့ ခေါင်းထဲ
ခြင် မအောင်း အောင်
အဖုံး ဖုံး ထားရုံ ။

(၂၃)
တစ်ခါ တစ်ရံ
စိတ်ဟာ ဂူအောင်းရင်း
သူ့ဒဏ်ရာ ကထွက်တဲ့
သူ့သွေး သူပြန်လျက် ရင်း
အနာကျက်ချိန် ကို စောင့်ရတယ်။
အမှားလည်း
အမှားကြာရင်
အမြစ်ထွက် လာတတ်တယ်။
ကြိးကောင်ကြီးမားမှ
နေရာရွှေ့ စိုက်ရရင်
ခက်ပြီ။
မိမိ အား
ဟို ဖက်ကမ်းပို့ဖို့ အရေး
မိမိ ကိုယ်တိုင် '' ဖေါင် '' ပဲ ။
ငါတို့
မိမိ ကိုယ် ကိုယ်
ရွေး နုတ်ကြစို့ ။

(၂၄)
အချစ်ရေ
ကမ္ဘာ ကြီးဟာ
မြေမြုပ် မိုင်းတွေ ပေါတဲ့
ကမ္ဘာကြီးပါကွာ။
ကမ္ဘာကြီးဟာ
သူကိုယ် တိုင်
ပေါင်တိုကြီးပါကွာ ။
နေရာတိုင်း မှာ
အကြမ်းဖက်သမားတွေ
ချောင်းမြောင်းနေတဲ့
ကမ္ဘာကြီးပဲ။
ငါတို့ တိုက်ထဲ
ဘယ်အချိန် လေယာဉ်ပျံ ကြီးဝင်လာမလဲ လို့
တွေး နေရတဲ့ ကမ္ဘာကြီး ပါကွာ။
(အရေးထဲ
ငါတို့မြို့က
လေယာဉ် လမ်းကြောင်းကျတယ်)
ဒါနဲ့တောင်
လူတွေ မျော့တွေ
အတူတကွ
ကမ္ဘာကြီး ကို သွေးစုပ်တုန်း ။

(၂၅)
တကယ်တော့
ကမ္ဘာ ကြီးပေါ်မှာ
ငါတို့ ခြေထောက်တွေ ဟာ တန်းလန်းကြီး
သုတ်ကိုင်းမိ နေကြပေါ့။
ရုန်းလည်း
မလွတ်သာ
ငါတို့ ခြေထောက်တွေသာ
ပြတ်ထွက် သွားမှာ။

(၂၆)
တစ်ခါတစ်ရံ
ကျွန်တော်ဟာ
ရေငတ်သလို
နေမထိ ထိုင်မသာ ဖြစ်ခဲ့ ။
သွေးဆုတ်သလို
ဖြူ ဖတ်ဖြူယော် နဲ့
စိတ် အစည်းပြေကာ
ဦးတည်ရာ သွားနေခဲ့ ။
သြော် ..
ငါလို့ ထင်နေတုန်း
ငါ့ အဆင်မပြေမှု လို့ ထင်နေတုန်း
တကယ်တော့
သဘောမျှသာပဲ
အဆင်မပြေမှု ဟာ
အဆင်မပြေ မှု မျှသာပဲ။

(၂၇)
( တရားကို သိမြင် နိုင်သောသူ
ဖြစ်ရစေသား။ )

(၂၈)
ပန်းကလေးရေ
ခွင့်လွှတ် ပါတယ်ကွယ် ။
နေမင်းအား
ခွင့် လွှတ်ပါတယ်ကွယ် ။
ကိုယ့် ကို ကိုယ်လည်း
ခွင့်လွှတ်ရမှာပဲ။
(ခွင့်မလွတ်ရင်
ဘယ်လို ရှေ့ဆက်သွားမလဲ)
အညစ် အကြေးဟာ
အညစ် အကြေးမျှသာ ....။

(၂၉)
ဘယ်လိုအကြောင်းကြောင့် မှ
လူတွေ
တစ်ယောက် ကိုတစ်ယောက်
သတ်ဖြတ် ဖို့
အားပေးအားမြောက် မပြုနိုင်။
ဒါဟာ
ငါ့အသံပဲ
ငါ့ ကိုယ်ပိုင် အသံ ။
တော်လောက်ပြီ
ငါတို့ တွေ
တစ်ယောက် ကိုတစ်ယောက်
ဆင်းရဲ အောင်
ထပ် မလုပ်ကြနဲ့။
သံဇကာ ခြားတဲ့ မျက်ရည်
ငါ ဘယ့်နှယ် သုတ်ပေးမလဲ။

(၃၀)
တစ်ချက်ချင်း
အသက်ရှင်နေဖို့
သံပတ်
ခြေလက် လှုပ်ရှားမှု
ဓာတ်ခဲ
နေရောင်ခြည်
သင်္ခါရ မျှသာပဲ။
ငါတို့ဟာ တဲတဲလေးပဲ။

(၃၁)
များသော အားဖြင့်
ငါတို့ဟာ
ကိုယ်လာတဲ့ လမ်း
ကိုယ် ပြန် မမှတ်မိ သူတွေပေါ့။

(၃၂)
ဘယ်က
အစပြန် ကောက်မလဲ
ငါတို့ လည်း
ငါတို့ ရှေ့ ရထား ဆိုက်လို့
တက်ခဲ့ ကြရတယ်။
ဒီရထား
ဘယ်က စ ထွက်သလဲ
ငါတို့
မသိကြဘူး မဟုတ်လား။
ငါတို့ ဟာ
ဘယ်နှစ် ဘူတာမြောက်လဲ ။
နောက်ထပ် ဘယ်လောက်ကြာ
သွားဦး မှာလဲ။
ဘာတစ်ခု မှ
အပ်ချ မတ်ချ
ငါတို့ မသိကြဘူး မဟုတ်လား ။
နောက်တစ်စင်းမှ စီးမယ် လို့ကော
ငါတို့မှာ
ရွေးခွင့် ရှိခဲ့ ပါသလား။
ကဲ
ကျားမြီး ဆွဲ သလို
ရထားပေါ် (ငါတို့)
စီးမိပြီ ။

(၃၃)
ငါတို့ ခရီး
ငါတို့ သွားရမှာပါလား။
ငါတို့ခရီး
ငါတို့ ငြင်းမရ ပါလား။
လောကရဲ့
အစိတ်အပိုင်း တော်တော်များများ ကို
ငါတို့ ချစ် နိုင်ခဲ့ပါတယ်။
ဘယ်လောက် ဝေးဝေး
ချစ်တဲ့ အရာများ အပေါ်
မေတ္တာ မပျက် ရှိခဲ့ပါတယ်။
ငါတို့၏ အချစ်များ
သဘောမျှ သာ တကား။

(၃၄)

လမ်းလည် ခေါင်မှာ
ကုလားထိုင် တစ်လုံးဟာ ထိုင်လို့
ငါချင်း မိုးမွန် နေသော အခါ
ငါတို့ဟာ
ပြူတင်းပေါက် တွေ ပိတ်ပြီး
အိပ်ယာ ၀င်ကြတယ်။
မနက်ဖြန် ဖြစ်ဖြစ်
တစ် နေ့နေ့ ဆက်ရန်ပေါ့
ဒီကဗျာ က
မဆုံးဘူး။ ။

ရည်မွန်
(၁.၁၁.၂၀၀၂ - မှ ၆.၁၁.၂၀၀၂ အတွင်း)

( kaungkin.com မှကူးယူဖော်ပြပါသည်၊ မူရင်းမှာကိုက အပိုဒ် ၁၅ နဲ့ ၁၆ မပါဘူး။)

အပြည့်အစုံသို့...

Sunday, May 22, 2011

အမွေ (၁)

ငါဟာ အကြီးမြတ်ဆုံးမေတ္တာတွေကိုစားပြီး ကြီးထွားလာတဲ့သားတစ်ယောက်ပေါ့
မှိုချိုးမျှစ်ချိုး စိုက်ပျိုးခံရတဲ့ ပြည်သူတစ်ယောက်လည်းဖြစ်တယ်။

ဂန္တဝင်မြောက် စစ်သီချင်းအို စစ်သီချင်းသစ်တွေနဲ့ ကြီးပြင်းခဲ့တဲ့ငါဟာ
လူသားအားလုံး သီဆိုနိုင်မဲ့ အကောင်းဆုံးတေးတစ်ပုဒ်ကို ကြိုးစားရေးခဲ့တယ်
အမည်က ငြိမ်းချမ်းရေး တဲ့။

ငါ့ရဲ့တေးမှာ မုဒိန်းကျင့်ခံလိုက်ရတဲ့ လူထုတွေရဲ့ရိုးသားမှုဟာ အပျိုရည်ပျက်လို့
ငါ့ရဲ့တေးမှာ ဘယ်သူ့အဖေခေါ်ရမှန်းမသိတဲ့ မနက်ဖန်တွေဟာ အိုးအိမ်မဲ့လို့
ငါ့ရဲ့တေးမှာ ကျောင်းပိတ်ခံထားရတဲ့ ပညာရေးတွေရဲ့ ဦးနှောက်ဟာထုံထိုင်းပိန်ချုံးလို့
ငါ့ရဲ့တေးမှာ ခေတ်ဆီကဘာမှမရပဲ ခေတ်ကိုရှိသမျှတွေပုံပေးနေကြတဲ့ ဘဝတွေဟာရဲရင့်လို့
ငါ့ရဲ့တေးမှာ ပြည်သူ့အတွက်ကလွဲရင် ဘာမဆိုကြိုးစားလုပ်ကြတဲ့ အစိုးရတွေဟာ အဆီအစ်ဗိုက်ရွှဲလို့
ငါ့ရဲ့တေးမှာ နားရွက်ဆွဲပါးရိုက်ခံနေရတဲ့ သမိုင်းတွေဟာ ကျွမ်းထိုးမှောက်ခုံ ကွဲပြဲလို့
ငါ့ရဲ့တေးမှာ အမုန်းနှစ်ခု ခေါင်းချင်းပြေးတိုက်ရာက ကြေမွသွားတဲ့တိုးတက်မှုတွေဟာ ကုသမှုမဲ့လို့
ငါ့ရဲ့တေးမှာ နောက်ဆုံးပေါ် အသားအရောင်ခွဲခြားမှုတွေဟာ ခေတ်ရှေ့ပြေးလို့
ငါ့ရဲ့တေးမှာ ဘာသာရေးအားပြိုင်မှုတံတိုင်းကြီးတွေဟာ တစ်နေ့တခြားမြင့်မားလို့
ငါ့ရဲ့တေးမှာ စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ခံရတဲ့ လူသားချင်းစာနာမှုတွေဟာ ရိုင်းပျလို့
ငါ့ရဲ့တေးမှာ ပါးစပ်ပေါက်ကျယ်ကျယ်ကောင်တွေက ပါးစပ်ပေါက်ငယ်ငယ်ကောင်တွေကို ကိုက်စားလို့
ငါ့ရဲ့တေးမှာ အကျိုးအမြတ်ကို အနံ့ခံလိုက်နေတဲ့ အရင်းရှင်စနစ်ကြီးဟာ လက်နက်အပြည့်အစုံ တပ်ဆင်လို့
ငါ့ရဲ့တေးမှာ သွေးညှီနံ့ နံနေတဲ့ ယမ်းငွေ့တွေဟာ ကောင်းကင်မှာတရစပ် ပျံဝဲလို့
ငါ့ရဲ့တေးမှာ အရိုးပေါ်အရေတင်နေတဲ့ အလှအပတွေဟာ အကျည်းတန်လို့
ငါ့ရဲ့တေးမှာ လိုအပ်စွာ စနစ်တကျ ဥပေက္ခာပြုခံထားရတဲ့ အချစ်တွေဟာ အသဲကွဲလို့
ငါ့ရဲ့တေးမှာ ရှထောင့်များစွာကတက်လာတဲ့ အမှန်တရားများစွာဟာ လက်ရှိမှာ ရိုက်ပွဲတွေဖြစ်လို့
ငါ့ရဲ့တေးမှာ ငါတို့ရဲ့လောဘတွေက ငါတို့ရဲ့အနာဂတ်တွေကို ခွက်ဇောင်းခုတ်လို့
ငါ့ရဲ့တေးမှာ လူရဲ့လွပ်လပ်မှုတွေဟာ လူရဲ့အကျဉ်းထောင်ထဲမှာ ရက်စက်စွာပြည့်ကျပ်လို့
ငါ့ရဲ့တေးမှာ ဂျွန်လင်နွန်တွေ ချေဂွေဗားရားတွေ ဗိုလ်ချုပ်အောင်ဆန်းတွေကို နေ့စဉ်လုပ်ကြံကြလို့
ငါ့ရဲ့တေးမှာ သေသင့်တဲ့ခေတ်စနစ်တွေကို ယုံကြည်ချက်နဲ့ပစ်သတ်နေတဲ့ငါဟာ ဧရာမ သူပုန်ကြီးဖြစ်လို့
ငါ့ရဲ့တေးမှာ ငါဟာ ငါ့ကိုယ်ငါ ငါ့ဒဏ်ရာတွေနဲ့ ဂုဏ်ယူစွာ သယ်ပိုးထွက်ခွာလို့
ငါ့ရဲ့တေးမှာ..............

သားရေ...
ဒီတေးကို ဒိထက်ကောင်းအောင်ဆက်ရေးဖို့ မင်းကို အဖေ ပေးခဲ့တယ်။ ။

(၀၇.၀၉.၂၀၀၃ ဖခင်များနေ့
ကျဆုံးလေပြီးသော ရဲဘော်ဖခင်အား ဒီကဗျာဖြင့်အလေးပြုသည်...။)

သုအိုင်စံ

အပြည့်အစုံသို့...

အမွေ

အဖိုးသေ
အဖေထမ်းလျှောက်
သားတစ်ယောက်ဆက်ယူ။

အရိုးကြေ
အရည်ခမ်းခြောက်
"ကျား" မကြောက်တဲ့လူ။

အမျိုးတွေ
သပြေပန်း"တောင်"့
တရားစောင့်လျှက် "မူ"။ ။

သုအိုင်စံ

အပြည့်အစုံသို့...

Saturday, May 21, 2011

ခွက်ထဲမှခွဲထွက်ခြင်း

ငါ့ဘဝ ရရချင်း
ဒုက္ခနဲ့ အချင်းဆေးခဲ့။

ဖေဖေနဲ့မေမေဟာ
ပုံစံခွက်တစ်ခုထဲမှာ ချစ်ကြိုက်
စိုက်ပျိုးခြင်းခံရတဲ့ငါ
ပုံစံအနာကြီးနဲ့ပေါ့။

ထောင်လိုမျိုး
ဘောင်အိုဆိုးတွေနဲ့ စည်းရိုးကာ
ခေတ်များစွာကို
စစ်သွားမာမာကြီးနဲ့ စားလာတဲ့ခွက်
နင်းမိုင်းတွေကို မြေမျိုထားတဲ့ခွက်
သချိုင်းတွေကို အရည်ကြိုထားတဲ့ခွက်
ဘဝတွေကို ခိုးစားထားတဲ့ခွက်
အလှတွေကို ပိုးစားသွားတဲ့ခွက်
တစပြင်ကို မျိုးပွားထားတဲ့ခွက်
အနာဂတ်မျိုးဆက်တွေကို
အာဏာပြ ချိုးဖျက်ထားတဲ့ခွက်
ခွက်၊
ရှိခွင့် မရှိတော့တဲ့ခွက်။

အဖိုးကထိုးချေ
အဖေကကန်ခွဲ
မကွဲသေးတဲ့ဒီခွက်
ခု...ငါ့အလှည့်။

ခွက်ကိုရိုက်ခွဲ
တိုက်ပွဲဝင် ရဲရဲပေးဆပ်
ငါလွပ်လပ်ရမယ်
...ငါလွပ်လပ်ရမယ်
......ငါလွပ်လပ်ရမယ်
.........ငါလွပ်လပ်ရမယ်။ ။

သုအိုင်စံ

အပြည့်အစုံသို့...

Friday, May 20, 2011

လူငယ်

တစ်ညနေမှာ
ကောင်လေးရဲ့ပုခုံးပေါ်ကို
လူတစ်ယောက် ခုန်ချလာတယ်
ဲပြီးတော့..သူ့လက်ထဲက
စာတစ်လုံးမှ မရေးရသေးတဲ့
သမိုင်းစာအုပ်အထူကြီးကို ကမ်းပေးတယ်
"ဘောပင်ရော"လို့ကောင်လေးကမေးတော့
ရင်ဘတ်ကိုလက်သီးနဲ့အလေးပြုပြီး
"သွေးနဲ့ရေး"လို့ပြောတယ်
ကောင်လေးကိုထပ်မတွေ.ရတော့ဘူး။ ။

သုအိုင်စံ

အပြည့်အစုံသို့...

ထွက်ခွာချိန်


စတိုင်သစ်မဂ္ဂဇင်းမှာပါခဲ့တဲ့ကဗျာလေးပါ။

အပြည့်အစုံသို့...

Wednesday, May 18, 2011

ထွက်ခွာချိန် (၆)

(၁)
တရားသံ၊ မဲ့ငိုငိုသံ၊ သက်ပြင်းချသံ.......စသောအသံများ
အကြောက်တရား၊ မေတ္တာ၊ ပညာရှင်စိတ်......စသောစိတ္တဇနာမ်များ
ကျမ်းစာအုပ်၊ တုတ်ကောက်၊ ဆေးသွင်းပိုက်......စသောသက်မဲ့များ
ဆရာဝန်၊ သမီး၊ ကြမ်းပိုး......စသောသက်ရှိများ
အခန်းထဲမှာရှိတယ်။

(၂)
တင်းတင်းဆုပ်ထားတဲ့ ဖခင်ရဲ့လက်ထဲမှာ
ဖခင်ရဲ့အတိတ်ရှိတယ်
ပစ္စုပ္ပန်မှာ ဝင်သက်ထွက်သက်မှတ်ပေမဲ့
ဝင်လေထွက်လေမမျှဘူး
ဝင် ၁...ထွက် ၁
ဝင် ၁...ထွက် ၂
ဝင် ၁...ထွက် ၃
ဝင် ၁...ထွက် ၎
အသက်ရှုနှုန်းတွေ နှေး နှေး လာ၊
ပြုခဲ့ဖူးတဲ့ ကုသိုလ်မှာ
စိတ်ကိုကပ်ထား...ဘုရား...ဘုရား...
နှစ်ကုန်ရင်သားကြီးနိုင်ငံခြားကပြန်ရောက်
ဒီနှစ်သမီးလေးဘွဲ့ရ
ဒီကလေးတွေအဆင်ပြေပါ့မလား...ဘုရား...ဘုရား...
ဇနီးမယားရဲ့ ရုပ်ကလာပ်ကိုမြင်ယောင်
ဖျတ်ကနဲ
၃၅ နှစ်အရွယ်က ကိုယ်ကောက်ကျစ်ပစ်လိုက်တဲ့
မိတ်ဆွေရဲ့ အရှုံးမျက်နှာ (ပြုံးပြုံးကြီး) ပေါ်လာ
ဘုရား...ဘုရား...
တစ်ဘဝလုံးသိုလှောင်လာတဲ့သတ္တိများ
အကြောက်တရားအဖြစ်ကန်ထွက် ဇောချွေးများ
နှေးကွေးစက္ကန့်၊ လေးနင့်ဝေဒနာ၊ ခြောက်ခြားစိတ်အင်အား။

(၃)
အခန်းထဲကနေ ဆရာဝန် ခေါင်းခါပြီးထွက်သွားတယ်
ဖခင်ရဲ့ကိုယ်ထဲကနေ ဖခင်ရဲ့ဝိညာဉ် ခေါင်းခါပြီးထွက်သွားတယ်
သမီးရဲ့ရင်ထဲကနေ မြင့်မိုရ်တောင်ကြီး ခေါင်းမခါပဲထွက်သွားတယ်၊

(၄)
သက်ရှိ ၂ ယောက်လျော့သွား (မသိသာ)
သက်မဲ့ ၁ ခု ထပ်တိုး (မသိသာ)
ကျိုးကျိုးပျက်ပျက် ရှိုက်သံကြားက
စိတ်အဆိပ်တက်နေတဲ့ ဝမ်းနည်းခြင်း (သိသိသာသာ) နဲ့
အခန်းထဲမှာ
ကက်ဆက်က တရားသံတခုပဲ (အတည်ငြိမ်ဆုံး)
တည်တည်ငြိမ်ငြိမ် ကျန်နေခဲ့တယ်။ ။

(ဒီကဗျာအား အဝေးရောက် သားတစ်ယောက်၏ မျက်နှာပေါ်မှ ကူးယူခဲ့ပါသည်။)

သုအိုင်စံ

အပြည့်အစုံသို့...

မေညများ …

ကမာပုလဲ

မေဟာ …
မိုးရိပ် မိုးငွေ့ကလေးတွေနဲ့ …။

တကယ်ဆို
မေဟာ နွေပါပဲ
နွေနှောင်းရာသီရဲ့ နှုတ်ဆက်သီချင်းဟာ … မေ။

ငှက်ကလေးတွေက
အိမ်ကလေးတွေကို အလျင်အမြန် တည်ဆောက်
တမိုးစာ စားစရာကလေးတွေကို စုဆောင်း
ပြောင်းလဲစ ပြုလာတဲ့ လေထုကို
မေက ဣနြေ္ဒရရ ရင်ဆိုင်တယ် ...။

မေည တွေမှာ
တခါ တခါ မိုးသက်လေရနံ့
တခါ တရံမှာ လျှပ်နွယ်ထစ်ချုန်း
ရှယ်ရွန်ကော ရဲ့ သူပုန့် နှလုံးသား တေးသွား
တယောဘိုးတံပေါ်မှာ
မေဟာ ...
လှလှပပ ကခုန်တယ်။

နှုတ်ဆက်တယ် မေ
မင်းဟာ တာဝန်ကျေပါတယ်
စက်ရုံ၊ အလုပ်ရုံတွေက
မင်းကို အမှတ်တရ ရှိနေကြမှာပါ

ငါ့မှာသာ
မပြီးဆုံးသေးတဲ့ ယုံကြည်မျှော်လင့် ခရီးရှည်တွေနဲ့
မင့်ကို ...
အိပ်မက်ထဲအထိ .... လွမ်း။ ။

ကမာပုလဲ
မေ၊ ၂၀၁၁။

ရှယ်ရွန်ကော = Sharon Corr ( The Corrs Music Band)
သူပုန့်နှလုံးသား = Rebel Heart ( Violin Tune by Sharon Corr)
http://www.youtube.com/watch?v=Nh1zWWWY22M

အပြည့်အစုံသို့...

