Friday, December 31, 2010

ယနေ့ သတင်း (၃၁ ရက် ဒီဇင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၃၁ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
နံနက် (၁၀ နာရီ ၁၀ မိနစ်) တိုက်ပွဲတွေဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့ ဝေါ်လေဒေသထဲမှာ ဒီကေဘီအေ တပ်ဖွဲ့က နအဖ တပ်သား တဦးကို ဒီဇင်ဘာလ ၂၉ ရက်နေ့က ဖမ်းဆီးရရှိခဲ့ပါတယ်။ နအဖ တပ်သားကို ဖမ်းဆီးမိတဲ့ နေရာက အော့ကလေးထရွာ ပတ်ဝန်းကျင်က မော်သုထတောင်ကျောနေရာမှာ ဖြစ်ပြီး ဒီကေဘီအေ ဗိုလ်မော်ကဲကဲ ဦးစီးတဲ့ တပ်ဖွဲ့က ဖမ်းဆီးရရှိခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ နအဖ တပ်သာရဲ့ ဒီကေဘီကေ တပ်မဟာ ၅ မှ စစ်ဆင်ရေးမှူး ဗိုလ်မှူး ဆန်းအောင် မှ ခုလို ပြောပြပါ တယ်။ “မနေ့ ညနေပိုင်းက နအဖ တပ်မ ၅၂၅၊ စကခ ၁၉၊ ခလရ ၂၉၉၊ တပ်ခွဲ ၂ ၊ တပ်စု ၂ မှ ကိုယ်ပိုင်အမှတ် တ/ ၄၁၉ ၅၃၂ တပ်သား ဘာဘူ အသက် ၂၃ နှစ်ဟာ သူတို့ တပ်စခန်း တည်ဆောက်ရေးအေတွက် သစ်ဝါးခုတ်နေတုန်း ဒီကေဘီအေ အဖွဲ့မှ ဗိုလ်မော်ကဲကဲ ဦးစီးတဲ့အဖွဲ့က ဖမ်းဆီးခဲ့တာပါ။ သူ့ကို မေးမြန်းကြည့်တော့ ထမင်းမစားရတာ သုံးရက်တောင်ရှိပြီ လို့လဲပြောတယ်။ သူတို့တပ်မှာ စားရေးသောက်ရေးအတွက် ရိက္ခာပြတ်လပ်လာတော့ ခုဆိုရင် ရွာသားတွေရဲ့ တောင်ယာ တွေမှာ သိမ်းထားတဲ့ စပါးတွေလည်း လိုက်ရှာပြီး ထောင်းစားနေရတယ်။ သူ့တပ်ထဲမှာလဲ ဗိုလ်ကျော်အေးဖြိုး နဲ့ ဗိုလ်ရဲလုကျော် ဆိုတဲ့ အရာရှိ နှစ်ယောက်ရဲ့ နာမည်ကိုပဲ သိတယ်”လို့ ပြောဆိုပါတယ်။ (ကိုးကား - နေ့သစ်)

အပြည့်အစုံသို့...

Thursday, December 30, 2010

ယနေ့ သတင်း (၃၀ ရက် ဒီဇင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၃၀ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
နေ့လည် (၁၂ နာရီ ၄၀ မိနစ်) ဖလူးဒေသ စူးကလိ အနီး ကွိတာအူးတွင် ယနေ့နေလည် ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် နအဖ စစ်တပ်မှ ခမရ ၅၈၇ စစ်တပ်များကတဖက် ဒီကေဘီအေ နဲ့ အေဘီအက်ဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့တို့မှတဖက် တိုက်ပွဲဖြစ်ပွားနေပါတယ်။ ယခုအချိန်အထိ တဖက်နဲ့ တဖက် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားနေဆဲပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထိုင်းဘုရင့်သမီးတော် လာရောက်တဲ့အတွက် ဝေါလေဒေသမှာ တိုက်ပွဲ အနည်းငယ် ဆိတ်ငြိမ်ခဲ့ရာမှာ ယမန်နေ့ညမှစတင်ပြီး တိုက်ပွဲများ တဖန်ပြန်လည် ဖြစ်ပေါ်ခဲ့တာပါ။

နေ့လည် (၁၂ နာရီ ၂၀ မိနစ်) ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်မှာ ကရင်ပြည်နယ်၊ ကျိုင်းဒုံ-ဝေါလေ ကားလမ်းရှိ ထီးတီမူထီးနေရာတွင် နအဖ စစ်တပ်မှ ရှေ့တန်းအထိုင်တပ်များအတွက် ရိက္ခာတင်ဆောင်လာသော ကားများကို ဒီကေဘီအေနဲ့ အေဘီအက်ဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရိက္ခာ ကားတစီးအား သိမ်းယူနိုင်ခဲ့သည်။ သိမ်းယူခဲ့သော ရိက္ခာကားမှ ရိက္ခာများကို ယူဆောင်ပြီး ကားအား ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

နေ့လည် (၁၂ နာရီ) ဝေါလေဒေသ ကနဲလေးတွင် ယမန်နေ့ညနေ ၃ နာရီတွင် နအဖ တပ်များနဲ့ ဒီကေဘီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အပြည့်အစုံသို့...

ရူးနေတဲ့ကမ္ဘာ

လူအိမ်


မော့ကြည့်တာ အလကားမဟုတ်ဘူး
ယမ်းသီးတွေ ကျလာမှာစိုးလို့တဲ့။

ကမ္ဘာက
ငါတို့ထက် အသက်ကြီးတာမှန်ပါရဲ့
ဒါပေမဲ့ မရင့်ကျက်သေးဘူး

ကမ္ဘာက
တရားတော်တွေလည်း ရှိပါရဲ့
တရားဟောဆရာတွေလည်း ရှိပါရဲ့
ဒါပေမဲ့ တရားမရသေးဘူး

ကမ္ဘာက
ကမ္ဘာစစ်ကြီး(၂)ခုနဲ့ ကြုံခဲ့ပြီ
လူ့အသက်လည်း သန်းပေါင်းရာချီ ကြွေခဲ့ပြီ
ဒါပေမဲ့ အမှတ်မရှိသေးဘူး

ကမ္ဘာက
ဘာသာရေးစစ်ပွဲကြီးတွေနဲ့လည်း ကြုံခဲ့ပြီ
ဒါပေမဲ့ နောင်တမရချင်သေးဘူး

ကမ္ဘာက
လူမျိုးနွယ်စစ်ပွဲတွေနဲ့လည်း ကြုံခဲ့ပြီ
လူမျိုးနွယ်အချို့လည်း မျိုးတုံးပျောက်ကွယ်ခဲ့ပြီ
ဒါပေမဲ့ အကြောက်အလန့် မရှိချင်သေးဘူး

ကမ္ဘာက
ထစ်ခနဲရှိ
ပစ်မယ်ခတ်မယ်ဆိုတာချည်းပဲ

ထစ်ခနဲရှိ
အကြမ်းဖက်မယ်
ဗုံးခွဲမယ်
လေယာဉ်အပိုင်းစီးမယ်ဆိုတာချည်းပဲ

ကမ္ဘာက
ခုချိန်ထိပြဿနာကို
သေနတ်ပါမှ ရှင်းလို့ရတယ်ထင်နေတုန်းပဲ

ကမ္ဘာက
မီးစကိုလည်း ကိုင်ရဲ့
ရေမှုတ်ကိုလည်း ကိုင်ရဲ့
သံတမန်လို
လက်ဆောင်အောက်မှာ
သေနတ်ကိုလည်း ၀ှက်ယူလာရဲ့

ကမ္ဘာက
ခုအချိန်ထိ
ကမ္ဘာကို အနိုင်ကျင့်နေတုန်းပဲ

ဒီခေတ်ကြီးကို
အိုင်တီခေတ်
ဂလိုဘယ်ခေတ်
မီဒီယာခေတ်
ခေတ်လွန်ခေတ်
မျိုးစုံအောင် အဓိပ္ပာယ်ဖွင့်ဆိုနေကြ

ဒါပေမဲ့
ကမ္ဘာက
ခုအချိန်ထိ
သူ့ကိုယ်သူ ကမ္ဘာလို့်လည်း အသေအချာမသိ
လူလို့လည်းအသေအချာမသိ
လူမျိုးလိုလို
နိုင်ငံလိုလို
ဘာသာတရားလိုလိုနဲ့
ရူးချင်ယောင်ဆောင်နေတုန်းပဲ

အများကောင်းစားရေးလိုလို
ကိုယ်ကျိုးစွန့်အနစ်နာခံမှုလိုလိုနဲ့
ခုအချိန်ထိ
ရသမျှအကျိုးစီးပွား
သူ့အိတ်ကပ်ထဲ ကောက်ထည့်နေတုန်းပဲ
ခုချိန်ထိ
ကမ္ဘာကျင့် ကမ္ဘာကြံ ကြံနေတုန်းပဲ

ကမ္ဘာက
အဆောက်အဦကြီးတွေ ဆောက်ပါရဲ့
အဖွဲ့အစည်းတွေလည်း ဖွဲ့ပါရဲ့
ဒါပေမဲ့
အဲဒီအဆောက်အဦကြီးတွေဟာ
ဆင်းရဲမွဲတေတွေရဲ့ မျက်ရည်ဆိုတာ
ကမ္ဘာ အသေအချာမသိဘူး

ခုပဲ
သားရွှေအိုးထမ်းလာတာ မြင်ရတော့မယ့်ဟန်
ခုပဲ ရတနာပုံဆိုက်တော့မယ့်ကိန်း
ကမ္ဘာက
ဘာအစည်းအဝေး
ညာအစည်းအဝေး
အစည်းအဝေးကြီးတွေမကြာမကြာ ကျင်းပပါရဲ့
စီမံကိန်းတွေ ရေးဆွဲပါရဲ့
မကြာ မကြာ
ညစာစားပွဲကြီးတွေ တည်ခင်းပါရဲ့
ဒါပေမဲ့
အစည်းအဝေးတစ်ခုရဲ့ စရိတ်ဟာ
ညစာစားပွဲတစ်ပွဲရဲ့ ကုန်ကျငွေဟာ
စာမတတ်သူ ကလေးပေါင်းများစွာ
ကျောင်းထားပေးလို့ရတယ်ဆိုတာ
ကမ္ဘာကသိပုံမရဘူး

“ဒါးဗို့”မှာ အစည်းအဝေးလုပ်တော့
“နီဂရိုးပွန်တီ”က
ကလေးတွေအတွက်
ဒေါ်လာ(၁၀၀)တန် ကွန်ပျူတာတွေထုတ်ရမယ်
“ဘီလ်ဂိတ်”က ဒီလိုမဟုတ်
ကွန်ပျူတာနဲ့တွဲကြည့်လို့ရတဲ့ “ဆဲလ်ဖုန်း”တွေ
ထွင်ဖို့လိုတယ်တဲ့
“ရှာရွန်စတုန်း”က ပြောတယ်
လောလောဆယ်
အာဖရိကပြည်သူတွေကို ခြင်ထောင်တွေပေးရမယ်တဲ့

တကယ့်
မီးစတစ်ဖက်
ရေမှုတ်တစ်ဖက်ပါပဲ
ကမ္ဘာဟာ
တစ်ဖက်မှာ လေသံကောင်းလွှင့်ပြီး
တစ်ဖက်မှာတော့ ဇိမ်နဲ့ငြိမ့်ချင်နေတုန်းပဲ

ကမ္ဘာဟာ
ခုအချိန်ထိ
တရားတွေ့သလိုလိုနဲ့
တရားကို ကွေ့ရှောင်နေတုန်းပဲ

ကမ္ဘာဟာ
ခုအချိန်ထိ
အရေးကြုံမှ
အရပ်ကူပါ လူဝိုင်းပါလုပ်ချင်နေတုန်းပဲ

ဒိုင်ယာနာမသေခင်
နောက်ဆုံးသောက်သွားတဲ့ဟင်းချိုဟာ
ဒေါ်လာ (၄၀၀၀) တန်တယ်
“ဗီယင်နာ”ကို
ဂျော့ဘုခ်ျလာတော့
တည်းခိုခန်းတစ်ညစရိတ်ဟာ
ဒေါ်လာ (၆၀၀၀)ကျတယ်

ဒိုင်ယာနာ့ဟင်းချိုဖိုးလေးသာရ
သူအဆင်ပြေပါပြီတဲ့
လူတစ်ယောက်ကပြောတယ်
“မာသာထရီဇာ”ဟာ
ဂုဏ်သရေရှိတွေရဲ့ ညစာစားပွဲကို
အလှူခံခဲ့ဖူးတယ်

“ဘုရင်ခံချုပ်က နှစ်ယောက်စာဝတ်ထားပြီပဲ
ကျွန်တော် ၀တ်ဖို့မလိုတော့ပါဘူး”တဲ့
မဟတ္တမဂန္ဒီပြောခဲ့သလိုပါပဲ
လူပေါင်းများစွာဟာ ကျောပြောင်နေပြီး
လူအချို့ဟာ တောင်ပုံရာပုံရှိနေတယ်
ကမ္ဘာကသိပုံမရဘူး

အီသီယိုးပီးယား ဒုက္ခသည်တစ်ဦးအလို
အခု သူတို့ဖြစ်နေတာက
“ဆာ”တာပါ
“နာ”တာမဟုတ်ပါဘူးတဲ့
သူတို့အဆင့်ဟာ
“နာ”တဲ့အဆင့်ကို လွန်ခဲ့ပါပြီ
“ဆာ”တာဟာ “နာ”တာထက် ဆိုးပါသတဲ့

ကမ္ဘာပေါ်
လူပေါင်းများစွာ ငတ်ပြတ်မွဲတေနေပြီး
လူအချို့ဟာ ကျိကျိတက်ကြွယ်ဝနေတယ်
ကမ္ဘာ သိပုံမရဘူး

ဒီကမ္ဘာက
လွတ်လပ်စွာပြိုင်ဆိုင်သော တစ်ခေတ်လို
လိုအပ်လာ
အစားအသောက်တွေ ဖျက်ဆီးပစ်ဖို့ အဆင်သင့်
အထည်အလိပ်တွေ မီးပုံရှို့ပစ်ဖို့လည်း အဆင်သင့်

ဒီကမ္ဘာက
ခုအချိန်ထိ
ဆင်းရဲမွဲတေမှုဟာ ပြဿနာလို့လည်း
အသေအချာမသိ
စီးပွားရေးချိန်ခွင်ညှာမညီမျှမှုဟာ
ပြဿနာလို့လည်း အသေအချာမသိ
အဓမ္မရာဂဟာ ပြဿနာလို့လည်း
အသေအချာမသိ
စစ်နဲ့ငြိမ်းချမ်းရေး
ဘယ်ဟာ အရေးကြီးတယ်ဆိုတာလည်း
အသေအချာမသိ
အရိပ်ရမှ အေးမြတယ်လို့လည်း
အသေအချာမသိ
သစ်မြင် ခုတ်ချင်နေတုန်းပဲ
မြစ်မြင် ငါးဖမ်းချင်နေတုန်းပဲ
တွင်းမြင် ရေနံငင်ချင်နေတုန်းပဲ

ကမ္ဘာဟာ
သူ့ကိုယ်သူ ကမ္ဘာတည်မယ်ထင်နေရဲ့
ဘ၀င်လည်းမြင့်ရဲ့
ရူးလည်းရူးရဲ့
ဂိုက်ပေးလည်း ကြမ်းရဲ့
ကမ္ဘာကို မထီမဲ့မြင်ပြုရဲ့
“မာသာထရီဇာ”က တစ်ယောက်တည်း
“ဘင်လာဒင်”တွေ အမျာကြီးပဲ
“ဂန္ဒီ”က တစ်ယောက်တည်း
ဟစ်တလာ”တွေက အများကြီးပဲ

တကယ်တော့
ဂျီ- အိပ်ခ်ျဆိုတာ
ကမ္ဘာ့စက်မှုကုန်သည်ကြီးများအသင်းပါ
အစည်းအဝေးလုပ်တယ်ဆိုတာလည်း
ဈေးကွက်ညှိကြတာပါဗျာ”တဲ့

ကမ္ဘာဟာ
နောက်ထပ် ခရူးဆိတ်တစ်ခုကိုလည်း
မြင်တွေ့ထားပုံရရဲ့
နောက်ထပ် ကမ္ဘာစစ်တစ်ခုကိုလည်း
မျှော်လင့်ထားပုံရရဲ့

ခုအချိန်ထိ
လက်နက်အပြိုင် တပ်ဆင်နေတုန်းပဲ
သူ့အုပ်စု ကိုယ့်အုပ်စု ဖွဲ့နေတုန်းပဲ
ဂိုဏ်းဂဏစွဲ အယူဝါဒစွဲတွေ
ပြင်းထန်နေတုန်းပဲ
သံလိုက်များလို
လိုအပ်လာ ကိုယ့်အသင်းရှိရာ ပြေးကပ်မယ့်
မျိုးတူစုတွေကလည်း အဆင်သင့်

“ခုဆို
‘လေ’လည်း လေပြီ”
ကောင်းကင်ပိရင်
ဘယ်ခေါင်းမှ မလွတ်တော့။ ။

လူအိမ်


ပန်းအလင်္ကာမဂ္ဂဇင်းဧပြီ၊ ၂၀၀၇(မိုးဃ်းဇော် စီစဉ်သည့် စိတ်ကူးချိုချိုစာအုပ်တိုက် ၁၀နှစ်ပြည့်အကြို ခေတ်ပြိုင်ကဗျာရှည်အချို့စာအုပ်မှ…)

saungyunela.blogspot.com မှကူးယူဖော်ပြပါသည်။

အပြည့်အစုံသို့...

Wednesday, December 29, 2010

နွေဦးခေါ်သံ

နေဇော်နိုင်

ဟောဒီ ကမ္ဘာပေါ်မှာ
နာနာကျင်ကျင်ဘ၀ ရှိသူတိုင်း
သမိုင်းကို ပြောင်းလဲပစ်ခဲ့ကြတယ်၊

လူဟာ
ချွေးတစက် ရင်းနှီးရင်
အပွင့်အသီး ညီညီမျှမျှပြန်ရနေဖို့၊

လူတဦးတယောက်ရဲ့ အသက်ရှူသံ
သူ့ကြမ္မာနဲ့ ယုံကြည်ချက်တွေအပေါ်
ဘယ်သူမှ မကျူးကျော်နိုင်ဖို့၊

အသိ အသက် ရှိတာခြင်း တူရင်
ဘယ်လူမျိုးကမှ
အခွင့်အရေး ပိုမယူကြဖို့၊

စစ်ဖိနပ်ထဲ ထိုးသွင်းထားတဲ့
အဟောင်းအမြင်း မှန်သမျှကို
ခေါင်းရင်းကနေ ကန်ချပစ်ကြရမယ်၊

ကျနော်တို့ဟာ
သမိုင်းရဲ့ ထုတ်ကုန်ပါပဲ
လူထုကို ယုံတယ်၊
ဒီမိုကရေစီကို ချစ်တယ်၊
အမျိုးသားသွေးစည်းညီညွတ်ရေးကို မြတ်နိုးတယ်။

ပြည်တွင်းစစ်
အနှစ် (၅၀)ကြီးထဲက
ကြေကွဲ သွေး ဘ၀ အသက်တွေ
ဒီမိုကရေစီ အရေးတော်ပုံကြီးထဲက
သူရဲကောင်းတို့ရဲ့ ၀ိဥာဉ်တွေကို ဦးညွတ်
အမျိုးသားထု လွတ်မြောက်ရေးအတွက်
စစ်အာဏာရှင် အဆက်ဆက်
ညက်ညက်ကြေနေတဲ့ နှလုံးသားပေါ်မှာ
တော်လှန်ရေးကို စိုက်ပျိုးပစ်ခဲ့ကြတယ်။

စစ်အာဏာရှင်တို့
ခင်ဗျားတို့ ဒိုင်ယာရီ စာအုပ်ထဲက
အဆီတရွှဲရွှဲ စာရင်းဇယားတွေဟာ
တိုင်းပြည် သယံဇာတများပဲ ဖြစ်တယ်၊

ခင်ဗျားတို့ နှုတ်ခမ်းက အပြုံးစဟာ
လူထု သက်ပြင်းချသံတွေ ဖြစ်တယ်၊

ခင်ဗျားတို့ မျက်လုံးထဲက အလင်းစဟာ
ကလေးတွေ ချွေချွေချခဲ့ရတဲ့
သွေးစ သွေးနများပဲ ဖြစ်တယ်၊

မီးလောင်ငုတ်တိုနဲ့ ပြာပုံထဲက
ကျည်ဆံခွံတွေကို မေးကြည့်ကြစမ်းပါ၊

လူ့အခွင့်အရေးဆိုတာ
စစ်ဖိနပ်နဲ့ နင်း နင်း ပေးဖို့လားလို့၊

စစ်အာဏာရှင်တို့
လူချင်း အတူတူ
ခင်ဗျားတို့ အသက်ပိုမရှူကြနဲ့၊

အဲဒီ ပိုရှူလိုက်တဲ့လေထဲမှာ
တံတားအနီ
ကတ္တရာအနီ
လွယ်အိတ်အနီတွေနဲ့
တနိုင်ငံလုံး
သွေးနဲ့မျက်ရည် ကျဆုံးခဲ့ရသော
ရှစ်လေးလုံး နေ့ရက်များ ပါတယ်၊

ကျောက်သင်ပုံးအကွဲနဲ့
‘၀’လုံး ရွဲ့စောင်းစောင်းတွေ ပါတယ်၊

နို့ရည်မဲ့
ကွဲအက် နှုတ်ခမ်းတွေ ပါတယ်၊

မြေမြုပ်မိုင်း အရိုင်းအစိုင်းကြောင့်
ခြေတပိုင်းပြတ်သွားတဲ့ ကလေးမလေး ပါတယ်၊

ခွေးလို ထဟောင်တဲ့ သေနတ်ကြောင့်
မျက်စေ့ တဖက်လပ်နဲ့ ကောင်လေး ပါတယ်၊

ယမ်းနံ့နဲ့ သဲ့သဲ့ ရှိုက်သံကြား
ပန်းဦး ကြွေသွားတဲ့ ကောင်မလေး ပါတယ်၊

မြေကြီးနဲ့ တောတောင်ကို ချစ်တဲ့
မျှစ်စို့တွေ ချိုးဖဲ့ ခံရသလိုမျိုး
ကျိုးပျက်သွားတဲ့ မိသားစုတွေ ပါတယ်၊

ငွေစက္ကူထဲ
ကိုယ့်ဘ၀ကိုယ်ပြန်ရှာရင်း
အဖျားအနာ ထူပြောနေတဲ့ လူထုတွေ ပါတယ်၊

အဲဒီ
ခင်ဗျားတို့ ပိုရှူလိုက်တဲ့လေထဲမှာ
စစ်အကျဉ်းထောင်တွေထဲက
သေကွဲ ရှင်ကွဲ ရဟန်းရှင်လူ
ကျောင်းသူကျောင်းသားတွေ ပါတယ်၊

နောက်ဆုံး
ခင်ဗျားတို့ ပိုရှူလိုက်တဲ့ လေထဲမှာ
သာသနာ့အလံတော် သွေးစွန်းလို့
စက်တင်ဘာ တလလုံး ပွန်းပဲ့ပေးလိုက်ရတယ်၊