မေရနံ့ ၊ သီချင်းတပုဒ်နှင့် နိုင်သူ အကုန်လုံးယူ

အတွတ်

၁၉၇၉- ၈၀ ခုနှစ်က ရှမ်းပြည်နယ် ကလောမြို့မှာရှိတဲ့သည့် အစိုးရ စက်မှုသိပ္ပံကျောင်း ကို တက်ရောက်ခွင့် ရခဲ့သည်။ ရန်ကုန်ကိုပင် တခေါက်၊ နှစ်ခေါက်သာ ရောက်ဖူးသည့် မြစ်ဝကျွန်းပေါ် တောမြို့သားသည် ကလောတွင် ကျောင်းတက်ရမည် ဆိုတော့ မိခင်က ခွင့် မပြုချင်။ သို့သော် သူ့သားအား တလလျှင် ၃၅၀ ကျပ်ခန့် ကုန်ကျ မည့် ဒေသကောလိပ်သို့ ပို့ဆောင်ခြင်းငှာ ဘယ်လိုမှ မစွမ်းနိုင်ခဲ့လေတော့ သွားပေါ့ သားရယ် ဟုသာ သက်ပြင်းမောဖြင့် ပြောနိုင်ရှာခဲ့သည်။

ရန်ကုန်သို့ ရောက်သည်။ သူငယ်ချင်း ဖြစ်သူက ပေါ်ဦးပေါ်စ ဗွီဒီယိုတွေကို လိုက်ပြ သည်။ အိမ်တအိမ်က ပြနေလျင် အိမ်ရှေ့ပလက်ဖေါင်းတွင် ရပ်ကြည့်နေသူတွေ အများကြီး။ အော် ဗွီဒီယိုဆိုတာ ဒါပါလား။ မဟာ ဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ကမ်းနား လမ်းရှိ တရုတ်လူမျိုး အိမ်အချို့က ဗွီဒီယိုကို တံခါးဖွင့်ကာ လမ်းမဘက်လှည့်ပြီး ပြပေးသည်။ လမ်းသွားလမ်းလာ ကျနော်တို့က ရပ်ကြည့်ရသည်။ မောရမှန်းမသိ၊ ပင်ပန်း ရမှန်းမသိ။ အဆန်းတကျယ် ပါလား။

ဗွီဒီယိုများမှ မိုက်ကယ်ဂျက်ဆင်ကို ကြည့်ရသည်။ ဘီးဂျီး တေးဂီတ အဖွဲ့ကို ကြည့် ရသည်။ ဘော်နီ အမ် ( Boney M ) (နောင်တွင် လေယာဉ်ပျက်ကျ တဖွဲ့လုံး သေဆုံး) ကို ကြည့်ခွင့်ရသည်။ ဘီတယ်လ်၊ အီးဂဲ စုံလို့ပင် ကြည့်ရသည်။ တယောက် နှစ်ကျပ် ပေးရသည်။ သို့ဖြင့် အက်ဘာ (ABBA) တေးဂီတ အဖွဲ့ကို ကြည့်ခွင့် ရခဲ့ပါသည်။


အက်ဘာသည် ဆွီဒင်နိုင်ငံမှ ဆွီဒစ်လူမျိုးများ ဖြစ်ကြသည်။ ၁၉၇၂ ခုနှစ် ဆွီဒင်နိုင် ငံ၊ စတော့(က) ဟုန်း ( Stockholm) မြို့တွင် စတင် ဖွဲ့စည်းတည်ထောင် ခဲ့သည်။ တီးဝိုင်း ၏ အမာခံ လေးယောက်ကား လင်မယားစုံတွဲ နှစ်တွဲပင်ဖြစ်သည်။ ဘန်နီ ( Benny Andersson ) နှင့် အန်နီ ( Anni-Frid “Frida” Lyngstad) တို့က တတွဲ၊ ဘီဂျန် ( Bjorn Ulvaeus) နှင့် အဂ္ဂနီသာ ( Agenetha Faltskog) တို့က တတွဲ ဖြစ်သည်။ ဘင်နီက ကီးဘုတ်တီး၊ သီချင်းရေးသည်။ ဘီဂျန်က ဂစ်တာတီးသည်။ အင်နီနှင့် အဂ္ဂနီသာ တို့က ပင်တိုင် အဆိုရှင်များ ဖြစ်ကြသည်။ သူတို့၏ အောင်မြင်မှုကား တေးဂီတ သမိုင်းတွင် စတုတ္ထမြောက် အရောင်းရဆုံး တေးဂီတ၀ိုင်းအဖြစ် ရပ်တည် မှတ်တမ်းဝင်ခဲ့သည်။ ဓါတ်ပြား အယ်လ်ဘမ်များ တကမ္ဘာလုံးသို့ သန်းချီ ရောင်းချနိုင်ခဲ့သည်။

သူတို့၏ ကမ္ဘာကျော်တေးသီချင်းများကို ကော်ပီသီချင်းလုပ်ကာ ဗမာပြည်တွင် “မေဆွိ” ဖြစ်လာခဲ့သည်။ “အယ်ခွန်းရီ” (ယခု နာမည်ကြီးနေသော အယ်ဇိုင်းစီ၊ အယ်ခွန်းဝါ တို့၏ အဒေါ်ဖြစ်သူ) ဖြစ်လာသည်။ ထိုစဉ်က နာမည်ကြီးခဲ့သော “အမြန်ယာဉ်၊ လေယာဉ်ပျံ သီချင်းတို့သည်ကား အက်ဘာ၏ ကမ္ဘာကျော် တေးသီချင်းများကို မြန်မာ စာသားသွပ် ကော်ပီလုပ် ဆိုခဲ့ကြခြင်းဖြစ်သည်။ ကမ္ဘာတွင် အက်ဘာ တေးဂီတ၀ိုင်းသည် အကောင်းဆုံး သံစဉ်သီချင်းများ ဖန်တီးနိုင်သည့် အဖွဲ့ဟု ဂီတသမိုင်း ၀င်ခဲ့သည်။ ၁၉၈၃ လောက်တွင် အက်ဘာအဖွဲ့ ပြိုကွဲသွားခဲ့ပါသည်။

နှစ်တွေ ကြာခဲ့ပြီ။ ကလောတွင် ကျောင်းသုံးနှစ်တက်ပြီးသောအခါ ချယ်ရီ၊ စိန်ပန်းပြာနှင့် ထင်းရူးတောကို စွန့်ခွာခဲ့ရသည်။ ထားဝယ် ဟိန္ဒားသတ္ထုတွင်းတွင် အဆုပ်နာ (သံသယ) ဖြစ်သည်အထိ လုပ်ငန်းခွင်ဝင်ခဲ့သည်။ ဆေးထိုးဖို့ကို အချိန်ပို ဆင်းရသည်။ ယူနီဆက် က ပေးလှူနေသော အဆုပ်နာပျောက်ဆေး ( Strep ထိုးဆေးများ) သည် လမ်းခုလတ်တွင် ပျောက်ဆုံးနေခဲ့သည်။ မန်နေဂျာ အပါအ၀င် အရာရှိကြီးများအတွက် အားဆေးအမျိုးမျိုးသည်ကား ဆေးရုံတွင် အသင့်၊ အလျံပါယ်။ အဆုပ်နာ ထိုးဆေးကို ၀ယ် မထိုးနိုင်သဖြင့် အိပ်ယာပေါ်ကနေ သေနေ့ကို စောင့်နေသော အညတရ မိုင်းအလုပ်သမား များ။ ၁၉၈၈ ဂျွန် ၂၁ ရက်နေ့၊ သတက-၂ (ရန်ကင်း) တွင် ငွေသုံးထောင် လျော်ကြေး ပေးကာ အလုပ်မှ တရားဝင်ထွက်လိုက်သည်။ အမေက သူ့ အိုစာ၊ မင်းစာ လက်ကောက် ကလေး ရောင်းကာပေးသည်။ ထိုနေ့သည်ကား ကမ္ဘာကျော် ၈၈၈၈ အရေးတော်ပုံကြီး၏ အကြိုတိုက်ပွဲ ဂျွန်- ၂၁ အရေးအခင်း ဖြစ်သည့်နေ့ပင် ဖြစ်နေသည်။

၈၈ အရေးတော်ပုံ၊ လူ့ဘောင်သစ်၊ နရသိမ် အကျဉ်းထောင်၊ မျိုးချစ်ဒီမိုကရက်တစ် လူငယ်တပ်ပေါင်းစု (တော်လှန်သော လူ့ဘောင်သစ်) မှသည် လက်ရှိ ဘ၀သို့။

ကလော ကျောင်းမှာတုန်းက ဆရာ တယောက်ပြောလိုက်သည့် စကားကို အမှတ် ရလာသည်။ ကိုယ်ကလည်း အဲဒီသီချင်းကို ကြိုက်သည်။ အက်ဘာ(ABBA)၏ အောင်နိုင်သူသာ အကုန်ယူသွားတယ် (The Winner Takes It All) ဖြစ်သည်။ အပေါ်ယံ လျှပ်ခံစားလျင် အချစ် အသည်းကွဲသီချင်း ဖြစ်သည်။ အသေအချာ ခံစားမည်ဆိုလျင် ဘ၀ထိုထို၏ အဘိဓမ္မာတွေ ပါနေသည်ဟု ခံစားရသည် ….

အောင်နိုင်သူသာ အကုန်ယူသွားတယ်
ငါတို့ ကျော်လွန်ဖြတ်သန်းခဲ့တဲ့ အကြောင်းတွေကို
ဘာတခုမျှ ပြောချင်၊ ဆိုချင် စိတ် မရှိတော့ပါဘူး။

အဲဒီ အကြောင်းတွေက
ငါ့ကို နာကျင်နေစေသော်ငြား…
ခုဆို ဒါဟာ သမိုင်း ဖြစ်ခဲ့ပြီ။
ငါ့မှာ ရှိသမျှ အခွင့်အလမ်းတွေ အားလုံးကို
ငါချခင်း ကစားခဲ့တာပါ။

ပြီးတော့….
မင်းလည်း ဒီလိုပဲ ကစားခဲ့တယ်လေ၊
ပြောစရာ မရှိတော့ပါဘူး….
ကစားဖို့ အရန်ဝှက်ဖဲလည်း မရှိတော့ဘူး။

နိုင်တဲ့လူ အကုန်ယူ
အောင်မြင်မှုရဲ့ နဘေးမှာ ရှုံးတဲ့သူက
သိမ်သိမ်ငယ်ငယ် ရပ်တည်ရတယ်၊
ဒါ… သူမရဲ့ ကံကြမ္မာပဲ။

ငါဟာ…
မင်းရဲ့လက်ထဲ ကျရောက်ခဲ့ရတယ်၊
ဒါကိုပဲ ငါ့ပိုင်ဆိုင်မှု…လို့
ငါ တွေးထင်နေခဲ့တယ်။

အဲဒီ ပုံဖော်မှုက
ငါ့အသိကို ပြဌာန်းခဲ့…
ငါ့ကို စည်းရိုးတခု တည်ဆောက်ပေးခဲ့…
ငါ့ကို သိုက်မြုံတခု တည်ဆောက်ပေးခဲ့…

အဲဒီမှာ
ငါဟာ ကြံ့ခိုင်သန်စွမ်းလာမှာလို့…
ငါထင်နေခဲ့တယ်။

ဒါပေမဲ့…
ဒါဟာ ငါ့ရဲ့ ရူးသွပ်မှုသာ ဖြစ်ခဲ့တာပါ၊
စည်းမျဉ်းတွေ အတိုင်းသာ
ငါ ကစားနေခဲ့တယ်။

ဘုရားသခင်တွေက
အံစာတုံး တတုံးကို လှိမ့်ကာ လှိမ့်ကာ ကစားနေတယ်
သူတို့ရဲ့ စိတ်အာရုံဟာ အေးစက် ရေခဲတုံးသဖွယ်။

ဒီမှာ တစုံတယောက်သောသူဟာ
နိမ့်ကျ ကျရှုံးနေခဲ့….
တစုံတယောက်သော ချစ်မြတ်နိုးသူဟာ
အရှုံးနဲ့ ရင်ဆိုင်ရခဲ့…
နိုင်သူကသာ အားလုံးကို သဲ့ယူနေတယ်။

အရှုံးသမားတယောက်အဖို့
ကျရှုံးမှုကိုသာ ပိုင်တယ်…
ဒါဟာ အင်မတန် ရိုးရှင်းပါတယ်…
ငါ့ဘက်က ဘာကြောင့် စောဒက တက်ရနေရမှာလဲ။

ဒါပေမဲ့ ငါ့ကို ပြောပြစမ်းပါ၊
သူမဟာ မင့်ကို ငါနမ်းသလိုမျိုး နမ်းပါရဲ့လား…
သူမက သင့်အမည်နာမကို ခေါ်တဲ့အခါ
ခံစားမှုဟာ မင်းရင်ထဲမှာ ထပ်တူဖြစ်ပါရဲ့လား။

မင်းသိပါတယ်…၊
ငါမင်းကို သိပ်လွမ်းနေတယ်ဆိုတာ…
ဒါပေမဲ့ ငါပြောနိုင်တာက
စည်းမျဉ်း ဥပဒေသတွေကို ငါလိုက်နာနေရတယ်။

ကစားပွဲဟာ တဖန် ပြန်လာဦးမှာပါ၊
ဒိုင်လူကြီးမင်းတွေက ဆုံးဖြတ်ပါလိမ့်မယ်….
ငါ့ကို ဆုံးဖြတ်ချက်တွေအတိုင်း လိုက်နာစေရမယ်ပေါ့။

ပွဲကြည့် ပရိသတ်ဆိုတာက
အမြဲတန်း စင်အောက်မှာသာ…
ချစ်သူတယောက် (သို့) သူငယ်ချင်းတယောက် အဖြစ်နဲ့လား…
ကြီးမြတ်သူတယောက် (သို့) သိမ်ငယ်သူတယောက် အနေနဲ့လား…
နိုင်သူကတော့ အားလုံးကို သဲ့ယူမှာနော်…။

ငါ့အနေနဲ့ ….
ဘာမျှ ပြောချင်၊ ဆိုချင်စိတ် မရှိတော့ပါဘူး။

တကယ်လို့…
ဒါဟာ မင်းကို
စိတ်ထိခိုက် ၀မ်းနည်းစေတယ်ဆိုရင်၊

ပြီးတော့….
မင်းငါ့လက်ကို ဆွဲကိုင်လှုပ်ရမ်း နှုတ်ဆက်ခဲ့တာကို
ငါ နားလည်ခဲ့ပါပြီ။

ငါ တောင်းပန်ပါတယ်…
တကယ်လို့…
ဒါဟာ မင့်ရင်ကို
ဆိုးဆိုးဝါးဝါး ထိခိုက်စေခဲ့တယ် ဆိုရင် …
အလွန့်ကို စိတ်တင်းကျပ်နေတဲ့ ငါ့ကို၊
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ မရှိတော့တဲ့ ငါ့ကို
မင်း တွေ့နေရမှာပါ။

ဒါပေမဲ့ မင်းမြင်မှာပါ …
နိုင်တဲ့သူ အကုန်ယူမှာ…
နိုင်တဲ့သူဟာ အားလုံးကို သဲ့ယူနေမှာ …. ။

ယူကျု ( you tube) ကျေးဇူးနဲ့ ထပ်ကြည့် ခံစားခွင့်ကို ရနေပါတယ်။ သစ္စာဖေါက် သွားတဲ့ ချစ်သူအတွက် ကြေကြေကွဲကွဲ ခံစားရတယ် မိန်းကလေးအဖြစ် အဂ္ဂနီသာက ခံစားသီဖွဲ့ပါတယ်။ ဂျူးလိယက်ဆီဇာကို လွှတ်တော်ထဲမှာ အသေလုပ်ကြံသတ်ဖြတ်သူထဲ သူ ယုံကြည်စိတ်ချရဆုံးလူ ဗလူးတပ်စ် ပါလာတော့ ဂျူးလိယက်ဆီဇာက “သြော် ဗလူးတပ်စ် … မင်းလည်းပါသကိုး” ( Oh! Brutus you too … ) ဆိုကာ သေဆုံးသွားခဲ့ သည်။

သီချင်းက အချစ်အကြောင်းကိုလည်း ပြောသည်။ သစ္စာဖေါက် ခံရခြင်းကိုလည်း ပြသည်။ လူမှုရေး၊ နိုင်ငံရေး လူ့အဖွဲ့ အစည်း၏ ခံစားမှု အထွေထွေကို ပြောနေသည်။ ဘ၀ သည် ကစားပွဲတခုဟု ဆိုလျင် ထိုကစားပွဲတွင် နိုင်သူ ရှိသလို ရှုံးသူလည်း ရှိမည်။ စည်းမျဉ်းတွေ အတိုင်း ကစားရသူသည် ကျင့်ဝတ်ကို အတော့်ကို ထိမ်းရသည်။ စိတ်ခံစား မှု၊ ဆန္ဒစွဲတို့ကိုလည်း ထိန်းချုပ်သန့်စင်ရသည်။ ကစားပွဲ၏ တရားမှု၊ မတရားမှုကလည်း ပါးပါးကလေးပင် ဖြစ်သည်။ သို့သော် အမှန်တရားကို ယုံကြည်သော၊ အမှန်တရား ဘက်က သတ္တိရှိရှိရပ်သော ကျင့်ဝတ်ကောင်းသည့် ကစားသမားသည် ရှုံးရလျင်လည်း ယာယီပင်ဖြစ်သည်။

“ကစားပွဲဟာ တဖန်ပြန်လာဦးမှာ ( The game is on again)”

မှန်ပါသည်။ ကစားပွဲဟာ ပြန်လာဦးမှာဖြစ်သည်။ တရားမှုနှင့် မတရားမှုတို့၏ ကစားပွဲသည် တရားမျှတမှု မနိုင်မချင်း ကစားပွဲဟာ အသေအချာကို ပြန်လာဦးမှာ ဖြစ်သည်။ စဉ်ဆက်မပြတ်သော ဗမာပြည် လွှတ်မြောက်ရေး လှုပ်ရှားမှုက ဒါကို ပြနေသည်။

“ပွဲကြည့် ပရိသတ်ဆိုတာက အမြဲတန်း စင်အောက်မှာသာ ( spectators of show, always staying low )

ချက်နိုင်ငံ သူရဲကောင်းကြီး ဂျူးလိယက် ဖူးချစ်က “ဘ၀မှာ ပွဲကြည့်သူ မရှိ” ဟုဆို ခဲ့သည်။ မှန်ပါသည်။ ဘ၀မှာ အဘယ်သူသည် ပွဲကြည့်သူ ဖြစ်နိုင်ပါမည်နည်း။ သို့သော် ကြားနေလိုလို၊ ဘာလိုလို၊ ညာလိုလိုနှင့် နိုင်ငံရေး လေထုတွင် ကိုယ့်ကိုယ်ကို ပရိသတ် နေရာယူထားသူများ ရှိသည်။ အကြင်သူသည် အမြဲတန်း စင်အောက်တွင်သာ နေရမည် ဖြစ်သည်။ သဏ္ဌာန်အရ စင်ပေါ်တက်ထိုင်ခွင့်ကို ခေတ်ပျက်တွင် ရနေနိုင်သော်ငြား အနှစ် သာရ ရှိရှိ သမိုင်းတွင် သူသည် ထာဝရ စင်အောက်တွင်သာ။ လိပ်ပြာငယ်လျက်၊ နိမ့်ကျလျက် သာရှိမည်။ ကစားပွဲတွေကား အသေအချာကို ပြန်လာဦးမည် ဖြစ်သည်။ ။

အတွတ်
မေ ၂၀၁၁။

စာကိုး။ ။ http://en.wikipedia.org/wiki/ABBA
သီချင်းကိုး။ ။ http://www.youtube.com/watch?v=jC8f8jrNas4&feature=related
The Winner Takes It All By ABBA

ဝန်ခံချက်။ ။ မူရင်းသီချင်းကို ခံစားဗမာမှုပြုရာတွင် အားနည်းချက်များရှိနိုင်ပါသည်။ အတတ်နိုင်ဆုံး မူရင်းသီချင်း၏ ဆိုလိုရင်း မပျက်အောင် ကြိုးစားခံစားမှု ပြုခြင်းသာ ဖြစ်သည်။

အပြည့်အစုံသို့...

နိဗ္ဗာန်ဘုံ ရှိလား၊ အလုပ်သမားလက်မှတ်နဲ့  မျှော်လင့်ချက် မိုးရေစက်တွေ...

မောင်လွမ်းဏီ

လူတိုင်း ခရီးသွားကြဖူးပါလိမ့်မယ်။ ခရီးသွားတဲ့နေရာမှာလည်း လူတဦးချင်းအလိုက်။ မိသားစုလိုက်၊ ဆွေမျိုးရင်းချာအုပ်လိုက်၊ အပေါင်းအသင်းတသိုက်၊ တလှေထဲစီး တခရီးသွား မိတ်ဆွေ စသည်ဖြင့်ပေါ့။ တခေါက်မဟုတ် တခေါက်မက ရောင်းရေး ၀ယ်ရေး သာရေး နာရေးကိစ္စအဆုံး လူတိုင်း ခရီးသွားခဲ့ကြမှာပါ။ ဘယ်ခေတ် ဘယ်အချိန်ကာလက စခဲ့လေ တယ်မသိပေမဲ့ ရထားဘူတာလေးတွေမှာ၊ သင်္ဘောဆိပ်တွေမှာ၊ ကားဂိတ်တွေမှာ၊ ထမင်းဆိုင်၊ လက်ဘက်ရည်ဆိုင်တွေမှာ၊ အရက်ဆိုင်တွေမှာ ကုန်ကုန်ပြောပါစို့ ၊ ရပ်ရွာထဲက အိမ် ဆိုင်လေးတွေမှာ ခလေးအလုပ်သမားလေးတွေကို မြင်တွေ့ ဖူးခဲ့ကြမှာပါ။ တချို့ ခလေး တွေက ဆွေရိပ်မကင်း မျိုးရိပ်မကင်းတဲ့သူလေးတွေပေါ့။ တချို့ ကလည်း အဖော်သဟဲ ရ အောင်ပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီခလေးတွေဟာ အရွယ်နဲ့ မမျှအောင် အလုပ်လုပ်ကြရ တယ် ဆိုတာပါပဲ။

ဟိုလွန်ခဲ့တဲ့နှစ်ကာလများက ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်လုပ်နေကြရတဲ့ ခလေးတွေကို စာနာ သနားတတ်တဲ့ စိတ်နဲ့  ကိုယ်ချင်းစာတတ်ရုံကလွဲလို့  သူတို့ တွေရဲ့ ဘ၀ပေး အကျိုး နဲ့ အနာဂတ်ကို စေ့စေ့ စပ်စပ် စဉ်းစားမိခဲ့သူ အတော်ရှားပါးမယ် ထင်ပါတယ်။ “ကောင်လေး ဒီအထုပ်ကို ကားပေါ်တင်ပေး။” “ဒီဆွဲခြင်းကြီးကို ရထားထိုင်ခုံအောက် သွင်းပေးဟေ့။” “လက်ဘက်ရည် တခွက်ကွာ၊ စီးကရက်တပွဲပါယူခဲ့။” “လက်ဘက်တပွဲရယ်၊ ဘဲခေါင်းတခြမ်း ရယ်၊ အရက်တလုံး မြန်မြန်လုပ်ကွာ ချာတိတ်” ဆိုတဲ့ အသံတွေဟာ မြန်မာလူ့ ဘောင်အဖွဲ့  အစည်းမှာ မသိလိုက် မသိဘာသာ စွဲကပ်လာတဲ့ ခလေးသူငယ်တွေရဲ့ ဘ၀ ပဲ့တင်သံတွေ မဟုတ်ပါလား။ ပူလောင်ပြင်းထန်လှတဲ့ နွေနေအောက်မှာ ရထားအရပ် “ရေအေးအေးလေး ယူကြအုန်းမလားရှင့်” ဆိုတဲ့ အားကိုးတကြီးနဲ့  အသံတိမ်တိမ်၊ မျက်လုံးအ၀ိုင်းသား ၈ နှစ် ရွယ် ရေသည် မလေးတွေရဲ့ ခေါင်းပေါ်က ရေအိုးလေးဟာ ဘ၀ခါးခါးကို ပိပြားသွားစေနိုင် တဲ့ပုံရိပ်။ အရက်ပုလင်း တလုံးပိုက်ပြီး မစစ်ရင် ပြန်ပေးဦးလေး” လို့  ဈေးခေါ်နေတဲ့ ခလေး ငယ်တွေရဲ့  ဘ၀သရုပ်ဖော်ပန်းချီ။ ဒါတွေကို သီချင်းသီဖွဲ့ ရင် တဘ၀စာ ရင်ခုန်သံတွေဖြစ် မှာပါ။
မကြာလှတဲ့ နှစ်ပိုင်းတွေကမှ (Child labour) ချိုင်းလေဘာလို့ ပြောဆိုလာကြတဲ့ ခလေး အလုပ်သမား ပြဿနာဟာ ကျယ်ကျယ်လောင်လောင် ကြားလာရတယ်လို့ ပြောရမှာပေါ့။ ပညာသင်ကြား ရမဲ့ အရွယ်၊ မိဘရင်ခွင်မှာ အိပ်ယာဝင် ပုံပြင်တွေကို နားထောင်ခံစားရမဲ့ အရွယ်မှာ ထမင်းစား ကျွန်ခံဘ၀နဲ့  ရုန်းကန်နေကြရတဲ့ ဒီခလေးငယ်တွေကို ရှေးဝဋ်ကြွေးပါ လို့  လို့ ပြောရင် တရားမဲ့လွန်းမှာပါ။ အခြေခံကျတဲ့ အဖြေကတော့ နိုင်ငံရေး၊ စီးပွားရေး စနစ် တွေရဲ့  လက်ဝေခံပြဿနာတွေလို့ ပဲ ကောက်ချက်ချရမှာပါ။ စောစောက ပြောခဲ့သလိုပါပဲ မြန်မာနိုင်ငံတွင်းမှာ ဘယ်ခေတ် ဘယ်အချိန်ကာလက စခဲ့လေတယ်မသိပေမဲ့ ခလေးအလုပ် သမား ယဉ်ကျေးမှုကတော့ ထွန်းကားရှင်သန်နေမြဲလို့ ဆိုရမှာပေါ့။ အနီးဆုံး အိမ်နားနီးချင်း နိုင်ငံ ဖြစ်တဲ့ ထိုင်းနိုင်ငံက မဲဆောက်မြို့ ဟာ မြန်မာပြည်သား သိန်းနဲ့ ချီ လာရောက်နေထိုင် လုပ်ကိုင် စားသောက်နေကြတဲ့မြို့ ပါ။ မဲဆောက်မြို့ က မြန်မာလက်ဘက်ရည်ဆိုင်၊ အရက် ဆိုင်၊ စားသောက်ဆိုင်၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်၊ တောင်ယာစိုက်ခင်း နဲ့  အိမ်တွင်း အလုပ်ရုံတွေမှာ ၁၃ နှစ် မကျော်တဲ့ ခလေး အမြောက်အများကို မြင်းဖူးတွေ့ ဖူးနေကြမှာပါ။ တချို့  လူကြီးမင်းတွေဆိုရင် ဆိုင်ထဲ နေရာမယူသေးပါဘူး။ “ပေါက်စတကောင်ရောကွ၊ ဖန်ခွက်တွေ ချပါအုန်း” ဆိုတဲ့ အသံက ဆိုင်နံရံကို ပုတ်ခတ်လိုက်တော့တာ ပဲလေ။ ဘာပဲပြောပြော မတန်တဆ ချွေးနည်းစာဟာ ဘ၀တခုလုံး ဆာလောင်နေမှုတွေကိုတော့ တင်းတိမ် နိုင်မှာ မဟုတ်ပါဘူး။