ဟောဒီခေတ်ဟာ
လူထုကို အချစ်နဲ့ တိုင်းတာတဲ့ခေတ်၊

အသွေး အသား အသက် အသိ ရှိတဲ့ လူက
အသိ အသက် အသား အသွေး ရှိတဲ့ လူတွေအပေါ်
အမြော်အမြင်နဲ့ စောင့်ရှောက်တဲ့ခေတ်၊

မျိုးဆက်သစ်နဲ့ မြေကမ္ဘာ ကျန်းမာရေးအတွက်
လူ့အမြင် လူ့အတွေး
လူ့ရပ်တည်ရေးနဲ့ ကြမ္မာဟာ
လွတ်လပ်စွာ ပျံသန်းနိုင်တဲ့ ခေတ်၊

တူညီမျှတတဲ့
ဘ၀ ဘ၀ချင်း အသက်ရှူသံတွေကြား
အမျိုးသား သွေးစည်ညီညွတ်မှုတို့
မြင့်မြင့်မြတ်မြတ် ဖူးပွင့်နိုင်တဲ့ ခေတ်လေ၊

ဟိုး တောင်တန်းမှာ ငြိမ်းချမ်း မွှေးရီ
ချယ်ရီပွင့်တွေကလည်း
ကျနော်တို့ဘ၀ပဲ မဟုတ်လား၊

ဘုရားကျောင်းက ခေါင်းလောင်းသံတွေ
တောင်ဇလပ်မြေမှာ လှုပ်ခတ်
ကျနော်တို့အားလုံး ချစ်မြတ်နေကြတယ်၊

သလိုပဲ
သဇင်ခက်တွေရဲ့ ဓလေ့ရိုးရာ
ကျနော်တို့ အသက်ရှူသံထဲမှာ ပါတယ်၊

မနောမြေက
နိုးထလာတဲ့ ဧရာဝတီဟာ
ဘ၀များစွာရဲ့ ပင်မရေစီး
အပွင့်အသီးတွေ ဖြစ်ထွန်းစေခဲ့တယ်လေ၊

ရာဇ၀င်ရေးရုပ်ပုံ
သုဝဏ္ဏဘူမိ ရင်ခုန်သံ စည်းချက်တို့
ဟောဒီ အသွေးအသားထဲ ခရီးဆက်နေကြ
ဖားစည်သံတွေကလည်း
ဇွဲကပင်မြေမှာ နိုးထ
ဟောဟိုက ကန္နိရီ ကိန္နရာ မောင်နှံဟာ
ကျနော်တို့ကို ရင်ခုန်မြန်စေခဲ့ပေါ့၊

(တိုင်းရင်းသား ညီအကိုတို့)
အချစ်နဲ့ တိုးဝင်တဲ့စိတ်ဟာ
အလှဆုံး အရိပ်တွေ ကြဲဖြန့်ထားတဲ့အတိုင်း
သမိုင်းသစ်ကို ဖြစ်ထွန်းစေခဲ့တာပဲ မဟုတ်လား၊

ကျနော်တို့ အတူ သွားကြမယ်၊
ကျနော်တို့ အတူ စားကြမယ်၊
ကျနော်တို့ အတူနေ
တနိုင်ငံလုံးက လေကို မျှဝေရှူကြမယ်၊

ဟောဒီ
အမျိုးသားရေး နယ်နိမိတ်ပေါ်မှာ
အာဏာရှင် မှန်သမျှ
ဘယ်တော့မှ ခြေချခွင့် မရရေးအတွက်
ကျနော်တို့ လက်တွေ
မြဲမြဲ ချိတ်ထားကြရမယ်၊

ကျနော်တို့ ရင်ခုန်သံတွေ
မှန်မှန်ကန်ကန် ကူးစက်နေရမယ်၊

ကျနော်တို့ အင်အားတွေ
များများစားစား ညီညွတ်ထားရမယ်၊

ကျနော်တို့ စိတ်ဓာတ်တွေ
မြင့်မြင့်မြတ်မြတ် ပျံသန်းနေရမယ်၊

ပြည်တွင်းစစ်
အနှစ် (၅၀) ကြီးထဲက
ကြေကွဲ သွေး အသက် ဘ၀တွေ
ဒီမိုကရေစီ အရေးတော်ပုံကြီးထဲက
သူရဲကောင်းတို့ရဲ့ ၀ိဥာဉ်တွေကို ဦးညွတ်
အမျိုးသားထု လွတ်မြောက်ရေးအတွက်
စစ်အာဏာရှင်တွေ နှိပ်စက်လို့
ညက်ညက်ကြေနေတဲ့ နှလုံးသားပေါ်မှာ
တော်လှန်ရေးကို စိုက်ပျိုးခဲ့ကြပြီပဲ။

ဘ၀ ရှိရင်
အသိအမြင် မွေးထုတ်
ကြမ္မာဆိုးကို ပုတ်ချပစ်နိုင်တာ
လူသားပဲ ရှိတယ်။

လူတယောက်ဟာ
ဘ၀နဲ့ အသက် ရှင်သန်ဖို့
လွတ်လပ် မှန်ကန်တဲ့ အသိအမြင် ရှိတယ်။

ကိုယ့် အတွေးအမြင် အတောင်အလက်ဟာ
ကိုယ့် အသက်ရှူသံ
ဘယ်သူ့ထံမှ အစီရင်ခံစရာ မလိုဘူး၊

ဥပဒေရဲ့ အထက်မှာ
ဘယ်သူမှ မရှိစေရသလို
လူ့အတွေးအမြင်ပေါ်မှာ
ဘယ်လို အမိုးအကာမှ မလိုပါဘူး။

လူဟာ
အဲဒီ အတွေးအမြင်နဲ့ပဲ
ကိုယ့် မိသားစု ကိုယ့် နိုင်ငံ
ကိုယ့် ကမ္ဘာမြေ ဒုက္ခ သုက္ခတွေကို
လှလှပပ ခုတ်ထွင် ရှင်းလင်းနိုင်ခွင့် ရှိတယ်။

သစ်စေ့ဟာ
မြေကြီးထဲ ငိုကြွေးနေကြတာ မဟုတ်ဘူး၊

အကိုင်းအခတ်တွေနဲ့ ရွက်လွှင့်ဖို့
ကောင်းကင်ကို ဆွဲဖွင့်နေကြတာ။

သစ်တပင်ရဲ့
အမြစ်နဲ့ အကိုင်းအခတ်တွေဟာ
(အဲဒီသစ်ပင်အတွက်တော့)
သမိုင်းဆိုင်ရာ စွမ်းဆောင်ချက်တွေပဲဖြစ်တယ်၊

အမြစ်တွေက နက်နက်တူး
အကိုင်းအခက်တွေက မြင့်မြင့်ပျံ
ဒါ သူ့ တော်လှန်ရေး မဟုတ်ဘူးလား၊

သမိုင်းတခေတ်ဟာ
အပွင့်အဖူးတွေနဲ့ ဖြစ်ထွန်းလာဖို့
နိုင်ငံတိုင်း
နောက်ခံကားချပ်တွေနဲ့
အနာဂတ်ကို တွန်းဖွင့်ခဲ့ကြရပေါ့၊

ဟေ့
စစ်အာဏာရှင်တွေ အဆက်ဆက်
ညက်ညက်ကြေနေတဲ့ နှလုံးသားပေါ်မှာ
တော်လှန်ရေးကို စိုက်ပျိုးထားကြ၊

ကျနော်တို့ အသိအမြင်တွေကို
အသွေးအသားတွေထဲ နက်နက်တူးဆွ
ယုံကြည်ချက်တွေနဲ့ မြင့်မြင့် ပျံကြ၊

ဘ၀ အမှောင်မှာ
လ ရောင် မသာတာကို မြင်တွေး
တော်လှန်ရေး အသိနဲ့ ပေါင်းစပ်ကြည့်ရမယ်၊

မြေကြီးမှန်ရင်
အသီးအနှံကောင်း ထွက်တာပဲလေ၊

တော်လှန်ရေးဟာ
ကျနော်တို့ မြေကြီး အစစ်
နိုင်ငံတော်သစ်ဆီ အရောက်သွားဖို့
သစ္စာတရားနဲ့  မြင်းတကောင်ဖြစ်တယ်၊

ဟိုးက ကောင်းကင်ပေါ်မှာ
နွေဦးဟာ ကျနော်တို့ကို စောင့်နေပါ့၊
လာခဲ့ကြတော့
လာခဲ့ကြတော့ ဟေ့ တဲ့

အာရုဏ်ဦးမှာ
နှင်းဆီ တထောင် ခူးဆွတ်
နိုင်ငံတော်သစ်ကို ဦးညွတ်ဖို့အတွက်
နွေဦးခေါ်သံဟာ
ထိုး ထွက် လာခဲ့ပြီ။ ။

နေဇော်နိုင်

nykomme.blogspot.com မှကူးယူဖော်ပြပါသည်။

အပြည့်အစုံသို့...

Tuesday, December 28, 2010

နေ့ တစ်နေ့ 

လူအိမ်

နာရီစင်လို အလန့်တကြား ထအော်တတ်တာကလွဲပြီး
ဘယ်ဆီဘယ်ဝယ် ပျံသန်းသွားမှန်းမသိတဲ့ငှက်ဟာ
ငါ့ဆီ ပြန်မရောက်ဘူး
မင်းဆီပြန်မရောက်ဘူး
သူ့ဆီလည်း သူပြန်မရောက်ဘူး
ရေပွက်ပမာ ငြိမ်ဆိတ်လေရဲ့

ဒီလိုပါ
ငှက်တွေထက်အရင် ကားတွေနိုးပြီး
ကားတွေထက်အရင် မှတ်တိုင်တွေနိုးကာ
မှတ်တိုင်တွေထက်အရင်
လူတွေနိုးလာခဲ့ခြင်းဖြစ်တယ်

မိုးလင်းသွားမှာကြောက်သူရဲ့
တောက်လျှောက်မက်နေတဲ့ အိပ်မက်လည်း
ဖြစ်တယ်

ဒီလိုပါ
၃၆၅ရက်မှာ
၃၆၅ရက်လုံးလုံး
စိတ်လက်မချမ်းသာဖြစ်နေသူရဲ့
ရေရွေတ်မှုလည်းဖြစ်တယ်

ဒီလိုပါ
အိမ်မွေးတိရိစ္ဆာန် သတ်ရမှာစိုးတာနဲ့
သားအသက် ဆုံးရှုံးခံလိုက်ရသူ မိခင်ရဲ့
ယူကြုံးမရလည်းဖြစ်တယ်

အဖြေမတွေ့သေးသော ရောဂါအတွက်
ဆေးဝါးလက်ဦးမှု လိုချင်နေသူရဲ့
အချက်အလက် စုဆောင်းနေမှုလည်း ဖြစ်တယ်

ဒီလိုပါ
ငွေစက္ကူများ ဘဏ်ထဲအိပ်ပျော်သွားစဉ်
ကျောက်မီးသွေးတွင်းထဲ
လူအချို့ ပိတ်မိနေခဲ့ခြင်းလည်းဖြစ်တယ်

ရေခဲပြင်တွေ ပိန်ချုံးလာပြီး
သစ်ပင်တွေ အမဲလိုက်ခံနေရကာ
ရေကူးကန်ထဲ ရွှေငါးလေးတွေ ကူးခတ်စဉ်
ကန္တာရနေပြည့်မှာ
ရေမတွေ့နိုင်ဖြစ်နေသူရဲ့
ညှိုးငယ်မှုလည်း ဖြစ်တယ်

ကဖေးအေရိုမာရှိရာ သွားသူသွားပြီး
မတီနီမြစ်ထဲ လျှာလေးတွေ ချော်လဲကျကာ
သင်္ဘောတစ်စီး လေညင်းခံထွက်စဉ်
အကြိုအပို့ကားများ
စက်ရုံထဲ ခေါင်းထိုးဝင်သွားခဲ့ခြင်းလည်း ဖြစ်တယ်

မော်တော်ကားတစ်စီး မောင်းနှင်သွားစဉ်
လေယာဉ်တစ်စင်း ပျံသန်းသွားစဉ်
လူတွေ ကွင်းပြင်ထဲ ဆင်းလာခဲ့ခြင်းလည်းဖြစ်တယ်

ရေနံတင် သင်္ဘောတစ်စီး မောင်းနှင်သွားစဉ်
ယူရေနီယံ အငြင်းပွားစဉ်
အနုမြူကိစ္စ ညှိနိုင်းစဉ်
ဝိုင်ယာကြိုးတစ်ချောင်း
ထွက်ကျလာခဲ့ခြင်းလည်းဖြစ်တယ်

ငှက်ဖြူလေးအကြောင်း စကားဟစဉ်
ကရုဏာအကြောင်း တေးဖွဲ့စဉ်
(ဆူဒန်တော အုပ်ထဲ)
လူတွေ အစုအပြုံလိုက် ထွက်ပြေး
သတ်ဖြတ်ခံနေရခြင်းလည်းဖြစ်တယ်

စေ့စပ်ကမ်းလှမ်းမှုပြုစဉ်
အစည်းအဝေးတစ်ခု ကျင်းပနေစဉ်
လက်မှတ်ထိုးလုဆဲဆဲ
ဗုံးတစ်လုံး ထပေါက်ခဲ့ခြင်းလည်း ဖြစ်တယ်

ကြင်ယာမျှော်ငေးစဉ်
မင်္ဂလာအခါတော်ပေးစဉ်
စိတ်ကူးယဉ်သမားရဲ့ နွားတစ်ကောင်
ရေထဲပြုတ်ကျသွားခဲ့ခြင်းလည်းဖြစ်တယ်

အစားအသောက်အကြောင်း
လူသုံးကုန်အကြောင်း
အင်တာနာအကြောင်း
ကြော်ငြာမယ်လေးသရုပ်ဆောင်စဉ်
ပုဆိုးတစ်ထည် ချည်ကျော်သွားခဲ့ခြင်းလည်းဖြစ်တယ်

“ ရက်စက်လှချည်လား အကြင်နာ
ထမင်းမကြွေးချင်နေပါ
ဟင်းမကြွေးချင်နေပါ
မေတ္တာရေကြည်တစ်ပေါက်
သောက်ရရင်ပဲ
ဝမ်းမြောက်လှပါပြီ”
အသည်းကွဲသမားရဲ့
သီးချင်းတစ်ပိုင်းတစ်စ
ငြီးငြူနေခဲ့ခြင်းလည်း ဖြစ်တယ်

“ ဒီရုပ်ဒီရည်နဲ့
ဘယ်လိုရှေ့ဆက်တိုးရတော့မှာလဲ
ဘာမှမမြင်ရတော့ဘူး
ဘာမှလည်း မကြားရတော့ဘူး”
မဟာပဒုမ မျက်စေ့ကွယ် နားကန်းခဲ့ခြင်းလည်း ဖြစ်တယ်

ဘုရားစာရွတ်ပြီး ထွက်လာတာတောင်
အဆင်မပြေချင်ဘူး
မွတ္ပံုတင္မရိွတဲ့ ဂမ္ဘား
ဆိပ်ကမ်းမှာ တစ်နေကုန်ထိုင်
အလုပ်မျှော်နေခဲ့တာလည်း ဖြစ်တယ်

အတောင်ပံကျိုးတဲ့ငှက်နှယ်
ဒဏ်ရာများနဲ့ငဆိုက်
လမ်းဆုံလမ်းခွမှာ
ဖောက်သည်မျှော်နေခဲ့တာလည်းဖြစ်တယ်

ငွေလက်ကျန်မရှိတဲ့ ထိုးသား
ဒိုင်လျော်တာ
ငုတ်တုပ်ထိုင်ကြည့်နေရခြင်းလည်းဖြစ်တယ်

ဘုရားငါတို့မကြည့်တာလည်း မပြောနဲ့
ငါလည်း ဘုရားပန်းတောင်
မှန်မှန်မလဲဖြစ်တာ ကြာပြီတဲ့
အိမ်ရှင်မကြီးတစ်ဦး
ငြီးငြူနေခဲ့တာလည်းဖြစ်တယ်

သောက်သောက်
တစ်နေကုန်သောက်
သေအောင်သောက်
ဒီအရက်တွေပဲသောက်နေတဲ့
လျှာနဲ့သွား
ခလုတ်တိုက်နေခဲ့တာလည်းဖြစ်တယ်

ကျွန်းတစ်ကျွန်းမှာ
နာမည်ကျော် တေးဂီတတစ်ဖွဲ့
လူတိုးမပေါက်အောင်
စီကားနေခဲ့တာလည်းဖြစ်တယ်

အပြောင်းအလဲလား
အလွဲအပြောင်းလား
ကောင်မလေးတွေက
တောင်ကိုရီးယား
သရုပ်ဆောင်မင်းသမီးလေးတွေလို
ဝတ်ဆင်ပြီး
ကောင်လေးတွေက
အမေရိကန် နောက်ဖေးလမ်းကြားက
ထွက်ကျလာတဲ့
ဟစ်ဟော့ဂီတကို
ဒိုက်ထိုးနေခဲ့တာလည်းဖြစ်တယ်

သေချာတာက
ဒီကမ္ဘာပေါ်
အငတ်ဘေးဒဏ်ကြောင့်
နေ့စဉ် ကလေး(၁၈၀၀၀)သေဆုံးပြီး
လူပေါင်းသန်း(၇၀)ဟာ
ဟောင်းလောင်း အိပ်ယာဝင်နေကြရပါသတဲ့

ငါ
ရုတ်တရက် လန့်နိုးသွား။ ။

လူအိမ်

shwenantthar.com မှကူးယူဖော်ပြပါသည်။

အပြည့်အစုံသို့...

Monday, December 27, 2010

စစ်ပန်းချီ (၂)

ဒီသီချင်းရဲ့ခေါင်းစဉ် ONE ဆိုတာ စစ်ကြောင့် ခြေတဖက် လက်တဖက် မျက်လုံးတလုံး ဆုံးရှုံးရမှုရဲ့ အဓိပ္ပါယ်ကို ပြောတာပါ။ ဗီယက်နမ် စစ်ကြောင့် ဒီသီချင်းဖြစ်လာခဲ့ပြီး စစ်မြေက ဒဏ်ရာရလာခဲ့တဲ့ စစ်သားတယောက်ရဲ့ သေရခက် ရှင်ရခက် ဝေဒနာကို ဖော်ကျူးထားတယ်။ ဂီတပိုင်းက MAINSTREAM METAL ဆိုတော့ အရမ်းကို ခမ်းနားသပ်ရပ်တယ်။



I Can't Remember Anything
Can't Tell If this Is True or Dream
Deep down Inside I Feel to Scream
this Terrible Silence Stops Me
Now That the War Is Through with Me
I'm Waking up I Can Not See
That There's Not Much Left of Me
Nothing Is Real but Pain Now

Hold My Breath as I Wish for Death
Oh Please God,wake Me

Back in the Womb its Much Too Real
in Pumps Life That I must Feel
but Can't Look Forward to Reveal
Look to the Time When I'll Live
Fed Through the Tube That Sticks in Me
Just like a Wartime Novelty
Tied to Machines That Make Me Be
Cut this Life off from Me

Hold My Breath as I Wish for Death
Oh Please God,wake Me

Now the World Is Gone I'm Just One
Oh God,help Me Hold My Breath as I Wish for Death
Oh Please God Help Me

Darkness

Imprisoning Me
All That I See
Absolute Horror
I Cannot Live
I Cannot Die
Trapped in Myself
Body My Holding Cell

Landmine

Has Taken My Sight
Taken My Speech
Taken My Hearing
Taken My Arms
Taken My Legs
Taken My Soul
Left Me with Life in Hell

အပြည့်အစုံသို့...

Sunday, December 26, 2010

ယနေ့ သတင်း (၂၆ ရက် ဒီဇင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၂၆ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း

ဒီဇင်ဘာလ ၂၃ ရက်နေ့ က လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပလောဒေသ မောကွီးနေရာတွင် ကေအဲန်ယူ တပ်မဟာ(၇) လုံခြုံရေးတပ်ခွဲ၏ စောင့်ကြိုတိုက်ခိုက်ခြင်းခံရသည့်အတွက် နအဖ စစ်တပ် ခလရ(၁၀၆) တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ(၇)တပ်မဟာမှူးမှ ပြောဆိုသည်။ (ကိုးကား - ကေအိုင်စီ)


ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၇နာရီကျော်၊ ညနေ ၅နာရီနှင့် ည ၁၁နာရီအချိန်တို့တွင် နယ်ခြားစောင့်တပ်(၁၀၁၂)တပ်ဖွဲ့နှင့် ကေအဲန်ယူ တပ်ဖွဲ့ ၀င်များ ပလီတခေါ်ကျိုးနေရာ၌ ပစ်ခတ်မှုဖြစ်ပွားရာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ဦး ဒဏ်ရာရရှိခဲ့သည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေဘက်တွင် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံရွာအထက်ဘက် တောင်ခြေတနေရာတွင် နအဖ စစ်တပ် ခမရ (၅၈၈)တပ်နှင့် ကရင်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ ၄ဦး ကျဆုံး၊ ၄ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့ တွင် အင်အား ၆၀ကျော်ရှိ နအဖ စစ်တပ် ခလရ(၁၀၆)မှ စစ်ကြောင်းတကြောင်းကို ကေအဲန်ယူ တပ်ဖွဲ့ ၀င်များက ကြယ်ပြောင်ကုန်းတ၀ိုက်တွင် စောင့်ပစ်ရာ တပ်သားတဦး၊ ဒုတပ်ကြပ်၊ တပ်ကြပ်ကြီးနှင့် ဗိုလ်တစ်ဦး စုစုပေါင်း ၄ဦး ကျဆုံးသွားခဲ့သည်။ ၎င်းအပြင် ကလူးထောအခြေစိုက် ဗိုလ်မှူးစောပိ ဦးစီးသည့် နယ်ခြားစောင့်တပ်(၁၀၁၂)တပ်ဖွဲ့ဝင်များနှင် ကေအဲန်ယူ တပ်ရင်း (၂၀၂)တပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်ပွားရာ မနက် ၆နာရီဝန်းကျင်တွင် ဟောထီးပယ်နေရာ၌ ၂ဦး ထိခိုက်မှုရှိပြီး မွန်းလွဲ ၂နာရီခွဲတွင် သေ့ဝါ့လော်ကျိုးနေရာ၌ ၁ဦး ထိခိုက်မှုရှိကြောင်း ကေအဲန်ယူ တပ်မဟာ(၇) ဒုရုံးထိုင်မှူး ဗိုလ်ကြီးစောမျိုးမင်းသူက ပြောသည်။ (ကိုးကား - ကေအိုင်စီ)

အပြည့်အစုံသို့...