ခလေးသူငယ်တွေနဲ့ ပတ်သက်လို့ ဒီထက် ဆိုးရွားလာနေတဲ့ ပြဿနာတွေကတော့ ခလေးစစ်သား စုစောင်းခံရတာနဲ့  ခလေးကုန်ကူး ရောင်းဝယ်မှုတွေပါ။ မကြာခန ဆိုသလို တွေ့ မြင်နေရတဲ့ ခလေးစစ်သား စုစောင်းခံရတဲ့ မိဘလုပ်သူတွေရဲ့  မျက်ရည်တစမ်းစမ်းနဲ့  သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့ တွေကို လိုက်ပြီး အသနားခံ တောင်းပန်နေကြတာတွေ၊ ခလေး ကို ပြန်ခေါ်ကြရတာတွေ၊ ငွေပေးရွေးကြရတာတွေပါ။ တချို့  မခံချင်စိတ်ရှိတဲ့ မိဘတွေက တော့ ဒီလို မတရားတာကို မခံဘူးဟေ့ဆိုပြီး (အိုင်အယ်အို) ကို တိုင်တန်းတဲ့ အမှုတွေ ကလည်း မကြားချင်အဆုံးမဟုတ်လား။

နောက်တခုကတော့ ခလေးကုန်ကူးသန်းရောင်းဝယ်မှုတွေမှာ သားကောင်ဖြစ်ရတဲ့ ခလေးတွေပါ။ လွန်ခဲ့တဲ့ ၃ နှစ်က နာဂစ်မုန်တိုင်းကျရောက်ပြီး မြစ်ဝကျွန်းပေါ်ဒေသဟာ ခလေးကုန်ကူးသန်းရောင်းဝယ်ရေး ဈေးကွက်ကြီးအတွက် ကုန်ကြမ်းပစ်မှတ်ဖြစ်ခဲ့ရပါတယ်။ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မော်လမြိုင် အပါအ၀င် မြို့  ကြီးတွေဟာ ခလေးကုန်သည်တွေနဲ့  ခြေခြင်းလိမ်ခဲ့တယ်လို့ ဆိုရမှာပေါ့။ ပြီးခဲ့တဲ့ လပိုင်းက မြစ်ဝကျွန်း ပေါ်မှာပါပဲ။ မုန်တိုင်းကျ ရောက်ပြန်တဲ့အတွက် သောင်းချီတဲ့ ကျားဖောင်ရေလုပ်သားတွေ ပင်လယ်ထဲ မျောပါ ပျောက်ဆုံးခဲ့ရပါသေးတယ်။ လူ ၂၀၀၀ ကျော် ပျောက်ဆုံးသွားခဲ့တယ်ဆိုတော့ ကျန်ရစ်သူ မိသားစုတွေဟာ အနည်းဆုံးတော့ ၄၀၀၀ ရှိနိုင်မှာပေါ့လေ။ ဒီမိသားစုတွေရဲ့ ခလေး သူငယ်တွေရဲ့  အနာဂတ်ဟာ ခလေးဈေးတန်းမှာ လေလံပစ်ခံရလေမလား၊ ခံစားနာကျင်စရာ ကောင်းလှပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော် စိုင်းထီးဆိုင်ရဲ့  နှစ် ၃၀ နီးပါးရှိပြီဖြစ် ပေမဲ့ ယနေ့ တိုင် ကျော်ကြားနေတဲ့ သီချင်းတပုဒ် ရှိပါတယ်။ “ပျောက်ဆုံးသွားသော နိဗ္မာန်ဘုံ” ဆိုတဲ့ သီချင်းလေးပါ။ ပျောက်ဆုံးသွားတဲ့ ငယ်စဉ်ခလေးဘ၀ကို တမ်းဆွတ်တဲ့ သီချင်းလေး ဆိုပါတော့။ ဒီခလေးတွေမှာ မွေးရာမပါတဲ့ နိဗ္မာန်ဘုံလား။ နိဗ္မာန်ဘုံရှိလားလို့ ပဲ စဉ်းစားရ ခက်နေပါတော့တယ်။

x x x x x x x



“၀ပ်ပါပစ်လို့ ခေါ်တဲ့ အလုပ်သမားလက်မှတ်တွေ အသစ်ထပ်လုပ်ပေးတော့မယ် ဆိုပြီး ထိုင်း အာဏာပိုင်တွေက သတင်းထုတ်လိုက်တာနဲ့  ရှေ့ ဆင့် နောက်ဆင့် ဆိုသလို မြန်မာပြည်သား ရွှေအလုပ် သမားတွေဗျာ၊ ရရာ ခိုးလမ်း တိုးလမ်းတွေကနေ မဲဆောက် အိပ်မက် တွင်းနက်ထဲကို အစုလိုက် အပြုံလိုက် ခုန်ဆင်းလာလိုက်ကြတာ ရေသွန်ကျလာ သလိုပဲ” လို့  ဥပမာပေးပြောနေတဲ့သူရဲ့ လက်ထဲမှာ စာရွက်လိပ် တထပ်ကို တွေ့ ရနိုင်ပါတယ်။ မှားစရာ မရှိပါဘူး။ လက်မှတ်အသစ်လုပ်မဲ့သူတွေရဲ့ ကိုယ်စားလှယ်ပါလို့ အမည်တတ်ထားတဲ့ ၀ပ် ပါမစ်ပွဲစားပါပဲ။

မဲဆောက်မြို့ ကို စီးပွားရေးဇုံ လုပ်တော့မှာနဲ့  အလုပ်သမားလက်မှတ် (၀ပ်ပါမစ်) တွေ အသစ် ထပ်မံ ပြုလုပ်ပေးမယ်ဆိုတဲ့ ထိုင်းအာဏာပိုင်တွေရဲ့ တရားဝင်သတင်းတွေ ကြောင့် မြန်မာပြည်သားတွေမှာ “အထုပ်ကလေးပိုက်လို့ လိုက်ပါရစေတော့ ရွှေနွယ်ရိုးရယ် ” ဖြစ်နေ ကြရပါပြီ။ ထိုင်း မြန်မာနယ်စပ် ၀င် ပေါက်တွေကနေ တိုးဝင်လာနေကြဆဲမှာ မဲဆောက် ၀င်ပေါက်တွေကပဲ တနေ့ တနေ့  ၀င်လာနေတဲ့ မြန်မာ ပြည်သားဦးရေဟာ ၁၀၀၀ ကျော် ရှိနေတယ်ပေါ့။ ခုလက်ရှိအခြေအနေမှာ မြန်မာနိုင်ငံသားတွေ အဖမ်း အဆီးခံရရင် ထိုင်းရဲ တပ်ဖွဲ့ က လူဝင်မှု ကြီးကြပ်ရေး (လ၀က) ကို တိုက်ရိုက် ပို့ဆောင်ပေးလိုက်ပြီး လ၀က အချုပ်ကတဆင့် မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်ပို့လေ့ရှိပါတယ်။ ဒါပေမဲ့ မဲဆောက်က ရဲနဲ့  လမ်းဘေးမှာ ညှိရရင်လည်း ရတတ်တယ်။ နှစ်ထပ်အချုပ်မှာ လက်သိပ် ထိုးလိုက်လို့ လည်း လွတ်နိုင်တယ်။ နောက်ဆုံး လ၀ကမှာပဲ ပွဲစားနဲ့ ပြန်ထုတ်ယူလိုက် လို့ လည်း ရနေပြန်တောဲ့” ကြောက်တတ်ရင် မဲဆောက် မလာနဲ ”့လို့  ပြောကြတာ နေမှာပါ။

အလုပ်သမားလက်မှတ်အသစ်တွေကို ဘယ်နေ့ ဘယ်ရက်မှာ ပြုလုပ်ပေးမယ် ဆိုတာ တိတိကျကျ မသိရသေးပေမဲ့ ဒီတကြိမ် လက်မှတ်အသစ်တွေ လုပ်ပေးပြီးရင်တော့ တရား မ၀င် နေထိုင်လုပ်ကိုင်နေ သူတွေကို ခပ်ကြမ်းကြမ်း ဖမ်းဆီး အရေးယူမှုတွေ ပြုလုပ်သွားမယ် လို့ လည်း ကြားသိနေရပြန်တော့လည်း ကြက်သီးထသူကထပေါ့။ ခုတလော ၀င်ရောက် လာနေသူတွေကို နေ့ စဉ် ရက် ဆက်ဆိုသလို ဖမ်းဆီးနေတာပါ။ လက်မှတ်အသစ်တွေကို ထပ်လုပ်ပေးမယ်ဆိုတာကလည်း လက်မှတ်အဟောင်းရှိသူ တွေက သက်တမ်းမဆက်တဲ့ အတွက် အသက်ဆက်ဖို့ နဲ့  ဘာလက်မှတ်မှ မကိုင်ဆောင်သူတွေကိုလည်း ထပ်မံ အသစ်ပြု လုပ်ပေးဖို့  အတွက်ပါ။ ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်သူတွေရဲ့  သတင်းတွေအရတော့ ဒီတခါ အရင် ပုံစံမဟုတ်တော့ပါဘူး။ ဖမ်းမိတဲ့ မြန်မာအလုပ်သမားတွေကို လူမှုဖူလုံရေးစခန်း တခုမှာ ယာယီထိန်းသိမ်းထားမယ်။ မှတ်ပုံတင်မယ်။ ဓာတ်ပုံမှတ်တမ်းတွေယူမယ်။ မြန်မာ ပြည်က နေရပ်ရင်း လိပ်စာတွေယူမယ်။ ပြီးရင် မြန်မာဘက်ကမ်းကို ပြန်ပို့ မယ်ပေါ့။ ဖမ်းဆီး ပြန်ပို့ တဲ့သူတွေကို ဒဏ်ငွေလည်း တတ်ရိုက်မှာ ဖြစ်တယ်တဲ့။

ဒီတခါ ထူးခြားတာ နောက်တခုကတော့ အလုပ်သမား လက်မှတ်ကိုင်ဆောင်ထားသူ မိဘဇြစ်သူ တွေအနေနဲ့  အသက် ၁၅ နှစ်အောက် ကလေးတွေကို မှီခိုသူအဖြစ် ခေါ်ယူထား နိုင်ပြီး ၁၅ နှစ်အထက် ကလေးတွေအတွက်တော့ သီးခြားလက်မှတ် ပြုလုပ်ကိုင်ဆောင်ရ မယ်လို့  သိရှိရတာပါပဲ။ အခြေခံ အချက် ကတော့ အလုပ်သမားလက်မှတ် မှတ်ပုံတင်ခွင့်ပေး ခြင်းဟာ ထိုင်းနိုင်ငံအတွင်းကို တရားမ၀င် ၀င်ရောက် နေထိုင် အလုပ်လုပ်နေခြင်းကို ကာကွယ် တားဆီးတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့  မြန်မာပြည်သား တွေကတော့ ခိုးလာတယ်၊ ဖမ်းတယ်၊ ငွေပေးတယ်၊ ပြန်ပို့ တယ်၊ ပြန်လာတယ် ဆိုတဲ့ သံသရာ နွံထဲမှာ ၀ဲလည်နေဆဲပါပဲ။

နိုင်ငံတကာ မေဒေးနေ့မှာပဲ မြန်မာအလုပ်သမားတွေအတွက် နိုင်ငံလုံးဆိုင်ရာ အလုပ်သမား အစည်း အရုံးအဖွဲ့ချုပ်ကို ဖွဲ့စည်းတည်ထောင်သွားမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြေညာခဲ့ပါတယ်။ ဖွဲ့ စည်းခွင့် ရ မရတော့ မပြောတတ်ပါဘူး။ န၀တ၊ နအဖ စစ်အစိုးရ လက်ထက်တွေတုန်းကတော့ အလုပ်သမားတွေ အနေနဲ့ လွတ်လပ်တဲ့ အလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့် မရခဲ့ဖူးပါဘူး။ အစိုးရသစ် အနေနဲ့ ခွင့်ပြုနိုင်မလား စောင့်ကြည့်နေကြတယ်ပေါ့။ ပြည်တွင်းမှာ လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမားတွေ လည်း အလုပ်ချိန် ပိုပြီး ခိုင်းစေခံရတာတွေ၊ လုပ်ခလစာ အပြည့်အ၀ မရရှိတာတွေ၊ လူမှုရေးစောင့်ရှောက် ထောက်ပံ့မှုတွေ ကင်းမဲ့တာတွေကြောင့် မကြာခနဆိုသလို စက်မှု ဇုန်တွေမှာ အလုပ် သမားတွေရဲ့ ဆန္ဒပြ တောင်းဆိုမှုတွေ ရှိခဲ့တဲ့အတွက် ခုလို အလုပ်သမား အစည်းအရုံးတွေ ဖွဲ့ စည်းဖို့  ကြိုးပမ်း တာတွေဟာလည်း ပြည်တွင်းပြည်ပအလုပ်သမားထု အတွက် ရလဒ်ကောင်းတွေ ဖြစ်လာနိုင် ပါတယ်။ ပြည်ပမှာရှိတဲ့ အလုပ်သမားအဖွဲ့ အစည်း တွေဆိုတာကလည်း တကယ့် အလုပ်သမားထုကြီး တခုလုံးရဲ့ ပြဿနာ အရပ်ရပ်တွေကို အကုန်အစင် ဖြေရှင်းမပေးနိုင်သေးဘူး မဟုတ်လား။ ဘယ်လို အခြေ အနေမျိုးမှာဖြစ်ဖြစ်၊ မြန်မာပြည်သားချင်း၊ အလုပ်သမားအချင်းချင်း၊ ဘ၀တူ အချင်းချင်း ၊ အပြန်အလှန် လေးစားမှုတွေ၊ ချစ်ခင်မှုတွေ၊ နားလည်မှုတွေနဲ့ သွေးစည်းညီညွတ်ဖို့ က အရေးကြီးဆုံးပါပဲ။

x x x x x x x

”မိုးတွေအရမ်းရွာနေတယ်ဦး။ အရမ်းသဲတာပဲ။ တနေ့ လုံး တညလုံးပဲ။ ဦးတို့ ဆီမှာ ရော တအား ရွာလား။ ဒီရက်ထဲ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မယ်လို့ ပြောနေကြတယ်။ မနက်က မေမေတော့ အင်းစိန်ထောင်လိုက်သွားတယ်။ မော်လမြိုင်က ဖေဖေ့ သူငယ်ချင်းဆီ လည်း သမီး ဖုန်းဆက်ကြည့်တယ်။ ဘာမှ မထူးသေးဘူးတဲ့။ ဦးတို့ ဆီမှာရော ဘာတွေ ကြားလဲဟင်။” မြန်မာပြည်ထဲကနေ အင်တာနက် အွန်လိုင်းက လှမ်းပြောနေတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတဦးရဲ့  သမီးလတ်ဖြစ်သူရဲ့  မျှော်လင့်ချက် ရင်ခုန်သံ စိုစွတ်နေတဲ့ စကားတွေပါ။ သူ့ ဖခင်က ၂၆ နှစ် ကျခံနေရ တာပါ။ နှစ်ရှည်ထောင်ဒဏ် အကျဉ်းသားလို့ ဆိုရမှာပေါ့။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အကျဉ်းထောင်ထဲမှာ ၁၄ နှစ် ပြည့်တဲ့ လပေါ့။ အင်းစိန်ထောင်၊ မြင်းခြံထောင်တွေမှာ နေထိုင်ခဲ့ရပြီး ခုလောလောဆယ် မော်လမြိုင် ထောင်မှာပါ။

တွေးဆရုံနဲ့ ပဲ မြင်တွေ့ ရနိုင်တဲ့ ထောင်တွေရှေ့ က မိသားစုဝင်တွေရဲ့  ဘ၀အမော တွေကိုပါ။ ရင်ထဲမှာ၊ အသည်းနှလုံးထဲမှာ၊ အတွေးထဲမှာ၊ အိပ်မက်ထဲမှာ၊ အသွေးအသား ထဲမှာ၊ မျက်ဝန်းတွေထဲမှာ မျှော်လင့်ချက်တွေ ပျော်ဝင်နေတာ မဟုတ်လား။ ”သဲသဲမဲမဲ ရွာနေတဲ့ မိုးထဲမှာလေ။ မိန်းမတွေက များတာပေါ့။ ထီးစောင်းပြီး ဇွဲကောင်းကောင်းနဲ့ စောင့် နေရှာတာ။ မျှော်လင့်ချက်ပေါ့။ သူတို့ မျှော်လင့် ချက်ပေါ့။ ခုမှ မဟုတ်ဘူးလေ။ သူတို့ စောင့် မျှော်လာတဲ့ နှစ်တွေ ဘယ်လောက်တောင် ရှိပြီလဲ မသိဘူးဗျာ။” သတင်းလာယူတဲ့ မီဒီယာ သမားတဦး ကြေကြေကွဲကွဲ သူ့ မိတ်ဆွေတွေကို ပြောပြနေတာကို သူငယ်ချင်း တယောက် က သူတွေ့ ခဲ့ပုံကို မေးလ်ပို့ ပြီး ပြောလာပါသေးတယ်။

အသစ်တက်လာတဲ့ မြန်မာအရပ်သားအစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် လွှတ် ပေးရေးအတွက် တောင်းဆိုမှုတွေကို မြန်မာနှစ်ဆန်း ၁ ရက်နေ့က စတင်ခဲ့တာ ခုလို လှုပ်ရှားမှုတွေ ကျယ်ြ ပြန့်လာတာပါ။ လူထုအခြေပြု လူငယ်ကွန်ယက်တွေကနေ စတင်ခဲ့တဲ့ ဒီလှုပ်ရှားမှုကို NLD ပါတီကလည်း အပြည့်အ၀ ပူးပေါင်း ပါဝင်ခဲ့သလို စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာရှင်တွေလည်း ၀ိုင်းဝန်းပြီး တောင်းဆို လှုပ်ရှားနေကြဆဲပါ။

အကျဉ်းသားမိသားစုဝင်တွေမှ မဟုတ်ပါဘူး။ လူအားလုံးက လွတ်စေချင်ကြတာပါ။ အကျဉ်းငရဲ ဆိုတာ တစက္ကန့် လေးမှ နေဖို့ မကောင်းတဲ့အရပ်မဟုတ်လား။ ထောင်ထဲ တန်း ထဲကနေပဲ ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူအတွက်။ ကိုယ့်အခွင့်အရေးတွေ၊ ကိုယ့်ယုံကြည်ချက်တွေအတွက် ဒူးမထောက် ခေါင်းမကျိုးပဲ မားမားရပ်ခံနေတဲ့ သူတွေမှ သူရဲကောင်း မဟုတ်ရင် ဘယ်လို လူကို သူရဲကောင်းလို့  သတ်မှတ်ရမှာလဲ။ သို့  ပေမဲ့ ဒီလို သူရဲကောင်း တွေကို ကိုယ့်ပြည်သူတွေရဲ့ ရှေ့ မှာပဲ မြင်တွေ့ ချင်ကြတာ၊ ဆန္ဒရှိကြတာ မဟုတ်ပါလား ။

စာရေးဆရာကြီး ဒဂုန်တာရာကလည်း နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးစေလို ကြောင်း တွေ့ဆုံမေးမြန်းခန်း တခုမှာ ပြောကြားခဲ့ပါသေးတယ်။ အာဏာရှင်တွေဟာ နိုင်ငံ ရေးအကျဉ်းသားတွေကို နိုင်ငံရေးဓားစာခံများသဖွယ် ဖမ်းဆီးထိန်းသိမ်းလေ့ရှိတယ်။ နိုင်ငံ တကာဆက်ဆံရေးမျက်နှာစာမှာ ဖိအားပေးမှုတွေကို ရှောင်လွှဲလေ့ရှိတတ်တယ်လို့ လည်း နိုင်ငံရေးလေ့လာသူတွေ ပြောကြားတာကိုလည်း ကြားလိုက်မယ် ထင်ပါတယ်။ “မြန်မာ့ နိုင်ငံ ရေးမှာ နိုင်ငံရေးအကျဉ်းသားလွှတ်ပေးဖို့ တလျှောက်လုံး ပြည်တွင်းပြည်ပက တောင်းဆို တိုက်တွန်းလာခဲ့တာ။ လွှတ်ပေးရင်တော့ ဒါဟာ ပြုပြင်ပြောင်းလဲမှုရဲ့ ထင်ရှားတဲ့ခြေလှမ်း ဖြစ်တယ်။ နိုင်ငံရေး ဓားစာခံတွေလိုဖြစ်မနေသင့်တော့ဘူး” လို့  ပြောပြတဲ့ ဆရာကြီး ဦးဝင်းတင် ရဲ့ စကားက မလေးနက်ပေဘူးလား။

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေးနဲ့  ပတ်သက်လို့  သူ့ အနေနဲ့  မျှော်လင့်ချက် ရှိနေဆဲဖြစ်ပေမဲ့ ခုချိန်ထိ မလွှတ်ပေးတဲ့အတွက် အရပ်သားအစိုးရသစ် ပြောင်းတယ်လို့  မထင်မြင်မိဘူးလို့  နံမည်ကျော် ကာတွန်းဆရာ အော်ပီကျယ်ကတော့ သူ့ အမြင်ကို ပြောပြတာကလည်း သူ့ လိုပဲ ခံစားကြရမှာပါ။ “လွှတ်စေချင်လှပါပြီဗျာ။ ကျနော်တို့ အခု အစိုးရအသစ် ပြောင်းပြီးတော့ဗျာ။ မြန်မာ နှစ်ဆန်း တရက်နေ့ နောက်ပိုင်း မြန်မာပီပီပေါ့ဗျာ။ မေတ္တာတရား ထားပြီးတော့ လွှတ်ပေး မယ်လို့ ထင်ထားတာပေါ့ဗျာ။ လူတော်တော်များများကလည်း မျှော်လင့်ကြတာ။ ဒါပေမဲ့ မျှော်လင့်သလို ဖြစ်မလာတော့ ထုံးစံအတိုင်းပဲ ဪ အရင် အတိုင်းပါပဲ လို့ပေါ့လေ။ အစိုးရသစ်လည်း မပြောင်းပါဘူး အဲဒီလိုပဲ စိတ်ထဲ ခံစား ရတာပေါ့ဗျာ” တဲ့။