Saturday, December 25, 2010

ယနေ့ သတင်း (၂၅ ရက် ဒီဇင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၂၅ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
နံနက် (၉ နာရီ ၅၀ မိနစ်) ဖလူးဒေသမှာ ရက်အနည်းငယ်ကြာ တိတ်ဆိတ်နေတဲ့ တိုက်ပွဲတွေ ယမန်နေ့က ပြန်လည် ဖြစ်ပွားနေပါတယ်။ နအဖ ဘက်က ထိုးစစ်အင်အားတိုးမြင့်လိုက်တဲ့အတွက် တိုက်ပွဲတွေ ရေရှည်ကြာဖို့ရှိတယ်လို့ ဒေသခံတဦးမှပြောဆိုပါတယ်။

နံနက် (၉ နာရီ ၃၀ မိနစ်) နအဖ စစ်တပ်က အင်အား ပြင်းထန်တဲ့ ထိုးစစ်ကြီးတခု ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ ဘက်က ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်မယ်ဆိုရင် ဒုက္ခသည်တွေကို ကူညီဖို့ ပြင်ဆင်နေကြောင်း သိရှိရပါတယ်။

နံနက် (၉ နာရီ ၂၀ မိနစ်) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း နအဖ စစ်တပ်တွေက ဒီကေဘီအေ ခွဲထွက် အဖွဲ့တွေအနေနဲ့ နီးစပ်ရာ နယ်ခြားစောင့်တပ်တွေဆီကို ပြန်သွားကြဖို့ ရွာတွေမှာ စာလိုက်ကပ်တယ်လို့သိရပါတယ်။ ၂၇ ရက်နေ့ နောက်ဆုံးသွားရမှာဖြစ်ပြီး ၂၇ ရက်ကျော်လွန်ပါက နအဖ စစ်တပ်မှ သူပုန်အဖြစ် သတ်မှတ်မယ်လို့ ကြေငြာထားပါတယ်။

အပြည့်အစုံသို့...

စစ်ပန်းချီ (၁)

World War One မှာ ပိုးစိုးပက်စက် တန်ဖိုးမဲ့စွာ သေရတဲ့ စစ်သားငယ်တွေရဲ့ဘ၀ပါ။ 1916 လို့ ရိုးရိုးလေးပဲခေါင်းစဉ်ပေးထားတယ်။



16 years old when I went to the war,
To fight for a land fit for heroes,
God on my side, and a gun in my hand,
Chasing my days down to zero,
And I marched and I fought and I bled
And I died & I never did get any older,
But I knew at the time, That a year in the line,
Was a long enough life for a soldier,
We all volunteered,
And we wrote down our names,
And we added two years to our ages,
Eager for life and ahead of the game,
Ready for history's pages,
And we brawled and we fought
And we whored 'til we stood,
Ten thousand shoulder to shoulder,
A thirst for the Hun,
We were food for the gun, and that's
What you are when you're soldiers,
I heard my friend cry,
And he sank to his knees, coughing blood
As he screamed for his mother
And I fell by his side,
And that's how we died,
Clinging like kids to each other,
And I lay in the mud
And the guts and the blood,
And I wept as his body grew colder,
And I called for my mother
And she never came,
Though it wasn't my fault
And I wasn't to blame,
The day not half over
And ten thousand slain, and now
There's nobody remembers our names
And that's how it is for a soldier.

အပြည့်အစုံသို့...

Thursday, December 23, 2010

တိုက်ပွဲသတင်းနှင့် နအဖ စစ်တပ်မှ လူ့အခွင့်အရေးချိုးဖောက်မှုသတင်း


တပ်မဟာ(၄) မြိတ်၊ထားဝယ်ခရိုင်

၁၆ ရက် ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်၊ ၁၀း၁၈ အချိန်တွင် KNU တပ်ရင်း(၇)အဖွဲ့သည် နော်စေးဟဲကားလမ်းမ၌ ရန်သူနဲ့ ပက်ပင်းရင်ဆိုင်တိုးခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၄င်းတိုက်ပွဲအတွင်း ရန်သူဘက်မှ အကျအဆုံးနှင့်ထိခိုက် ဒဏ်ရာရရှိမှုကို မသိရှိရပဲ KNU ဘက်မှလည်း တစ်စုံတစ်ရာထိခိုက်မှု မရှိကြောင်း သိရှိရသည်။

၁၉ ရက် ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်၊ KNU တပ်မဟာမှ သင်တန်းအဖွဲ့နှင့် ပြောက်ကျားစစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ဆယ်ဝါးလဲတွင် ၁နာရီခွဲကြာ ထပ်မံတိုက်ပွဲဖြစ်ပွားရာ ရန်သူနအဖဘက်မှ တပ်ကြပ်ကြီး၎ယောက် သေဆုံးပြီး ဒဏ်ရာအပြင်းအထန် ၈ ယောက်နှင့် ၆ယောက်အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ KNU ဘက်မှ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

တပ်မဟာ(၆) ဒူးပလာယာခရိုင်
၁၈ ရက် ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်၊ ပြည်သူလှဦးဆောင်သော ရန်သူ ခမရ ၅၄၈အဖွဲ့နှင့် မြအောင်ဦးစီးသော ခလရ ၅၈၄ အဖွဲ့အဲပင် BGF ၁၀၁၆ မှ မိုးဒီအဖွဲ့တို့ ပူးပေါင်းသော စုပေါင်းအင်အား၁၃၀အဖွဲ့သည် မဲပလယ် ရွာသို့တက်လာပြီး လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာနှင့် ပစ္စည်းများ ထမ်းပို့ရန် ရွာသား ၆ ယောက်ကို အတင်းအဓမ္မဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသော ရွာသားများမှာ- ၁။ စောဒီးကလယ်(၂၇)နှစ်၊ ၂။ စောပိုး(၁၃နှစ်)၊ ၃။ မောင်ကာမြိုင်(၄၅နှစ်)၊ ၄။ လာချယ်လိုး(၃၆)နှစ်၊ ၅။ မောင်စံထွေး(၄၂)နှစ်၊ ၆။ ဖါးခိသာ(၃၂)နှစ် တို့ဖြစ်သည်။

အတင်းဖမ်းဆီးထားသူ ( ၆ )ယောက် အနက် ၄ ယောက်ကိုသာ ပြန်လွှတ်ပေးပြီး မောင်စံထွေးနှင့် ဖါ့ခိသာနှစ်ယောက်ကို ပြန်မလွှတ်သေးကြောင်း သိရှိရပါသည်။ ထိုနေ့မှာပင် ရန်သူနအဖတို့တပ်ဖွဲ့သည် ရွာသူ/သားတို့၏ ကြက်များကို မရမက တောင်းစားခဲ့ သည်။ ကြက်ပိုင်ရှင်များမှာ- ၁။ ကျော်ညွန့်ဖိုး(၄၆နှစ်) ကြက်တစ်ကောင်၊ ၂။ နော်ပေါ်တာ (၄၅နှစ်)ကြက်တစ်ကောင်၊ ၃။မောင်တင် (၄၇)နှစ် ကြက်၂ ကောင်၊ ၄။ နော်ပဲပဲ (၄၅)နှစ် ကြက်တစ်ကောင်၊ ၅။ ကြူကေဖေါ (၃၇)နှစ် ကြက် တစ်ကောင်၊ ၆။ နော်ဒါး (၂၁)နှစ် ကြက် တစ်ကောင် တို့ ဖြစ်သည်။

၂၀ ရက် ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်၊ ပြည်သူလှဦးဆောင်သည့် အင်အား(၄၀)ခန့်ရှိသော ရန်သူခမရ ၅၄၈ အဖွဲ့သည် ခူးဒို့မှပြန်လာသော ကော့ကရိတ် လှိုင်ဝရွာနေ၊ ကွမ်းသီးကုန်သည် လေးစော(၄၇)နှစ်ကို ဖမ်းဆီးပြီး အကြောင်းမဲ့ ထိုးကြိတ်ရိုက်နှက်ခဲ့သည်။

ကော့ကရိတ်မြို့နယ်ရှိ နို့ရွှေမူရွာတွင် လှုပ်ရှားနေသော နအဖ စစ်တပ်မှ လှကြည် ဦးစီးသော ခမရ ၅၄၉ တပ်ဖွဲ့ နှင့် BGF 1016 အဖွဲ့တို့ ပူးပေါင်းသောအင်အား၅၀ရှိ အဖွဲ့သည် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ခုဒုံးရွာနှင့် ချိုးပလာ့ ရွာသို့ သွားရောက် လှုပ်ရှားပြီး ၄င်းတို့နေရာတွင် နအဖ စစ်တပ်မှ မိုးမင်း ဦးစီးသော အင်အား(၄၀)ကျော် ခမရ ၅၄၅ အဖွဲ့က ကော့ကရိတ်ကနေ၊ နို့ရွှေမူ ရွာတွင် ဒီဇင်ဘာလ ၁၇ ရက် ၂၀၁၀ ခုနှစ်တွင် အစားထိုး ရောက်ရှိလာပါသည်။

ဖိုးဒေးမူရွာတွင် လှုပ်ရှားနေသော ခမရ ၄၀၇၊ စစ်ကြောင်း ၂ ခေါင်းဆောင် ရန်မင်းထိုက်သည် ရွာသား တွေကို နည်းမျိုးစုံညှဉ်းပမ်းနှိပ်စက်ကြောင်း သတင်းရရှိပါသည်။ ၁၇-၁၂-၂၀၁၀နေ့တွင် ရွာ၏တောင် နောက်ဘက်ခြမ်းရှိ ရွာသားစောဟီခု (၃၈နှစ်)ကို လက်လုပ်ယမ်းထောင်းတူမီး(၂)လက်၊ သိမ်းဆည်း ခဲ့ရုံသာမက ထိုးကြိတ်နှိပ်စက်ခဲ့ကြောင်း သိရှိရပါသည်။

၁၉ ရက် ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်၊ စတီဗင်ဦးဆောင်သော BGF ငြိမ်းချမ်းရေးအဖွဲ့မှ နှစ်သစ်ကူးလုပ်ရန် ရွာသား များကို တစ်ရွာလျှင်သုံးသောင်းကျပ်ဖြင့် အတင်းအဓမ္မငွေကောက်ခံခဲ့ပြီး ၄င်းငွေကို 19-12-2010 နေ့
အရောက်ပို့ဆောင်ရမည်ဖြစ်သည်။ ငွေတောင်းခံ ခံရသောရွာများမှာ- ၁။ ကြီးခလယ့္ရြာ ၂။ ထောဝါ့လော် ၃။ ဖိုးဆီ့မူးရွာ ၄။ မဲ့တလယ့် ၅။ ကျော်ခီး ၆။ ထိမယ်ဘော ၇။ မဲကဒိ ၈။ ဖါးကလောခီး တို့ဖြစ်သည်။

၁၇ ရက် ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်၊ ၈း၄၀ အချိန်တွင် ကျွန်ုပ်တို့KNU တပ်ရင်း၁၆သည် လေးနော့စစ်စခန်းမှ ရန်သူနအဖ ခမရ၄၀၅ စစ်ကြောင်း၂ ကို ပြောက်ကျား စစ်ဆင်နွဲရာ တစ်ယောက်သေ၊ တစ်ယောက်ဒဏ်ရာ ရရှိခဲ့သည်။ KNU ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရှိရပါသည်။ ၄င်းတိုက်ပွဲတွင် ရန်သူသည် လက်နက်ကြီး အလုံးပေါင်းများစွာ ပစ်ခတ်ခဲ့ရာ ရွာသားတစ်ယောက် ကျည်စထိမှန်ခဲ့ပြီး ၀က်နှစ်ကောင်ကိုလည်း ကျည်ဆံ ထိမှန်သေဆုံးခဲ့သည်။

တပ်မဟာ၂ တောင်ငူခရိုင်
၁၇ ရက် ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်၊ မနက်၉နာရီအချိန်တွင် KNU ပြောက်ကျားတပ်ဖွဲ့သည် ခလဲ့ပတီနှင့် သဘားဖါ့ အကြားမှာရှိသောရန်သူကို ချေမှုန်းတိုက်ခိုက်ရာတွင် ရန်သူ၂ ယောက်ဒဏ်ရာရရှိပြီး ထပ်မံ၍ 18-12-2010 ညနေ ၃နာရီအချိန်တွင် သကွီးကျိုး ကားလမ်းမကြီး ပြောက်ကျားတိုက်ပွဲတွင် ရန်သူဘက်မှ တစ်ယောက်ဒဏ်ရာရရှိခဲ့သည်။

၁၉ ရက် ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်၊ ညနေ၇း၂၀ အချိန်တွင် နော့ဖိုး နီးဒေးရှိ ရန်သူကို ပြောက်ကျားစစ် ဆင်နွဲခဲ့ရာ ရန်သူ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါသည်။

၂၀ ရက် ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်၊ KNU သည် သံတောင်နယ်မြေ(၃)ရှိ ရန်သူကို သွားရောက်တိုက်ခိုက်ရာမှာ ရန်သူ ၁ ယောက်ဒဏ်ရာရရှိခဲ့ပြီး ထိုနေ့မှာပင် နံနက် ၁၁း၃၀ အချိန်၊ သခွီးကျိုးတွင် ရန်သူနှင့် ရင်ဆိုင်ကြုံတွေ့ ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဘက်မှ ၁ ယောက်သေဆုံးခဲ့ပြီး KNU မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိ ကြောင်း သတင်းရရှိပါသည်။
(မူရင်း - ကိုးဒီသွေး)

အပြည့်အစုံသို့...

Wednesday, December 22, 2010

တွယ်ရာမဲ့

ညီနိုင်

၁။

ချိုင်းထောက်ကြီးနဲ့ ငါ့ကို

လူတွေက နှာခေါင်းရှုံ့ကြတယ်။

၂။

ကစားနေတဲ့ ကလေးအချို့

သနားတတ်တဲ့ မျက်ဝန်းအစုံနဲ့

အနားဝိုင်းအုံလာ

ငါဘာဆိုတာလည်းသိသွားရော

လူသတ်သမား

လူသတ်သမား

ကျေုာင်းသားတွေကို သတ်တာ

ခင်ဗျားတို့တဲ့…။

ဆူဆူဆဲဆဲ

အင်္ကျီဆွဲဖြဲဖြဲသူဖြဲ

ခဲနဲ့ပေါက်သူပေါက်

ဂယောက်ဂယက်ငါ

ယောင်ချာချာလမ်းမထက်မှာ။

၃။

တနေရာမှာ

ကျေးငှက်အချို့ဟာ

မျက်နှာတွေကို

အတောင်ပံများနဲ့အုပ်ကာကြရင်း

ရှက်စရာ….ရှက်စရာ

အဲဒါ ပုရိသရုပ်သေး

အဲဒါ မနုဿခွေးတကောင်ပဲ

ထေ့ ငေါ့ သံပါတဲ့

တေးထံတျာကို

ငါကြားအောင်

တမင်တကာ ဆိုညီးနေရဲ့။

၎။

အို….

ဘာတွေ ဘယ်လိုဖြစ်ကုန်ပြီလဲ

ကမ္ဘာကြီး တိမ်းစောင်းသွားပြီလား

မြန်မာပြည်ကြီး အစိမ်းရောင်းစားခံရပြီလား

ရှေ့တန်းကငါ

ခုမှ…အိမ်ပြန်ရတာပါကွယ်။

၅။

ပန်းခင်းတွေ ခြောက်သယောင်း

လမ်းအိုဟောင်း

ညောင်ညိုရိပ်အောက် စာသင်ကျောင်း

ခေါင်းလောင်းသံတိတ်

ကိုဖိုးရိတ်

ကြိတ်ဘေးမှာ မှိုင်လို့ပါလား။

၆။

အရင်ဆို…

ဒီလိုချိန်ခါ ကျေးရွာ အိုးစည်သံသာ။

အခု

ချိုးကူသံပြေး လူသံဝေ

တေးကဗျာမချို ဆွေးဗျာပုံ။

၇။

ငါဟာ

ငါ့ကိုငါ ပြန်သုံးသပ်နေမိတယ်

ဒေ၀ါလီခံထားတဲ့ ကျမ်းစာကြီးကို

နှစ်ပေါင်းများစွာ

ဖတ်ပေးခဲ့ သူပါလားလို့။

၈။

ဟိုတုန်းကတော့

ရူးရူးမိုက်မိုက်နဲ့မို့

လိုက်သွားမိတာပါ

ဒီတုန်းက

အိမ်နဲ့ကလည်း အဆင်မပြေပဲကိုး

၉။

ခုတော့

ခြေပြတ်ကြီးငါ့ကို

သူတို့ မသုံးလိုတော့ကြဘူး

ချိုင်းထောက်တဘက်

ဖိနပ်တဘက်နဲ့

ပုံပျက်နေတဲ့ ငါ့ကိုမြင်ရင်

အမေငိုချင်သွားမှာ သေချာတယ်။

၁၀။

ဒီလိုနဲ့

ဟိုတွေး ဒီငေးလျှောက်

ခြံပေါက်ဝနားရောက်လို့

“ညီလေးရေ” လို့ ဟစ်ခေါ်လိုက်တဲ့အခါ

အမေဟာ

ငါ့ကိုမျက်နှာဆီ လက်ညှိုးငေါက်ငေါက်ထိုး

“လူသတ်သမားကြီးပြန်လာပြီလား”

မင့်ညီလေး

လူ့အခွင့်အရေးတိုက်ပွဲကြီးထဲမှာ

မင်းတို့သေနတ်ဒဏ်ရာနဲ့

သေသွားရှာပြီတဲ့လေ။

၁၁။

အမှောက်အမှား ရှုပြီလား

ချောက်ကမ်းပါး ကျပြီလား

ပြတ်သွားပြီဖြစ်တဲ့ ခြေတဘက်

ဘယ်သူ့အတွက် ပေးလှူလိုက်တာလဲ

ခုတော့

ခြေပြတ်ကြီး မင့်ကို

သူတို့မသုံးလိုကြတော့ဘူး

ဘယ်သူကမှလည်း

အလေးတယူ မဆက်ဆံချင်ကြတော့ဘူး။

၁၂။

ဥပေက္ခာ လောကသား

မင်းဟာ

တကယ့် ဥပေက္ခာလောကသား

ငါဟာ

ငါ့မျက်နှာငါ လက်ဝါးနဲ့အုပ်ပြီး

အသံကုန် ငိုချလိုက်မိတယ်။

ညီနိုင်

ဒေါင်းအိုးဝေ စာစောင်

အတွဲ (၂) အမှတ် (၄) ဒီဇင်ဘာလ၊ ၁၉၉၀ ။

naytthit.com မှကူးယူဖော်ပြပါတယ်။

အပြည့်အစုံသို့...

Tuesday, December 21, 2010

ယနေ့ သတင်း (၂၁ ရက် ဒီဇင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၂၁ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
နံနက် (၁၂ နာရီ ၂၀ မိနစ်) ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ရှိ ကနဲလေးနဲ့ ဝေါလေဒေသကြားရှိ ဖောမုဘောထာ့ မှာ ယမန်နေ့(တနင်္လာနေ့)က တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ နအဖ ရိက္ခာတင်ဆောင်လာတဲ့ ကားနဲ့ ဒီကေဘီအေ စစ်တပ်တွေ ထိပ်တိုက် ရင်ဆိုင်တိုးမိပြီး တိုက်ပွဲဖြစ်ပွားတာ ဖြစ်ပါတယ်။ ဒီကေဘီအေနဲ့ နအဖ စစ်တပ်များ တလကျော်ဖြစ်ခဲ့သည် တိုက်ပွဲတွေမှာ အပြင်းထန်ဆုံးဖြစ်ပြီး နအဖ စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နံနက် (၁၂ နာရီ ၁၀ မိနစ်) ကရင်ပြည်နယ်၊ ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေ ဝေါ်လေဒေသ၊ ဖောမုဘောထာ့နေရာ၌ ယမန်နေ့နံနက် ၁၀နာရီအချိန်တွင် နအဖ စစ်ကွပ်ကဲ ရေးဌာနချုပ်-စကခ(၈) လက်အောက်ခံ ခမရ(၄၀၉)တပ်ရင်းနှင့် ဒီကေဘီအေ တပ်မဟာ(၅)တို့ကြား မိနစ် ၂၀ခန့် ချုံခိုတိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖဘက်က ထိခိုက်ကျဆုံးမှုရှိသည်ကြောင်း သိရှိရသည်။

ဝေါ်လေဒေသ ဖလူးကျေးရွာတွင် နအဖစစ်တပ်မှ အရှေ့တောင်တိုင်းစစ်ဌာနချုပ်-ရတခ လက်အောက်ခံ ခမရ(၄၅၇) တပ်ရင်းနှင့် ဒီကေဘီအေ တပ်မဟာ(၅)တပ်ဖွဲ့ဝင်တို့ကြား ယမန်နေ့က ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၇ဦး ပွဲချင်းပြီး သေဆုံးကာ ၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို ဒီကေဘီအေဘက်က ၁ဦးသေဆုံးပြီး တပ်မှူးတဦး အပါအ၀င် ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒီကေဘီအေဘက်က အတည်ပြု ပြောကြားသည်။ (ကိုးကား - ကေအိုင်စီ)

နံနက် (၁၂ နာရီ) ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ မာနယ်ပလောဒေသဘက်တွင်လည်း ဒီဇင်ဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တွင် နအဖနှင့် ကေအဲန် အယ်လ်အေ တပ်ရင်း(၂၀၂)တပ်ဖွဲ့ဝင်တို့ကြား နှစ်ရက်ဆက်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ နအဖဘက်က ထိခိုက်မှုရှိသည်ဟု ခန့်မှန်းရသော်လည်း ကေအဲန်အယ်လ်အေဘက်က ထိခိုက်မှုမရှိဟု ကေအဲန်ယူ တပ်မဟာ(၇) ဒုရုံးထိုင်မှူး ဗိုလ်ကြီးစောမျိုး မင်းသူက ပြောသည်။

“ဒီနေ့ ၁၂နာရီအချိန်မှာ ကျနော်တို့ရဲ့ KNLA (၂၀၂)တပ်ရင်းနဲ့ ဗဟိုတပ်ဖွဲ့တို့ပေါင်းထားတဲ့အဖွဲ့က နအဖ ခလရ(၁၀၆)တပ်ဖွဲ့ နဲ့ ကဆောဝါးလေးမှာ ၅မိနစ်လောက် ပစ်ခတ်မှုဖြစ်တယ်။ မနေ့မနက် ၆နာရီအချိန်မှာလည်း ကဆောဝါးလေးမှာပဲ ခမရ(၃၃၈) နဲ့ ကျနော်တို့ KNLA (၂၀၂)တပ်ဖွဲ့နဲ့ ၁၀မိနစ်ကျော် ရင်ဆိုင်ခဲ့တယ်။ အဲဒီနေ့ ညနေ ၅နာရီဝန်းကျင်လောက်မှာလည်း မိုးပျံတံ တားမှာ ကျနော်တို့တပ်ရင်း(၂၀၂)တပ်ဖွဲ့နဲ့ နအဖ ခမရ(၃၄၃)တို့ ၁၅မိနစ် ရင်ဆိုင်ခဲ့တယ်။”ဟု ၎င်းက ပြောသည်။ (ကိုးကား - ကေအိုင်စီ)

အပြည့်အစုံသို့...

Monday, December 20, 2010

မှတ်တမ်းတင်ထားတယ် ရဲဘော်...