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုတွေ အရှိန်အဟုန် မြင့်တက်လာနေချိန်မှာပဲ ဦးကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်းကလည်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ကိစ္စ အစိုးရထံ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြတယ်လေ။ အခုလို လှုပ်ရှားတောင်းဆိုမှုတွေ အရှိန်မြင့်လာနေပေမဲ့ အစိုးရဘက်က တစုံတရာ တုံ့ပြန်ခြင်း မရှိတာဟာ လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စနဲ့ ပတ်သက်ပြီး ထိပ်ပိုင်းခေါင်းဆောင်တွေကြား ညှိနှိုင်းလို့ မရနိုင် သေးတဲ့ အခြေအနေတွေကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိတယ်ပေါ့။

“ကျနော်တို့အသင်းက အသင်းသားတွေ၊ အသင်းသူတွေ အားလုံးကနေပြီးတော့ သူတို့ဆန္ဒ အလျောက် လက်မှတ်ဝိုင်းထိုးကြတာပါ။ ဆက်ပြီးတော့လည်း ထိုးနေကြတုန်းပါပဲ။ ဒါက နောက်တသုတ် ထပ်တင်ရမှာပါ။ နေပြည်တော်တော့ တိုက်ရိုက် အဆက်အသွယ် မရှိဘူး။ အဲဒါကြောင့် NLD အဖွဲ့ကိုပဲ ကျနော်တို့ သွားပြီး ပေးထားပါတယ်။ နိုင်ငံရေး အကျဉ်းသားတင် မကဘူး၊ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်စေချင်တဲ့အတွက် ကျနော်တို့ အဲဒီ လက်မှတ်ကို ထိုးတာပါ။” ပြည်တွင်းစစ် ရပ်စဲဖို့နဲ့ နိုင်ငံရေး ပြဿနာတွေကင်းပြီး ငြိမ်းချမ်းတဲ့နိုင်ငံတခုဖြစ်လာဖို့ လိုလားတဲ့ ဒီအဖွဲ့ကြီးအနေနဲ့ တရားမျှတပြီး မှန်ကန်စွာ တောင်းဆိုတဲ့ ဒီလှုပ်ရှားမှုတွေအတွင်းမှာ အဖွဲ့သားတွေအားလုံး ပူးပေါင်းပါဝင်ဖို့ ဆုံးဖြတ် သဘောတူညီခဲ့ကြတယ်လို့ ပြောပြသွားတဲ့ နာရေးကူညီမှုအသင်းရဲ့ ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ တို့ ရဲ မွန်မြတ်တဲ့ ရည်မှန်းချက် လုပ်ငန်းစဉ်တခုဆိုရင် မမှားပါဘူး။

တောင်ကြီးထောင်မှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီရဲ့ ညီမ မသန္တာယုကလည်း သူတို့ ရဲ့ မျှော်လင့်ချက်ရောင်ခြည်လေးကို တမ်းတမ်းတတ ပြောပြတာ လွမ်းမောစရာပါ။ “ဖြစ်နိုင်မလားပေါ့၊ တယောက်နဲ့တယောက် ဒီလိုပဲ မျှော်လင့်ပြီး နေနေကြတာပဲ။ မျှော်တာတော့ မျှော်နေကြတာပဲပေါ့၊ အကုန်လုံးက။ အခု ဒီမှာ ပြောနေကြတာ လွတ်နိုင်တယ် ဘာညာ ဆိုကတည်းက ကိုယ်က အဲဒါကို မျှော်လင့်နေတာပေါ့။ အစိုးရသစ် ဆိုတော့လည်း ပိုမျှော်လင့်တာပေါ့။”တဲ့။

မြန်မာနိုင်ငံက ထောင်အသီးသီးမှာ နိုင်ငံရေးမှုတွေနဲ့ အကျဉ်းချခံနေရသူတွေဟာ နှစ်ရှည်ထောင် ဒဏ်၊ နှိပ်စက်ညှဉ်းပန်းခံရတဲ့ဒဏ်၊ မြို့ပြနဲ့ ဝေးလံလှတဲ့ နယ်ထောင်တွေမှာ ဆင်းဆင်းရဲရဲ ချို့ ချို့ တဲ့တဲ့ နေထိုင်နေရတာ။ ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြတာ။ ထောင်ဝင်စာ ပုံမှန်မရတာ။ လွတ်ရက် စေ့ပေမဲ့လည်း ဆက်လက် ချုပ်နှောင်ခံနေရတာ တွေကို ရင်ဆိုင်ဖြတ်သ်း နေကြရတာပါ။

မော်လမြိုင်ထောင်မှာ ၂၆ နှစ် ကျခံနေရတဲ့ ဖခင်ဖြစ်သူအတွက် သမီးလတ်က သတင်း လှမ်းမေးရှာ သလို ညီဖြစ်သူ ကဗျာဆရာ ရဲရင့်သက်ဇွဲကလည်း ကဗျာတပုဒ်ရေးဖွဲ့ ပြီး ခံစားမျှဝေခိုင်းခဲ့ပါတယ်။ ကဗျာ ခေါင်းစဉ်က “ မိုးတွေမဟုတ်ဘူး ... မျှော်လင့်ချက်တွေ”။ တဲ့။ သူ့ ကဗျာထဲက စာသားလေးတွေကို ခံစား ကြည့်စေချင်ပါတယ်။

အမေ့ သားကြီး အင်းစိန်ထောင်မှာရှိတုန်းက
ဒီလိုသတင်းကြားရတိုင်း မျှော်လင့်ချက် အလံထူ
အင်းစိန်ထောင်ဗူးဝမှာ မြေးလေးတွေနဲ့ အတူ
ထမင်းမေ့ ဟင်းမေ့  မျှော်ရှာသူလေ.....။

အခုလဲ ... ဒီသတင်း
အမေ့ ရင်တွင်း မျှော်လင့်ချင်းများစွာ
တဆယ့်လေးနှစ်တာကို ဖြတ်သန်းခဲ့ပြီး
ကျန် တဆယ်နှစ်နှစ်တာကိုလည်း
မျှော်လင့်ချင်းများစွာနဲ့  ဖြတ်သန်းရဦးမှာပါပဲ .....။

မိုးတွေ သဲသဲမဲမဲရွာနေတဲ့ကြားက
မော်လမြိုင်ထောင် မသွားနိုင်တဲ့အမေ
အထူ အတွဲ ရှိမှ ထနိုင် ထိုင်နိုင် သွားနိုင်တဲ့အမေ
အကျဉ်းသားလွတ်မြောက်ရေးသတင်း အကြားမှာ
အမေတယောက် သူ့ သားကြီးစိတ်နဲ့  ယောက်ယက်ခတ်နေပုံများ
အထူအတွဲမလို
အိမ်ပေါ် အိမ်အောက် ဆင်းလိုက် တက်လိုက် တက်လိုက် ဆင်းလိုက်
သားပြန်အလာကို မျှော်ရှာပုံများ .......။

သဲသဲမဲမဲရွာနေတဲ့မိုး
မဟုတ်ဘူး ...မဟုတ်ဘူး အဲဒါမိုးတွေ မဟုတ်ဘူး.....

သဲသဲမဲမဲရွာနေတာ
အမေ့ ရဲ့  မျှော်လင့်ချက်တွေ ........။ တဲ့။
မျှော်လင့်ချက် မိုးရေတွေနဲ့ ကမ္ဘာမြေကို စိမ်းလန်း ငြိမ်းချမ်းနိုင်ပါစေသား။

၆ - ၅ - ၂၀၁၁

အပြည့်အစုံသို့...

Tuesday, May 17, 2011

A Poem of the Moon


I love…
Dad, Mom and my buddies..
I want to go
To the village that Dad and Mom've always accounted of.

I want to know
About the language, literature
Culture and arts that belong to my parents…

My Mom sheds tears
When Dad talks about our country, land,
Buffalo, cows, horses
Songs, and Poems…

But
I don’t understand.

I don’t want to ask
Cause we'd all cry together….

One day
My Mom said
You have the future
I have our son
And your dad has freedom…

I want to recite a poem
for The moon
That is stained with...

Mg Lwan Ni

(Translate by kyaw lin)

အပြည့်အစုံသို့...

လမင်းရဲ့ ကဗျာ

မောင်လွမ်းဏီ

ကျနော် ချစ်တယ်
အဖေ အမေ၊
အိမ်ဘေးနားက သူငယ်ချင်းတွေ။

ကျနော် သွားချင်တယ်
အဖေတို့  အမေတို့  ပြောတဲ့ ရွာ။

ကျနော် သိချင်တယ်
အဖေတို့  ဘာသာစကား၊ စာပေ
ယဉ်ကျေးမှု၊ အနုပညာ။

နိုင်ငံတွေ၊ မြေယာတွေ၊
ကျွဲတွေ နွားတွေ မြင်းတွေ
သီချင်းတွေ၊ ကဗျာတွေ၊ ပွဲတော်တွေအကြောင်း
အဖေပြောရင်၊ အမေက
ဝမ်းနည်းငိုကြွေးတယ်။

ကျနော်
နားမလည်ဘူး။

ကျနော် မမေးချင်ဘူး၊
အဖေရော အမေရော
ကျနော်ရော
တူတူ ငိုရမှာစိုးတယ်။

တနေ့ 
အမေ ပြောပြတယ်
သားမှာ အနာဂတ်ရှိတယ်။
အမေ့မှာ သားရှိတယ်၊
သားအဖေမှာ လွတ်လပ်ခွင့်တွေရှိတယ်တဲ့။

ကျနော်
ကောင်းကင်က
လမင်းကို ကဗျာရွတ်ပြချင်တယ်၊
တိုင်းနိုင်ငံမဲ့သူတွေရဲ့ ကြေကွဲမှုမှာ
လရောင် စွန်းနေတယ်။

မောင်လွမ်းဏီ
၁၅-၁၁-၂၀၁၀

အပြည့်အစုံသို့...

Monday, May 16, 2011

MARKET

i've found myself in her shopping trolley
did mother buy me for me
or i bought myself for myself
i've found myself in my shopping trolley

i didn't register but i became a part of it
but i couldn't find myself on my shopping list
a part of the list of human culture existence

i may be next year calendar
i may be yesterday thermometer
i may be the goods that must go
i may be the products no body knows
i've found myself in their shopping trolley

all is sold
but still saying for sale out
all is sold
but no one bought or paid off
i've found universe in my shopping trolley

there're no sellers, buyers or shopping centre
but Selling, Buying and...Existing!!!!!!!!!

A'karikz Yannaing
THE SECOND SECOND

အပြည့်အစုံသို့...

နေ့သစ်

အပြည့်အစုံသို့...

ခရမ်းပြာနိဒါန်း

ခရမ်းပြာနိဒါန်း
တက္ကသိုလ်ကျော်ဝင်းမောင်

(အခန်း - တစ်)
နာရီသံစက်၊ ချက်ချက်ဒေါင်ဒင်
ငါ၏အသက်၊ ခွဲဝက်ယူငင်
ဖော်မဲ့ညများ၊ ခြောက်ခြားဖွယ်ပင်
မီးအိမ်လေး၊ ညှိပေးစမ်းပခင်။

ဖန်ပုတီးစေ့၊ လေဝှေ့ချိန်မှာ
သံသာခန်းဆီး၊ ဖယ်ပြီးသောခါ
တရုတ်ကပ်များ၊ ပိတ်ထားလိုက်ပါ
ကဗျာများ၊ ငါ့နားလာဖတ်ပါ။

အမှောင်သိပ်သည်း၊ နက်မည်းကောင်းကင်
ညည့်ခရီးသွား၊ ကြယ်များပင်လျှင်
မမြင်မစမ်း၊ လမ်းမဆက်ချင်
နေအထွက်၊ စောင့်လျက်အိပ်ပြီထင်။

တံစက်မြိတ်များ၊ ဆွဲထားငှက်အိမ်
တေးသံလည်းတိတ်၊ ဆိတ်ဆိတ်ငြိမ်ငြိမ်
ခိုနားပျံပြေး၊ ဟိုရှေးတစ်ကြိမ်
နိုင်တင်ဂေး၊ ငှက်လေးကိုလူလိမ်။

ယခင်ချိန်များ၊ ရွှေငါးပျော်ရာ
ဆေးအပြာဆိုး၊ ဖန်အိုးရေမှာ
မှော်ပင်မှော်ရွက်၊ ကျောက်ခက်ချည်းသာ
ရေခန်းလှ၊ သဲနုသောင်ထွန်းကာ။

မီးလင်းဖိုနား၊ ထင်းများစုပုံ
ပင့်ကူမျှင်ယှက်၊ အေးစက်ပြာပုံ
ဂွမ်းနုစောင်ကြား၊ ခြေဖျားမှာပုံ
ရာသီမေ့၊ ကိုယ်ငွေ့မျှဝေလှုံ။

အိပ်ရာဝင်တေး၊ ငြိမ့်လေးသံစဉ်
ခေတ်ဟောင်းဓါတ်ပြား၊ အပ်ဖျားတုံးတင်
နွမ်းကြေတွန့်လိပ်၊ တိပ်ကြိုးခွေဆင်
စိတ်ကစား၊ ထောင်နားနာလှည့်ခင်။

တုံးမောင်းကုလားတက်၊ လေးချက်နှိုးဆော်
ဗရင်ဂျီကျောင်း၊ ခေါင်းလောင်းညံသော်
မှန်ပြတင်းဖွင့်၊ မိုးမြင့်ဆီမျှော်
နဂါးငွေ့၊ မှိန်ရွေ့ဖြူယော်ယော်။

ငါ့အိမ်ခေါင်ကြား၊ ငှက်များစိုးစီ
ပြတင်းမှန်ထက်၊ နှင်းစက်စီရီ
နံ့သာရည်စု၊ ညံ့နုလေပြည်
မိုးကုပ်ထက်၊ ဖြန့်ကျက်ပုလဲနီ။

မြက်ပင်ဖုံးလွှမ်း၊ မြေလမ်းနီနီ
လမ်းဘေးမြေအိုး၊ ခွေညှိုးနှင်းဆီ
ပုဏ္ဏရိပ်ပန်း၊ ခြံတန်းမညီ
အုန်းပင်ပု၊ သီလုနီးပါပြီ။

ငါန်းဖြူတို့လည်း၊ သင်းခွဲထွက်ခွာ
ရွက်ကြွေပေါလော၊ အုပ်တောဗေဒါ
ကန်ဖြတ်တံတား၊ တိုင်များယိုင်ကာ
လက်တန်းထက်၊ ပျံခက်အိုလိပ်ပြာ။

ဆောင်းနံနက်ခင်း၊ နှင်းငွေ့ဖြူဖြူ
မီးညွန့်မီးခိုး၊ လွန့်ခိုးလူလူ
ခရမ်းပြာလှ၊ သင်းမြကြူကြူ
ပန်းသစ်ခွ၊ နန်းမ၀င်တော်မူ။

(အခန်း - နှစ်)
ခရမ်းပြာည၊ လလည်းခရမ်းပြာ
ဖြည်းဖြည်းကျဆင်း၊ နှင်းလည်းခရမ်းပြာ
လာရောက်ခိုနား၊ ငှက်များခရမ်းပြာ
အာရုဏ်ကျင်း၊ နေမင်းခရမ်းပြာ။

နှင်းရည်နှင်းစက်၊ တွဲလျက်ခိုနေ
ခရမ်းပြာလှ၊ သစ်ခွပျိုမေ
မကြွေမကျ၊ ကာလကြာရှည်
ခေါင်းမော်ဝင့်၊ ပွင့်မြဲပွင့်ပါလေ။

မညှိးမနွမ်း၊ ခရမ်းပြာငယ်
ညဥ့်အိပ်မက်များ၊ ပိုင်စားခြယ်လှယ်
ခရမ်းပြာဧချင်း၊ ဖန်ဆင်းသူရယ်
ခေါင်းမော်ဝင့်၊ ပွင့်မြဲပွင့်ပါကွယ်။

သင်းကြူရနံ့၊ သန့်ကနဲလျှင်
ခရမ်းပြာရိပ်၊ ဖိတ်ကနဲထင်
သည်းအူနှလုံး၊ ပိုက်ကြုံးယူငင်
ခေါင်းမော်ဝင့်၊ ပွင့်မြဲပွင့်ပါခင်။

ကာလကိုဆန့်၊ ရနံ့မကုန်
မခြောက်မနွမ်း၊ နတ်ပန်း၏ဂုဏ်
ဘ၀တသက်၊ တရက်သာကြုံ
သစ်ခွပန်း၊ ခရမ်းပြာအာရုံ။

နန္ဒ၀န်မှ၊ အလှဧည့်သည်
ပန်းတကာ၏၊ မွေးမိမွေးမယ်
ကမ္ဘာဖျက်မီး၊ တားဆီးကာကွယ်
သစ်ခွပန်း၊ ခရမ်းပြာမိငယ်။

မြတ်စွာဗုဒ္ဓ၊ ဦးချကော်ရော်
ဖန်အိုးကြွေအိုး၊ စိုက်ထိုးပူဇော်
မင်္ဂလာအပေါင်း၊ ခညောင်းစေသော်
သစ်ခွပန်း၊ ခရမ်းပြာဟုကျော်။

အမတမင်း၊ ၀ပ်စင်းသူ့ထံ
အလှခမ်သိမ်း၊ နန်းသိမ်းပွဲခံ
အဂ္ဂဘုံ၌၊ နန်းစိုက်လေပြန်
သစ်ခွပန်း၊ ခရမ်းပြာ၏ကံ။

သစ်ခွပွင့်ပန်း၊ ခရမ်းပြာခိုင်
တိမ်းမှီတိမ်းပါး၊ လှုပ်ရှားအပြိုင်
ချိုဝတ်ရည်ဝ၊ သင်းမြကြိုင်ကြိုင်
ကံမသင့်၊ ခူးခွင့်ဘယ်မပိုင်။

အိပ်မက်တို့လည်း၊ အမြဲခရမ်းပြာ
သစ်ခွပွင့်များ၊ အနားကွပ်ကာ
ပန်းခွေပန်းခြင်း၊ ပန်းခင်းတကာ
ကြူကြူသင်း၊ ပန်းမင်းခရမ်းပြာ။

မေတ္တာကိုပွား၊ စိတ်ထားကြည်ဖြူ
အ၀ိဇ္ဇာညစ်၊ ဆေးပစ်နိုင်သူ
ပွင့်သမျှပန်း၊ နတ်လမ်းညွုန်ကူ
ပန်းသစ်ခွ၊ လောကဖန်ဆင်းသူ။

ခြံဝတံခါး၊ အနားပတ်လည်
သစ်ခွဖော်သင်း၊ တမင်းတပြည်
ခရမ်းပြာအား၊ အများတူညီ
ဘွဲ့မည်သ၊ အလှစံဒေ၀ီ။

(အခန်း - သုံး)
မဟူရာစွန်း၊ နက်ရွှန်းကေသာ
မှဲ့ငယ်စို့စို့၊ ပါးမို့ရွှေဝါ
ဝင့်သည့်မျက်လုံး၊ အပြုံးချွေတာ
နဂိုလှ၊ နှမခရမ်းပြာ။

နံ့သာမလိမ်း၊ ကြောစိမ်းသွယ်သွယ်
အသားတော်ညက်၊ ရှက်သွေးဖြင့်ချယ်
ဖ၀ါးသံဖွ၊ ခြေကြွပုံနှယ်
မျိုးဇာတိ၊ သီရိမဟာနွယ်။

အလှဘုရား၊ ပွင့်ငြားတော်မူ
လက်ျာရံပါး၊ ထားသင့်ထိုက်သူ
အသင်္ချေကပ်၊ ကျော်ဖြတ်နိုင်သူ
အတုမဲ့၊ ယဉ်နွဲ့နိုင်လေသူ။

အက်ဖရိုဒီးတပ်၊ ဆုမြတ်အရှင်
ကြံငါးအင်ပြည့်၊ ဗီရဏီသခင်
ခရမ်းပြာလှ၊ သစ်ခွတော်ဝင်
ချစ်ရိပ်ပွင့်၊ ၀ံ့လင့်ခူးပါချင်။

နှလုံးသွေးများ၊ တန့်ထားနိုင်သူ
သေခြင်းတရား၊ မေ့ထားနိုင်သူ
ပညတ်ကိုလည်း၊ ဖြိုခွဲနိုင်သူ
အံ့တပါး၊ ဘုရားငယ်တဆူ။

မိခင်နှမ၊ အမဆိုဆို
သည်းချာမိတ်ရင်း၊ ညီရင်းအကို
ဆရာခမည်း၊ သမီးသားလို
သစ်ခွပန်း၊ ခရမ်းပြာလှပျို။

အသူ့ချစ်မငြီး၊ မယ်နည်းကြင်ယာ
ထွေရာစိတ်ကူး၊ ရူးသည့်အခါ
တရားကိုမေ့၊ နေ့ညကိုခွာ
လေထဲ၌၊ လေမိုက်သို့ပမာ။

အပြုံးလက်နက်၊ ခရမ်းပြာစက်လေ
လောင်ကျွမ်းတူးခြစ်၊ ပြာဖြစ်လောက်ပေ
သို့ပါသော်ငြား၊ သေသွားပါစေ
အပြုံးနု၊ ကျေးဇူးပြုပါမေ။

ခရမ်းပြာသစ်ခွ၊ သစ်ခွခရမ်းပြာ
ညှာတံဆစ်ရိုး၊ မြကြိုးရစ်ကာ
ပေးခဲ့ပါပြီ၊ ထို့နည်းတူစွာ
ယူပါလှည့်၊ ပန်လှည့်ခရမ်းပြာ။

ထွက်တော်မူကြ၊ နန်းကခွာစဉ်
ကြုံတောင့်ကြံငြား၊ ငါကားမျက်မြင်
ခရမ်းပြာလှ၊ သစ်ခွသခင်
သားမြေးမြစ်၊ ပြောရစ်စရာပင်။

ခရမ်းပြာအပြုံး၊ ကြော့ဆုံးပညာ
ချိုသာစကား၊ ကိုယ်စားကထာ
ဝမ်းပန်းညွတ်နူး၊ ရင့်ကြူးဂါထာ
မှတ်တရ၊ သစ်ခွခရမ်းပြာ။

မျက်နှာပြလျက်၊ နှုတ်ဆက်ပြီးလျှင်
လျှပ်နွယ်ပြိုးပြက်၊ မိုးသက်လေဆင်
ကြွေကျသောင်းသောင်း၊ ရွက်ညောင်းရွက်ကျင်
အပြန်ခက်၊ ညဥ့်နက်စေတော့ခင်။

(အခန်း - လေး)
ဆိုက်ပရပ်ပင်ရိပ်၊ နေချိတ်ပြီခင်
မိုးစွေငှက်များ၊ တိမ်ကြားသို့ဝင်
ကမ်းခြေသဲမို့၊ လှိုင်းတို့ဗောင်ဗင်
လှော်တက်စိုက်၊ ငိုရှိုက်မိပြီခင်။

ဝဲဆိုင်ကစုပ်၊ မြုပ်လုသောလှေ
မမီဝိုးဝါး၊ ပဲ့ကားကျိုးကြေ
ထိုသည်အခိုက်၊ တိုက်ခတ်မြောက်လေ
အမှောင်တွင်း၊ စုန်ဆင်းဟိုအကြေ။

သပြေညိုပန်း၊ လန်းလျက်ပါကို
သံလွင်ရွက်များ၊ ဖားဖားစိုစို
ခရမ်းပြာသစ်ခွ၊ မွှေးမြရီချို
အေဒင်နန်း၊ ဒန်းပန်းနီညိုညို။

ပုဂံပင်းယ၊ အင်းဝကုန်းဘောင်
နယ်စပ်နယ်ခြား၊ ပုပ္ပားနတ်တောင်
ငပလီကမ်း၊ မောရှမ်းပြည်ထောင်
အဖူးသွား၊ ဘုရားရွှေပြောင်ပြောင်။

ရေနီမြောင်းဘေး၊ လမ်းလေးပေါ်မှာ
ချယ်ရီထောင်သောင်း၊ ထနောင်းတမာ
မြကန်အင်းယား၊ ကမ်းပါးမြေမှာ
သစ်ခွမင်း၊ ပန်းခင်းခရမ်းပြာ။

အိုက်ဆစ်မြစ်ထဲ၊ ရေခဲပြင်တွင်
ဒေါင်ဒင်သံပေး၊ ယေးလ်မှမြော်ခင်
မော်စကိုမှ၊ ခန်းမလွင်ပြင်
ပန်းသစ်ခွ၊ အလှထပ်ကာဆင်။