ရဲဘော်များ မှတ်မိကြဦးမှာပါ။ အစောပိုင်း ဒေါင်းအိုးဝေစာစောင်တွေမှာ ယောဟန်အောင်၊ တိုက်မောင်း၊ မိဆူးပွင့်၊ ညီနိုင်၊ မောင်လွမ်းဏီ၊ စတဲ့ ကလောင်တွေဟာ ကဗျာရေးကောင်းတဲ့ ရဲဘော်တွေပါ။ အဲဒီထဲက ကဗျာဆရာ ညီနိုင်နဲ့ ပြန်လည် မိတ်ဆက်ပေးလိုပါတယ်။ ညီနိုင်ဟာ ၁၉၉၁ လောက်မှာ ထိုင်းအစိုးရရဲ့ မြန်မာကျောင်းသားတွေကို အတင်းပြန်ပို့မှုကြောင့် ကျနော်တို့နဲ့ ဝေးကွာသွားပေမဲ့ သူ့ကဗျာတွေက ကျနော်တို့နဲ့အတူ ရှင်သန်နေဆဲပါ။ (မီးကိုတိုးသည့် ကြိုးမဲ့ကာရန်)လို့ အမည်ပေးထားတဲ့ ကဗျာတိပ်ခွေတခွေ(ကဗျာရှည် ၆ ပုဒ်)ကိုလည်း ထုတ်ဝေခဲ့ပါတယ်။ အခုဖော်ပြမဲ့ ကဗျာက အဲဒီခွေထဲမှာ မပါဘူး။ ၂၁ နှစ်ကြာပြီဖြစ်တဲ့ ဒီကဗျာဟာ အဲဒီအချိန် အဲဒီကာလရဲ့ နိုင်ငံရေးပယောဂတွေ၊ တော်လှန်ရေး အရှုပ်အထုပ်တွေ ပြည့်နှက်နေပေမဲ့ လေ့လာသင်တဲ့ ကဗျာတပုဒ်ပါ။ နိမိတ်ပုံယူပုံတွေ ကဗျာသံစဉ်စီးဆင်းမှုတွေဟာ မာယာကော့စကီးရဲ့ ဘောင်းဘီဝတ်မိုးတိမ် ဆန်ပါတယ်။ ညီနိုင်ဟာ တခြားကလောင်တခုနဲ့ မြန်မာ့ကဗျာလောကမှာ သေသေချာချာကြီး ဆက်လက်ရပ်တည်နေပါတယ်။ ကဗျာဖတ်သူတွေ လေ့လာလို့ရအောင် အဲဒီကဗျာတွေကိုပါ ဆက်တိုက်တင်သွားပေးပါမယ်။

ဗုဒ္ဓသည် အမျှဝေလျှက်

ပြောပါများသည်ကို ပြောပါနည်းအောင်ပြုလုပ်ခြင်းသည်၎င်း၊
မှားပါများသည်ကို မှားပါနည်းအောင်ပြုလုပ်ခြင်းသည်၎င်း
ခက်ခဲပေစွ။

စကားဦး
အားမလိုအားမရဖြစ်ခြင်း၊ ကြိမ်ဖန်အလီလီပေါက်ကွဲခြင်း၊ နိုင်ငံတော်မွတ်သိပ်ခြင်းများဖြင့်
ဤကဗျာကိုရေးဖွဲ့ ….. ဒေါသကြီးသူ၏ စာကို ဖတ်နေရသည်ဟု ထင်စရာရှိ အားများဖြင့်
ယက်လုပ်ထားသည်။

“နီးစပ်မှုမဲ့ ဖခင်နှင့် ကောင်းကင်ကိုမော့ကြည့်နေသူတဦးအတွက်”

ညီနိုင်

တက်သွား
တံခါးချပ်များပွင့်လာနေပေါ့
အလျင်အမြန်ဆွဲဖွင့်လိုက်လေ …..

(၁)

ကျုပ် ….
ဒူးမတုပ်သူ …
ဆက်လျှောက်နေပေါ့ … ကျုပ်
လျှပ်စီးတွေအပေါ်ဖြတ်နင်း
ကမ္ဘာနဲ့နေရဲ့ခြေလှမ်းအကွာနဲ့
ထတော့ … !
တံတွေးကိုဝမ်းစာအဖြစ်
ဖယ်ချန်ထားရသူတွေ
နှစ်တိုနှစ်ရှည်စီမံကိန်းတွေထဲကျောစုတ်ခဲ့
အနွေးထည်ကောင်းကောင်း
ဝတ်ဘူးခဲ့သလား
ပါးစပ်ဟာ အရသာနဲ့
အဆွေခင်ပွန်းဖြစ်ခဲ့ရဲ့လား
ပါတီနဲ့ဘတ်တေးတွေပေးဘူးသလား
ဝါးကြမ်းခင်းနဲ့
နေရဲ့နှာခေါင်းအရှည်ကသာ
ကျောနဲ့ခေါင်းကိုတလှည့်စီနမ်းခဲ့။

ခင်ဗျားတောင်
ဥပုသ်ကျောင်းမသွား
ဘုရားရှေ့မထိုင်နိုင်ဖြစ်
ဒီထိအောင်ပဲ ထမင်းတလုပ်အတွက်
အလုပ်ရှုပ်နေခဲ့ပါတယ်။

အမေဟာ
တခါမှကျုပ်ကိုမုန့်ဖိုးတဆယ်
ပြည့်အောင်မပေးနိုင်ခဲ့ဘူး
ပြောလိုက်ရင်လက်ကလေး ခါခါ – ခါခါနဲ့
ခေတ်အပူကသူ့ကျောမှာလောင်မြိုက်လို့

ခေါင်းရင်းမှာ
ပန်းအိုးဟာ ညှိုးလို့သာနေတော့
ဆွမ်းဆိုတာတာတခါတရံလောက်ပေါ့
ဘုရားသာ အမျက်တော်ရှတတ်ရင်
ကျုပ်တို့အိမ်ထိပ်ဆုံးဒုက္ခရောက်မယ် …..

(၂)

ခင်ဗျားနဲ့ကျုပ်တောင်
ရန်ဖြစ်ခဲ့ကြပါသေး။
ခင်ဗျားကလည်းဒေါနဲ့မောနဲ့
ကျုပ်ကလည်း ရှူးရှူးရှဲရှဲနဲ့
တခါတခါတုတ်တွေ ဓားတွေကိုင်ကြလို့
မတော်လို့များ
ဖြစ်လိုက်ကြရင်တော့နော်။

လမ်းတွေ့ရင်တောင်နှုတ်မဆက်တတ်
မျက်လုံးချင်းရန်ဖြစ်
အဲဒီလောက်ချစ်ခဲ့ကြ
ပြောစရာရှိတဲ့အခါ အမေဟာ
ခင်ဗျားနဲ့ကျုပ်ကြားမှာပြာတာပေါ့။

ဟား၊ ဟား …
ရယ်ဖို့ပဲကောင်းတော့
ခေတ်သစ်အဇာတသတ်ကြီး
အဇာတသတ်ကြီးကျုပ်
ခုတော့အရာရာကိုခံစားသိ
ကျုပ် …
ခင်ဗျားကိုဦးတိုက်လိုက်ပါပြီလေ …
ဒါပေမယ့်
စာအုပ်ဖိုးနဲ့ကျောင်းလခ
တောင်းတဲ့အခါ
မျက်နှာကြီး
ဘာကြောင့်
လငပုတ်ဖမ်းသွားရတာလဲ
ဘာကြောင့်
မြည်တွန်တောက်တီးရတာလဲ
….. ….. ….. …..
….. ….. ….. …..
ခုတော့
ကျုပ်ပြုံးမိ
ခင်ဗျား … အလုပ်ပင်ပန်းသူ …

(၃)
ယနေ့
လူများစွာ ဘေးသင့်နေရဲ့။

အရှေ့
အနောက်
တောင်
မြောက် … လယ်ကွင်းတွေကြားမှာ
ပင်လယ်ပြာနဲ့ သစ်တောတွေပေါ်မှာ
ရတနာကွင်းနဲ့
ရေနံဓာတ်သတ္တုတွင်းတွေထိပ်မှာ
ငုတ်တုတ်ကြီးငတ်နေကြ
ရယ်ဖို့ပဲကောင်းတော့
သူများဆီလက်ဖြန့်နေကြရတာ …
ကျုပ်တို့လူဖျဉ်းတွေမဟုတ်ဘူး
အလုပ်လုပ်ခဲ့ကြ
(နေကိုခေါင်းမှာပန်ဆင်ရင်း)
ဒါပေမယ့်
အာဏာကခွန်အားတွေကိုဝါးမြိုခဲ့ပေါ့
ဘလိတ်ဓားတွေအပေါ်
လည်ပင်းများတင်မိကာ …

(၄)

ကျုပ်မှာ
ဘယ်သူမှလိုက်လို့မမီနိုင်တဲ့
ချစ်ခင်ရင်းနှီးမှုမာနရှိတယ်၊
ဘယ်သူမှခုတ်ထစ်လို့မရနိုင်တဲ့
ပြည်သူ့သတ္တိရှိတယ်၊
မဖောက်မပြန်တဲ အမျိုးသားရေး
ယုံကြည်ချက်ရှိတယ်။

မြန်မာပြည်ကိုအိပ်ကပ်ထဲမှာထည့်ရင်း
ဘဏ်တဘဏ်ထဲဝင်သွားချေပေါ့
လူတယောက်
လောကကိုသော့တွဲလို
ခါးမှာချိတ်ရင်းလမ်းလျှောက်နေသူ

မိမနိုင်
ဖမနိုင်
သံဃာမနိုင်
တိုင်းပြည်ကိုမီးရှို့နေပေါ့ …..

ပြည်တွင်းစစ်တဲ့
၄၂ နှစ်ရဲ့အရိုးတွေ
မြင့်မိုရ်တောင်ကိုကျော်တက် … တက်
ဆဲထုတ်လိုက်
ပုန်းငုတ်ငုတ်ကြိုးကိုင်နေသူ
သူတရားခံအရင်းပေပါ …..

စက်ဆုတ်လိုက်တော့
အလုပ်မလုပ်ပဲ ဗိုလ်လုပ်နေသူတွေကို …

(၅)

ဟိုမှာ
ခလုတ်မပါတဲ့သင်္ဘော
ပက်ပက်စက်စက်ငိုညီး
ရွက်တိုင်ကြီးအရိုးငေါငေါ
ပြောရင်းအသက်ဝင်လာ
လမ်းမကြီးပွယောင်းယောင်း
မဖြီးသင်တဲ့ခေါင်းလို
ရှုတ်ရှုတ်ထွေးထွေးပဲ …..
ခုန်တက်လာ
လှေကားထစ်တွေအပေါ်
လျောက်ပြေးနေပေါ့
ကုန်တွေဈေးကိုစီးလို့ ….…

ရောက်ချေပေါ့
ထမင်းရည်ပူထဲဝမ်းကိုပစ်ရင်း
ကြံစည်ခြင်းကို
မျက်နှာမှာတတ်ဆင်ကြလို့
မျက်လုံးတွေစူးလက်လက်ရှ
ဝါးမြိုပစ်တော့မယ့်ဟန်
….. ….. ….. …..
….. ….. ….. …..
အရိပ်မဲ့မဲ့သစ်ပင်ကြီး
လွင်ပြင်ထီးထီးမှာ
ငါတို့ဘာလုပ်ရ …

(၆)
သတ္တဝါပေါင်းများစွာကို
ဖန်ဆင်းခဲ့တဲ့လောက
သင့်မျက်ဝန်းတဘက်
ကမ္ဘာဦးစကတည်းက ငှက်သင့်ခဲ့သလား
ဟာနေတဲ့ဝမ်း
သာနေတဲ့လမ်း
ရွှေဘော်ထိုးစမ်းလေ …..
ခုတော့
အရာရာဒယီးဒယိုင်နဲ့
သင် ….. ဆိုင်းကြိုးမတတ်တတ်တဲ့
စွန်လွှတ်သမားပဲ …

ကာလာနထဲ
ပြန့်ကျဲလာကြ
အုဝဲလေးတွေရေ
သင်တို့ တေးသီနိုင်ဦးမှာလား
ဒီမှာ
နှာခေါင်းအောက်က
ချောက်နက်နက်ကြီးတွေ
မှိုတက်၊ ကြွက်ကိုက်ဖြစ်လို့
လေးဘက်ထောက်အရှက်မဲ့ချေပေါ့
ကုလားထိုင်လိုသူ
နိုင်ငံရေးကြက်ညှာဆုံစို့များ

(၇)

တက်သွားလေပေါ့
အားကိုခြေအောက်ခုရင်း
သမိုင်းသစ်ရဲ့ခန်းဦးအဖွင့်ဆီသို့
စာလုံးကိုသွေးနဲ့စီဖို့လေ …..
ကြိုးတိုက်ထဲ
လည်ပင်းတွေဆန့်ထုတ်ခါ …..
အံသွားကြိတ်ခါ
လက်သီးကိုအတောင်တတ်ပေတော့
အမှောင်ခေတ်မှာ သင်ဟာနေ့ရှင်
နေရဲ့အလင်းတသောင်းနဲ့
ကောင်းကင်ကိုဆေးတော့
မိုးကောင်းကင်က
ပန်းပွင့်နဲ့ကျောက်သံပတ္တမြားတွေ
ရှာချပေး
မြေဝဿုန်
လတ်ဆပ်တဲ့သီးနှံတွေကို
ထုတ်လုပ်ပေးတော့ …..

နွေရထားကိုစီးနင်းယင်း
အလင်းကိုညှစ်ထုတ်နေသူ
မြင်းများကိုကကြိုးဆင်ပါ …..

(၈)
နာနာရိုက်ပုတ်ရမယ်
ဟုတ်ကဲ့ စီးနင်းသူတွေကို
လမ်းကြောင်းမှန်အတွက်ဆို
တိုက်မယ်
တိုက်ရမယ် … တိုက်ရမယ် …
တိုက်ကြလိမ့်မယ်
တိုက်ထုတ်ပစ်လိုက်စမ်း
မင်းရဲ့အမျိုးသားရေးဦးခေါင်း
မာထူထူနဲ့
ကျောက်တောင်ရဲ့ဟိုဘက်
မင်းဦးခေါင်းပေါက်ထွက်သွားသည်အထိ
အယူသီးနဲ့ ဝါဒကြီးသမားတွေကို
အာဏာကြီးသမားတွေကို
မဟုတ်တန်းတရား
နှုတ်ကပတ်တော်ရှင်တွေကို
မင်းဟာသတ္တိရှင်ဖြစ်ပေါ့
မင်းဟာသတ္တိရှိခဲ့ရင်လေ
စင်္ကြာဝဠာကြီးဟာ
ဘောလုံးငယ်လေးဖြစ်ပေါ့
ခြေဖျားကော့ကာ … ကော့ကာ

ခလေးငယ်တွေကိုတော့
ကျိုးနွံနွံဝတ်ကြွေးပြု
အရုဏ်ဦးရဲ့
ပထမဆုံးနေကိုပေးလိုက်တော့

(၉)

အလိုက်မသင့်မျောပါကြမလား
(သစ်ကိုင်းခြောက်နဲ့အမှိုက်စများလို့)
သေရင်တောင်အဆဲခံထိပေဦးတော့မယ် …..
လောကခါးရောင်း၊ မြေပြိုလု
ကယ်တင်ရှင်စောင်ခြုံလို့ကွေး
ပုန်းခိုပေါ့
ခပ်ကုတ်ကုတ်တွင်းငယ်လေးထဲမှာ

ငါတို့
ပုခုန်းကျယ်ပြော
လက်ရုံးတောင့်တောင့်သံတိုင်တွေ
စစ်ကားတွေကိုဖိနပ်ပြု
ဆူးချွန်တွေအပေါ်လမ်းလျှောက်စို့ …..
စကားချိုထဲမှာသကြားမရှိဘူး
မျှော်လင့်ခြင်းကိုမှောက်သွန်လိုက်
တိုက်ကြ
မနက်ဖြန်တိုင်းကိုနှင်းဆီပန်ချင်သူ
ကြယ်တွေကိုရင်ထိုးပြု
လက်တွေက နိုင်ငံတော်ကို
မမလေးမိုးပေါ်မှောက်ချီပေး

(၁ဝ)

“တော်လှန်ရေးသည်
တော်လှန်ရေးသမားကို
မစောင့်” တဲ့

အသံတသံ …
ခြေမြန်မြန်သုတ်ခြေတင်ပေါ့
ကောင်းကင်ကိုမြင်းလုပ်လို့စီး
ကမ္ဘာကိုလက်သီးဆုတ်ထဲထဲ့ကာ

ပြီးတော့
ခွေးပုပုလေးလို
တောင်ကုန်းပေါ်ပြေးတက်ချေစမ်း
ရွှင်ကြည်ချစ်စရာလေးပါ့
အဲဒီလောက်ထိအောင်ပဲ
ပျော်ဖို့ကောင်းပါတယ်

နောက် …
ရည်းစားစာတစောင်ရေးပြီးတဲ့အခါ
ရင်ပေါ့သွားတဲ့လွတ်လပ်မှုမျိုး
သင်တို့ကိုပေးပါဦးမယ် …
မြင်နေရပေါ့
လာနေဆဲရောက်ရှိခြင်း
ရင်တွေထဲတိုးဝင်ပူးကပ်ကပ်
လှိုက်လှိုက်ဝမ်းသာဖြစ်ကြ
မျက်နှာပေါ်ပျော်ခြင်းများကိုစိုက်လို့

ကျုပ်
အဦးဆုံးသူဖြစ်ခဲ့ရင်
ကျုပ်ပေးပါ့မယ်
ခင်ဗျားတို့ကို ကျုပ်ထက်ပိုလို့
ခင်ဗျားတို့
အားရဝမ်းသာအလုပ်လုပ်ကြလို့
စိတ်လက်ချမ်းသာ
လုပ်ငန်းကိုင်ငန်းအဖုံဖုံ

(၁၁)

နိတ်သဟ
လူယုတ်မာကောင်
သူကနောက်ထပ်သမီးလောက်
အသစ်လေး တယောက်နဲ့
“၂၆ သုံးလီ ၇၈”
ယတြာချေပစ်သတဲ့လေ …..

မနက်နက်ဆို
ကောင်မလေးက ဘစ်ကနီ
သူကဆီဒီ
ပလီပလာစိုက်
ဟီလာတိုက်လို့
ဘယ့်နှယ်
သွားကြိုးကလေချွန်ချင်ရတယ်လို့
အနားမှာ
ဂိုအားရင်းနဲ့ဟင်းမလားလို
အားကိုးလောက်တဲ့ သားတော်ကြီးတွေ
သြရသ တစ်
သြရသ နှစ်
သူ့အတွက်ဆို
မိုးတိမ်ကိုတောင်
ခြုံစောင်အဖြစ်
ယက်ပေးဦးမယ့်သူတွေ

(၁၂)

“တော်လှန်ရေးကို ငါတို့
အမိန့်ပေးမရဘူး၊
ငါတို့ကိုပဲ တော်လှန်ရေးက
အမိန့်ပေးလေ့ရှိတယ်၊
တော်လှန်ရေးရဲ့တရားသံ
ငါတို့ နာခံရမယ်၊”
အမိန့်ပေးနေပေါ့ …..

ဆုတ်ဖြဲပစ်
အချုပ်ခန်းနဲ့
အကျဉ်းထောင်တံခါးမတွေ
ချွန်ရှရှလက်သည်းတွေကို
ကော်ပတ်စားလို့ …..

ထွက်လာကြ
တယောက်မကျန်ထွက်လာကြ
အလျှိုအလျှို
ဟစ်အော်ပြေးထွက်လာကြ
၅/ည နဲ့ ထောင်ကျနေသူတို့
ကြိုးစင်နဲ့တသက်တကျွန်းတို့
ယုံကြည်ချက်အကျဉ်းသားတို့
တစုတဝေး ကလေးတွေ
ကျောင်းလွှတ်လိုက်သလိုမျိုး
ကမ္ဘာမကြေသီချင်းကိုရွတ်သီလို့

သွေးစွန်းပေကျံခဲ့တယ်
နှစ်အလီလီသေနတ်ပြောင်းအောက်မှာ
အပျိုမတွေအလှပျက်
ခလေးတွေပိန်ညစ်ညစ်
ဦးခေါင်းများစွာကြေမွမွ

ဒိုင်း ….. အား …..
သွေးရွှဲရွှဲလမ်းပေါ်လိမ့်ဆင်းသွား
အလံကိုင်တဦးရဲ့ဖြစ်အင်
အရေပြားများတွန့်ရှုံ့နေတဲ့
လူတွေရဲ့မျောက်မျက်နှာ
ခင်ဗျားတွေ့ဘူးမှာပေါ့

ခုတော့
ကျုပ် …..
ခေတ်တခေတ်မှာ
အခါခါပေါက်ကွဲပါတော့မယ်
ခင်ဗျားတို့ကို လှုပ်နှိုးဖို့

လူတယောက်လုံး
မျက်လုံးကိုစုံနှိုက်ထုတ်
အူတွေက တစစီဆွဲထုတ်ခွင့်ရခဲ့ရင်တောင်
ဒေါသတွေကြေမှာမဟုတ်တော့ဘူး
ထိုး ….. ထိုး ….. ထိုး
အဲဒီအကုသိုလ်ကောင်ကြီးရဲ့မျက်နှာကို
သင် …..
လက်သီးပေါင်းကြယ်တွေတမျှထိုးတော့

(၁၃)

အပုပ်ချကြ
အတင်းအဖျင်းပြောကြ …..
သန်းတုတ်တဲ့မိန်းမတွေလို …..
ကောင်းကင်ဟာ မီးခွက်မှုပြီပဲ
ဒယ်အိုးက မြိန်မြိန်ကြီးပြုံးလို့

ငှက်တကောင်
ကြိုးမဖြုတ်ပဲလေကိုပျံပါလေရော
ပါးစပ်ကကျယ်ကျယ်
အကျဉ်းထောင်နဲ့အချုပ်ခန်းမများ

(၁၄)

အားပါး
ခင်ဗျားတေးသီလိုက်သေးသဗျ
လေချွန်သံတရွှီရွှီနဲ့
ဘဝင်ကိုသွေးနဲ့သီရက်တယ်

ခင်ဗျား
ခြေထောက်မှာဘီးတပ်ခဲ့သူ
မျက်ရည်များကိုကျောမှာထမ်းပိုး
ထွက်ခဲ့ကြ
ခင်ဗျား … ကျုပ်
ရာဇဝင်အကြွေးကိုခါးမှာချီလို့

(၁၅)

တံစဉ်တွေသံချေးတက်ပြီပဲ
စပါးကျည်ငိုမဲ့မဲ့

ပုခုံးတဘက်ပြုတ်ကျသွားပြီတဲ့
အလုပ်သမားတယောက်
ဘဝသေအကျောတွန့်ဆွဲ
ရသဟာ
ကဗျာဆရာဆီမှာပါပဲ

ပေါက်ကွဲကျေပေါ့
ကဗျာဆရာ
ဒေါသတွေထဲ
ဒလိမ့်ခေါက်ကွေးစီးဆင်းလို့
သူ့ကဗျာ
သူ့စိတ်လှုပ်ရှားမှုတွေပေါ့

ဘာကိုအောက်ကြို့ခံငေးဦးမှာလည်း
မျက်နှာလေးညှိုးညှိုးငယ်ငယ်
အောက်ဆုံးအလွှာငရဲပဲ

(၁၆)
ကြည့်စမ်း
အမိုက်ကောင်
ဘယ်လောက်မသတီစရာ
ကောင်းလိုက်သလဲ
ဒီကနေ့ရဲ့ရိုင်းပြမှုတွေ

ဘုန်းကြီးများလူဖြစ်ကြ
အချို့လည်း
ကားစင်ကိုတောင်မြင်ကုန်ရ
နွားသိုးဟာ
နျူးယလိယပ်စစ်ကိုပါးစပ်ခဲ
စင်္ကြာဝဠာကို
ချပ်ပြားကာဒိုင်းပြုလို့
ရွံမုန်းဖို့ကောင်းပြီပဲ

လူ
သူ့ဘဝသင်ကြားမှုနဲ့သူ

မနှိုးနဲ့အိပ်ချင်ယောင်ဆောင်သူတွေကို
သင် … ကနေ့ပဲခရီးစတင်၍
သင်၊
ခုတ်ထစ်ချေတော့
အပြစ်အားလုံးအမှန်တရားက
ဆေးကြာပြီ …

(၁၇)

သင်တို့ ဘယ်ကိုရွေ့ကြဦးမှာလည်း
တကိုယ်တော်လွတ်မြောက်ရေးဝါဒီတို့
အနာဂတ်ခြေမန်းကွင်းအစွပ်ခံရတဲ့အခါ
ZERO ဟာ သုံညလေ
မှောင်ထဲမှာ အရောင်မကွဲဘူး

(၁၈)

ဆန္ဒရှင်ကိုပစ်သွားပြီပဲ
(ခြေထောက်များကို
ကျောပေါ်ပစ်တင်ရင်း)
လက်ဖမိုးနဲ့လမ်းလျှောက်နေ
ရူးကြောက်ကြောက်
စစ်ဘောင်းဘီအောက်
ထိုးဝင်သွားသူတစု

ဝင်ကြ
လွှတ်တော်ခန်းမထဲကို
ခေါင်းပေါင်းတလူလူဝံ့
ပြည်သူ့ကိုယ်စားလှယ်တွေ
အဲဒါ ငါတို့နန်းတော်ပေါ့ …..
ငါတို့ထက်
ဘယ်သူတွေကို ပေးထိုင်ခိုင်းရဦးမှာလဲ

(၁၉)
ပွဲကောင်းနေပေါ့
ကြိုတင်ငွေထုတ်သွားခဲ့
လူစွန့်စားကြီးသင့်ကို ….
ခေတ်ရှနေသူများ …..
သွားတော့
ခွန်အားကိုလေးညှို့မှာတင်တော့
လူမိုက်များ
တရားကိုကြုံးသွင်းတော့တဲ့အခါ
သင့်မျိုးဆက်
ရာဇ၀င်အဆက်ဆက်သေရစ်တော့

(၂၀)
ငုံ့ကြည့်စမ်း
ကုန်သည်ပွဲစားတို့
ဇိမ်ကြီးရှင်တို့
ဝန်ထမ်းတို့
လယ်သမား အလုပ်သမားတို့
လက်ဖက်ရည်ဆိုင်ထိုင်
လေကန်နေသူလေးတို့
လူဘော်ကျော့
လပ်လျားလပ်လျားလေးတို့
ဝတ္ထုဖတ်နေသူ အပျိုဖျန်းလေးတို့
စတူဒီယိုခန်းထဲက လက်သီးလက်မောင်းတန်း
ပေါက်ကွဲနေသူတို့
အကဲဖြတ်နိုင်ငံရေးသုခမိန်ကြီးငယ်တို့
ဗိုလ်ကြီး ဗိုလ်လေးတို့ …..
စစ်နဂါးကသင်တို့ကိုဝါးမြိုမြိုရယ်
တရားနဲ့မရရင် … ဓား
လေပြေးစဉ်ရွက်ကုန်လွှင့်တော့

ထမင်းရည်ပူထဲ
ဗီတာမင်တွေချို့တဲ့ကာ
မြို့တွေ အာဏာနဲ့ထိုးသမို့
ရွံ့ဗွက်တွေထဲ
ဝါးလုံးတိုင်များထူစိုက်ကာ
ပြောင်းရွှေ့ခြင်းဟာအိမ်ယာသစ်တဲ့
လောကတခို
ဖြိုချင်သလိုဖြိုနေပေါ့
ထပ်မံကြံစည်နေကြပြန်ပေါ့
ဒေ၀ဒတ်နှင့် သူ၏အပေါင်းအပါများ …

(၂၁)
သူရူးဟာနှောင့်ယှက်သလိုမျိုး
ဝန်းကျင်ကို ဒုက္ခပေးသူတို့
ဒီတယောက်လည်းသွားဦးမှာပဲတဲ့
တယောက်ခေါ်သွားပြန်ပြီ
နံပါတ်မပါတဲ့ကား … ဘီးလိမ့်သွား
မေးခွန်းပေါင်းသောင်းအထောင်ထောင်
စစ်မေးပြီးတဲ့အခါ
ပြာဖြစ်ချေပေါ့

ညထဲသွေးညှီနံ့များခုန်ဆင်းကာ
မြို့တွေအရေပြားစုတ်ကွာလို့
လက်ချင်းကျစ်ကြ
အလောင်းကောင်ရဲ့သေတ္တာထဲ
လဲလျောင်းနေရသူတွေ
လက်များကိုဆန့်ရှည်ရှည်ထုတ်
ဖနောင့်များ ကြွကာ … ကြွကာ

အလိုမတူငြား
ဇာတ်သူသားကိုရှယ်ရာမိသူတွေ
စိတ်ကိုပြောင်းပြန်လှန်ကြ
ဖိုင်တွဲနဲ့ကုလားထိုင်တွေပစ်ထား
ဖင်အိမ်ပြန်လှည့်တော့
ရုံးခန်းတွေတစ္ဆေခြောက်ခြောက်

“ငါတို့
ရေလက်ကြားကိုဆန်ဖြတ်သူတွေ
မုန်တိုင်းထန်ထန်ညံလည်းမကြောက်”

(၂၂)

ရေကာတာကျိုး ရေထဲသစ်ပင်တွေ
အမြစ်ကပြုတ်ပါသွားသလို
ကြမ်းကြမ်းတမ်းတမ်း
မျောပါနေကြပါရော
ဒီရေလျှံကြွကြွ
မြစ်တွေထဲမြို့တွေမျောပါလို့

ရင်ဝတည့်တည့်ကိုပစ်လိုက်တာ
တယောက်
နှစ်ယောက်
သုံးယောက်
လေးယောက်
ငါးယောက်
ခြောက်ယောက်
ခွန်နှစ်ယောက်
……………………….
……………………….
နောက်ထပ်အယောက်ပေါင်းများစွာ

သေသွားပြီတဲ့
မျောနေတယ်တဲ့
ပုပ်ပွ၊ လောက်တွယ်တွယ် အလောင်းတွေ
ဠင်းတ၀ဲစုပ်စုပ် …..
ဘယ်သူမှ
အသေအချာမကြည့်ရဲကြဘူး

အားလုံးအသံတိတ်ချေပေါ့

(၂၃)
အရိုးတွေထောင်ထောင်ထ
ခုန်ဆွ ခုန်ဆွလုပ်ကာ
လပ်လပ်ဆတ်ဆတ်အသားတစ်တွေ
လမ်းများပေါ်အထပ်ပြုလို့
ထပ်ခိုးပြုလို့

အသံတသံရောက်လာ
မာပြတ်တိုတောင်းတောင်း …
ထတော့
အားလုံးမျိုးပြုတ်ကုန်လိမ့်မယ် … တဲ့
မျက်နှာသစ်လိုက်တယ်

(၂၄)

ဖယောင်းတိုင်မျက်ရည်ကျ
အမွှေးတိုင်တို့ပိန်ခြောက်
ငှက်ပျော၊ အုန်းတွေအပူရှပ်
ယတြာအဆိပ်တက်ပေါ့
……………………………..
ဆူးပုံနင်းသူအော်ဟစ်ချေတော့

မိုးသောက်ခဲ့ပြီ
တမေ့ထဲမေ့နေသူတို့
ချောက်များပေါ်ကျောတင်လို့

(၂၅)

နိုးထလာပေါ့
မြန်မာပြည်ရဲ့ဒီမိုကရေစီနတ်မိမယ်
ညင်သာမွေ့မွေ့ရွေ့ရွေ့လှမ်း
သူ့ကိုလမ်းဖယ်ပေးလိုက်ကြပါ
အနမ်းဦးမချွေရသေးတဲ့ပန်းတွေနဲ့

အစိုးရတဲ့
သင်္ချိုင်းတွေထဲ
ဘီလူးသဘက်တွေအုံကြွကာ
ဂုတ်သွေးစုတ်နေပေါ့
လမ်းကြိတ်စက်များ
ခေါင်းပေါ်လိမ့်နေနေ
သေနတ်များက
လည်မြိုများကိုခလုပ်တိုက်နေပေါ့

သင်
လမ်းများကိုဆန့်ဆွဲထောင်လိုက်
ကောင်းကင်ကိုပျဉ်ပြားပြုကာ
အားနဲ့ရိုက်ချေတော့ …..
လွတ်လပ်ခြင်း
ခွင့်တူညီမျှခြင်း
တရားမျှတခြင်း
…………………….
လွတ်မြောက်ခြင်းမှတ်တိုင်အဖြစ်

ဤအရာကို
မော်ကွန်းအဆက်ဆက်ခိုင်ကျစ်စေတော့

(၂၆)

အချို့ လျှပ်စစ်ကြိုးတွေနဲ့အတို့ခံရ
အချို့ ကောင်းကင်ကို
ဇောက်ထိုးကြီးမြင်ရ
အချို့ အံဖုံးတွေပြုတ်ထွက်ကုန်ကြ
အချို့ တိတ်တဆိတ် ပြာဖြစ်သွားကြ
ရေကြည်အိုင်ထဲမှာ
န၀တရဲ့ ငရဲစခန်းပေါ့

(၂၇)

ကျုပ်ဝိဥာဉ်ကို ပြည်သူ့ရင်ခွင်ဆီ
ခေါ်သွားပေးစမ်းပါတဲ့
သွေးရွှဲရွှဲဝတ်ရုံကိုခြုံသွားသူတွေ
မီးကျည်ခဲကို ဗိုက်မှာကပ်လို့
မိန့်ခွန်းချွေနေကြပေါ့

ဂုဏ်ပြုလိုက်
သူတို့ပုန်ကန်ရဲသူတွေ
အိပ်ငိုက်သူမျက်လုံးကို
ပြူးကျယ်ပစ်
သစ်ပင်ကို ပြောင်းပြန်စိုက်လို့မရဘူး
ဒီလှိုင်းတွေမတ်ရပ်ရပ်စိုက်

ဆွဲခေါ်သွား
ပုဂ္ဂိုလ်မိုက်ကို
ကြိုးတပ်ခွေးတကောင်အဖြစ်
ပြည်သူ့ခုံရုံးရဲ့ ဝက်ခြံထဲမှာ
လှောင်ထားချေတော့

(၂၈)

ခွေးတအုပ်
ဆုတ်ဖြဲပစ်နေပေါ့
ဂေါတမရဲ့ဝတ်ရုံတွေကို
ကြည့်ရက်သူ ကြည့်ကြည့်ငေး

သွေးတွေဟာအလံဖြစ်
ချီတက်နေပေါ့
ခေါင်းတုံးလက်ပြောင်ပြောင်တွေ
လွန်ဖျားကိုငယ်ထိပ်မှာစိုက်ရင်း
ဘာသာတရားကြေမွတဲ့အခါ
ငါတို့သေဆုံးပြီ

သင်
အော်ကြီးဟစ်ကျယ်
အော်ဟစ်ချေတော့
အသံတွေကိုမုန်တိုင်းထဲက စုတ်ယူလို့

နောက်ကလိုက်ကြ
ဒါယိကာ၊ ဒါယိကာမတွေ
အာဏာရှင်တို့ရဲ့ ထစ်ချုံးသံမျိုးကို
ပါးစပ်ပေါ်တင်လို့
အဲဒါ
ဒီကနေ့ခေတ်ရဲ့
အလံကိုင်တပ်မှူးတွေပေါ့

သင်တို့ အတွက်ကယ်တင်ရှင်
သင်တို့ကိုယ်တိုင်ပါပဲ
လှုပ်ခါလိုက်
ကြွက်သားနဲ့လက်ရုံးအားတွေကို
ဖြူကောင်တွေ
ဆူးတောင်ခါလွှတ်သလိုမျိုး
နာနာကျင်ကျင်ပေးဖြစ်စေလိုက်ပါ

ငါတို့
ခွန်အားနဲ့လူတွေ
စင်္ကြာဝဠာစုတ်ပြဲ
သမုဒ္ဒရာထထိုင်လိမ့်မပေါ့

မီးဟာ
ထင်းကိုစောင့်တယ်မရှိဘူး
အဲ့ဒီထဲမှာပါတော့
ခင်ဗျားရဲ့သွေးကျုပ်ထဲစီးဝင်
ကျုပ်သွေး ခင်ဗျားကိုယ်ထဲစီးဝင်နေသူ
ကြိုးမဲ့ခွန်အားတွေရဲ့
ပြေးနှုန်းကိုမြင်ရင်
ကမ္ဘာငယ်သွားလိမ့်

ချီတက်သွား
လိုက်ချေပေါ့
လက်ဖမိုးတွေမြှောက်ချီလို့
လှုပ်ရှားဗျာလှိုက်
အခေါပဏီတပ်ကြီးမိုးလုံးညို့

မြေကမ္ဘာ
တုန်လှုန်လေပေါ့
မာယာရဲ့ နန်းဝမုခ်ဦးမီးစွဲလောင်လို့

ညဥာဥ့်ထဲခွေးတဟောင်ဟောင်ထ
အော်ဟစ်ကာ
ထိတ်ထိတ်ပြာပြာ

စွေ့စွေ့ခါခုန်ပေါက်ချေပေါ့
အာဏာနဲ့ဠာနကြီးအချို့ …..

ထပ်လဲပြိုပေါ့
သပိတ်တွေပုံထပ်လို့
ချီတက်နေကြပြန်ပါရော
သာသနာကိုအောင်လံပြုရင်း

မီးကျည်းလျှံတွေလွင့်လွင့်တက်
ဓား လှံ တွေပြုတ်ကျ
ပထဝီရှုတ်ယှက်ခတ်
ပြဿဒ်မီးလောင်နေပေါ့
ကြံ့ခံဖြိုဖျက်ဦးစို့

အလံပေါင်းများစွာ
လမ်းလျှောက်ကြပါရော
တောင်ထိပ်များပေါ်ခြေတင်လို့
လက်သီးတွေယိမ်းကက
….. ပြုတ်ကျလာ

မိုးကောင်ကင်ရဲ့ပထမဆုံး
ညိုပုပ်ပုပ်ကိုင်းရောင်မျက်နှာ

မင်းနဲ့သာသနာ
သာသနာကမင်းကို
ကြောက်ရပြီဆိုရင်တော့
ကိုးကွယ်ကြမင်းကို
ဒါပေမယ့်
ငါတို့ …..
မင်းကိုကိုးကွယ်သူတွေမဟုတ်ဘူး
သာသာနာကိုကိုးကွယ်သူတွေ

သာသနာပိုင်မထေရ်ကြီးမြတ်တွေ
ဝိနည်းတော်ကျမ်းကိုယ်စီလှန်ကြ
……………………………………..
……………………………………..
ပေးလိုက်တော့
ပြောမရ ဆိုမရသူတို့ကို
ရာစုနှစ်အသန်းသန်းအတွက်
ဆွေစဉ်မျိုးဆက်
သာသနာရဲ့ပစ်ပယ်ခြင်းဆု
တိုင်တည်ရာမဲ့တဲ့အခါ
ဘဝဟာ လပ်ဟာဟာပေါ့
ဘုရား … ကယ်ပါဘုရား
ဒုက္ခရောက်နေသူတွေကို ကယ်ပါဘုရား

ဗောဓိပင်အောက်၌
ဗုဒ္ဓသည် အမျှဝေလျှက်။ ။

“သင့်ဝမ်းပေါ်
ပျားရည်စက်လေးများ
တစက်ချင်းကျသွားပါစေ”

ညီနိုင်
၉၊ ၁၁၊ ၁၉၉၀။

အပြည့်အစုံသို့...

ယနေ့ သတင်း (၂၀ ရက် ဒီဇင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၂၀ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
နံနက် (၉ နာရီ ၂၁ မိနစ်) ယမန်နေ့က ဒီကေဘီအေတပ်များနဲ့ နအဖ တပ်များ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ ရွေးကောက်ပွဲအလွန် နိုဝင်ဘာလ ၈ ရက်နေ့မှ ယမန်နေ့အထိ ဖြစ်လာတဲ့တိုက်ပွဲတွေအတွင်း နအဖ ဘက်မှ အပြင်းထန်ဆုံး ထိုးစစ်ဆင်တိုက်ခိုက်လာတာပါတယ်။ နအဖ စစ်တပ်မှ စစ်အင်အား တိုးချဲ့ပြီး ဒီကေဘီအေ အခြေစိုက် စိုက်စခန်းတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်လာပါတယ်။ ယမန်နေ့ တနင်္ဂနွေနေ့က ဖလူးလေး၊ ကနဲလေး၊ ဖော်ဖိုးကေ ဒေသတွေကို အင်အားအလုံးအရင်းနဲ့ တပြိုင်နက် ထိုးစစ်ဆင်ခဲ့ပါတယ်။ နအဖ ဘက်က ထိခိုက်ဒဏ်ရာရမှုများပြားသလို၊ ဒီကေဘီအေ ဘက်မှ ထိခိုက်ဒဏ်ရာရမှု အနည်းငယ်ရှိကြောင်း သိရပါတယ်။

အပြည့်အစုံသို့...

Sunday, December 19, 2010

ယနေ့ သတင်း (၁၉ ရက် ဒီဇင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၁၉ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
ည (၇ နာရီ ၂၁ မိနစ်) ယနေ့နံနက် ၉ နာရီလောက်က ဖလူးလေးရွာ အနီးတွင် ဒီကေဘီအေ ကလိုထူးဖောဗျူဟာ စစ်တပ်နဲ့ နအဖ ခမရ ၄၀၄ တပ်ရင်း စစ်တပ်များ ထိပ်တိုက် ရင်ဆိုင်တိုးမိပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီကေဘီအေမှ ၄ ဦး ဒဏ်ရာရှိပြီး နအဖ စစ်တပ်မှ ၁၀ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါတယ်။

နံနက် (၁၀ နာရီ ၃၀ မိနစ်)
ပြီးခဲ့အပတ်က လက်နက်ချ ဒီကေဘီအေ ၉၀၇ တပ်မှူးနော်တရာအပါအ၀င် တပ်မှူးအချို့ကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို အရေးယူရန်အတွက် ခေါ်ဆောင်ထားကြောင်း သတင်းများထွက်ရှိနေပါတယ်။

နံနက် (၉ နာရီ ၃၀ မိနစ်) မြန်မာနိုင်ငံမှာ နျူကလီးယား အစီအစဉ်တွေ လုပ်ဆောင်နေတာတွေကို သွားရောက်စစ်ဆေးခွင့်ပြုဖို့အတွက် IAEA ခေါ် ကုလသမဂ္ဂ အနုမြူစွမ်းအင်အေဂျင်စီက စစ်အစိုးရကို စာရေးသား တောင်းဆိုလိုက်ကြောင်း Wall Street Journal သတင်းစာက ယမန်နေ့က ရေးသားလိုက်ပါတယ်။ မြန်မာစစ်အစိုးရဟာ မြောက်ကိုရီးယားနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်လုပ်ဆောင်လာရာမှာ အဲဒီအထဲမှာ နျူကလီးယားနည်းပညာတွေ၊ တာဝေးပစ်ဒုံးပျံတပ်ဆင်တာတွေနဲ့ မြေအောက်လိုဏ်ခေါင်း တူးဖော်တာတွေ ပါဝင်တယ်ဆိုပြီး အမေရိကန် ပြည်ထောင်စု အပါအဝင် အာရှနိုင်ငံတွေက စိုးရိမ်နေကြတာပါ။

အီရန်၊ ဆီးရီးယား စတဲ့ နိုင်ငံတွေကို မြောက်ကိုရီးယား စစ်လက်နက်ပစ္စည်းတွေ ပင်လယ်ရေကြောင်း က သယ်ယူရာမှာ မြန်မာဆိပ်ကမ်းကတဆင့် ကြားခံလွှဲပြောင်းပြီး ပို့ဆောင်ပေးနေတယ်လို့ အမေရိကန်အရာရှိ တွေက စွပ်စွဲထားပါတယ်။ ထို့အပြင် မကြာသေးခင် နှစ်တွေအတွင်း မြန်မာရေပိုင်နက်နဲ့ လေကြောင်းပိုင်နက် တွေကို ဖြတ်သန်းပြီး ဒုံးကျည်အစိတ်အပိုင်းတွေ တင်ဆောင်လာတယ်လို့ ယူဆရတဲ့ မြောက်ကိုရီးယား သင်္ဘောတွေနဲ့ လေယာဉ်တွေကို အမေရိကန်က ကြားဖြတ် တားမြစ်ခဲ့တယ်လို့လည်း ဝါရှင်တန်ပို့စ် သတင်းမှာ ရေးသားထားပါတယ်။ (ကိုးကား - အာရ်အက်ဖ်အေ)

အပြည့်အစုံသို့...

Friday, December 17, 2010

ယနေ့ သတင်း (၁၇ ရက် ဒီဇင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၁၇ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
နေ့လယ် (၁၂ နာရီ ၃၀ မိနစ်) ဒီကေဘီအေ တပ်များနဲ့ နယ်ခြားစောင့်တပ်မှ ဒီဇင်ဘာ ၁၄ ရက်နေ့က လာရောက်ပူးပေါင်းတဲ့ ၁၀၂၂ တပ်ရင်းမှ ဗိုလ်ကြီးစောဒိုစိုး ပူးပေါင်းတိုက်ခဲ့ရာ ဝေါလေဒေသရှိ နအဖ စခန်းထိုင်နေသော အင်ကြင်းမြိုင် စခန်းကို ယမန်နေ့ည ၁၁ နာရီတွင် သိမ်းယူခဲ့သည်။

နေ့လယ် (၁၂ နာရီ ၂၀ မိနစ်) နအဖ စစ်အစိုးရက ကရင်ပြည်အတွင်း အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာမယ်ဆိုရင် ဒီကေဘီအေအနေနှင့်လည်း မြို့ပြတိုက်ပွဲတွေ နိုင်ငံအနှံ့ ဆင်နွှဲသွားမယ်လို့ ဒီကေဘီအေ ကလိုထူးဖော် ဗျူဟာမှူး ဗိုလ်မှူးကျော်သက်မှ ယမန်နေ့က ပြောဆိုလိုက်သည်။ (ကိုးကား - ဒီဗွီဘီ)

ဗွီဒီယို
နောက်ဆုံးကချင် ခံကတုတ် (မူရင်း - မဇ္ဈိမ)

အပြည့်အစုံသို့...