ဗုံသံတိုးတိုး၊ ဟာမိုးနီယန်
နှင်းဆီခေါင်ရမ်း၊ စိန်ပန်းနီကျန်
သရက်ပင်အုပ်၊ ငှက်အုပ်ဆူညံ
တို့သွားမည့်၊ တန္တိနိကေတန်။

ကရ၀တ်ခန်းမ၊ မြန်မာ့ရိပ်သာ
ယမုန်ကမ်းစပ်၊ တပ်ဂ်ျမဟာ
ပါရီမြို့စွန်း၊ မြင့်သွန်းအီဖာ
သစ်ခွပွင့်၊ ဂုဏ်တင့်ခရမ်းပြာ။

အေဗွန်မြစ်ကမ်း၊ လမ်းလျှောက်စို့ခင်
ဂျီနီဗာကန်ပါး၊ နေနားမယ်ခင်
အင်နစ်ဖရီကျွန်း၊ ကွန်းထောက်ပါခင်
နိုင်းမြစ်ထဲ၊ လှေပွဲကြည့်မယ်ခင်။

ရေစင်တော်သွန်း၊ ပျံ့မွန်းမင်္ဂလာ
အောင်သပြေနု၊ ခရုသံသာ
အောင်မြေကိုနင်း၊ အောင်ခြင်းဗျူဟာ
ပိတ်၍ထား၊ တံခါးအပါယ်ရွာ။

ထုံးဖြူဖွေးဖွေး၊ ဆေးရေးနံရံ
စေတီဂူကျောင်း၊ ခေတ်ဟောင်းပုဂံ
ရုပ်ထုရုပ်ကြွ၊ အလှကိုဖန်
စူးစူးစမ်း၊ နတ်လမ်းပြည်နိဗ္ဗာန်။

ဂျေရုစလင်မြို့၊ သွားစို့အတူ
မက္ကာခရီး၊ ဆက်ပြီးခေါ်ယူ
ဗောဓိပင်ရိပ်၊ ချွေးသိပ်တော်မူ
ပန်းသစ်ခွ၊ ပျိုးကြနှစ်ကိုယ်တူ။

သမ္မာကျမ်းမြတ်၊ ရွတ်ဖတ်သူတွေ
ကိုရမ်စကား၊ ပြောကြားသူတွေ
နိဗ္ဗာန်ရောက်ကြောင်း၊ ဆုတောင်းသူတွေ
ကောင်းကင်မြို့၊ ဆုံစို့အိုအဆွေ။

သူတို့အိမ်သား၊ မိသားစုလည်
ခေတ္တကစား၊ တို့ကားဧည့်သည်
မစိမ်းမဆတ်၊ နေတတ်စေဖွယ်
အိမ်ရှင်ဝတ်၊ ဧည့်ဝတ်များဖလှယ်။

မနှင်သော်လည်း၊ ခွဲခွာချိန်တန်
မျက်ရည်စက်လက်၊ မိုးရက်ဝသန်
အလွမ်းဘုရား၊ တည်ထားကာချန်
လူမသိ၊ ငါ၏ပူပုံဟန်။

အနေကဇာတိ၊ ငါ၏သံသရာ
မျှော်မှန်းမတတ်၊ ခဲကတ်မရေရာ
လိုက်တော်မူလည်း၊ လက်တွဲမည်သာ
အမူနွဲ့၊ အိုဘယ့်ခရမ်းပြာ။

(အခန်း - ငါး)
လေပြည်သွဲ့သွဲ့၊ မွန်းတည့်ကောင်းကင်
ချိုးဖြူငှက်လေး၊ ဆိုတေးပဉ္စင်
တကိုယ်ရေမို့၊ နေလို့မရွှင်
ငါ့အသက်၊ ခွဲဝက်ယူပါခင်။

နေရစ်ပါရော့၊ သွားတော့မယ်ခင်
ခရမ်းပြာလှ၊ သစ်ခွသခင်
နောင်များတနေ့၊ ပြန်တွေ့ပါလျှင်
အချစ်ဆုံး၊ ပြုံးလျက်ကြိုစေချင်။

တက္ကသိုလ်ကျော်ဝင်းမောင်

( ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှထုတ်ဝေခဲ့သည့်
ကျောက်စီလျှင် လေးမည်စိုးတာမို့ စုပေါင်းကဗျာစာအုပ်မှ )

(ကဗျာဆရာ နှင်းခါးမိုး nykomme.blogspot.com မှတဆင့် ကူးယူဖော်ပြပါသည်။)

အပြည့်အစုံသို့...

Saturday, May 14, 2011

ကင်းမျှော်စင်တွေ

တလောကလုံးကို ကင်းထောက်စောင့်ကြည့်ရမှာမို့
တလောကလုံးရဲ့ အကြည့်ကိုခံနိုင်ရည်ရှိနေတာလား
လှေကားရှည်ရှည် အရပ်မြင့်မြင့်
ကင်းမျှော်စင်တွေရဲ့ ဟာလာဟင်းလင်းဖြစ်စဉ်။

ဖျတ်လတ်သောဧည့်ကြိုအပြုံးတွေကို ဆွဲသုံးထားပေမဲ့
လှပသောဧည့်ကြိုအပြုံးလို ချိုသာပျူငှာမှုကိုမပြုတတ်
လိုအပ်လို့ပတ်သက်ရရင်လည်း
ဆက်ဆံရေးက အမိန့်ပေးသံလို မာပြတ်ပြတ်ပြင်းထန်
လေဒဏ်မိုးဒဏ်ခံနိုင်တဲ့ ရိုးသားမှုတစ်ခုထဲနဲ့ရပ်တည်ရှင်သန်။

ခြံစည်းရိုးတွေလို မွေးမွေးချင်း ခြေချုပ်ကျ
ပစ်မိန့်ရပြီးသား ပဒေသာမိုင်းတွေကို ကိုယ်မှာပတ်
ဖြတ်သွားဖြတ်လာ လေထုနဲ့အရာဝတ္ထုတွေကို ရင်ခုန်မိပါရဲ့
နှလုံးသားတည့်တည့်ကို ၀င်လာရဲတာက ကျည်ဆံတွေသာ။

အလှည့်ကျကင်းသမားလို မိတ်ဆွေတွေသာဂျူတီချိန်းချိန်းသွားကြ
အချိန်ပြည့်ညောင်းချိခြင်းနဲ့သာ ကျင့်သားရအပန်းဖြေနေရတော့
ဗုံးတစ်လုံးကို ပြိုင်တူနမ်းမဲ့ဝိညာဉ်အလာကို လိုတ တတ်လာခဲ့
စစ်ကိုစခဲ့တဲ့ ရာဇ၀င်အို ရာဇ၀င်သစ်တွေနဲ့ဝေးရာ...........

ကဲ....ရန်သူတွေတက်လာကြပြီ
ဘာတွေဘယ်လိုပဲ ဇိမ်ယူအိပ်မောကျနေပစေ
စတင်ပစ်ခတ် မီးကုန်ယမ်းကုန်သွန်ခဲ့ရတာ ကင်းမျှော်စင်တွေပါ
စက်သေနတ်တွေရဲ့အမျှဝေသံတွေညံနေတဲ့ ဈာပနမှာ
ကိုယ့်ကိုယ်ကိုယ် ပြောင်းရွေ. ကာဘာယူ ပစ်ခတ်ခွင့်လေးတောင်မရတဲ့
အဲဒီ ကင်းမျှော်စင်လို ကောင်တွေပေါ့
အဲဒီ ခြံစည်းရိုးလို ကောင်တွေပေါ့
စခန်းသိမ်းတိုက်ပွဲမှာ
အရင်ဦးဆုံး ပစ်ခွင်းဖျက်ဆီးခံလိုက်ရတာလေ၊
အထဲမှာတော့
ပျင်းရိစွာအိပ်မောကျနေတဲ့...ဦးဆောင်မှု။ ။

သုအိုင်စံ

အပြည့်အစုံသို့...

Tuesday, May 10, 2011

လွမ်းနေသူ

တနေ့တခြားဆိုးရွားလာတဲ့ မြန်မာ့သစ်တောပြုန်းတီးမှုအကြောင်း ရေးဖွဲ့ထားတဲ့ မြန်မာမှုမြောက် ရိုးရိုးယဉ်ယဉ်ကဗျာလေးတပုဒ်တွေ့လို့ ပြန်လည်ဝေမျှလိုက်တယ်။

လွမ်းနေသူ

ငါ့အရိပ်မှာခို
ငါ့အသီးချိုစား
မြူးထူးပျော်ပါး
ငှက်ကလေးများကိုလွမ်းတယ်။

အပူတောက
အမောလွန်ခရီးသွားတွေကို
တဒင်္ဂရင်ဝအေးမြစေခဲ့တဲ့
ရေချမ်းစင်ကလေးကိုလွမ်းတယ်။

တိုင်တွေကယိုင်
အမိုးလည်းမခိုင်တော့ပေမဲ့
လာသမျှသူကိုကြိုဆို
ဇရပ်အိုကိုလွမ်းတယ်။

သပိတ်ပိုက်ကိုရင်ငယ်
ရွာလည်ကိုဆွမ်းခံသွားတော့
မောင်ကျောင်းသားက ဗျတ်ကိုထမ်း
'ဆွမ်းတော်ဗျို့' လို့ အော်သံကိုလွမ်းတယ်။

မနက်ဆိုရွာကထွက်
ညနေဘက်ရွာပြန်ဝင်
နွားတအုပ်ကိုနေ့စဉ်ကျောင်းတဲ့
ကဖိုးကောင်းရဲ့ ပုလွေသံကိုလွမ်းတယ်။

ရွာဘေးနားမှာလဲလျောင်းနေတဲ့
သဲချောင်းထဲကလက်ယက်တွင်း
ရေခပ်ဆင်းတဲ့ လုံမေပျိုတို့
တေးတကြော်ကြော်ဆိုကြတာကိုလွမ်းတယ်။

ဖန်ခုန်ထုတ်စည်း
ကစားနည်းကစုံ
ရွာထဲက ကလေးတပြုံ
ပျော်ရွှင်နေကြပုံကိုလွမ်းတယ်။

(အထူးသဖြင့်တော့လေ)
တနှစ်မှာတခါ
ဒို့ရိုးရာအမွေအဖြစ်
ရွာလုံးကျွတ်နွှဲပျော်
'ကဆုန်လ' ရဲ့ပွဲတော်ကိုလွမ်းတယ်။

ဘုရား... ဘုရား...
ဘယ်လိုကြမ္မာမျိုးနဲ့များ
ငါတိုးခဲ့ရတာပါလိမ့်။

အခုတော့ငါ...
ရေခြားမြေခြားတိုင်းတပါးမှာ
ရေသစ်မြေသစ်ဘ၀သစ်မှာ
အဆောင်အယောင်တွေမှာ ယောင်ခြာခြာ
အလွမ်းတွေနဲ့သာနေရတော့တယ်။ ။

(တရုတ်ပြည်ရောက် ရွာထိပ်ကညောင်ပင်ကြီးသို့)

ကိုကိုညိုညို
oct 2008

အပြည့်အစုံသို့...

Monday, May 9, 2011

ဆက်မရေးဖြစ်သေးသော.....

အရင်က ကျနော် ကဗျာနဲ့ပါတ်သက်လို့ ခေါင်းစဉ်လေးတခုပေးပြီး နေ့စဉ် တကြောင်းဖြစ်စေ၊ တပိုဒ်ဖြစ်စေ ပုံမှန်လေးရေးတယ်။ ဒီအလေ့အကျင့်လေးမိုက်တယ်။ လောလောဆယ် ဆက်မလုပ်နိုင်သေးဘူး။ ရေးဖြစ်ခဲ့သမျှလေးကို ပြန်တင်လိုက်တယ်။

မှော်ကသိုဏ်း

Happy Birthday လုပ်ရမလား၊
Free Aung San Suu Kyi လို့အော်ရမလား၊
Down With Dictatorship လို့ကျိန်စာတိုက်ရမလား။

ရန်ကုန်မြို့ထဲ အမှိုက်ဆို့ရေလျှံ ခြင်တွေတ၀ီဝီ၀ဲပျံနေတယ်။

တပ်မတော်သားတစ်ဦး ဂျီသရီးကိုကျည်ထိုးပြီးတောက်ခေါက်တယ်၊
ဧရာဝတီမြစ်ထဲ လှိုင်းတစ်လုံးတိုးလာသလိုမျိုး။

နာဂစ်ဖြတ်နင်းခဲ့တဲ့လယ်ကွင်းတွေဆီကနေ မရှိတော့တဲ့ကျောင်းလေးဆီ ကျောင်းသားလေးတွေ မလာတော့တာ ၁နှစ်ရှိပြီ၊
ဒီပန်းချီဆိုးဟာ ပိုးစိုးပက်စက် ဆေးစက်ထဲ့သူမဲ့နေ။

ကျွန်းသစ်လုံးတွေ အပြည့်တင်ထားတဲ့ ၁၀ ဘီးကား ၁၀ စီး နယ်စပ်မျဉ်းကို မောင်းနှင်ကျော်ဖြတ်
တရုတ်ပြည်ထဲက စက်ရုံတစ်ရုံရဲ့ အ၀မှာရပ်တယ်၊
ထမင်းမ၀တဲ့ ရိုးမကတော့ ဒုက္ခ၀နေတဲ့ ပြည်သူတွေကို ရင်ခွင်ပိုက်လို့။

ဆိုက်ရောက်လာတဲ့လူငယ်မှာ ရင်နာစရာ အဖြစ်ဆိုးတွေတနင့်တပိုးနဲ့၊
ထွက်ခွာနေတဲ့လူငယ်ဟာ ယုံကြည်မျှော်လင့်ရာတွေ အသစ်ပျိုးလျှက်၊
ဗိုက်ဟာလာနဲ့တိုင်းပြည်ထဲ ဗိုက်ဆာနေတဲ့မိခင်ဟာ ရင်နာနေတဲ့ မျက်ရည်စက်တွေကို နေ့စဉ်ရက်ဆက်ကြွေလို့ရယ်။

ဘ၀။

ညီမလေးရေ...မင်းပန်းချီရေးတဲ့အခါ
မင့်ပါးပြင်လွလွနှစ်ချပ်ပေါ်က
လွပ်လပ်မှုကိုဆာလောင်နေတဲ့ မင်းပါးချိုင့်လေး နှစ်ပွင့်ကိုပါအောင်ရေး၊
အဲဒီအခါ မင်းလက်ထဲက စုတ်တံဟာ အာဏာရှင်ကို တော်လှန်တဲ့ လှံတစ်လက်ဖြစ်ပြီး
မင်းရှေ့က ကင်းဘတ်စ်စဟာ လွတ်မြောက်ရေးတပ်ဦးအတွက် အလံတစ်ရွက်ဖြစ်လေရဲ့၊
အနာဂတ်ပြခန်းထဲမှာ မင်းရဲ့အနုပညာဟာ ပြည်သူတွေရဲ့အောင်ပွဲလို သပ်ရပ်တင့်တယ်ခမ်းနားလို့။

ဘုရားသခင် မုန့်ဖိုးပေးလိုက်တဲ့ ဒုက္ခတရားတွေနဲ့ ဘုရားသခင်ဖွင့်ထားတဲ့ဖဲဝိုင်းထဲ ငါတို့ဝင်ခဲ့တယ်၊
ဘုရားသခင်ရဲ့ အသုဘပွဲမှာ၊
ဘ၀ဆိုတာ (ငါ+မင်း=ငါတို့) ဆိုတဲ့ အဓိပ္ပါယ်ရအောင် နေထိုင်ရှင်သန်ခြင်းအနုပညာ၊
လူကလူကို ဖဲခိုးမရိုက်နဲ့၊
လူကလူကို ဂုတ်သွေးစုတ်မအုပ်ချုပ်နဲ့၊
ဖဲဝိုင်းကြီးတစ်ခုလုံး စုတ်ပြတ်သတ်နေတဲ့ မြန်မာပြည်။

စက်တင်ဘာရဲ့ လမ်းမြေပေါ် ဦးနှောက်သားပြဲရဲ ပွင့်ထွက်နေတဲ့ ဦးခေါင်းတစ်လုံး၊
ခြေပြတ်တစ်ဖက်ကို မရှာနိုင်တော့တဲ့ ခြေပြတ်တစ်ဖက် မွကြေ၊
ရေပုတ်မြောင်းထဲက မှောက်ခုံသေ သံဃာတော်အလောင်းပုတ်ပွ၊
လူသတ် ထရပ်ကားတွေ ဖြတ်မောင်းသွားတဲ့ ရန်ကုန်မြေ၊
သာသနာ့သားတော်တွေ လှမ်းလျှောက်လမ်းဖောက်ခဲ့တဲ့တိုက်ပွဲ၊
အာဏာရှင်တွေ မိုက်မဲမိုက်ကန်းခဲ့တဲ့သမိုင်း၊
အမိမြေကို သွေးမုန်တိုင်းက ခွပ်နေရဲ့...
လူထုရဲ့ ရွှေဝါရောင်အောင်ပွဲဟာ ရောင်စဉ်ခြည် လက်ကြွပြသ...
အမှန်တရားနဲ့ သွေးလှည့်ပတ်စီးတဲ့ အနာဂတ်မှာ။

ရဲရင့်ရိုးသားဖြောင့်မှန်တဲ့ ကျည်တစ်တောင့်က မွဲညစ်ပိုးစားဖောက်ပြန်နေတဲ့ ဦးနှောက်ကို ပစ်ဖောက်ဖွင့်ထွက်သလိုမျိုး၊
လူဖြစ်ကျိုးနပ်ဖို့ ဒီခေတ်ဆိုးကို ပစ်သတ်တာဟာ မွန်မြတ်တယ်၊
အဲဒီကျည်ဆံတွေ သန်းပေါင်း ၅၀ကျော်ရှိတဲ့နိုင်ငံမှာ သတ္တိတွေ ယမ်းအ နေလို့မဖြစ်ဘူး၊
ကိုယ့်ဘ၀ကို ကိုယ်ခူးရမယ်၊
ကိုယ့်ဘ၀ကို ကိုယ်ဦးချမယ်၊
ဘုရားများ။

ဆင်းလာတဲ့ ဆိုက္ကားပေါ်က ငါက တက်လာတဲ့ ဆိုက္ကားပေါ်ကကောင် ကို ကိုယ်ချင်းစာမိရဲ့၊
ဘ၀ဆိုတာ မင်းလိုပဲ ရှေ့ဆက်ရုန်းတက်ရဦးမဲ့ တကယ့်ကုန်းအတက်တွေနဲ့ပေါ့ကွာ၊
ခက်တာက အစိုးရမချစ်အားလို့ ပစ်ထားတဲ့ရပ်ကွက်ထဲက ငါတို့ဘ၀တွေ ဂွေခွင်ခဲ့ရအခါခါ ဘီးပေါက်ခဲ့ရအခါခါ တိမ်းမှောက်ခဲ့ရအခါခါ၊ ပေါက်ပြဲစုတ်ပြတ်နေတဲ့ ရာစုလမ်းတွေပေါ်၊
ရေလျှံဗွက်ထနေတဲ့ ခရောင်းလွင်ပြင်ဘ၀တန်ဖိုးခပ်ဆိုးဆိုးတွေပေါ်၊
သံသရာလိုပဲ လည်ပတ်နေတဲ့အရာတွေကို မရပ်လိုက်နဲ့၊
လည်ပတ်နေတဲ့ကောင်တွေကို သတ်ကြ၊ သမိုင်းဘီးကြီးလိမ့်နေသည်။

မိုးလင်းခဲ့ပြီ၊
အဲဒီမှာ မနက်စာမရှိလည်း အိပ်ယာထရပေဦးမည်၊
အလုပ်လိုက်ရှာနေတုန်း ဗိုက်ဆာလာဦးမည်၊
စားစရာမရှိသော်လည်း ခံနိုင်ရည်ရှိရဦးမည်၊
မိုးချုပ်ခဲ့ပြီ၊
အဲဒီမှာ အိပ်ယာမရှိလည်း အိပ်ရပေဦးမည်၊
မိဘကမွေးပြီး နိုင်ငံတော်က ပစ်ထားသော ခလေးများရဲ့ အနာဂတ်မဲ့ရောဂါ မြို့ကြီးများတွင် ကူးစက်ပျံ့နှံ့နေသည်။

ကျော်ကျော်သည် နွားနို့ခွက်ကို သွန်မသွားခဲ့ပါ။

စာသင်ယူဖူးသူနှင့် စာသင်ပေးဖူးသူတို့
ကျောင်းတော်ကြီးအားလွမ်းနေတုန်း အလွမ်းခံနေရသော ကျောင်းတော်ကြီးရဲ့ မုဒ်ဦးဝတံခါးအား
စစ်ခမောက်တစ်လုံးနှင့်တူသော သော့ဂလောက် တစ်လုံးချိတ်ဆွဲထားစဉ်
စစ်တက္ကသိုလ်ထဲမှာ ဗိုလ်လောင်းတွေ တစ်အုပ်ပြီးတစ်အုပ် သင်တန်းဆင်းသွားခဲ့ကြပြီ၊
မိုးရွာစဉ်လူအချို့ ငွေနှင့်အ၀ယ်ခံရပြီး လုံခြုံခဲ့သော်လည်း လူအချို့မှာငွေနှင့် အကန်ခံရသောကြောင့် စိုရွှဲ စုတ်ပြတ်နေသောဘ၀များ၊ မောင်းတင်ကျည်ထိုးထားတဲ့ ယုံကြည်ချက်နဲ့၊
ကောင်းကင်ဆိုးအား ပစ်ချပစ်သတ်သွားမဲ့
မျိုးဆက်များရဲ့ စိတ်ဓါတ် လွတ်မြောက်ရေး ဓါးတစ်လက်လို ကျစ်လစ်လက်ပထက်ရှ နေတယ်။

ရန်နဲ့ငါကြား ချန်ထားစရာ အချစ်မရှိပါ။

ဒါဏ်ရာတစ်သောင်းနားတဲ့ အတိတ်
ယုံကြည်ချက်တစ်သောင်းနားတဲ့ တိုက်ပွဲ
အနာဂတ်တစ်သောင်းနားတဲ့ အောင်ပွဲ
ထောင်ထဲက ၆၅ နှစ် မိခင်တွေမွေးသမျှ တော်လှန်ရေးသမားတွေဖြစ်တဲ့မြေရဲ့ chamberထဲက ကမ္ဘာမကျေဘူး ဟိန်းထ၊ လမ်းကိုယ်တိုင်ချီတက်နေရတဲ့လမ်းပေါ်က ချီတက်နေကြတဲ့ပြည်သူ့ဘ၀များ (တရားသဖြင့်)။

ပြည်တွင်းစစ် အစွဲမကျွတ်တဲ့ အရိုးစုဝိညာဉ် ၃ ကောင်
သံလွင်မြစ်ထဲ ရေရှပ်ပြေးကစားရာကနေ ဒေါနတောင်တန်းပေါ် လွှားကနဲ ၀ဲပျံခုန်တက်လိုက်စဉ်၊
တစ်ကောင်က look over there လို့ပြောတယ်
နောက်တစ်ကောင်က where လို့မေးတယ်
နောက်ထပ်တစ်ကောင်က there ညွှန်ပြတယ်၊
အဲဒီမှာ သွေးအိုင်ထဲ လဲပြိုသေနေတဲ့ သင်တိုင်းဖြူပျို
မြန်မာ့တပ်မတော်သုံး စစ်ဖိနပ်ခွာရာများ
တောင်ယာစပါးခင်းပျက်ထဲက အနိဌာရုံ ပြည်တွင်းစစ်ရဲ့ထွက်ကုန်များ
ဆယ်စုနှစ်များစွာဟာ အစိုးရဆိုးရဲ့ ဂုဏ်သိက္ခာဆိုးတွေကို လိုက်ပါသယ်ဆောင်လို့။