Thursday, December 16, 2010

မေမေ့ အတွက် ကြယ်တစ်စင်းရဲ့ ဒိုင်ယာရီ


(၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်သော ၄၉ နှစ်မြောက် မွေးနေ့အတွက် ကျေးဇူးရှင် မိခင်အား ဂုဏ်ပြုရေးစပ်ထားခဲ့သော ရင်တွင်းခံစားမှု။) (မူရင်း - ဧရာဝတီဘလော့ဘ်)

ကိုကိုကြီး

ဂျိင်းကနဲ
မင်းတုန်းထိုးသံ
သော့ခတ်သံ
မက်တဲလ်လစ်သံတွေ
သံစဉ် မရှိ
နရီ မရှိ
စည်းချက်မကျ
တရွေ့ရွေ့ဝေးသွားတဲ့ ဖိနပ်သံများ
ခါတိုင်းစကားသိပ်များလေ့ရှိတဲ့ အခန်းဖော်က
ရုတ်တရက် စူးစမ်းတ့အဲ ကြည့်
ချက်ချင်းသဘောပေါက်သွားတဲ့ပုံ
သက်ပြင်းချ
တိတ်ဆိတ်
ပြန်လာကတည်းက ဘာစကားမှ မပြောဖြစ်
ပြောချင်စိတ်လည်း မရှိ
ပရိတ်သတ်အမြင်မှာတော့
တည်ငြိမ် ကြံ့ခိုင်နေသယောင်
တကယ်က
ရုပ် နဲ့နာမ် မကပ်တာ။

အခန်းထဲ ပြန်အရောက်
အိပ်ရာနေရာပေါ်လှဲ အချ
လက်ထက်က ယပ်တောင်ကို
တွေတွေကြီးငေးကြည့် နေမိ
ဝဲလာတဲ့ မျက်ရည်တွေကို
ပုတ်ခတ်ပစ်လိုက်ဖို့ 
မကြိုးစားတော့
ကျပါစေလေ
လွတ်လွတ်လပ်လပ်ကြီး ကျပါစေလေ
တိတ်ဆိတ်အခန်းငယ်လေးထဲ
မြေဆွဲအားကို ဆန့် ကျင်နေတဲ့ အိမ်မြှောင်ငယ်က
စုတ်တသပ်သပ်
ရင်းနှီးနေကျ မျက်နှာကျက် ညစ်ထပ်ထပ်ကို
မော့အကြည့်
တအိအိ ပြိုကျလာသလို
“မေမေ အဲဒီမှာနေ သား လာခဲ့မယ်”

“မဟုတ်ဘူး မဟုတ်ဘူး ခုဏ နေရာကို ပြန်သွား သားလာကြိုမယ်”
“သားရယ် မေမေ့ခေါင်းပေါ်မှာ အထုပ်ကြီးနဲ့သားရဲ့“
“မရဘူး ပြန်သွား ပြန်သွား သားလာကြိုမယ်လို့ ပြောနေတဲ့ ဟာကို”
“ကဲ ကဲ သားကျေနပ်အောင် ပြန်သွားပြီ ဟုတ်ပြီလား”
“သားကလေ မေမေ့ကို သိပ်ဆိုးတာပဲ”
“မောလိုက်တာ သားရယ်”
ဆိုးတယ်သာဆိုတယ် မေမေ့ မျက်နှာက ပြုံးလို့
ခေါင်းပေါ်က အထုပ်ကြီးကိုချ
သားကို ပွေ့ ဖက်နမ်း
ပြီးတော့
သားလက်ကို ဆွဲပြီး အိမ်ပြန်
လမ်းထဲက လူတွေက
ဒီသားအမိ ကိုကြည့်ပြီး
သဘောကျ
မေမေက ပုတတ်ပုတက်နဲ့
ဘယ်သူ့ကိစ္စ ဖြစ်ဖြစ် လက်မနှေးတမ်း
ကူညီတတ်တဲ့သူ
လူချစ်လူခင်များတဲ့သူ
ကျနော်တို့ အိမ်က
တောင်ဥက္ကလာ ကတ္တရာလမ်းမကြီး တခုကနေ
ချိုးဝင်ရတဲ့ လမ်းသွယ်လေး
မေမေ ပြန်လာမယ့် အချိန်
ညနေစောင်းဆို
အိမ်ရှေ့ကနေ အဲဒီလမ်းချိုးလေးကို မျှော်နေတာ
မေမေ အ၀တ်ထုပ်ကြီးထမ်းပြီး
ရွက်လာပြီး
ဝင်လာတာ တွေ့တာနဲ့
ထွက်ကြိုနေကျ
အဝေးကနေ
အော် ပြီးတော့ ပြေးကြိုတာ
ရောက်တဲ့နေရာမှာ ရပ်နေမှ
ကိုယ်တိုင်လာကြိုမယ်ပေါ့
မေမေ ကလည်း
သား လာကြိုတာတွေ့လို့ 
ဆက်ပြီးလျှောက်လာရင်
မရဘူး
လာကြိုမယ်လို့ အော်ထားတုန်းက နေရာကို
ပြန်သွား
အဲဒီနေရာမှာပဲ လာကြိုမယ်
ဒါဆို ဒါမှ
ဇွတ်
အဲတုန်းက မေမေ က
နှလုံးသွေးကြောကျဉ်းတဲ့ ဝေဒနာကို
ခွဲစိပ်ကုသပြီးလို့ ပြန်ကောင်းလာတဲ့ အချိန်
မေမေ့ပေါင်ပေါ်ခေါင်းတင်ရင်းနဲ့
အဲဒီချုပ်ရိုးကြီးကို ခဏခဏ ကြည့်ဖူးတယ်
ရင်သားအောက်ဖက်မှာ
တပေပတ်လည်လောက်
ကင်းခြေများကြီး တကောင်
ကန့်လန့်ဖြတ် ကပ်နေသလိုကြီး
တရုတ်-ဗမာ အရေး အခင်းဖြစ်နေတဲ့ အချိန်
ဆေးရုံပေါ်မှာ ချည်းပဲ
မေမေက ခြောက်လလောက်ကြာတယ်
ညီလေးက အခါလည် မရှိတရှိ
အဖွားနဲ့ နို့ဘူးတိုက်ပြီး ထားခဲ့ရတာ
အဲဒီတုန်းက နှလုံးခွဲစိပ်မှုကလည်း ခေတ်ဦး
အဖိတ်အစင်တွေကလည်းရှိ
ကံကောင်းထောက်မစွာပဲ
မေမေ တယောက်
ခွဲစိပ်ပြီးတော့
လူကောင်းလို လုပ်နိုင်ကိုင်နိုင်လာတယ်
ဖေဖေက လက်နှိပ်စက်စာရေး
ခြွဲပီးကောင်းလာတော့
မိသားစု ၀င်ငွေအတွက်
တစ်ဖက်တစ်လမ်းက
ရှာရတယ်
သုံးဆယ်ရှစ်လမ်းဈေးက
မေမေ့ရဲ့ အစ်မကြီးဆိုင်မှာ
ပါတိတ် အဆင်ဒီဇိုင်းမျိုးစုံကို လက်ခံ
တောင်ဥက္ကလာ၊ သင်္ကန်းကျွန်း၊ တာမွေ ပါတိတ်ရုံတွေမှာ
ဒီဇိုင်းနာမည်တွေ၊ နံပါတ်တွေနဲ့
လိုက်ပြီးတော့အပ်
ပြီးတော့ ပြန်ရွေး
ဆိုင်မှာ အပ်ထားတဲ့
ဖေါက်သည်တွေကို ပြန်ပေးပေါ့
ရောင်းတာလည်း ရောင်းပေါ့
အဲဒီအချိန်က
ပေါ်ပလင် အနားပြာ
ပိတ်အဖြူတွေကို
ပါတိတ်ဆေးရိုက်ပြီးတော့
လုံချည်တို့ အင်္ကျီတို့ ချုပ်ပြီး ၀တ်ကြတာ
အခုခေတ်လို
နိုင်ငံခြားကနေ
ဖောဖောသီသီ မ၀င်ဘူးလေ
အဲဒီအပ်ထည်တွေကို
အပေါ်အ၀မှာ
ရှုံ့ကြိုးတပ်ထားတဲ့ အ၀တ်အိပ် အစင်းကြီးထဲကိုထည့်
ပါတိတ်ရုံတွေမှာ ပိတ်စနဲ့
အပ်တဲ့ဒီဇိုင်း နံပါတ်တွဲပြီးအပ်
ပြီးတာတွေ ပြန်ထည့်
အဲဒီအ၀တ်ရှုံ့အိပ် အစင်းကြီးကို ရွက်ပြီး
ညနေစောင်း
အိမ်ပြန်လာတဲ့ မေမေ့ကို
“မေမေ အဲဒီမှာရပ်နေ သားလာခဲ့မယ်”
“သား … ရော့ … အောက်က ခေါင်းခုလေး ခံပြီးတော့ရွက်”
“သွားနှင့် မေမေ လိုက်ခဲ့မယ်”
ပုဆိုးဟောင်း တထည်ကို ကရွတ်ခွေပြီးတော့
ခေါင်းခုလေး လုပ်ပေးတယ်
ပြီးတော့ ချဉ်ဖတ်ဇလုံ ခေါင်းပေါ်တင်
ဘောက်ဆတ်ဘောက်ဆတ်နဲ့
နံနက်စောစော
နန္ဒ၀န်ဈေးမှာ
ဆိုင်ဖွင့်မယ်လေ
မေမေကလည်း ဇလုံတလုံးရွက်လို့ 
နောက်က လိုက်လာ
အဲသလို
နှစ်ခေါက် သုံးခေါက်
ဇလုံတွေ သူ့နေရာနဲ့သူချ
ခင်းကျင်းပြီး အိမ်အပြန်
ရေမိုးချိုးပြီးမှ ကျောင်းတက်ရတာ
မူလတန်းကျောင်းက
အိမ်နဲ့ ဈေးကြား
အိမ်နဲ့ နှစ်လမ်းပဲ ခြားတယ်
အထက်တန်းကျောင်းကလည်း လမ်းထိပ်တင်
အော်ခေါ်ရင် ကြားရတဲ့ နေရာ
ချည်ဖတ်က အရင်က အဖွားရောင်းတာလေ
ခြေထောက် သံဆူးလို့
မေမေက ဆိုင်ခဏ ကူထွက်ပေးရင်းနဲ့
ချည်ဖတ်သည် ဖြစ်ကရော
ငယ်ငယ်က
သူငယ်ချင်းတွေက
နောက်တယ်
“ချည်ဖတ်” တဲ့
ဘာဖြစ်သေးလဲ “ချဉ်ဖတ်ပေါ့”
ဖေဖေကလည်း
တောင်ဥက္ကလာ အိမ်ကနေ
အလုံ သစ်လုပ်ငန်းဌာနကို
တခါတလေ
စက်ဘီးနဲ့ ရုံးတက်တယ်
အပြန်မှာ စက်ဘီးနဲ့
ဟင်းဂလာရွက်တွေ
အချိန်တဆယ်
ပုဆိုးနဲ့ ထုပ်ပြီး တင်လာတယ်
ပုဆိုးတထည်ကို
အောက်က စုချည်
ပြီးတော့ ပြောင်းပြန်လှန်ပြီး
ဟင်းဂလာ အချိန်တဆယ်ထည့်
ထိပ်ကနေချည်
စက်ဘီးနောက်ခုံပေါ်မှာ
ကြိုးနဲ့သေချာတုတ်ပြီးတော့
သယ်ရတာ
အဲတုန်းက အလုံအမှိုက်ပုံပေါ်မှာ
ဟင်းဂလာ စိုက်ပြီးရောင်းတဲ့သူတွေ ရှိတယ်
မြေသြဇာကလည်း ကောင်းတော့
အရမ်း သန်တယ်
ဟင်းဂလာချဉ်ဖတ်ကလည်း
လူကြိုက်များမှ များ
ချည်ဖတ်ကလည်း အစုံ
ပဲပင်ပေါက်၊ မုန်လာဥ၊ မုန်လာအပင်
ကန်စွန်း၊ ကြောင်လျှာ၊ ဇရစ်၊ မာလာဖူး
သရက်ကင်း၊ ငှက်ပျောဖူး၊ ငှက်ပျောအူ
ခံတက်ချဉ်၊ ဟင်းဂလာချဉ်
သရက်သီး ဆားစိမ်၊ သရက်သီးပိုးတီ
အို … အစုံတကာကို စေ့လို့ 
ပင်ပန်းတာကတော့ အရမ်းကို ပင်ပန်းတာ
မိသားစု လက်ရေ တပြင်တည်းလေ
ကိုယ်ပြန်တွေးတာတောင်
အဲဒီဘ၀လေး ပျော်တုန်း
နောက် ချဉ်ဖတ်ကနေပြီး
မေမေ့လက်ငုတ် အထည်ဆိုင်လေး
ပြန်ဖွင့်တယ်
ဓားစက်လိုက်တယ်
ဘီတင်လိုက်တယ်
မိန်းမ၀တ်၊ ကလေးဝတ်
လက်ခံတယ်
ချုပ်ပြီးတော့လည်း ရောင်းတယ်
ဖေဖေက
အလုပ်အားရင် ဆိုင်ဝိုင်းထိုင်တယ်
စက်တွေဘာတွေ ပျက်ရင်လည်း
တော်ရုံတန်ရုံဆို ဖေဖေပဲပြင်တယ်
ညီလေးကလည်း အရွယ်ရောက်ပြီ
ကြုံတဲ့သူ
ဓါးစက်ဝင်လိုက်
ဘီတင်ဝင်လိုက်
စက်ချုပ်ပစ္စည်း မျိုးစုံရောင်း
မိသားစု
စည်းစည်းလုံးလုံး
တခရီးတည်း
ဦးတည်ရာ တခုတည်း
မေမေနဲ့ အတူဆိုင်ဖွင့်
မေမေနဲ့ အတူ ဆိုင်သိမ်းပေါ့
“သားရယ် အစစအရာရာ ဂရုစိုက်နော်”
“မေမေ ကတော့ စိတ်ပူတာပဲ”
“သား အတွက်စိုးရိမ်တာပဲ သိတယ်”
ဟုတ်တယ်
တကယ်တော့
မေမေက ဘာမှ နားလည်တာ မဟုတ်ဘူး
သူ့သားလုပ်နေတာတွေကို နားမလည်ရိုး အမှန်ပါ
အကြောင်းကိစ္စရှိလို့ 
စာရွက်ပေါ်မှာ လက်မှတ်ထိုးဆိုရင်
“၀င်းကြည်” လို့ 
တွန့်တွန့်လောက်ပဲ ထိုးတတ်တဲ့ အမေ
သူ့သားကို သူ ယုံတာ တခုပဲရှိတယ်
သူ့သားဟာ ငယ်ငယ်ကတည်းက မဟုတ်တာ မလုပ်ဘူး
သူ့သားလုပ်တာ ဆိုရင် ဟုတ်တာပဲ ဖြစ်ရမယ်
မေမေသိတာ ဒါ အကုန်ပဲ
ဒါဆိုလုံလောက်ပြီလေ
စိတ်ထဲ ကတော့
မိခင်တစ်ယောက်ရဲ့ မေတ္တာ
သည်းသည်းကိုလှုပ်လို့ 
တလောကလုံးကိစ္စထက်
သူ့သားကိုချစ်တာ သူ့အရေးကိစ္စပဲ
ဖေဖေ ကတော့ သိတယ်
ထောက်ခံတယ်
သူ့သားကို ယုံလည်း ယုံတယ်
အဲဒီအချိန်တုန်းက
ဖေဖေ သစ်ကုမ္ပဏီမှာ လုပ်နေတဲ့အချိန်
ပိန်းပိတ်အောင် မှောင်နေတဲ့ခေတ်
သားတွေ အတွက်
မျှော်လင့်ချက် တံခါးလေးများ
ပွင့်လာမလားလို့ 
စိတ်ရှည်သည်းခံမှုတွေနဲ့ လုပ်နေတာ
အဲဒီတံခါးချပ်ကလေး
ပွင့်လာတဲ့ အချိန်
ညီလေးက ဖေဖေ့ သစ်ကုမ္ပဏီရဲ့ အစီအစဉ်နဲ့
ဟိုး အဝေးမှာ
ပြန်လာရင်
မိသားစု အနာဂတ်တွေ
တပွေ့ တပိုက်နဲ့ပေါ့
ကျနော့်မှာလည်း မျှော်လင့်ချက်တွေ
တလှေကြီး
မေမေက သူ့သားအလုပ်ကို
ဂဃ ဏန မသိပေမယ့်
ကြားဖူး နားဝတော့ ရှိတာပေါ့
သူလည်း သူ့အသက်အရွယ်
သူ့ဖြတ်သန်းမှု
နည်းတာမှ မဟုတ်ဘဲ
သူ့တသက်မှာ
ဒီအလုပ်သဘာမျိုးဆိုတာက
သူ့အနီးအပါးက
တချို့ခပ်လှမ်းလှမ်းက
ဖြတ်သွားတာ တိုးသွားတာတွေ
ရှိမှာပေါ့
အခုတော့
ဆိုင်းမဆင့် ဗုံမဆင့်
အချစ်ဆုံးသားနဲ့မှ ပက်ပင်းတွေ့တော့
ခြေမကိုင်မိ လက်မကိုင်မိ
တဖက်ကလည်း အတန်းပညာ မရှိပေမယ့်
ဘယ်ဟာက မှားတယ်
ဘယ်ဟာက မှန်တယ် ဆိုတာလောက်တော့
အရိုးခံနဲ့ပဲ သိသပေါ့
စိုးရိမ်တာက တဖက်
တားရမှာကလည်း အခက်
တားဖို့ ကလည်း မလွယ်
ရင်က ဖြစ်တဲ့သား
ဘယ်အရွယ်ရောက်ရောက်
ရင်ခွင်ပိုက် ကလေးတယောက်လိုပဲ မြင်နေတဲ့ သား
အဲဒီ သားကလည်း
ဒါဆိုဒါမှ
ဇွတ်
ပျောက်သွားလိုက်တာ
ပျောက်ကျား ပျောက်ကျား အသံတွေကတော့ ကြားနေရသား
မိုးသံ လေသံတွေ ကလည်း ညံလို့ 
တော်ပါသေးရဲ့
သား အငယ်က ပြန်ရောက်လာလို့ 
ရှိတာမှ သားနှစ်ယောက်
သားအမိ သားအဖ ပေါင်း လေးယောက်
ညီလေးက ငယ်ငယ်ကတည်း က
အိမ်နဲ့ကျောင်း၊ ဈေး
ဒီလောက်ပဲ သွားသွားလာလာ ရှိတာ
ဆယ်တန်း အောင်တော့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ
(RC 2) အာစီ တူးဆိုတာ ဒါ နယ်ကုန်ပဲ
အမျိုးတွေအိမ်
ဖေဖေ့ရုံး
ဒါသူသွားတတ်တဲ့ နေရာတွေပေါ့
ရပ်ဝေးဘယ်မှ မသွားဖူးဘူး
မိသားစု အနာဂတ်အတွက်
ပင်လယ်ရပ်ခြား ခရီးဆိုတာ
တကယ့် အိပ်မက်ပဲ
စွန့်စားခန်းပဲ
အခုလိုလည်း ဥဒဟို သွားလာနေကြတဲ့အချိန်
မဟုတ်ဘူးလေ
ဒီကြားထဲ
အလုပ်ထဲမှာ
လက်ကို မီးဟပ်သွားတယ် ဆိုလို့ 
မေမေ မသိအောင် သားအဖ နှစ်ယောက်
ဖုံးဖိထားရ
တိတ်တိတ်ကလေး စိတ်ပူခဲ့ကြရတာ
ညီလေး အနေနဲ့
သူစိမ်း သက်သက် ပတ်ဝန်းကျင်
အတွေ့ အကြုံသစ်မှာ
ဘယ်လောက်ရုန်းကန်ခဲ့ရမလဲ ဆိုတာ
တွေးကြည့်ရုံ နဲ့သိလောက်ပါတယ်
ညီလေးက ဆက်နေလို့ ရှိရင်
အခွင့်အလမ်းတွေ
အများကြီးရှိရဲ့သားနဲ့
မိသားစု အခြေအနေကို ကြားလို့ 
ပြန်လာတာ
အဓိက
ကျနော့်ကြောင့်ပါ ပဲ
ညီလေး ရှာဖွေလာသလောက်ကလည်း
မိသားစုကို တဆစ်ချိုး
ပြောင်းသွားစေလောက်တဲ့ ပမာဏပါ
ခြိုးခြိုး ချန်ချန်စုခဲ့တာကိုး
တလှေတည်း စီး
တခရီးတည်း သွားခဲ့
လှော်ခဲ့ခတ်ခဲ့ရတာတွေ
ကမ်းခြေ ဖွေးဖွေး
လေနုအေးအေးလေးတော့
ကြုံရချည်သေးရဲ့လို့ တွေးရင်း
သားကြီးကို မျှော်နေမှာ
အသေအချာပေါ့
သားငယ်ရောက်လို့ 
သားကြီးကို အစားထိုးတယ် ဆိုပေမယ့်
မေမေ သိပါတယ်
သားငယ်ကို ချစ်တာက ချစ်တာ
သားကြီးကို ချစ်တာက ချစ်တာ
တူမှ မတူတာ
ခု ပိုလို့ တောင်သတိရသေး
မျှော်သေး
တလျှောက်လုံး
ပင်ပန်းကြီးစွာရုန်းခဲ့ကြရတာ မဟုတ်လား
မေမေ အမျှော်ကြီး မျှော်နေတုန်း
ညီလေး ပြန်ရောက်လာတယ် ကြားလို့ 
ဗြုန်းဆို အိမ်ပြန်ရောက်လာတော့
မေမေလေ
အံ့လည်းသြ ၀မ်းလည်းသာ
တုန်လို့ ဆို့နင့်လို့ 
ခဏ တဖြုတ်
မေမေနဲ့အတူနေ
စားသောက်
မေမေကလည်း မျက်စေ့အောက်က ပျောက်သွားမှာ
စိုးနေတဲ့ အချိန်
ဘာတတ်နိုင်မှာလည်း
မေမေရယ်
ခွဲခဲ့ရဦးမယ်
ချန်ထားခဲ့ရဦးတော့မယ်
ကလေး ဘဝကတည်းက
ကျောင်းပြီးရင်း ကျောင်းတက်
မိဘ ကူနဲ့လုပ်လာလိုက်တာ
မိသားစု စိုက်ခဲ့သမျှ
ရိတ်သိမ်းရတော့မယ့် အချိန်
ဂျီးတော် နွားက ကျောင်းမှ ဖြစ်မှာမို့ 
တား မရမယ့် သားကို
ခွင့်လွှတ်ပါ မေမေရယ်
အေးအေး ဆေးဆေး တနေ့ 
မကြာတော့ပါဘူးရယ်လို့ 
လေးတွဲ့ တွဲ့ ခြေလှမ်းများနဲ့
ဝေးရွေ့  ဝေးရွေ့  ဝေးရာ ဝေးရာ ။
သြော်
မေမေ ရယ်
အခု ချိန်အထိ
သားကို စောင့်နေတုန်းပါလား
တွေးရင်း အောက်နုတ်ခမ်းကို
ဖိကိုက်ထားလိုက်မိတယ်
“ကိုကိုလာမှ မေမေ့ကိုထုတ်မယ် ဆိုပြီး စောင့်နေတာ”
“ရောက်မှ လာပါ့မလားလို့ စိတ်ပူရင်းနဲ့ပဲ စောင့်နေတာ” လို့ 
တည်တည် ငြိမ်ငြိမ်နဲ့ နုတ်ဆက်နေတဲ့
ညီလေးကို ငေးကြည့်နေရင်း
အိမ်မှာ အငယ်ဆုံး ကလေးလိုပဲ ထင်ပြီးတော့
ဆူလိုက် ငေါက်လိုက်နဲ့ လုပ်ခဲ့တာတွေဆီကို
ပြန်ရောက်သွားတယ်
လွန်ခဲ့တဲ့ နှစ်နှစ်က
ဖေဖေ့ ဈာပန
အခု ဒီညီလေး တယောက်တည်း
မေမေ့ ဈာပနကို ဦးစီးပြီးတော့နေတယ်
တကယ့် လူကြီးတယောက်လို
ဖေဖေရော မေမေရော
မရှိတော့တဲ့ နောက်
နှစ်ကောင်ကြွက်
တယောက် တနေရာစီ
တကောင်ကြွက်ဆီမှာ
တကောင်ကြွက် ညီလေးက အိမ်ရှင်
တကောင်ကြွက် အကိုက ဧည့်သည်
ဧည့်သည်မှ ဘွားကနဲ
ကိုယ်ထင်ပြလာတဲ့ ဧည့်သည်
အတွေးတွေကို လက်စသတ်ရင်းနဲ့
အအေးတိုက်ထဲ ကနေ
မေမေ့ကို ထုတ်
အလောင်းစင်မှာ ပြင်ဆင်
မေမေ့ မျက်နှာကို
တစိမ့်စိမ့် ကြည့်နေမိတယ်
နှလုံးရောဂါသည် မေမေ
ခွဲစိတ်ပြီးလို့ ပြန်ကောင်းလာတယ်ဆိုပေမယ့်
စိတ်ပူစရာရှိရင်
သူများထက် ပူတတ်တဲ့ မေမေ
သားအတွက် စိုးရိမ်စိတ်တွေ
တထိပ်ထိပ်နဲ့
မျှော်နေမယ့် မေမေ
မျှော်ကိုး မျှော်ရိပ်တွေ
ခုထိ ထင်းနေတုန်း
မေမေ့ နောက်ဆုံးခံစားချက်
နောက်ဆုံး အတွေးတွေကို
အေးခဲပြီး သိမ်းထားတာ ထင်ပါတယ်
ကျနော့် ဖက်ပြီး
ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့
ဝမ်းကွဲ အစ်မတွေ ညီမတွေ
ခပ်လှမ်းလှမ်းကနေ
အသံတိတ်
စိတ်ထိခိုက်နေကြ
ကရုဏာ သက်နေကြသူတချို့
ကျနော် ငိုရမလား
ငိုနေတာလား
တခုခု စဉ်းစားနေတာလား
မျက်ရည် မကျဘူး
တည်ငြိမ်ရင့်ကျက်နေတာလား
တရားသံဝေဂ ယူနေတာလား
မဟုတ်ဘူး
မဟုတ်ဘူး
ဘာမှ မဟုတ်ဘူး
ငိုလို့ မရတာ
ငိုရမယ်ဆိုတာ မေ့နေတာ
အသိ မဲ့နေတာ
ဝိဥာဉ် မဲ့နေတာ
ရုပ်နဲ့နာမ် မကပ်တာ
စိတ်ထဲမှာ ကျိတ်ပြီး
အသံတိတ် ပူဆွေးနေတာက
သောက
ရှိုက်ကြီး တငင် ငိုကြွေးဟစ်အော် ပူဆွေးနေတာက
ပရိဒေဝ
ငို လို့မရတော့လောက်အောင်
လောင်ကျွမ်းပြီး မှင်သက် ကြောင်တက်နေတာက
ဥပါယာသ တဲ့
လက်မောင်းကို လာကိုင်ပြီး
“ကိုကို ကန်တော့ ကြရအောင်” လို့ 
ညီလေးက ပြောမှ
ညီအကို နှစ်ယောက်
လက်အုပ်ချီပြီး
မေမေ့ အလောင်းကို
ကန်တော့
“သားကို ခွင့်လွှတ်ပါ မေမေရယ်”
အားပေး နှစ်သိမ့် နုတ်ဆက်သူ တချို့ကို
အသိအမှတ်ပြုရုံ
ပြန်ပြုံးပြရမယ် ဆိုတဲ့
ဗီဇ အသိနဲ့
အသိမဲ့ တုံ့ပြန်
“ပြန်ကြရအောင်” တဲ့
လက်မောင်းကို ကိုင်ထားရင်းနဲ့
သတိပေးလိုက်တဲ့ အသံတသံ
ဟုတ်တယ်
ပြန်ရဦးမယ်လေ
သူတို့ သဘောကို ကိုယ်က ဆောင်နေရတာကိုး
မကြာခင် မေမေ့ကို
မီးသဂြိုလ်တဲ့ အခန်းထဲ ထည့်ကြတော့မယ်
ချစ်သူ ခင်သူတွေနဲ့
ဘ၀ ခြားသွားတော့မယ့် အသံ
ဂျိုင်းကနဲ ဆိုတဲ့ အသံ
မကြားရက်တော့
မကြားဝံ့တော့
မကြားလိုတော့
မေမေ
ဘ၀ တလျှောက်လုံး
တောက်တဲ့ ဖားယား
ရုန်းကန် ကျွေးမွေးခဲ့တဲ့ မေမေ
ခုတော့
တဘ၀တာ အမောတွေ
ရပ်သွားပြီပေါ့
ဒီခရီးဟာ
အားလုံး သွားရမယ့် ခရီးပါ
သားလည်း သွားရမှာပါ
ဒီနေရာ
သားလည်း လာရမယ့် နေရာပါ
မေမေဟာ
ဒီကို မလာခင်
ဒီနေရာကို မရောက်ခင်
မေမေ့ မိသားစု
မေမေ့ ပတ်ဝန်းကျင်လေးကို
စွမ်းနိုင်သမျှ အကျိုးပြုခဲ့ပြီပဲ
ပိုအရေးကြီးတာက
မေမေဟာ ရှင်သန်နေတဲ့ အခိုက်မှာ
ဘယ်သူ့ကိုမှ မျက်ရည် ကြီးငယ် မကျစေခဲ့ဘူးလေ
ဒါပါပဲ
သားတို့လည်း စွတ်စိုနေတဲ့
မျက်ရည်တွေကို သုတ်ပေးဖို့ 
မျက်ဝန်းတွေ လင်းလက်စေဖို့ 
ကိုယ့်ကိုယ်ကို လောင်ကျွမ်းခံနေကြတာပါ
မေမေရယ်
“မေမေ အဲဒီမှာ ရပ်နေ သားလာခဲ့မယ်” လို့ အော်ရင်း
တောက်တောက် တောက်တောက်နဲ့ ပြေးကြိုခဲ့တဲ့သား
ပျော်ပျော်ပါးပါး
အတူတူ သွားနေကြရာကနေ
ခွဲထွက်သွားတဲ့သား
အခု
မေမေ ရပ်သွားပြီလေ
ရပ်နေပြီ
သား သွားမယ် မေမေ လိုက်ခဲ့မယ်ဆိုတဲ့ မေမေရေ
သွားနှင့်တော့
သွားနှင့်ဦးတော့
သား လိုက်လာခဲ့မှာပါ။

အပြည့်အစုံသို့...

Wednesday, December 15, 2010

လက်ရှိဖြစ်ပေါ်နေသော ဒီကေဘီအေနှင့် နအဖ စစ်ပွဲအပေါ် အကျဉ်းချုပ် သုံးသပ်ချက်

ဆုံဆည်းရာ၊ ၁၅ ရက် ဒီဇင်ဘာလ ၂၀၁၀

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) စစ်ကော်မရှင်အတွင်းရေးမှူး ကိုခင်ကျော်မှ လက်ရှိဖြစ်ပေါ်နေသော ဒီကေဘီအေနှင့် နအဖ စစ်ပွဲအပေါ် အကျဉ်းချုပ် သုံးသပ်ချက်ကို တင်ပြပေးလိုက်ပါတယ်ခင်ဗျား...။

နယ်ကြားစောင့်တပ်ကို လက်မခံလိုသော ဒီကေဘီအေအဖွဲ့မှ နအဖ၏ ရွေးကောက်ပွဲရက်ကို တိုက်ပွဲစရက်၊ မြဝတီနှင့် ဘုရားသုံးဆူကို စစ်ရေးပစ်မှတ်အဖြစ် ရွေးချယ်ခဲ့ခြင်းကြောင့် နိုင်ငံရေးအရင်းခံစစ်ပွဲအသွင်ကို ပေါ်လွင်ထင်ရှားသွားခဲ့စေတယ်။ ဒီကေဘီအေအဖွဲဟာ နိုင်ငံရေးစကားသိပ်မပြောခဲ့ ရန်သူရဲ့အရေးကြီး စစ်ဆင်ရေးတွေမှာလည်း အဓိကအခန်းမှ ပါခဲ့တာကြောင့် အပစ်ရပ်အဖွဲ့တွေထဲမှာ ယုံကြည်စိတ်ချရဆုံးလို့ နအဖက သတ်မှတ်ထားခဲ့ပါတယ်။ ဒါ့ကြောင့် အခုလို ဗိုလ်မှူးကြီး စောလှဘွယ် ဦးဆောင်တဲ့ ဒီကေဘီအေ အဖွဲ့ကထပြီး တိုက်တော့ နအဖ အစိုးရထုတ်တဲ့ သတင်းစာမှာ ကေအင်ယူ သောင်းကျန်သူတွေတိုက်တာပါလို့တောင် လိမ်ပြောခဲ့ရတယ်။

မြဝတီနဲ့ ဘုရားသုံးဆူ စစ်ပြေပြင်မှာ ရန်သူဟာ တပ်ရင်း(၁၀ရင်း အင်အား (၁၀၀၀)လောက် အသုံးပြုခဲ့ပါတယ်။ စစ်ဆင်ရေးကာလ တလအတွင်း ဝေါ်လေ၊ ဖလူး၊ စုကလိ၊ ကျိုင်းတုံ၊ ဘုရားသုံးဆူ စစ်နယ်ပြေတွေမှာ တိုက်ပွဲကြီးငယ် စုစုပေါင်း ၃၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲစဉ်တလျှောက် ဒိကေဘီအေနဲ့ မဟာမိတ်တပ်တွေဘက်က ၃ ဦးသာ ဒါဏ်ရာအနည်းငယ်ရခဲ့ပြီး၊ နအဖ ဘက်မှ အရာရှိဗိုလ်မှုး တဦးနှင့် ဗိုလ်ကြီးတဦးအပါဝင် ၃၀ ခန့် တိုက်ပွဲတွင်းကျဆုံးခဲ့ပြီး ဗိုလ်မှူး(၂)ဦးအပါဝင် (၁၀၆)ခန့် ဒါဏ်ရာရခဲ့ပါတယ်။ ဒါမြေပြင်မှာ အတည်ပြုနိုင်ခဲ့တဲ့ သတင်းပါ(၊ဒီကေဘီအေဟာမြို့ ပေါ်နဲ့ ခုထိအဆက်စပ်ရှိနေတာကြောင့် သတင်းအတိကျ အတည်ပြုနိုင်ခဲ့တာပါ)

ဒီကေဘီအေနဲ့ မဟာမိတ်တွေဘက်က ၁ ယောက်ဒါဏ်ရတိုင်း နအဖ ဘက်က ၁၀ ဦးသေပြီး ၃၅ ဦးဒါဏ်ရာရတဲ့ သဘောပါ။ ဘာ့ကြောင့် ဒီလောက်ထိ ရန်သူအထိနာခဲ့ရသလဲ...

- ပထမအချက်ကတော့ ရန်သူရဲ့ စစ်ရည်စစ်သွေး တိုက်ခိုက်မှုစွမ်းရည် အလွန်ကျဆင်းလို့ပါ စစ်အာဏာရှင်စနစ်ရဲ့အောက်မှာ စစ်တပ်နဲ့ စစ်အရာရှိများ၊ စစ်သည်တော်များကိုယ်တိုင် အကြမ်းဖက်ခံနေရလို့ပါ။ မတရားတဲ့စစ်ကို အတင်းအကြပ် တိုက်ခိုက်စေတာ၊ ဥပဒေမဲ့ အစီအမံများကို ပြုလာအောင် စေ့ဆော်တာ။ လက်တွေ့အခြေအနေနဲ့ မကိုက်ညီ မနိုင်ဝန် ရည်မှန်းချက်များကို ဖိအားပေးအမိန့် ပေးစေခိုင်းတာတွေဟာ တပ်မှူးတပ်ဗိုလ်အားလုံးကို စိတ်ဓါတ်ကျစေတဲ့ အကြမ်းဖက်မှုတွေဘဲဖြစ်ပါတယ်။

- ဒုတိယအချက်တော့ ၁၅နှစ်တာ လက်တွဲလာပြီးအခုမှ ဖြုတ်ချခံလိုက်ရတဲ့ ရန်သူဟာ တလျှောက်လုံး ဒီဒေသတွေမှာ စစ်ရေးအရ ဒီကေဘီအေကိုဘဲ အဓိကအားကိုးခဲ့တာ နယ်မြေရော လူထုအပေါ်ပါ ကျွမ်းကျင်မှု ရန်သူထက်သာတာ၊ လက်ရှိ နယ်ကြားစောင့်တပ်တွေနဲ့ အစားထိုးသုံးဖို့ဆိုတာလည်း အပြန်အလှန် ယုံကြည်မှု မပေးနိုင်တာတွေဟာ ရန်သူကိုပိုပြီး အကြပ်ရိုက်စေခဲ့ပါတယ်။

- တတိယအချက်ကတော့ အရံအင်အား မလုံလောက်မှုပါဘဲ လက်ရှိအခြေနေမှာ ရန်သူ့ကြည်းတပ်မှာ ခြေလျှင်၊ ချေမြန် တပ်ရင်းပေါင်း ၄၉၀ အင်အား (၉၀၀၀၀)ခန့်ရှိပါတယ်။ လေ့လာချက်အရ ကရင်ပြည်နယ်မှာ တပ်ရင်း(၁၂၅)ရင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းမှာ တပ်ရင်းပေါင်း(၆၀)၊ ကယားပြည်နယ်မှာ(၄၀)ခန့်၊ ရှမ်းပြည်နယ်မှာ(၈၀)ခန့်၊ ကချင်ပြည်နယ်မှ(၄၅)ရင်းခန့်၊ ချင်းပြည်နယ်မှာ (၂၀)ခန့်၊ ရခိုင်ပြည်နယ်မှာ (၂၀)ခန့်နဲ့ ကျန်တပ်တွေကိုတော့ အရေးအခင်းတွေ ဖြစ်လာနိုင်တယ်လို့ သတ်မှတ်ထားတဲ့ မြို့ကြီးမြိုငယ်ပေါင်း (၁၀၀)ကျော်မှာ တပ်ချထားပါတယ်။ ကနေ့ကာလ အရေးခင်းတွေကလည်း အချိန်မရွေးပေါ်လာနိုင်တာရယ်၊ အပစ်ရပ်ဒေသတွေမှာလည်း စစ်ပြေပြင်လို တပ်တွေအမြဲစောင့်ကြည့်နေရပြီး ထုတ်နှုတ်ရန်ခက်တာကြောင့် စစ်ကူပေးဖို့ဆိုတာလည်း အကန့်အသတ်တွေ ကြီးနေပါတယ်။ စစ်မျက်နှာ တနိုင်ငံလုံး ဖွင့်ထားရသလို ဖြစ်နေပါတယ်။

- စတုတ္ထအချက်ကတော့ လက်ရှိစစ်ခေါင်းဆောင်တွေရဲ့ လတ်တလောအရေးကြီးလုပ်ငန်းစဉ်ဟာ ရွေးကောက်ပွဲအောင်နိုင်ရေးနဲ့ ၎င်းတို့ အလိုကျ စစ်အစိုးရသစ်တရပ် ပေါ်ထွန်းလာရေးဖြစ်တာကြောင့် စစ်ဘက်အရပ်ဘက် စစ်ဗိုလ်များ နေရာခွဲဝေရေးမှာ သဘောထား မတူတာတွေ ရှိနေတာကြောင့်  စစ်ဆင်ရေးဟာ ဒုတိယဦးစားပေး အဆင့်သာ ဖြစ်နေပါတယ်။

လူထုအတွင်း နိုင်ငံရေးအရလည်း နိုးထလာတာကြောင့် စစ်အုပ်စုအတွက် အရေးတကြီး အလုပ်တခု ထပ်တိုးလာသလို ဖြစ်နေတယ်။ အဆိုးဆုံးကတော့ စစ်တပ်နဲ့  ပြည်သူဟာ စိတ်ဝမ်းကွဲပြီး စစ်တပ်ဟာ ရေနဲနေတဲ့ငါး ဖြစ်နေတယ်။ ဒါတွေဟာ ကနေ့တပ်မတော်အတွက် အဆိုးဆုံးအခြေအနေကို ရောက်စေတဲ့ အကြောင်းတရားတွေပါပဲ။ ခုဆင်နွှဲနေတဲ့ ဒီကေဘီအေနဲ့ မဟာမိတ်အဖွဲ့ တွေရဲ့ တိုက်ပွဲဟာ သေးငယ်ချင် သေးငယ်နေမယ့် ထင်ရှားမြင်သာတဲ့ အပြောင်းအလဲတော့ ဖြစ်ချင်မှဖြစ်မယ် အနိမ့်ဆုံးတော့ ရပ်နေရာကနေ အရွေ့ကလေးတခုတော့ ဖြစ်လာတယ်။ သွေးချင်းတွေ ပိုမိုစည်းလုံးလာတယ်။ မြဝတီမြို့ကို ၁၆ နာရီကြာ၊ ဘုရားသုံးဆူမြို့ကို ၂၈ နာရီကြာ ထိမ်းနိုင်ခဲ့ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတိုက်ပွဲကို အများသိအောင် ပြနိုင်ခဲ့တယ်။ ဒီမိုကရေစီရေး တိုက်ပွဲအတွက် အားဖြစ်စေခဲ့ပါတယ်။ ဒါခုရနေတဲ့ စစ်ရေးအမြတ်ပါပဲ။ တကယ်တော့ ဒီကေဘီအေဆိုတာ စစ်အစိုးရနဲ့ ပေါင်းခဲ့တဲ့ အပစ်ရပ်အဖွဲ့ ထဲမှာ အသေးဆုံးအဖွဲ့ တခုသာ ဖြစ်ပါတယ်။

အပြည့်အစုံသို့...

Tuesday, December 14, 2010

ယနေ့ သတင်း (၁၄ ရက် ဒီဇင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၁၄ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
ည (၈ နာရီ ၃၀ မိနစ်) ဒီကေဘီအေနဲ့ နအဖ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပါတယ်။ မော်ဖိုးထ အနီး လော့ခေါ်ရွာမှာ ယနေ့ည ၇ နာရီ ၂၇ မိနစ်မှာ နအဖ စစ်တပ်များနဲ့ ဒီကေဘီအေတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ နအဖ ဘက်မှာ ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ်၊ ဘုရားသုံးဆူဒေသနဲ့ မြ၀တီမြို့နယ်အတွင်း ဒီကေဘီအေနဲ့ နအဖ စစ်တပ်များ တိုက်ပွဲဖြစ်လာသော ပြီးခဲ့တဲ့လ ၈ ရက်နေ့မှ ယနေ့အချိန်အထိ နအဖ ဘက်မှ အရာရှိစစ်သည် ၆၀ ကျော်သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

ည (၈ နာရီ ၂၅ မိနစ်) ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့နယ်ရှိ မဲကသာရွာအား နအဖစစ်တပ် ခြေမြန်တပ်ရင်း (ခမရ) ၄၀၂ စစ်ကြောင်း ၂ မှ ဒု တပ်ရင်းမှူး ဗိုလ်မှူး အာကာ ဆိုသူက မီးရှို့ရန် စီစဉ်မှုကြောင့် ဒေသခံ ရွာသားများ တိမ်းရှောင်နေရကြောင်း သိရ သည်။ (ကိုးကား- ဧရာဝတီ)

ည (၈ နာရီ ၂၀ မိနစ်) ညနေ ၄ နာရီက မော်ခိုကလိုးရွာမှာ နအဖ တပ်များနဲ့ ဒီကေဘီအေ တပ်ဖွဲ့ဝင်များ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ည (၈ နာရီ ၁၅ မိနစ်) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့သည် စစ်ရေးအရ ပူးပေါင်း လုပ်ဆောင်မှုများ တိုးမြှင့်သွားရန် ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄) အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ဌာနချုပ်တည်ရှိရာ မိုင်းလားမြို့တွင် အလွတ်သဘော ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (ကိုးကား- ဧရာဝတီ)

ည (၈ နာရီ ၁၀ မိနစ်) ယနေ့နေ့လည် ၁၂ နာရီတွင် ထခယ့်ပလယ်ရွာမှာ ဒီကေဘီအေနဲ့ နအဖ တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ည (၇ နာရီ ၃၀ မိနစ်) ကရင်ပြည်နယ် ဝေါလေဒေသရှိ ကနဲလေးတွင် ဒီကေဘီအေနဲ့ နအဖ တပ်များ ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်မှာ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရှိသည်။

အပြည့်အစုံသို့...

Monday, December 13, 2010

ယနေ့ သတင်း (၁၃ ရက် ဒီဇင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၁၃ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
ညနေ (၄ နာရီ ၃၀ မိနစ်) ကရင်ပြည်နယ် မြ၀တီမြို့ ကီလိုမီတာ ၂၀ အကွာမှာရှိတဲ့ စူးကလိရွာအထက် ကွိတာအု အနီးတွင် နအဖ စစ်ကူလာသည့် တပ်များကို ယနေ့နေ့လည်ပိုင်း ၁ နာရီခွဲက ဒီကေဘီအေအဖွဲ့မှ ခြုံခိုတိုက်ခိုက်သဖြင့် နအဖ စစ်သား အချို့ထိခိုက်ဒဏ်ရာ ရမှုများ ဖြစ်ပေါ်ခဲ့တယ်လို့ သိရှိရပါတယ်။

ညနေ (၄ နာရီ ၂၀ မိနစ်) ယနေ့နေ့လည်ပိုင်း ၁ နာရီ ၁၀ မိနစ်က မာနယ်ပလောနယ်ဒေသတွင် ကေအန်ယူနဲ့ နအဖ တပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ညနေ (၄ နာရီ) မြ၀တီမြို့နယ် ဝေါလေဒေသတွင် နအဖ အခြေစိုက်စခန်းကို ဒီကေဘီအေမှ ယနေ့နေ့လည် ၁ နာရီလောက်က ၀င်ရောက်တိုက်ခိုက်ခဲ့သည်။

အပြည့်အစုံသို့...