ရွာထိပ် ရေတံခွန်က လျှပ်စစ်ဓါတ်တွေထုတ်လုပ်ပြီး မြို့ကြီးပြကြီးတွေဆီ ပို့ဆောင်နေချိန်မှာ
လောပိတရွာလေးကတော့ ဆီမီးခွက်လေးထွန်းပြီး ကကြီး ခခွေးတွေအလွတ်ကျက်နေရကြောင်း တေးတစ်ပုဒ်ရေးဖွဲ.ခဲ့ကြတယ်၊ ဒီနေ့တော့...ထင်းခုတ်သွားသူဟာ တပါးမြေဆီစီးဆင်းနေတဲ့ ဂက်စ်ပိုက်လိုင်းကြီးနဲ့ ခလုပ်တိုက်လဲ မေ့မျောအံ့သြ၊ ကိုယ့်ချမ်းသာမှုထဲမှာကိုယ်ဆင်းရဲမှောင်မိုက်နေတဲ့ လူထုဘ၀နဲ့ ကကြီး ခခွေး လူ့အဓိပ္ပါယ်တွေ၊

ကောင်းကင်ဟာမြေပြင်ကို သေနတ်ဒင်နဲ့ ဆန်ရင်းနာနာထောင်းနေလေရဲ့ (ဖြစ်သင့်လို့လား) (ဖြစ်ပျက်နေခဲ့/လျှက်/တယ်)၊
ကောင်းကင် ကို မြေမြိုဖို့ ပြည်သူတွေရဲ့ ဟက်တက်ကွဲ နှလုံးသားအက်ကြောင်း စိတ်ဓါတ်မီးတောင်တွေ ဓါတ်လိုက်ပေါင်းစည်းပြီ။

လူတယောက်ဖြစ်ဖို့  သူဘယ်လောက်ကျင့်ရမှာလဲ
လူတယောက်ဖြစ်လာရန် သူဘယ်လောက်အနစ်နာခံရမှာလဲ
ဗန်းမော်တင်အောင်ပြောတဲ့ ဘ၀တန်ဖိုးကို ယုံလို့ 
မျိုးဆက်တို့ တခုပြီး တခုချရင်း
လူဆန်သူဆန်တဲ့ ပျိုးခင်းလေးဆီ၊
စတေးတယ်လို့ မပြောရဘူး၊ ရွေးချယ်တယ်လို့ ပြောရမယ်လား
ပညာတတ် စကားလုံးဒသနတွေကြားက ငါတို့  ငတုံးငအ တွေ၊ ဘာဖြစ်လဲ။

တိုက်ကြားထဲ ဆိုက်ထားတဲ့ ညငှက်တစင်းဆီ
ရိုက်စားရဲတွေ ယင်းထနေတဲ့လောဘတွေနဲ့ ကပ်သီလာရဲ့
တရားဝင်ကောက်တော့အခွန်၊ အတင်းကောက်တော့ဘာလဲ၊
အမှောင်ထဲက ထမင်းတနပ်၊ ညငှက်တွေရဲ့တောင်ပံခတ်သံ
ပြင်းထန်လာပြီ။

ရိုးရိုးသားသား ခိုးစားမဲ့ သူခိုးဟာ ဆာလောင်နေတဲ့ အစာအိမ်ကို အားပြုပြီး
ကြောင်တကောင်လို မီးဖိုချောင်ထဲ ခုန်ဝင်လိုက်တယ်
ပြီးတော့...ထမင်းအိုးထဲက ထမင်းတုံးကိုနှိုက်
ကြောင်တကောင် ငါးကြော်ကိုက်ချီပြေးသလို ထွက်လာလိုက်တယ်
သိပ်တော်တဲ့ ဆားပုလင်းနှင်းမောင်ဟာ၊ သူခိုးကို ၅ နာရီအတွင်းမှာ မိအောင်ဖမ်းပြီး
၅ ရာတန် ၅ ရွက် ထုတ်ပေး၊ နောက်မလုပ်ဖို့ တားမြစ် အမှုပိတ်ပစ်ခဲ့တယ်
တိုး...တက်...နေ...ပါ...တယ်...ဆို...တဲ့...တိုင်း...ပြည်...ထဲမှာ၊
(p.s. ထမင်းခိုးခြင်းသည် အစစ်ဖြစ်၍ ငွေပေးခြင်းသည် အတုဖြစ်သည်။)

သင်လာတဲ့ သင်္ချာဟာ မှားခဲ့ပြီ
လူသတ်ဗုံးတလုံးထဲမှာ အမုန်းတရား ဘယ်နှရာခိုင်နှုန်း
စစ်ပွဲတခုထဲမှာ ငြိမ်းချမ်းရေး ဘယ်နှရာခိုင်နှုန်း
ယုံကြည်ချက်တခုထဲမှာ ဒါဏ်ခံနှုန်းအား ဘယ်လောက်
ကြိုးစားအားထုတ်မှုထဲမှာ အောင်မြင်မှု ဘယ်နှခု
ရလဒ်အဖြေထဲမှာ ပြုန်းတီးမှု ဘယ်နှခု
အတည်ပြုရခက်တဲ့ သီအိုရီအတုတွေကြား
မြင်လာတဲ့ အမြင်ဟာ ၀ါးခဲ့ပြီ
(လူ့ သမိုင်းဆန်ဆန်တော့ သူ့ အတိုင်းသူမှန်နေတာပေါ့ကွာ။)

နေဓါးလို ရေသွားလို လေအားလို
သတ်ကွင်းကို ဖြတ်ရင်းနဲ့ ထိုးတက်
ပဲ့ကြွေပေမဲ့ ဆက်ဝေနေတဲ့ မျိုးဆက်တွေ
.................................................
အောင်မြေမှာပွင့်တဲ့ ပိတောက်ပန်းတွေဝေလို့ 
ပြည်သူ့ ပီတိမျက်ရည်တွေနဲ့ သင်္ကြန်ရေပက်မယ်
ပြည်သူ့ လက်ခုပ်သံတွေနဲ့  မဏ္ဌာပ်လှည့်မယ်
(အနာဂတ်တိုင်း...အနာဂတ်တိုင်းမှာ)။

စစ်တပ်က စစ်တပ်ကို ပစ်သတ်ပြီး အသစ်စမယ် လို့ 
ကဗျာဆရာက အဝေးကကြပ်ပေးနေတယ်
ပြန်
ပြန်လာ
ပြန်လာကြ
ပြန်လာကြပါ
ပြန်လာကြပါဦး
ပြန်လာကြပါဦး ဒီကို
ဒီမှာ..၅ သန်းလောက်ဟာ မဟုတ်မဟတ်တွေနဲ့  အဆင်ပြေနေပေမဲ့
သန်း ၅၀ လောက်ဟာ ဒုက္ခတွေနဲ့  ရှင် သေ နေခဲ့တယ်၊ မင်းဘယ်မလဲ။

သံချောင်းဟာ ဓါး တလက် လောက်ပဲ တောင့်တ ခဲ့ပေမဲ့
ဓါးတလက်ဟာ သံချောင်းလက်ထဲမှာ အမြဲရှိမနေခဲ့ဘူး
မေခလာကယ်တဲ့ ဇါတ်လမ်းတွေကို မေ့ပြီး
သေချာတဲ့ ဘ၀လမ်းတွေပေါ် ရွေ့ ကြ
မီးပင်လယ်ကို ကိုယ်တိုင် လှော်ခပ်နေကြစဉ်။

ငါ့အိမ် ငါ့အမေ ငါ့ရွာ ငါ့ရွာသား၊ အားလုံး ရှင်ပျောက် သေပျောက် ပျောက်သွားကြပြီ
ငါမမြင်ဖူးသေးတဲ့ ငါ့ညီမလေးက ခလေးတယောက်နဲ့  ငိုပြတယ်
မင်းတောင်းတဲ့ မုန့် ဖိုးအတွက် သူပုန်ရဲ့ အိပ်မက်ဆိုးတွေပဲ ရင့်ခဲ့တယ်
ကောင်းကင်ကိုမော့ကြည့်ပြီး မျက်ရည်ကိုနှလုံးသားထဲ ငါသောက်ထဲ့ပစ်လိုက်တယ်
မင်းထွက်လာစရာမလိုဘူး၊ ငါပြန်ခဲ့မယ် ညီမလေး၊ ဒါ...ငါတို့ တိုင်းပြည်
ဒီစစ်ခွေးတွေကို အဆိပ်ကျွေးသတ်ဖို့ လေ့လာနေပါ။

ကျည်ဖူးကိုဖွင့် ယမ်းကိုသွန် ပြန်ပိတ်
သူလျှိုစိတ်တွေ ဒီသေနတ်ထဲလွှမ်း နေတယ်၊
စာအုပ်ကိုထုတ် အလယ်ကဆွဲဆုတ် သင်ရိုးညွှန်းတမ်းလုပ်
ဆရာယုတ်စိတ်တွေ ဒီကျောင်းခန်းထဲ ရမ်းနေတယ်၊
သဘောထားလွဲရုံနဲ့ ရထားလမ်းကို ခုတ်ခွဲရရောလား
ငါတို့ မှာ ရှေ့တန်းစခန်းရော နောက်တန်းစခန်းရော ပေါင်းမှ
ဒီသံလမ်းလေး ၂ ချောင်းပဲရှိတာ
ငါတို့ မှာ ယုံကြည်ချက်ရော တိုက်ပွဲရော ပေါင်းမှ
ဒီတော်လှန်ရေး ၁ ခုပဲရှိတာ
သောက်သုံးလည်းမကျ၊ မလုပ်တတ၊် ဘာမှမတိုက်တတ်တဲ့ ခေါင်းဆောင်တွေ
နောက်ဆုံးတွဲကနေ အပုတ်ချ အာရိုက် လိုက်ခဲ့ပါ
ရထားဟာ မျိုးဆက်သစ်အားတွေ တနင့်တပိုးနဲ့ သယ်ဆောင်ထိုးတိုက် လို့ ။

ဟုတ်ပါတယ်
အမှုန်အစလို(လက်ဖြာတဲ့ကြယ်) အတွက် သုံညလို စကြ၀ဠာဟာ ကျယ်ခဲ့တယ်
အရုးရင့် အရွယ်အို (ညနေကြယ်) တွေက
လူထုမေးခွန်းကို မှောင်အောင်ဖြေလို့ မဖြစ်ဘူး
အမေ့အပြုံးလေး တုတ်ကောက်နဲ့  ပုဂံလမ်းပေါ် လျှောက်နေတဲ့ဆီ
အမေ့မြေးလေး ကတုံးဆံတောက်နဲ့  မူကြိုတေးဆို ခုန်ပေါက်နေတဲ့ဆီ
လင်းလက်ခဲ့
ဖူးပွင့်တဲ့ ကြယ်ပျိုတွေက အမွေဆက်ခံ လင်းတောက်မယ်
ဒီ..စစ်ဖိနောင့်သံသည် ဂီတမဟုတ်ပါ။

ဓါးမြောင်တလက်လို ရောခ့်ကဗျာဆရာ ရောက်ချလာတယ်
ပြီးတော့...စားပွဲပေါ်ကို ညီမျှခြင်းတခု၊ မြွေဟောက်တကောင်လို ပေါက်ချလိုက်တယ်
(မနေ့ ကအကြောင်း + ဒီနေ့ အကြောင်း + မနက်ဖန်အကြောင်း = ဖတ်မရတော့ပါ) တဲ့
အရက်ပုလင်းတလုံးရဲ့ ရှေ့မှာ လ္ဘက်ရည်တခွက်ရဲ့ ရှေ့မှာ
မြို့ပြစိတ်ကျရောဂါဟာ မြို့ပြနံနက်နေရောင်လို အမောက်ထောင်လန်းဆန်းလို့ 
စာပေနယ်က အလုပ်ဖြုတ်ချိုးသတ်ခံလိုက်ရတဲ့ ကဗျာတွေနဲ့ 
ရွာလည် ပုတ်သိုးနေသော ဘ၀များ။

ဒီကိုလာပါ၊ ဖတ်ပါ မှတ်ပါ၊ ပြီးရင်ပြန်ထား၊ ငှားခွင့်မရှိ
အမျိုးသားစာကြည့်တိုက် ဖွင့်ထားပေးခဲ့ဖူးတယ်
တိုင်းပြည်မွဲတော့...ပိုးစားခြကိုက်နေတဲ့ အကျင့်စရိုက်တွေက
အမျိုးသားစာကြည့်တိုက်ကို ၀ိုင်းကိုက်စားလိုက်ကြပြီ
ကျောက်စာကို ရေးခဲ့တဲ့ ကျောက်တံတချောင်း
ဈေးကောင်းလို့  ရောင်းချိုးလိုက်ကြပြီ
ပိဋက ၃ ပုံ အာဂုံဆောင်ထားတဲ့ ရဟန်းတပါး
ပုန်ကန် စကားများလို့  ပစ်သတ်လိုက်ကြပြီ
စာကြည့်တိုက်ထဲကို စာရေးဆရာမလေး ၀င်လာတယ်
လာရှာတဲ့ ကိုးကားရမဲ့စာအုပ်ဟာ ပျောက်နေလေရဲ့
သူမသည် ၀တ္ထုကို ရှက်ပြုံးပြုံးသလို အဆုံးသတ်ခဲ့၏။

Gladiator ဖျော်ဖြေတာကိုပဲ ဟေးလားဝါးလား အပျော်လိုက်မနေကြနဲ့
Gladiator လို ကိုယ်တိုင်ဝင်တိုက် ဖျော်ဖြေရမဲ့ ဘဝ
တိုင်းပြည်ရဲ့ ရင်ထဲမှာ အတွင်းလူနာ လာလာလုပ်နေတဲ့ ဆရာဝန်တွေ
တိုင်းပြည်ရဲ့ အ၀င်အ၀မှာ အပြင်လူနာ လာလာလုပ်နေတဲ့ ရောဂါသည်တွေ
ကိုယ့်အသက်ရှူနှုန်းဟာ ကိုယ်ကုထုံး ကိုယ့်နှလုံးသားဟာ ကိုယ့်ဆေးဝါး
လောကဆိုတဲ့လေထုထဲ လူဆိုတဲ့သီချင်းဟာ ပီသခွင့်ဆိုတဲ့ဂီတလို
လင်းပကျုးရင့် အလံတလူလူလွင့်နေရမယ်၊
တခြမ်းပဲ့ ဗလောင်ဆူနေတဲ့ ရောမမြို့ကြီးထဲမှာ
မင်းရောငါရော ပက်လက်မျောနေတဲ့ သင်္ဘောပျက်ကြီးလို
ပင်လယ်ကိုယ်တိုင် ဖွဲ့ စည်းပုံပျက်နေတဲ့ မြန်မာပြည်ရဲ့ အဏ္ဏ၀ါခရီး
နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ ရွက်လွှင့်လေတော့။

အာဇာနည်နေ့ 
ဘုရားလည်ပင်းကို ကြိုးကွင်းလာမစွပ်နဲ့ 
ကြိုးစင်ပျက်ကျ၊ ကြိုးပြတ်တတ်သည်
အာဇာနည်နေ့ ။

အရိန္ဒမာတို့  ယိမ်းနွဲ့ ပါးတို့ လို
ရာဇ၀င်တွေ အခြံအရံနဲ့  ရှင်သန်ခဲ့ရတာမဟုတ်ဘူး။
ငါ့ဘ၀သမိုင်းစာအုပ်ကို
ငါ့ပထမဆုံးခုတ်ချက်နဲ့ ရေးသားပုံဖော်ဖို့ 
ဓါးအိမ်ထဲကခုန်ထွက်လိုက်တယ်။တိုက်ဓါး။

ရေးချိန် ဖတ်ချိန် မရခဲ့တဲ့ ဗဟုသုတလေးနဲ့ 
သွေးချိန် သချိန် မရခဲ့တဲ့ ပင်ကိုရည်လေးနဲ့ 
တိုက်ရင်းနဲ့ ထက်ခဲ့၊ တိုက်ရင်းနဲ့ ပဲ့ခဲ့
လောကက ခုတ်ပစ်ရမှာတွေ သိပ်များတယ်။

ငါ့ ဓါးရိုးမှာ ငါ့ လက်ဗွေရာ ပဲရှိရဲ့
ငါ့ဓါးသွားမှာ ရန်သူ့ သွေးဟာ နီကျင်စွန်းကပ်နေတယ်။

ရေဆေးမ၀ယ်နိုင်လို့ ရေနဲ့ပဲ ရေးလိုက်ရတဲ့ ပန်းချီကားတွေ
ဆီဆေးတွေ ပိုလျှံနေလို့ အဆီအစ် ဗိုက်ရွှဲနေတဲ့ ပန်းချီကားတွေ
လောကပြတိုက်ထဲက ပန်းချီဟာ နရီ ကာရန် ဆေးစပ်မှန်ရင် မကောင်းဘူးလား
တယောက် အရောင် တယောက် နှိုက်မခိုးနဲ့
တယောက် ဘောင် တယောက် ရိုက်မချိုးနဲ့
မတော်တဆ စိုက်ပျိုးခံရတဲ့ လူ့ ဖြစ်တည်ခြင်းမှာ
လူက လူကို ကိုးကွယ်စရာ လိုလို့ လား
ကိုယ့် ခါးရိုး ကိုယ် အားကိုးတဲ့ ကောင်တွေချည်းပဲ ဟေ့ကောင်။

ရဲဘော်ရိုင်ယန်ကို မေ့လိုက်တော့ကွာ
ငါတို့မှာ စားစရာမရှိတော့ဘူး
ဒါမှမဟုတ်...စားမဲ့လူတောင်မရှိတော့ဘူး
ဒီလိုလည်းမဟုတ်သေးဘူးဆိုရမလား
ဥပဒေအစဉ်အလာတွေနဲ့ပဲ
ကုနေတာကြာလာတဲ့ ကင်ဆာ ဟာရင့်ခဲ့ပြီ။

သရက်ထောင်မှာ ရေးခဲ့တဲ့ကဗျာတပုဒ် လွတ်မြောက်ရေးကဗျာလောကကို အုပ်ချုပ်တယ်
ရဲရင့်နဲ့ရဲသီဟ မောင်းခဲ့တဲ့ လေယာဉ်ပျံတစင်း လွတ်မြောက်ရေးကောင်းကင်နံရံကို ထိမှန်တယ်
စစ်ငြိမ်းအေး ရေးခဲ့တဲ့ ပန်ချီကားတချပ် လွတ်မြောက်ရေးပြတိုက်မှာ ကပ်ထားတယ်
ရဲနည်ရေးခဲ့တဲ့ တေးတပုဒ် လွတ်မြောက်ရေးသံစဉ် notes နဲ့ယက်လုပ်တယ်
တိုးအောင်လွင် လက်ထဲက ကြေးနန်းတရွက် လွတ်မြောက်ရေး ဆိုက်ဘာနဲ့ဖော်ခဲ့တယ်
လွတ်မြောက်ရေးကို ပုံဖော်အသက်သွင်းဖို့ တော်လှန်ရေးဆိုတာ ခရီးပြင်းချီအောင်ပွဲခံရတယ်
မောင်ချောနွယ်က ကိုဖော်ဝေးရေ ကျနော် နောက်မဆုတ်တော့ဘူးလို့ ကြွေးကြော်ခဲ့တယ်၊ ရေးခဲ့ ရင်းခဲ့တယ်၊
မောင်ချောနွယ်ဟာ မောင်ချောနွယ်ဖြစ်ခဲ့တယ်။ဒါပဲ။

သေနေတဲ့ အေကေစက်လတ်တလက်လို
ဘ၀ကို (လေးလေးနင့်နင့်) ထမ်းထုတ်သွားကြ အနောက်အရပ်ဆီ (လေးလေးနက်နက်)
ဘာဆက်လုပ်ရမယ်ဆိုတာကို မသိတဲ့ အများအတွက်ဗျူဟာတွေနဲ
ဘာဆက်လုပ်ရမယ်ဆိုတာကို သိတဲ့ ငါ့အတွက်ဗျူဟာတွေနဲ့ ၊
အခွင့် အရေးကို siege မလုပ်နိုင်တော့ကွဲပြဲ
အချစ်လေးကို keep မလုပ်နိုင်တော့ အသဲကွဲ၊
ပြည်သူ့ သွေးကို lead မလုပ်နိုင်တော့ ဟိုလွှဲဒီလွှဲ၊

ရွက်ကျပင်ပေါက်လို ရောက်လေရာမှာ ချစိုက်ပေမဲ့၊ ဘ၀ဟာပေါက်ဖို့ သေချာရဲ့လား
အကြိမ်ကြိမ် ပြောင်းရွှေ့ စိုက်ပျိုးခံရတဲ့ သစ်ပင်များစွာ၊ ဥယျာဉ်မှားကြီးထဲမှာတိုင်ပတ်ရွာလည်
မြန်မာနိုင်ငံရဲ့လွတ်မြောက်ရေးကုန်သည်များ။

မြေပုံတချပ်နဲ့ ပထ၀ီဘာသာရပ် မဖြစ်ဘူး၊
ရာဇ၀င်တစနဲ့  သမိုင်းဘာသာရပ်မဖြစ်ဘူး၊
ဗေဒင်ဟောစာတမ်းတရွက်နဲ့  နက္ခတ်တာရာကို ရမ်းဟောလို့မရဘူး၊
ဟော့ကင်းပြောတာကို လက်ညိုးထောင်ခေါင်းငြိမ့်ခဲ့၊ ဟော့ကင်း ပြန်ပြင်တာကို ခေါင်းငြိမ့် လက်ညိုးထောင်ခဲ့၊
ဖောက်ထွက်တဲ့ ကိုယ်ပိုင် ဦးနှောက်လေး တည်ထောင်ကြည့်ရအောင်လား၊
သမိုင်းကတော့ တော်လှန်ရေးတခုနဲ့ လွပ်လပ်ရေးကို ပုံဖော်မွေးခဲ့တယ်။

လိမ္မော်ရောင်တွေ မှိန်မှောင်ပျောက်နေတဲ့ လိမ္မော်သီးတွေ
ဘယ်ကိုမှမရောက်တဲ့ ဟိုင်းဝေးလမ်းမ အစုတ်ကြီးပေါ်က
စစ်တလဘတ်ကြီးအုပ်ကာထားတဲ့ ထရပ်ကားကြီးထဲမှာ
လူမိုက်မျက်ခွက်နဲ့  G3 ၄ လက်က ကင်းစောင့်လို့ 
အမိမြေ...

ရှည်ရှည်လျားလျား စစ်ကားတန်းကြီးတွေ
ဖုန်တထောင်းထောင်းနဲ့ မြန်မာပြည် အလယ်ကြောကို မောင်းတက်လာတယ်
နွား ကျွဲ ခွေး လူ ကြောင် အကုန်ရှောင်၊ မာဖီးယား ဆေးကြောင်တဲ့လမ်းစဉ်နဲ့
ဒီလိုနဲ့...
လူချမ်းသာ မြို့ ၁ မြို့ ဖြစ်လာတယ် လူဆင်းရဲ ရွာ ၁၀၀ ပျက်သွားတယ်
အဲဒီဖိနှိပ်မှု ရေပြင်ထဲမြုပ်သွားတဲ့ ဘ၀တွေ
ဘယ်ဘုရားသခင်ရဲ့ ရင်ပြင်မှာ သွားပေါ်ခဲ့ပါသလဲ
စစ်ကားတန်းကြီးဟာ ပျဉ်းမနားမြို့ကို အဖြတ်
မြို့လေးဟာ တဆတ်ဆတ်တုန်ခါ
ကဗျာဆရာ လက်ထဲက ခွက်ဟာကျကွဲ
စာရွက်ပေါ် ဓါးသွားတွေ ညီညာပြန့်ကြဲလို့
တွေးဆရေးထားတဲ့ကဗျာကို သွေး ဇ နဲ့ဖတ်လိုက်တဲ့အခါ
မင်းဟာ...တော်လှန်ရေး...ပေါ့ကွာ။

ငါက တောမီးအလယ်ခေါင်က ခွေးငယ်လေး တကောင်လို
မင်းက ရေခဲမုန်တိုင်းထဲ ညှပ်ပိတ်မိနေတဲ့ မီးသတ်လေယာဉ် တစင်းလို
ကမ္ဘာဟာ
တဟုန်းဟုန်း ဒေါသတကြီးလောင်နေတဲ့မီးကို
တ၀ုန်းဝုန်း လောဘတကြီးလျှံနေတဲ့ရေနဲ့ မငြိမ်းသတ်နိုင်ခဲ့ဘူး
လူဟာ
လိုလိုလောလောဆာနေတဲ့ဗိုက်ကို ပိုပိုပေါပေါလျှံနေတဲ့အစာနဲ့ မဖြည့်နိုင်ခဲ့ဘူး
အရူးသစ္စာအတ္တနဲ့ ဥပေက္ခာအက ကို ကခဲ့ အခဲ့ တယ်။

ဧရာဝတီဟာ
ရေငန်တွေကို ပြန်အန် မထုတ်နိုင်သေးဘူး
စပါးပင်တွေမှာ အားအင်မရှိသေးဘူး
များပြားလှတဲ့ မိဘမဲ့ခလေးတွေဟာ
အစားစားရဖို့ အရေး အချင်းချင်း ကြီးကြပ်ရှာကျွေးနေရရှာတယ်
အရေးကြီးလွန်းလှတဲ့ မူလတန်းကျောင်းတွေဟာ
ရေကြီးသွားခဲ့တဲ့ အရပ်မှာ ပြန်ပေါ်မလာသေးဘူး
နာဂစ် အလုပ်အကျွေးပြုသွားတဲ့ ၁၁ ဘီလီယံနဲ့ 
ရွာအသစ်အုပ်စုလေးတောင် ပြန်မတည်နိုင်ဘူးလားကွာ။

မိုက်တွင်းနက်နက်နဲ့ တူးထားတဲ့ လှိုဏ်ဂူနက်နက်ထဲမှာ
ပြည်သူတွေ ခူးစားနိုင်တဲ့ သီးရွက်သီးနှံ မရှိဘူး
စစ်အတ္တအတွေးအခေါ်နဲ့ အသစ်လှလှအရေးပေါ် ဆောက်ထားတဲ့မြို့မှာ
ပြည်သူတွေသောက်ဖို့ ကော်ဖီဆိုင် မရှိဘူး
လုပ် ပင်း စားနေတဲ့ စီးပွားရေး သံသရာမှာ
ပြည်သူတွေဟာ မုန့်ဟင်းခါးလေးတောင် အကြွေး မစားနိုင်ဘူး

တခြားဖက်မှာ မြင်းဆေးတွေ ထောင် သောင်း သိန်း နဲ့ ချီထုတ်နေပေမဲ့
ဖျားတဲ့အခါ ကွီနင်းလေး တောင် ဆောင်မသိမ်းထားနိုင်တဲ့ ဆေးရုံမှာ
ခလေးအုပ်တွေ အထွေးလိုက် အထုပ်လိုက် တုပ်ကွေးမိနေရဲ့
ဆရာဝန်တွေက ရေကြည်ရာ မြက်နုရာ ရွက်လွှင့်သွားကြတဲ့အခါ
ဟောဒီ ရေမွဲ မြေမွဲ အဟောင်းအနွမ်းမြေမှာ
ရောဂါတွေ ပွဲတော်လို သောင်းကျန်းနေတာ မဆန်းပါ။

ငါတို့ ထဲမှာကလည်း
အပ်ကွက်နဲ့ ဘ၀ပျက်သွားတဲ့ ကောင်တွေလည်းရှိရဲ့
ခွချက်နဲ့ အမြတ်ထွက်သွားတဲ့ ကောင်တွေလည်းရှိရဲ့
အပြီးသတ် endgame ကို အနီးကပ် ထိန်းကစားမဲ့ဗျူဟာလိုပြီ

ဗျူဟာများစွာ ဆွဲခဲ့ပါရဲ့
ဘူတာထဲ ရထား ရောက်မလာတဲ့ ဖြစ်စဉ်တွေနဲ့ 
စောင့်နေသူ ပရိသတ်ကြီးဟာ ခြေညောင်း ဗိုက်ဆာ ရင့်ရော် အိုမင်း
ချခင်းထားတဲ့ ဘ၀သံလမ်းများကို အဆွေးမခံကြနဲ့ ဟေ့
ထပ်ရင်းရမဲ့ ဘ၀မာန်စွမ်းအားများကို ဖြည့်ခဲ့ပါ။

မျက်နှာချင်းဆိုင် ရှေ့ထွက်မိုင်း ၂ လုံးကြားထဲက ပေါ်တာလို
နေ့ ရက်တိုင်း ရော်ဝါနေတဲ့ ကရင်ရွာအိုလေးမှာ ငါနေတယ်
အစိုးရတပ်တွေလည်း ဆုတ်ပြေးသွားကြပြီ
သူပုန်တပ်တွေလည်း ဆုတ်ပြေးသွားကြပြီ
မင်းတို့ ပြုတ်ကျကျန်ခဲ့တဲ့ လက်ပစ်ဗုံး
ဘယ်ရွာသားတွေမှ စားသုံးလို့ မရဘူးကွာ
မင်းတို့ မြှုပ်နှံခဲ့တဲ့ အလောင်း ပုတ်နံ့ တထောင်းထောင်းနဲ့ ရွာပတ်တယ်
အစိုးရတပ်သားတွေက
ငါ့သမီးကို နမ်းရှိုက်ဖို့ ခေါ်သွားတယ်
သူပုန်တပ်သားတွေက
ငါ့သားကို အထမ်းလိုက်ဖို့ ခေါ်သွားတယ်
ငါကတော့ နှမ်းငပိ လုပ်ဖို့ နှမ်းစိုက် ကျန်ခဲ့တယ်
ဆန်လုပ်ဖို့  တမံတုတ် စပါးစိုက် ကျန်ခဲ့တယ်
ခရစမတ်အလှူမှာ ကျွေးမဲ့ ၀က် ကြက်တွေ ငါမွေးထားခဲ့ပေမဲ့
စစ်ကပူလာတဲ့အခါ မင်းတို့ တွေကိုပဲ ငါ ပေး ပေးစား လိုက်ရတယ်
မင်းတို့ အခွေပြန်ပြန်ရစ် နားထောင်တဲ့ ပြည်တွင်းစစ် တောင်ကုန်းတောင်ရိုးပေါ်မှာ
ငါလိုကောင် အဖိုးအိုဟာ ရိုးအစွာ လူဖြစ်ရှုံးခဲ့တာ နှစ် ၆၀ ကြာပြီ။

အမှားဦးနှောက်ပျက်လမ်းစဉ်နဲ့ တောက်လျှောက် တည်ဆောက်လာတာ
အများသုံးသောက်မဲ့ ရေချမ်းစင်လေးတောင် မဖြစ်လာဘူးဆိုတော့
နွားတသိုက် နေရီညိုမှာ ခြံသွင်းသွားသလိုမျိုး
ဘားတိုက်တွေဆီကိုသာ ပြန်ဆင်းသွားပါတော့ ဗိုလ်ချုပ်တို့ရေ…

ပြည်သူ့ ဆန္ဒတွေကိုတော့ လူထုသံအမတ်ခန် ခဲ့ပေါ့ကွာ။

ချင်းချင်းနီ သံသရာသမိုင်းဆီက ခရီးပြင်းချီ သံဃာလှိုင်းပြန်လာခဲ့တယ်
ဒဏ်ရာကို မေတ္တာနဲ့ သင်္ကန်းရုံပြီး အနာဂတ် အရုဏ်မှာ ဆွမ်းခံထွက်ခဲ့
ဟောဒီ စနစ်ဆိုး ဆွေးဆွေးကို ဖြုတ်ဖို့ တနင့်တပိုး သွေးကြွေးတို့ ဆွမ်းလှူထွက်ပါ။

အစိုးရတပ်တွေက
ငါတို့ သူပုန်တပ်တွေကို တွန်းထုတ်လိုက်တဲ့အခါ
ငါတို့ အငတ်ခံပြီး တည်ဆောက်ထားတဲ့ အသစ်စက်စက် စာသင်ကျောင်းလေးဟာ
မိဘမဲ့ခလေး တစ်ယောက်လို တဆတ်ဆတ်တုန်ခါ ကျန်ခဲ့လေရဲ့
အမြော်အမြင်ရှိတဲ့ ရန်သူ့ တပ်မှူးဟာ
အဲဒီကျောင်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်
ရွာရဲ့ခလေးငယ်တွေကို စာသင်ခွင့်ပေးနိုင်ခဲ့တယ်
(အလံဖြူထောင်လာရင် မပစ်ရ
အရေးပေါ်လူနာတင်ယာဉ် မဖျက်ဆီးရ
လူကြီးလူကောင်းတွေရဲ့ အားပြိုင်ပွဲမှာ သတ်မှတ်ချက်တွေရှိတယ်)

လူ့ ဦးနှောက်ဟာ
နယူးကလီးယားဗုံးကို ဖောက်ခွဲဖို့ အထိ မမိုက်မဲသေးဘူး
ငြိမ်းချမ်းရေးကို လက်မှတ်ထိုးဖို့ လည်း စာမတတ်သေးဘူး
မရင့်သေးသော အရူးရောဂါမှာ မျော်လင့်ချက်တွေဟာ ကမ္ဘာတွေအထပ်လိုက် ဘ၀တွေအထပ်လိုက်
သတိရ ရပါသော ပင်လယ်ရွာငယ်လေးရေ…အခုလောက်ဆို…မင်းရင်ခွင်ထဲက ခလေးငယ်တွေ
အလယ်တန်းတွေ..ဆယ်တန်းတွေ.. အောင်နေလောက်ရောပေါ့
ငါတို့ မှာတော့ ယုံကြည်ချက်အတွက် ပုဂ္ဂလအတ္တတွေ ဆယ်စုနှစ်စီပဲ့ကြွေလို့ 
ငါတို့ ရဲ့ ပရဟိတ နေရောင်အောက် အနာဂတ်ဟာ တောက်ပြောင်လာစေရမယ်

စာကြိုးစားပါ ရွာငယ်လေးရေ…
ခေတ်ကို အလွှတ်ရအောင်ကျက်
ဦးနှောက်ကို ရာစုသစ်လို အမောက်ထောင်ဖွင့်ကားထား
ဒီတိုင်းပြည်မှာ
အရင် နှစ် ၆၀ စာ ဆိုးဝါးမှားမိုက်ခဲ့တဲ့ မတိုးတက်မှုတွေအတွက်
နောက်ထပ် အနှစ် ၆၀ ကြိုးစားအားစိုက်ရမဲ့ မျိုးဆက်ထုရဲ့တာဝန်တွေနဲ့ 
ဆွဲယူဖဲ့ထုတ်လွှင့်ပစ်လိုက်လို့ မရတဲ့ နှလုံးသားဟာ မင်းရဲ့ မြန်မာပြည်။

ရွှေတိဂုံဘုရားပေါ်က ဆွမ်းတော်တင်ထားတဲ့ ဒုက္ခတရားတွေကို
ဆွမ်းတော်တင်သူဟာ ပြန်စွန့် စားနေရတဲ့ ဘ၀နဲ့ မြို့ကြီးရေ…
စိတ်စစ် ရုပ်မှန်မှာ သဒ္ဒါပေါက် အမျှဝေ ချင်သလောက်
အတိတ် ပစ္စုပ္ပုန်မှာ အာဏာအောက် ရပ် သေ နေတဲ့ လူထုကို လမ်းပြပါ။

ဒုက္ခက ကျားမာန်နဲ့ ခုန်ဆင်းလာတဲ့ လေယာဉ်ပေါ်ကဗုံးလို ကျလာတယ်
လူက သိပ်တော်တယ်
လေယာဉ်ပစ် လက်နက်ဆီ ပြေးပြီး နဲ့ အပီအပြင် ပစ်ချတယ်
လောကအဓိပ္ပါယ်ဆိုတာ
အဲဒီမှာ ထိမှန်တယ် မထိမှန်ဘူး
သေနတ်က ဂျမ်းဖြစ်တယ် မဖြစ်ဘူး
ဗုံးတွေက ကွဲတယ် မကွဲဘူး
သေနတ်သမားက သတ္တိမဲ့တယ် မမဲ့ဘူး
ကောင်းကင်ကြီးကတော့ မြေပြင်လို ဟား ဟား ဟားနဲ့  ဟားတိုက်ရယ်လို့ ။

ခြင်ကိုက်ခံထားရတဲ့အလင်းမှာ
ခြင်ကိုရိုက်မလား အလင်းကိုပိတ်မလား
မင်းတို့ အားလုံးရဲ့ စိတ်အားလုံး ပြတ်သားဖို့ လိုနေပြီ ဟေ့ကောင်။

ရိုးသား ငေးဆွ ထုံအ ကြောက်ရွံ့ နေတဲ့ ကျင့်စဉ်နဲ့ တော့
အမျိုးသားရေး ဂုဏ်ဒြပ် မြောက်တဲ့ လူ့ ဖြစ်စဉ်ကိုရလိုက်မှာမဟုတ်ဘူး
တိုက်ထုတ်ပစ်ရမယ်
တိုက်။

သုအိုင်စံ
၁၁.၀၉.၂၀၀၉

အပြည့်အစုံသို့...

Saturday, May 7, 2011

ရထား

(၁)
လူမိန်းမရဲ့ဥမင်လှိုဏ်ခေါင်းထဲကနေ
တစ်တွဲရထားလေးထွက်လာခဲ့
အားလုံးဗလာ ဘာမှမပါခဲ့
ဥသြဆွဲသံဟာအရောင်အဆင်းမဲ့တယ်။

လမ်းတွေရှိနေပြီလား
လမ်းတွေမရှိသေးဘူးလား
ဆန္ဒနဲ့ဖြစ်စေ
ဆန္ဒမဲ့ဖြစ်စေ
ခုတ်မောင်းသွားရမဲ့ရထားက
(လိုရမယ်ရ)
အတ္တတွေကိုတွဲပေါ်ပစ်တင်လိုက်ရဲ့
ဥသြဆွဲရင်တကိုယ်ရေသီချင်းဖြစ်တယ်။

ခေါင်းတွဲသက်သက်ကြီးသွားနေရတာကို
ငြီးငွေ.လာတဲ့ရထားတွေဟာ
ကိုယ်စီလိုအပ်စွာနောက်တစ်တွဲချိတ်ဆက်
ရထားဟာရထားဆန်လာခဲ့တယ်။

ဒီ၂ တွဲရတားဟာ
၂ ယောက်အိပ်ကုတင်တ၀ိုက်မှာပြေးဆွဲ
ဥသြဆွဲသံဟာအချစ်သီချင်းပဲ။
ရထားဟာသားဖွားရုံဘူတာကအထွက်
၃ တွဲဖြစ်လာခဲ့ပြီး
လေးနင့်လာတဲ့စားဝတ်နေရေး
ရင့်အိုလာတဲ့ငယ်ချစ်ခြင်း
အသစ်စက်စက်စိတ်ထွက်ပေါက်နဲ့
ဥသြဆွဲတဲ့အခါမိသားစုဓါတ်ပုံဖြစ်တယ်။

ဒီရထားဟာသုံးတွဲရှိပြီး
ဒီသုံးတွဲဟာသုံးစင်းဖြစ်တယ်။

(၂)
ရထားကရှည်ရှည်
ခရီးကဝေးဝေး
ဝန်ထုပ်ကလေးလေး
လူရထားတို့ပြေးလွားနေ။

(၃)
လောကလမ်းပေါ်က
(တစ်ခုတည်းသော)
ဘာမှမရှိတဲ့ဘူတာရုံထဲကို
(တစ်တွဲတည်းသော)
ဘာမှမပါတဲ့ရထားဆိုက်ကပ်ခဲ့
(တစ်ရှိုက်တည်းသော)
ဥသြဆွဲသံဟာဈာပနတေးဖြစ်တယ်။

(၄)
ရထားကအများကြီးချန်ထားခဲ့ပေမဲ့
သံလမ်းပေါ်ဘာမှကျန်မနေခဲ့ဘူး။ ။

သုအိုင်စံ

အပြည့်အစုံသို့...

အရောင်များရဲ့ထွက်ကုန်

(၁)
ပန်းချီရေးသူတွေထဲက
၂ ဦးဟာသူ့မိဘဖြစ်တယ်။

မတော်တဆပြုတ်ကျခဲ့တာလား
ရည်ရွယ်အစပြုခံခဲ့ရတာလား
ကင်းဘတ်ဖြူပေါ်ကဆေးတစ်စက်
သူဖြစ်တယ်။

အဖေနဲ့အမေဟာ
အဲဒီဆေးစက်ကိုချယ်မှုန်းအသက်သွင်း
သူကြီးပြင်းတယ်။

အဖေ့ရဲ့တွေးဆချက်တွေ
အမေ့ရဲ့စုတ်ချက်တွေနဲ့
မေတ္တာတွေစိုလက်နေတဲ့ပန်းချီကား
သူဟာသူမဟုတ်သေးပါလား။

(၂)
ကိုယ့်ဘ၀ကိုယ်ရေးဆိုပြီး
စုတ်တံနဲ့ပညာတွေပေးခဲ့
မိဘတွေထွက်ခွာသွားတဲ့နေ့မှာပဲ
ပန်းချီကားဟာပန်းချီထရေးတယ်
ငါဟာငါဖြစ်ပြီလို့လည်း
သူကြွေးကြော်လိုက်သေးရဲ့
သူ့ကိုယ်ပိုင်အယူအဆတွေနဲ့
သူ့ပုံကိုခံစားကြည့်လိုက်တဲ့အခါ
(ဥပမာ...မကြိုက်ဘူးဆိုပါစို့)
အဖြူသက်သက်ဖုံးအုပ်လိုက်လို့လည်းမရ
အမဲသက်သက်သုတ်ပစ်လိုက်ဖို့လည်းမလုပ်အပ်
လက်ရှိလက်ရာလေးကိုပဲချဲ့ထွင်ဖန်ဆင်း
ရှင်သန်ခြင်းဆိုတာ
ပုံသွင်းခံရပြီးသား
အသစ်စက်စက်ရေးဟန်တစ်ချက်ပဲ။

(၃)
ရွေးချယ်ခဲ့တဲ့ရပိုင်ခွင့်လား
ငြင်းပယ်မရခဲ့တဲ့တာဝန်လား
ဘ၀ဆိုတာ
ကိုယ်မစခဲ့ရတဲ့
ကိုယ့်ရေးလက်စပန်းချီကားပေါ့
ဖြစ်တည်မှုထဲမှာအကျဉ်းကျနေတဲ့
ဖြစ်ခြင်းခံဖြစ်တည်သူအဖြစ်နဲ့
ဘယ်လူဟာလွပ်လပ်ခဲ့ပါသလဲ
သေချာတယ်
ဘောင်သေတစ်ခုခုထဲမှာ
အရောင်အစုစုတွေနဲ့ယှက်ဖြာပေါင်းစပ်
လူဆိုတာ
သူကိုယ်တိုင်အရေးခံနေရတဲ့
ဒုတိယပန်းချီဆရာဖြစ်တယ်။ ။

သုအိုင်စံ

အပြည့်အစုံသို့...

Wednesday, May 4, 2011

ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှု မြင့်မားလာ

ဆုံဆည်းရာ၊ မေလ ၄ ရက် ၂၀၁၁

ထိုင်းနိုင်ငံ မဲဆောက် မြို့မှာ နေထိုင်နေကြတဲ့ မြန်မာ အတိုက်အခံ တွေရဲ့ စာရင်းကို မြန်မာအစိုးရက ထိုင်းဝန်ကြီးချုပ်ဆီကို ပေးပို့ခဲ့တယ်လို့လည်း တာ့ခ် ခရိုင်အုပ်ချုပ်ရေးမှူး နိုင်စမတ်လွိုင်ဖာ က ပြောပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ အမျိုးသား လုံခြုံရေး ကောင်စီက ကိုင်တွယ်ဖြေရှင်း လိမ့်မယ်လို့လည်း တာ့ခ် ခရိုင်အုပ်ချုပ်ရေးမှူးက ယမန်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ထိုင်းအစိုးရဟာ ထိုင်း-မြန်မာနယ်စပ်မှာ ရှိနေကြတဲ့ မြန်မာဒုက္ခသည်တွေနဲ့ နိုင်ငံရေး လှုပ်ရှားသူတွေ အပေါ် အရင်တုန်းကလည်း တင်းကြပ်မှုတွေ လုပ်ခဲ့ဘူးပါတယ်။ ဒီတကြိမ် တင်းကြပ်မှုတွေကတော့ မဲဆောက်-မြဝတီ စီးပွားရေးဇုံ တည်ဆောက်ဖို့ အစီအစဉ်နဲ့ ပတ်သက်နိုင်တယ်လို့ မဲဆောက် အခြေစိုက် ဘီဘီစီ သတင်းထောက် ကပြောပါတယ်။

မြန်မာဖက်မှာလည်း အထူးစီးပွားရေးဇုံ တည်ထောင်မယ့် ဒေသတွင်းမှာရှိတဲ့ လူမျိုးစု လက်နက်ကိုင်တွေကို မြန်မာအစိုးရက ရှင်းလင်း နေပြီး လုံခြုံမှု ရှိအောင် ဆောင်ရွက် နေတယ်လို့ တာ့ခ် ခရိုင် အုပ်ချုပ်ရေးမှူး နိုင်စမတ် လွိုင်ဖာက မေလ ၃ ရက်နေ့က မဲဆောက်မြို့မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ကူးယူကိုးကား။ ။ ဘီဘီစီ (http://www.bbc.co.uk/burmese/burma/2011/05/110503_thai_burma.shtml)

အပြည့်အစုံသို့...

ကျိုက်ဒုံဒေသတွင် နအဖ နှင့် ဒီကေဘီအေ တပ်များ တိုက်ပွဲပြင်းထန်

ဆုံဆည်းရာ၊ မေလ ၄ ရက် ၂၀၁၁

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံဒေသတွင် ဒီကေဘီအေ ဗိုလ်ချုပ်စောလားဘွယ် ဦးဆောင်တဲ့ တပ်မဟာ ၅ တပ်တွေနဲ့ နအဖ စစ်တပ် စကခ ၅ လက်အောက်ခံ နည်းဗျူဟာ ၁ မှ တပ်များနှင့် ဧပြီလ ၂၄ ရက်နေ့က စပြီး ယနေ့အချိန်အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

ဒီကေဘီအေ ကလိုထူးဘောဗျူဟာ ဗိုလ်ချုပ်စောလားဘွယ် ဦးဆောင်သည့် တပ်ရင်း ၉ဝ၈၊ ၉ဝ၂ နှင့် ၉ဝ၁ တပ်ဖွဲ့များ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံဒေသတွင် အခြေပြုပြီး နအဖ စစ်အခြေစိုက်စခန်းများကို ၀င်ရောက်တိုက်ခိုက်ခြင်း၊ ရဲစခန်းများအား ၀င်ရောက်ပစ်ခတ်ခြင်း၊ မြ၀တီ-ကော့ကရိတ်ကားလမ်းရှိ နအဖ စစ်ကားများကို ခြုံခိုတိုက်ခိုက်မှုတွေကြောင့် နအဖ ဘက်မှ ထိခိုက်မှုများပြားတာကြောင့် နအဖ စစ်တပ်အင်အားဖြည့်ဆည်း တိုက်ခိုက်တာဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ကလည်း ကြိတ်ကျေးရွာအခြေစိုက် ခလရ ၃၇၁ တပ်ရင်း အခြေစိုက်စခန်းအား ဒီကေဘီအေ တပ်မဟာ (၅)မှ တပ်ဖွဲ့ဝင်များက ၀င်ရောက်ပစ်ခတ် မီးရှို့ဖျက်ဆီးခဲ့ပြီး ဧပြီလ ၂၅ ရက်နေ့ကလည်း အဇင်းရဲစခန်းကို ဒီကေဘီအေ တပ်ဖွဲ့ဝင်များက ၀င်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။ ဧပြီလ ၂၃ နေ့မှ မေ ၃ ရက်နေ့အထိ နအဖ ဘက်မှ ၂၅ ဦးကျော် သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

အပြည့်အစုံသို့...

Tuesday, May 3, 2011

ဘိက္ခူမာတာ

ဒေါ်ရှု၊ သံဃာတော်များနှင့် သီလရှင်များကို ထောင်ဝင်စာ ပေးပို့နေသူ

အသက် (၆၂) နှစ်အရွယ်ရှိ ဘိုကလေးသူ ဒေါ်ရှုသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃာ့အရေးအခင်းကြောင့် အကျဉ်းကျခံနေရသော ထောင်ဝင်စာတွေ့မည့်သူမရှိသည့် သံဃာတော်များနှင့် သီလရှင်များကို အပတ်စဉ်ထောင်ဝင်စာ ပေးပို့နိုင်ရေးအတွက် မိသားစု၏ စိတ်ပူပင်မှုများနှင့် အာဏာပိုင်များ၏ ဖိအားပေး နှောင့်ယှက်မှုများကြားမှ လုပ်ကိုင်နေသူ ဖြစ်ပါသည်။ ထို့အပြင် ထောင်ဝင်စာတွေ့သူမရှိဖြစ်နေကြသည့် နိုင်ငံရေးအကျဉ်းသား လူပုဂ္ဂိုလ်အချို့ကိုပါ ထောင်ဝင်စာ ပေးပို့နေပါသည်။

ဖေဖေါ်ဝါရီလ ၁၈ ရက်၊ ၂၀၁၁ ခုနှစ် ဧရာဝတီအင်တာနက် သတင်းစာမျက်နှာမှ ဆောင်းပါရှင် မင်းနိုင်သူ၏ ဆောင်းပါးတွင် ဒေါ်ရှုအကြောင်း အစိတ်အပိုင်းကို ယခုကဲ့သို့ ရေးသားထားခဲ့သည်။

“ဘိက္ခူမာတာ” ဒေါ်ရှု (မင်းနိုင်သူ Friday, 18 February 2011 18:47 ဧရာဝတီ ဆောင်းပါး )

"ဒီ အကြောင်းတွေရေးရင် အာဏာပိုင်တွေက အနှောင့်အယှက် ပေးမှာကို စိုးရိမ်မိတယ်။ အန်တီ့အတွက် စိုးရိမ်တာ မဟုတ်ဘူးနော်။ အန်တီ ထောင်ဝင်စာတွေ့ပေးနေရတဲ့ သံဃာတွေကို ထောင်ဝင်စာ သွားတွေ့မယ့်လူ မရှိတော့မှာစိုးလို့” ဟု မေးသမျှကို စိတ်ရှည်လက်ရှည် ဖြေကြားပေးနေတဲ့ ဒေါ်ရှုက ပြောလက်စကို ခဏရပ်လိုက်ရင်း သူ့စိုးရိမ်မှုကို ဖွင့်ဟပါတယ်။

အဲဒီနောက်မှာတော့ သက်ပြင်းတချက် ရှုသွင်းလိုက်ရင်း ဒေါ်ရှုက စကားဆက်ပြန်ပါတယ်။

“အန်တီဘာတွေ လုပ်နေတယ်ဆိုတာလည်း စောင့်ကြည့်နေတဲ့သူတွေ၊ ထောင်ဝန်ထမ်းတွေက သိကြပါတယ်။ အန်တီက နိုင်ငံပုန်ကန်နေတာလည်း မဟုတ်ဘူး၊ ဘယ်သူမှ ထောင်ဝင်စာ လာမတွေ့နိုင်တဲ့ သံဃာတွေကို သနားလွန်းလို့ ထောင်ဝင်စာ တွေ့ပေးနေတာ သက်သက်ပါပဲ”

ဒေါ်ရှုဆိုတာကတော့ နိုင်ငံရေးနဲ့ ပတ်သက်လို့ အကျဉ်းကျခံနေရပြီး ထောင်ဝင်စာတွေ့မယ့်သူ မရှိတဲ့ သံဃာတွေကို ထောင်ဝင်စာ တွေ့ပေးနေသူပါ။

စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်မြောက် ရပ်ကွက်မှာရှိတဲ့ ဒေါ်ရှုရဲ့ နှစ်ထပ်အိမ်လေး ထဲမှာတော့ မြန်မာနိုင်ငံတ၀န်းက အကျဉ်း ထောင်တွေမှာ ထောင်ဝင်စာတွေ့မယ့်သူ မရှိဖြစ်နေတဲ့ သံဃာတွေဆီကို ပေးပို့မယ့် ထောင်ဝင်စာ ထုပ်တွေ အမြဲမပြတ် ရှိနေတတ်တယ်လို့ အရှင်စန္ဒောဘာသက မိန့်ဆိုပါတယ်။ အရှင် စန္ဒောဘာသဟာ ၁၆ နှစ်ကြာ နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ပြီး ဒေါ်ရှုရဲ့ ထောင်ဝင်စာအလှူကို လက်ခံခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

“ဦးပဉ္ဇင်း ၂၀၀၉ ခုနှစ်မှာ အင်းစိန်ထောင်ကနေ လွတ်လာတော့ သူ့အိမ်မှာ ၃ ရက်လောက် တည်းခိုခဲ့ဖူးတယ်။ သူ့အိမ်ထဲမှာ နယ်ထောင် တွေဆီပို့မယ့် ထောင်ဝင်စာထုပ် ကလေးတွေ အမြဲမပြတ် ရှိနေတတ်တယ်။ အပတ်စဉ် ထောင်ဝင်စာထုပ်တွေ ပေးပို့နိုင်ဖို့ ဈေးတကာလှည့် ဈေးဝယ်ရ၊ ချက်ရ ပြုတ်ရနဲ့ သူ့မှာ နားနေချိန်ရယ်လို့ မရှိသလောက်ပါပဲ” လို့ အရှင်စန္ဒောဘာသက ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) စမ်းချောင်းမြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ရှုဟာ ၂၀၀၇ ခုနှစ် ဇူလိုင်လ အတွင်းက ကျောက်တော်ကြီးဘုရားမှာ ၀တ်ပြုဆုတောင်းခဲ့တဲ့အတွက် အာဏာပိုင်တွေရဲ့ ၄၅ ရက်ကြာ ဖမ်းဆီး ထိန်းသိမ်းမှုကိုလည်း ခံခဲ့ရသူပါ။

စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်းတဲ့အပြင် အာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုကို မကြာခဏ ခံနေရတဲ့ အလုပ်ကို ဘာကြောင့် ဒေါ်ရှု လုပ်ဖြစ်ခဲ့တာပါလဲ။

ဒေါ်ရှုက ရှေ့နေ ကိုဖိုးဖြူ၊ ကိုညီညီနိုင်တို့နဲ့ ရင်းနှီးခဲ့တဲ့အကြောင်း၊ ၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီးမှာ ကိုဖိုးဖြူက သူ ရှေ့နေလိုက်ပေးနေတဲ့ အမှုမှာပါတဲ့ မြောက်ဥက္ကလာ ဘုန်းကြီးကျောင်းက သံဃာတော်တွေနဲ့ သီလရှင်တွေကို ထောင်ဝင်စာ တွေ့မယ့်သူ မရှိတာကြောင့် ဆွမ်းကပ်ပေးဖို့ အကူအညီ တောင်းခဲ့တဲ့အကြောင်း၊ အဲဒီကနေစပြီး သံဃာတော် ၇ ပါးနဲ့ သီလရင် ၇ ပါးတို့ကို စပြီး ဆွမ်းကပ်ဖြစ်တဲ့အကြောင်း ပြောပြပါတယ်။

“ရှေ့နေ ကိုဖိုးဖြူက အန်တီရယ်၊ သူများတွေက ထမင်းစားနေချိန်မှာ သူတို့မှာ အငတ်နေရတယ်။ သိပ်သနားစရာကောင်းတာပဲ ထမင်းလာ ကျွေးပေးပါလားလို့ ပြောလာလို့ စကျွေးတာ။ နောက်တော့ အဲဒီဘုန်းကြီးတွေကနေ ဘယ်ဘုန်းကြီးတွေလည်း ထောင်ဝင်စာ မရကြပါဘူး၊ ကူပါဦး ဒကာမကြီးရယ်ဆိုတော့ ကျန်သံဃာတွေကိုပါ ထောင်ဝင်စာတွေ့နေရတော့တာ။ အခုဆို ၃ နှစ်နဲ့ ၄ လ ရှိလာပြီပေါ့” လို့ ဒေါ်ရှုက ထင်မှတ်မထားပါဘဲ သံဃာတွေကို ထောင်ဝင်စာပေးပို့ ဖြစ်ခဲ့ပုံကို ပြန်ပြောပါတယ်။

အခုချိန်မှာတော့ ဒေါ်ရှု အပတ်စဉ် ထောင်ဝင်စာပေးပို့နေရတဲ့ သံဃာ အပါး ၅၀ ကျော်နေပါပြီ။ ဒီလို တိုးပွားလာတဲ့ သံဃာ ဦးရေကို အပတ်စဉ်ထောင်ဝင်စာ တွေ့နိုင်ရေးအတွက် NLD ကလည်း ဒေါ်ရှုကို ကူညီထောက်ပံ့ပေးပါတယ်။ NLDက နိုင်ငံရေး အကျဉ်းသားတဦးအတွက် တလကို ၅၀၀၀ ကျပ်နှုန်း ထောက်ပံ့ ပေးနေပေမယ့် လုံလောက်တဲ့ ပမာဏတော့ မဟုတ်ပါဘူး။

အသက် ၆၂ နှစ် ရှိပြီဖြစ်တဲ့ ဘိုကလေးသူ ဒေါ်ရှုဟာ မြန်မာနိုင်ငံအနှံ့ နိုင်ငံရေးကြောင့် အထိန်းသိမ်းခံထားရတဲ့ သံဃာတွေဆီကို အပတ်စဉ် ထောင်ဝင်စာ ပေးပို့နိုင်ရေးအတွက် ကူဖော်လောင်ဖက် အမျိုးသမီး ၂ ဦးနဲ့အတူ လုပ်ကိုင်နေရတာပါ။ အဲဒီ အမျိုးသမီး ၂ ဦးကို တယောက်အတွက် တလ ကျပ် ၂ သောင်းပေးပြီး အကူအညီ ခေါ်ထားရတယ်လို့ ဆိုပါတယ်။ ဒေါ်ရှုနဲ့ အတူနေကြတဲ့ သားနဲ့ သမီးက ဒီလို ထောင်ဝင်စာပို့တဲ့ အလုပ်လုပ်တာကို သဘောမတူတာကြောင့် ကူမယ့်သူတွေ ခေါ်ထားရတာလို့ ပြောပြပါတယ်။

“သားတွေ၊ သမီးတွေ သဘောမတူဘူး ဆိုတာက အန်တီပင်ပန်းတာကို သူတို့ မကြည့်ရက်လို့ပါ။ သူတို့ တားပေမယ့် အန်တီက ဆက်လုပ်နေတော့ နောက်ပိုင်းမှာ သားသမီးတွေကလည်း သိပ်မကြည်တော့ဘူးပေါ့။ အန်တီ့ အမျိုးသားနဲ့ ကွဲခဲ့ရတာလည်း ဒီအလုပ်တွေ ကြောင့်ပေါ့” လို့ ဒေါ်ရှုက ဆိုပါတယ်။

တကယ်တော့ ဒေါ်ရှုဟာ သူ့ဆီက ပို့လိုက်မယ့် ထောင်ဝင်စာထုပ်ကို စောင့်မျှော်နေမယ့် ထောင်တွင်းက သံဃာတော်တွေရဲ့ မျက်နှာနဲ့ သားသမီး တွေရဲ့ ငြူစူတဲ့ မျက်နှာတွေအကြား ဗျာများ နေရသူ ဖြစ်ပါတယ်။

ဒေါ်ရှုဟာ သံဃာတွေကို ထောင်ဝင်စာထုပ် ပို့နိုင်ရေးအတွက်ဆိုရင် သူ့သမီး လက်ဝတ်လက်စားတောင် ပေါင်ဖို့ လက်မနှေးဘူးလို့ အရှင် စန္ဒောဘာသက မိန့်ပါတယ်။

“ဦးပဉ္ဇင်း ထောင်က လွတ်လာပြီးနောက် သူ့အိမ်ကို ရောက်ပြီး အပြန်မှာ သူလည်း လမ်းကြုံတာနဲ့ နိုင်ငံခြားမှာ ရှိနေတဲ့ သူ့သားပို့လိုက်တဲ့ ငွေကို ဘဏ်မှာ လိုက်ထုတ်တယ်။ ငွေလည်း ရရော အပေါင်ဆိုင် ပြေးပြီး သူ့သမီး လက်ဝတ် လက်စားလေးကို ပြန်ရွေးတယ်။ သားပို့တဲ့ငွေက ထောင်ဝင်စာထုပ်ပို့ချိန် မမီတော့ သမီးလက်ကောက်လေး ခဏ အပေါင်ထားလိုက်ရတယ် ဦးပဉ္ဇင်းလို့ ပြောတယ်။ ဒေါ်ရှုဆိုတာ အဲလို အမျိုးသမီးပါ” လို့ အရှင်စန္ဒောဘာသက ဆိုပါတယ်။

နိုင်ငံရေး အကျဉ်းသားတဦးအတွက် တလ ၅၀၀၀ ကျပ်ဆိုတဲ့ NLD ရဲ့ထောက်ပံ့ငွေဟာ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်း၊ ၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီး တိုးပွားလာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကြောင့် ဆင့်ပါးစပ် နှမ်းပက်သလို ဖြစ်နေ ရတယ် လို့လည်း အရှင်စန္ဒောဘာသက မိန့်ကြားပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိနေပါတယ်။ ဒီစာရင်းထဲမှာ သံဃာ အပါး ၂၅၀ ကျော်နဲ့ သီလရှင် ၁ ပါး ပါဝင်နေပေမယ့် ဒေါ်ရှု ထောင်ဝင်စာထုပ် ပေးပို့နိုင်တာက သံဃာ အပါး ၅၀ လောက်ပဲ ရှိပါသေးတယ်။ တကယ်တော့ ဒေါ်ရှုဟာ သံဃာအပါး ၅၀ သာမကဘူး ထောင်ဝင်စာ တွေ့သူ မရှိဖြစ်နေကြတဲ့ နိုင်ငံရေးအကျဉ်းသား လူပုဂ္ဂိုလ်တချို့ကိုပါ ထောင်ဝင်စာ ပေးပို့နေတာပါ။

ဒေါ်ရှုဟာ သံဃာတော်တွေကို ထောင်ဝင်စာတွေ့နေပေမယ့် သူ့ထောင်ဝင်စာထုပ်ကို လက်ခံရယူနေတဲ့ သံဃာတော်တိုင်းကို မြင်တွေ့ဖူးသူတော့ မဟုတ်ပါဘူး။

“မိသားစုဝင်ဖြစ်မှ ထောင်ဝင်စာ တွေ့ခွင့်ရတာလေ။ အန်တီက ထောင်ဝင်စာထုပ်တွေကို အင်းစိန် ထောင်ဘူးဝမှာပဲ ပေးထားခဲ့ရတာ။ နယ်ထောင်တွေအတွက် ဆိုရင်တော့ ထောင်ဝင်စာထုပ်ကို သေချာ ထုပ်ပိုးပြီး စာတိုက်ကြီးကနေ ပါဆယ် ပို့ရတာပေါ့။ တရားရုံးက စီရင်ချက် မချသေးလို့ တရားရုံးထုတ် ထွက်လာတဲ့ သံဃာတချို့ကိုပဲ အန်တီ တွေ့ဖူးသေးတယ်” လို့ ဒေါ်ရှုက ပြောပါတယ်။

ဒီလိုတွေ့ခွင့်ရတဲ့အထဲက တချို့မြင်ကွင်းတွေဟာ သူ့စိတ်ကို ထိခိုက်စေခဲ့ပြီး သူ့အလုပ်ကို ဆက်လုပ်စေဖို့အတွက် တွန်းအားတွေ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

“၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီးမှာ အဖမ်းခံရတဲ့ မြောက်ဥက္ကလာ သစ္စာသရဖူကျောင်းထိုင် ဆရာတော်ကို ထောင်ဝင်စာ သွားတွေ့ရတုန်းက ဒကာမကြီးရယ် ဒကာမကြီးရဲ့ ထောင်ဝင်စာကြောင့်သာ ဦးပဉ္ဇင်းမှာ လူလူသူသူလေး စားရသောက်ရပါတယ်။ ဒကာမကြီး ကျေးဇူးကြီးမားပါပေတယ်ဆိုပြီး အသက် ၇၀ ကျော် ဘုန်းကြီးက လက်အုပ်လေးချီပြီး အန်တီ့ကို ပြောတော့ အန်တီ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး။ အဲဒီမြင်ကွင်းကို ခုထိ မြင်ယောင်နေတုန်းပဲ။ ပြန်တွေးမိတိုင်းလည်း ငိုချင်နေတုန်းပဲ” လို့ ဒေါ်ရှုက ရှိုက်သံကို ထိန်းရင်း ပြောပြပါတယ်။

၁၉၉၃ ခုနှစ်က နိုင်ငံရေးပုဒ်မနဲ့ နအဖ စစ်အစိုးရရဲ့ ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရတဲ့ အရှင်စန္ဒောဘာသ ဟာ ၂၀၀၇ ခုနှစ်အထိ ထောင်ဝင်စာ တွေ့သူမရှိဖြစ်နေရာက ၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီး အင်းစိန်ထောင်ထဲကို သံဃာတော်တွေ ထပ်မံ ရောက်ရှိလာပြီး ချိန်မှာတော့ ဒေါ်ရှုရဲ့ ထောင်ဝင်စာထုပ်ကို လက်ခံရရှိ လာပါတော့တယ်။

“သံဃာတွေဆိုတာက တောသားတွေများတယ်လေ။ သံဃာတွေရဲ့ ဆွေမျိုးသားချင်းတွေဆိုတာကလည်း တောသူ တောင်သားတွေ များတာဆိုတော့ သူတို့ ဒေသလေးက လွဲရင် မသွားတတ် မလာတတ်။ ဒီတော့ ထောင်ဝင်စာလည်း လာမတွေ့တတ်ကြ၊ မတွေ့နိုင်ကြ။ ဒီလိုအချိန်မှာ ဒေါ်ရှုက မိသားစုတွေ ကိုယ်စား ထောင်ဝင်စာထုပ်လေး ပို့ပေးလာတော့ ဦးပဉ္ဇင်း အရမ်းကို ၀မ်းသာသွားတယ်။ ဒကာမကြီးကိုလည်း အရမ်းတွေ့ချင်လာတယ်” လို့ အရှင်စန္ဒောဘာသာက ဆိုပါတယ်။

အရှင်စန္ဒောဘာသ အင်းစိန်ထောင်က လွတ်မယ့်အချိန်မှာ သူအရမ်းတွေ့မြင်ချင်လွန်းတဲ့ ဒေါ်ရှုက လာကြိုနေပေမယ့် တွေ့ခွင့် မသာခဲ့ပါဘူး။

“အဲဒီနေ့က ဦးပဉ္ဇင်းကို သူ လာကြိုနေတယ်တဲ့။ ဒါပေမယ့် ဦးပဉ္ဇင်းက ကျန်းမာရေးကြောင့် လဲကျသွားတော့ အာဏာပိုင်တွေ စီစဉ်ပေးတဲ့ ကားနဲ့ လိုက်သွားရပြီး သူနဲ့ မတွေ့လိုက်ရတော့ဘူး။ နောက်တော့ သူ့အိမ်ကို ဦးပဉ္ဇင်းသွားတွေ့တယ်။ သူ့အိမ်မှာလည်း ၃ ရက် တည်းခဲ့တယ်”

အရှင်စန္ဒောဘာသ ဒေါ်ရှုအိမ်မှာ တည်းခိုနေချိန်မှာ စမ်းချောင်းမြို့နယ် မယက အဖွဲ့က ဒေါ်ရှုနဲ့ အရှင်စန္ဒောဘာသကို ဆင့်ခေါ်ပါတော့တယ်။ အာဏာပိုင်တွေ သူ့ကို ခေါ်ပြီဆိုတဲ့အချိန်မှာ ဒေါ်ရှုဟာ အေးဆေးတည်ငြိမ်စွာနဲ့ပဲ သူ ထောင်ထဲရောက်ရင် လိုအပ်မယ့် ပစ္စည်းတွေကို အသင့်ပြင်ပြီး လိုက်ပါသွားတာပါ။

“သူ့မျက်နှာမှာ တုန်လှုပ်တဲ့ အရိပ်အယောင်မတွေ့ရဘူး။ သူ့ကို ဖမ်းဆီးရင် ထောင်ထဲမှာ လိုအပ်မယ့် အသုံးအဆောင် တွေကိုလည်း သူက အသင့် ထုပ်ပိုးထားပြီးသား။ ဦးပဉ္ဇင်းကို လက်ခံထားတဲ့အတွက်ဆိုပြီး စမ်းချောင်း မယက ရုံးမှာ သူ ဆူပူ ကြိမ်းမောင်းခံရတယ်။ သူကတော့ ဦးပဉ္ဇင်းကို လက်ခံတာဟာ ဘာပြစ်မှုကိုမှ ကျူးလွန်တာ မဟုတ်ဘူးဆိုပြီး အာဏာပိုင်တွေကို ပြောတယ်” လို့ ဒေါ်ရှုခေါ်ယူ စစ်မေးခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အရှင် စန္ဒောဘာသက မိန့်ပါတယ်။

စမ်းချောင်း မယက ရုံးက ပြန်လာကြတဲ့နောက်မှာ ဒေါ်ရှုဟာ သူ့အိမ်မှာပဲ ဆက်လက် တည်းခိုနေနိုင်ပါကြောင်း ပြောပေမယ့် သူ့အတွက်နဲ့ အာဏာပိုင်တွေက ထပ်မံနှောင့်ယှက်မှာကို မလိုလားတဲ့ အရှင်စန္ဒောဘာသဟာ သူ့နယ်ကို ပြန်လည် ကြွသွား ပါတော့တယ်။

နိုင်ငံရေးမှုနဲ့ နအဖ စစ်အစိုးရရဲ့ ဖမ်းဆီး ထိန်းသိမ်းမှုခံခဲ့ရတဲ့အပြင် ထောင်ကလွတ်လာချိန်မှာလည်း ဘုန်းကြီးကျောင်း တွေမှာ သီတင်းသုံး နေထိုင်လို့မရအောင် အာဏာပိုင်တွေက နှောင့်ယှက်ပြန်တာကြောင့် ထိုင်းနိုင်ငံကို ထွက်လာခဲ့ရတဲ့ အရှင် စန္ဒောဘာသက ဒေါ်ရှုကို အောင့်မေ့သတိရနေဆဲ၊ ဒေါ်ရှုနဲ့ ပတ်သက်လို့ သူ့မှာ အမှတ်ရစရာတွေ အများကြီးပဲလို့ ဆိုပါတယ်။

ဆက်လက်ပြီး အရှင်စန္ဒောဘာသ မိန့်ကြားတာကတော့ ...။

“သူ့ကျေးဇူးတွေဟာ ဦးပဉ္ဇင်းတို့ သံဃာတွေအပေါ်မှာ အများကြီးပဲ။ ဦးပဉ္ဇင်း သူ့ကို နှုတ်ဆက်လေ့ရှိတဲ့ စကားလေး တခွန်းရှိတယ်။ အဲဒီစကားလေးကိုကြားရင် သူ့မျက်နှာမှာ ပီတိဖြာသွားတာကို တွေ့ရတယ်။ အဲဒီစကားကတော့ ဘိက္ခူမာတာတဲ့”

“ဘိက္ခူမာတာ” ဆိုတာ ပါဠိဘာသာစကားဖြစ်ပြီး “သာသနာ့အနွယ်ဝင်တို့ရဲ့ မိခင်” လို့ အဓိပ္ပာယ်ရပါတယ်။

မှတ်ချက်။ ။ ယခုပြည်သူ့ဂုဏ်ရည်ဆု ပေးရန် ပဏာမရွေးချယ်ခံခဲ့သူ ၅ ဦးစာရင်းမှာ ဒေါ်ရှု ပါဝင်ခဲ့ပါတယ်။ ပြည်သူ့ဂုဏ်ရည်ဆု ပေးရန်အတွက် မိမိစိတ်ကြိုက်ရွေးချယ် ဆန္ဒမဲပေးရန်အတွင် မေလ ၄ ရက်နေ့မှ ၁၄ ရက်နေ့အထိ သွားရောက် ဆန္ဒမဲ ပေးနိုင်ကြပါတယ်ခင်ဗျာ။ သွားရောက်ဆန္ဒမဲ ပေးရန်လိပ်စာကတော့ http://2011.citizenofburma.org/nominate-for-2011-burmese/citizen-of-burma-award-for-2011 ဖြစ်ပါတယ်ခင်ဗျား...။(ပြည်သူ့ဂုဏ်ရည် အင်တာနက်စာမျက်မှ ကူးယူဖော်ပြသည်)
http://www.blogger.com/post-create.g?blogID=5600226404669894491

အပြည့်အစုံသို့...