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူငယ်တွေအတွက်စကား

ဆုံဆည်းရာ၊ ၁၃ ရက် ဒီဇင်ဘာလ ၂၀၁၀

(မူရင်း-ကိုမိုးသီး)

အပြည့်အစုံသို့...

Sunday, December 12, 2010

ယနေ့ သတင်း (၁၂ ရက် ဒီဇင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၁၂ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
ည (၉ နာရီ ၃၀ မိနစ်) ကရင်ပြည်နယ် ဘုရားသုံးဆူမြို့အနီး မဲ့ကသာရွာတွင် ယမန်နေ့ညနေပိုင်းတွင် ဖြစ်ပွားခဲ့သော နအဖ စစ်တပ်နဲ့ ကေအန်ယူ တိုက်ပွဲကြောင့် နအဖ စစ်တပ်၊ စကခ ၈ လက်အောက်ခံ ခမရ ၄၀၂ စစ်ကြောင်း ၂၊ ဒု-ရင်းမှူးအာကာ ဒဏ်ရာရှိခဲ့ကြောင်း သိရှိရသည်။

အပြည့်အစုံသို့...

Saturday, December 11, 2010

ယနေ့ သတင်း (၁၁ ရက် ဒီဇင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၁၁ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
ည (၈ နာရီ ၃၀ မိနစ်) ဒီဇင်ဘာလ ၉ ရက်နေ့မနက်ပိုင်း ၁၀ နာရီတွင် နအဖ စစ်တပ်များ စခန်းထိုင်ထားသော မြ၀တီခရိုင်၊ ဖလူးလေးတောင်ဘက် တပ်ခေါ်ကျိုးတောင်တန်း ဒီကေဘီအေမှ သိမ်းယူလိုက်သည်။ နအဖ စစ်ကူလာသည့် တပ်များကို ဒီကေဘီအေက ဖြတ်တိုက်နေသည့်အတွက် ဝေါ်လေစခန်းထိုင် တပ်များအတွက် လိုအပ်နေသည့် စားနပ်ရိက္ခာဆေးဝါးများမရှိသည့်အတွက် အထိအခိုက် အကျအဆုံးများကြောင်း သိရှိရသည်။ ဒီကေဘီအေတပ်များ တိုက်ခိုက်မှုများကြောင့် နအဖ တပ်ရင်း(၅၄၇) ၊ (၂၃၀) တပ်များ ထိခိုက်ဒဏ်ရာများရရှိသောကြောင့် ဆုတ်ခွာသွားပြီး မြ၀တီမြို့တောင်ဘက် ဖလူးကြီးရွာကို ရောက် ရှိနေသည့် တပ်မ(၄၄)လက်အောက်ခံ စစ်ကြောင်းများနှင့် သွားရောက် ပူးပေါင်းကြောင်း သိရှိရသည်။(ကိုးကား - ကောင်းဝါ)

ည (၈ နာရီ ၂၀ မိနစ်) ယနေ့မနက်ပိုင်းတွင် မြ၀တီမြို့တွင် နအဖ စစ်တပ်မှ စစ်ကားများ သေနတ်ဖောက်အလေးပြုပြီး နအဖ စစ်သားအလောင်းများကို မြ၀တီမှ အဆင်းကားလမ်းအတိုင်း သယ်ဆောင်သွားကြောင်း မြ၀တီမြို့ခံတဦးမှ ပြောဆိုသည်။

ညနေ (၁၀ နာရီ ၃၀ မိနစ်)
နအဖ စစ်တပ် တပ်ရင်း ၂၃၀ မှ စစ်သားတွေက နိုဝင်ဘာလ ၃၀ ရက်နေ့က ဖလူးကျေးရွာ ပြောင်းဖူးဂိတ်အနီးတွင် ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ကေအဲန်ယူ/ ကေအဲန်အယ်အေ ငြိမ်းချမ်းရေးကောင်စီ တပ်ရင်း ၇၇၇ က ရဲဘော် ၆ ဦးရဲ့အလောင်းကို ပြန်လည်တွေ့ရှိခဲ့ပါတယ်။ နအဖ စစ်တပ်မှ ကေအဲန်ယူ/ ကေအဲန်အယ်အေ ငြိမ်းချမ်းရေးကောင်စီ ရဲဘော် ၆ ဦးကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ယူဆပါတယ်။

ဗွီဒီယို
ကေအဲန်ယူ/ ကေအဲန်အယ်အေ ငြိမ်းချမ်းရေးကောင်စီ ရဲဘော် ၆ ယောက်ကို နအဖ စစ်တပ်မှ သတ်ဖြတ်ထားသည့် ဗွီဒီယိုကလစ်

အပြည့်အစုံသို့...

၂=၅၂

အဖြစ်အပျက်တွေက
စစ်ထွက်သွားကြတယ်
အဖြစ်အပျက်တွေဟာ
စစ်ထွက်လာကြတယ်
အဖြစ်အပျက်နဲ့ အဖြစ်အပျက်တွေဟာ
စစ်ကွက်စစ်မြေမှာ တွေ့ ကြပြီ
စစ်မြေမှာ ချစ်နေစရာမလိုဘူးဟေ့...ပစ်ကွာ
စစ်မြေမှာ ညစ်နေစရာမလိုဘူးဟေ့..သတ်ကွာ
ဒါကြောင့်ပဲ
ဖြစ်လိုက်ခြင်းတွေ ထပ်တိုးလာတယ်
ဒါကြောင့်ပဲ
ပျက်လိုက်ခြင်းတွေ ထပ်တိုးလာတယ်

အညစ်အဟောင်းတွေ ဒိုးသွားမှ
အသစ်အကောင်းတွေ မျိုးပွားမှာဆိုတော့
ဲဖြစ်/ပျက် ဖြစ်/ပျက် တရားကို ဒရစပ် ဟောတယ်
ဘာမှ ပွင့် မလာဘူး။

အဆိုး အဖျက် အညစ်တွေ ပျောက်သွားမှ
မျိုးဆက်သစ်တွေ ပေါက်ဖွားလာမှာဆိုတော့
စစ်/ငြိမ်း စစ်/ငြိမ်း စကားကို ဒရစပ် အော်တယ်
ဘာမှ ဖြစ်လာဘူး။

ဒီလိုပါပဲ
ဘုရား အယူအဆမှာလည်း
ပွတ်စရာ ဒီဖဲ ၂ ချပ်ပဲရှိတယ်
ဒီလိုပါပဲ
လူသား မူဝါဒမှာလည်း
ပွတ်စရာ ဒီဖဲ ၂ ချပ်ပဲရှိတယ်

ပျောက်နေတဲ့ အဓိပ္ပါယ်ကို ရှာနေတုန်း
ရှာနေတဲ့ အဓိပ္ပါယ်ဟာ ပျောက်ဆုံး
ဆွဲဖဲ နဲ့ တက်ဖဲ ဆက်ဆက်လွဲနေဦးမယ်

၂ ချပ်နဲ့ မကစားတတ်ဘူးလား
ကိုယ့် ဖဲ ကိုယ် ဆွဲဆုတ်သွားခဲ့ပါ။ ။

သုအိုင်စံ

အပြည့်အစုံသို့...

Friday, December 10, 2010

ယနေ့သတင်း (၁၀ ရက် ဒီဇင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၁၀ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
နံနက်(၁၂ နာရီ ၃၀ မိနစ်) KNU တောင်ငူခရိုင်၊ KNLA တပ်မဟာ(၂) ဒေသအတွင်း လှုပ်ရှားလျှက်ရှိသော (DAB) စစ်ဒေသ အမှတ်(၁) စစ်ကြောင်းသည် တောင်ငူ-လွိုင်ကော် ကားလမ်းတွင်တည်ရှိသော လိပ်သိုလ်မြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌါနချုပ် လက်အောက်ခံ ခလရ-၆၀၃ တပ်ရင်းကို၆/၁၂/၂၀၁၀ နံနက် ၀၅း၃၀ မှ ၀၅း၅၀ နာရီအထိ ၀င်ရောက်တိုက်ခိုက်ခဲ့သည်။ ၄င်းတိုက်ပွဲတွင် ရန်သူဘက်မှ တပ်မှူး ၁ ဦးအပါအ၀င် ၅ ဦး ကျဆုံးခဲ့ပြီး (၇)ဦး ဒဏ်ရာရခဲ့သည်။ မိမိဘက်မှ စစ်သည် (၂)ဦး အနည်းငယ် ရှပ်ထိ/ဒဏ်ရာရခဲ့သည်။ (ကိုးကား - ဒီအေဘီ)

အပြည့်အစုံသို့...

Thursday, December 9, 2010

ယနေ့သတင်း (၉ ရက် ဒီဇင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၉ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
နံနက်(၉ နာရီ ၃၀ မိနစ်) ကျောင်းသားတပ်မတော် (ABSDF) နှင့် (DKBA) တို့ပူးပေါင်းပြီး ဝေါလေဒေသ အရံဗျူဟာကုန်း သုခမြိုင် တံတားစခန်း (ရွှေမုတ်စခန်း) ကို ယမန်နေ့ည ၉ နာရီ ၂၀ မိနစ်တွင် ၀င်ရောက် သိမ်းပိုက်နိုင်ခဲ့သည်။ နအဖ ဘက်မှ စစ်သား အလောင်း ၇ လောင်းတွေ့ရှိပြီး ဆက်သွယ်ရေးစက်တလုံးကိုလည်း သိမ်းယူနိုင်ခဲ့သည်။ မိမိတို့ဘက်မှ အထိအခိုက်မရှိကြောင်း သိရှိရသည်။

ကျောင်းသားတပ်မတော်မှ ရဲဘော်များ တိုက်ပွဲအတွင်းတွေ့ရစဉ်

နံနက်(၉ နာရီ ၂၀ မိနစ်) တပ်ခေါ်ကျိုးတောင်ခြေတွင် ရောက်ရှိနေသော စစ်အစိုးရတပ် ခလရ (၆၁) ၊ ခမရ (၂၃၀)၊ ခမရ (၅၄၇) မှ ရှေ့ပြေးစစ်ကြောင်းတပ်ဖွဲ့ကို ဒီကေဘီအေဗျူဟာ (၁) မှူး ဗိုလ်မှူးကြီး စောကျော်သက်အဖွဲ့က ၀င်ရောက်ပစ်ခတ်ပြီး စစ်တပ်မှ တပ်သား ၁၀ ဦးထက်နည်း ထိခိုက်ဒဏ်ရာရကြောင်း သိရှိရသည်။

အပြည့်အစုံသို့...

Wednesday, December 8, 2010

ယနေ့သတင်း (၈ ရက် ဒီဇင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၈ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
နံနက်(၈ နာရီ ၃၀ မိနစ်) နအဖ စစ်တပ် တပ်ရင်း ၂၃၀ မှ စစ်သားတွေက နိုဝင်ဘာလ ၃၀ ရက်နေ့က ဖလူးကျေးရွာ ပြောင်းဖူးဂိတ်အနီးတွင် ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ကေအဲန်ယူ/ ကေအဲန်အယ်အေ ငြိမ်းချမ်းရေးကောင်စီ တပ်ရင်း ၇၇၇ က ရဲဘော် ၆ ဦးရဲ့အလောင်းကို ပလောတပို့ရွာနှင့် မနီးမဝေး ပြောင်းခင်းတခင်းတွင် တွေ့ရှိကြောင်းသိရှိရသည်။ နအဖ စစ်တပ်၏ ဖမ်းဆီးပစ်သတ်ခံရသည့် ကရင်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင် ၆ဦးမှာ စောပီလင်း၊ စောနိုင်းနိုင်း၊ စောအ၀င်း၊ စောထူးထူး၊ စောရန်ကုန်နှင့် စောသံခဲတို့ ဖြစ်ကြောင်း သိရှိရသည်

အပြည့်အစုံသို့...

Tuesday, December 7, 2010

ယနေ့ သတင်း (၇ ရက် ဒီဇင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၇ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
ညနေ (၁၁ နာရီ ၃၀ မိနစ်) ယနေ့မနက် ၁၀ နာရီတွင် ဝေါလေ ဗျူဟာကုန်းကို ဒီကေဘီအေနဲ့ မဟာမိတ်အဖွဲ့များ တိုက်ခိုက်ခဲ့သည်။

ညနေ (၁၁ နာရီ ၁၀မိနစ်) ထိုင်း-မြန်မာနယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လာသဖြင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးလာသော စစ်ပြေးဒုက္ခသည် ၃၀၀၀ ကျော်ပြီဖြစ်ကြောင်း သိရှိရသည်။

ညနေ (၁၁ နာရီ)
ယမန့်နေ့က ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေ အရှိန်အဟုန်မြင့် ဆက်လက် ဖြစ်ပွားနေပါတယ်။ နအဖ ဘက်မှ ရှေ့ထွက်မိုင်းများနဲ့ ပျောက်ကြား ခြုံခိုတိုက်ခိုက်ခြင်းခံရမှု အများဆုံးဖြစ်ကြောင်း သိရပါတယ်။ ဒီကေဘီအေ၊ ကေအန်ယူအပါအ၀င် အေဘီအက်စ်ဒီအက်ဖ်နဲ့ အခြားလက်နက်ကိုင် တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်မှုများကြောင့် နအဖ စစ်တပ်မှ တိုက်ပွဲများတွင် အထိနာပြီး ဒဏ်ရာရမှုတွေ များပြားတယ်လို့ သိရပါတယ်။

အပြည့်အစုံသို့...

Monday, December 6, 2010

ယနေ့ သတင်း (၆ ရက် ဒီဇင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၆ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
ညနေ (၆ နာရီ ) ယနေ့ညနေပိုင်းက KNU-KNLA တပ်မဟာ ၅၊ တပ်မဟာ ၇ လက်အောက်ခံ တပ်ရင်း (၂၀၂)၊ တပ်ရင်း (၂၂) တပ်များ ပူးပေါင်းပြီး မာနယ်ပလော ကို ပြန်လည် သိမ်းယူလိုက်ကြောင်း သိရှိရသည်။

ညနေ (၅ နာရီ ) ယနေ့လယ်တွင် ဒီကေဘီအေတပ်များက ဝေါလေ ဒေသ စခန်းထိုင်တပ်ဖြစ်သည် နအဖ ခမရ ၄၀၉ တပ်ရင်းကို ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

နံနက်(၈ နာရီ ၃၀ မိနစ်) နအဖ စစ်များနဲ့ ကေအိုင်အေ တပ်တွေကြား တဖက်နဲ့တဖက် စစ်ရေးအရတင်းမာမှုတွေ ဖြစ်ပေါ်နေပါတယ်။ ကချင်ပြည်နယ်ဘက်မှာ နအဖ စစ်တပ်က ခြေလျှင်တပ်တွေနဲ့ လက်နက်ကြီးတပ်ဖွဲ့တွေ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ (ကိုးကား - ဘီဘီစီ)

အပြည့်အစုံသို့...

Sunday, December 5, 2010

ယနေ့ သတင်း (၅ ရက် ဒီဇင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၅ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
နံနက် (၈ နာရီ) တရုတ် - မြန်မာနယ်စပ် လွယ်ဂျယ်မြို့နဲ့ မိုင်ဂျာယန်မြို့အကြားရှိ ကုံးဆာ ရှမ်းရွာတွင် ဗန်မော် အခြေစိုက် ခလရ ၂၃၆ နအဖ စစ်ကြောင်းနဲ့ ကေအိုင်အေ တပ်မဟာ (၃) တပ်ရင်း (၁၆) တပ်များ ယမန်နေ့ နေ့လယ်ပိုင်းက အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပါတယ်။ ကေအိုင်အေ ဘက်က ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ ကြားသိရပါတယ်။ ကေအိုင်အေတပ်များ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံတာကြောင့် နအဖ စစ်တပ်မှ ပြီးခဲ့သည့်လ ကတည်းက စစ်ရေးပြင်ဆင်မှုများ ပြုလုပ်ပြီး ယခုလို စတင်တိုက်ခိုက်လာတာပါ။ ကရင်ပြည်နယ် ဘုရားသုံးဆူဒေသနဲ့ မြ၀တီအနီး ဝေါလေဒေသတွေမှာ နအဖ စစ်တပ်များနဲ့ ဒီကေဘီအေတပ်များ တိုက်ပွဲများ နေ့စဉ် ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။

ဗွီဒီယို
နံနက် (၈ နာရီ ၃၀ မိနစ်) ထောက်လှမ်းရေးဟောင်း ဗိုလ်ခင်ညွန့်ကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဗွီဒီယို အသံပါသည့်ဖိုင် အပိုင်း (၁ + ၂) တင်ပေးလိုက်ပါတယ်။ ယမန်နေ့က အပိုင်း (၁) တင်ပေးထားပါတယ်။


ဟာသ
နံနက် (၁၀ နာရီ) ယနေ့ ဟာသအဟောင်း ဗွီဒီယိုကလစ်လေးတွေ့လို့ တင်ပေးလိုက်တာပါ ရယ်နိုင်ကြပါစေ။

အပြည့်အစုံသို့...

Saturday, December 4, 2010

ယနေ့ သတင်း (၄ ရက် ဒီဇင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၄ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း

ညနေ (၄ နာရီ ၃၀ မိနစ်) ယနေ့နေ့လယ် ၂ နာရီခန့်က ဝေါလေဒေသ စူးကလိ ကျေးရွာအနီးတွင် နအဖ စစ်တပ်မှ ၄၀၃ စစ်ကြောင်းနှစ်နှင့် ဒီကေဘီအေတို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

နံနက်(၉ နာရီ ၃၀ မိနစ်) ယမန်နေ့က သင်္ကန်းညီနောင်မြို့အထိုင်တပ်ဖြစ်တဲ့ ခမရ ၃၅၆ တပ်ရင်းတွေကို နယ်ခြားစောင့်တပ်(BGF)တွေနဲ့ လဲလှယ်နေကြောင်း သိရပါတယ်။ လဲလှယ်သည့် သင်္ကန်းညီနောင်မြို့ အထိုင်တပ် ခမရ ၃၅၆ ကို တိုက်ပွဲများ ဖြစ်ပေါ်နေသည့် နေရာများသို့ စစ်အင်အားအဖြစ် ပို့ဆောင်မယ်လို့ သိရှိရပါတယ်။

နံနက်(၉ နာရီ ) ယမန်နေ့ည ၁၁ နာရီမှာ ဝေါလေဒေသ ဖလူးကျေးရွာအနီး သံမဏိကုန်းပေါ်ရှိ နအဖ ဗျူဟာအခြေစိုက် စစ်စခန်းတခုကို ဒီကေဘီအေ တပ်များ ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ နအဖ ဘက်မှ ထိခိုက်ဒဏ်ရာရမှု များပြားကြောင်း သိရှိရပါတယ်။ မြ၀တီ ဆေးရုံနဲ့ ဘားအံဆေးရုံတွေမှာ နအဖ စစ်သားများ ထိခိုက် ဒဏ်ရာမှုများပြားတဲ့တွက် ထားဝယ်၊ မြိတ်၊ မော်လမြိုင်က ခွဲစိတ်ဆရာဝန်တွေကိုလည်း နယ်စပ်ဆေးရုံများသို့ အကူအညီပေးဖို့ အတင်းအကျပ် ပို့ဆောင်စေလွှတ်မှုတွေ ရှိနေကြောင်း သိရပါတယ်။

နံနက်(၈ နာရီ ၃၀ မိနစ်) နအဖ စစ်တပ် တပ်ရင်း ၂၃၀ မှ စစ်သားတွေက နိုဝင်ဘာလ ၃၀ ရက်နေ့က ဖလူးကျေးရွာ ပြောင်းဖူးဂိတ်အနီးတွင် ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ကေအဲန်ယူ/ ကေအဲန်အယ်အေ ငြိမ်းချမ်းရေးကောင်စီ တပ်ရင်း ၇၇၇ က ရဲဘော် ၆ ဦးကို တပ်ဖွဲ့ဝင်တွေကတော့ အခုထိ ပျောက်ဆုံးနေဆဲဖြစ်ပြီး အာဏာပိုင်တွေဘက်က ပြန်လည် လွတ်ပေးခြင်း မရှိတာကြောင့် ပစ်သတ်ခံလိုက်ရပြီလို့ ယူဆကြောင်း ငြိမ်းချမ်းရေးကောင်စီကတော့ ပြောဆိုနေပါတယ်။ (ကိုးကား- ဗွီအိုအေ)

နံနက်(၈ နာရီ ၁၅ မိနစ်) ကရင်ပြည်နယ်၊ မြ၀တီမြို့ တောင်ဘက် ကီလိုမီတာ ၂၀ အကွာရှိ ဖလူးကြီးကျေးရွာ နအဖ စစ်တပ်နဲ့ ဒီကေဘီအေတပ်များ ယမန့်နေ့က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ နအဖ စစ်တပ် ခမရ ၂၃၀ တပ်ကို ရိက္ခာလာပို့သည့် စကခ ၁၂ လက်အောက်ခံ ခလရ ၆၁ တပ်ရင်းနဲ့ ဒီကေဘီအေတို့ ဖလူးကြီး ကျေးရွာထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ ကားလမ်းတွေကို ဒီကေဘီအေ တပ်များ ပိတ်ဆို့ထားတဲ့တွက် ခမရ ၂၃၀ ကို ရိက္ခာထမ်းပို့ဆောင်ဖို့အတွက် နအဖ တပ်မှ ရွာသားတွေကို ပေါ်တာ လိုက်ဆွဲနေတယ်လို့လည်း သိရပါတယ်။ ဒီကေဘီအေရဲ့ ရှေ့ထွက်မိုင်းများနဲ့ ခြုံခိုတိုက်ခိုက်ခြင်းခံရတဲ့အတွက် နအဖ ဘက်မှ ထိခိုက်ဒဏ်ရာရမှုများများနေပြီး မြ၀တီနဲ့ ဘားအံ ဆေးရုံများသို့ စစ်သားလူနာအများအပြား ရောက်ရှိနေကြောင်း သိရှိရသည်။

ဗွီဒီယို
နံနက် (၈ နာရီ) ထောက်လှမ်းရေးဟောင်း ဗိုလ်ခင်ညွန့်ကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဗွီဒီယို အသံပါသည့်ဖိုင် အပိုင်း (၁)ပါ။

အပြည့်အစုံသို့...

Friday, December 3, 2010

ယနေ့ သတင်း (၃ ရက် ဒီဇင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၃ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း

ရှမ်းပြည်နယ်
နေ့လည် (၁ နာရီ ၁၅ မိနစ်) နအဖ စစ်တပ်မှ ရှမ်းပြည်ဘက်မှာလည်း တပ်အားအားတွေ တိုးချဲ့နေပါတယ်။ နေပြည်တော်ကနေပြီး ရှမ်းပြည် ကွန်ဟိန်းကို နိုဝင်ဘာလ ၃၀ ရက်နေ့က စစ်ကား ၆ ဘီးကား ၅ စီး စစ်သား ၁၀၀ ခန့် မိုင်းနောင် - မိုင်းရှူးဘက်ကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။ နအဖ စစ်တပ်မှ ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့မှာရှိတဲ့ SSA မြောက်ပိုင်း တပ်မဟာ (၁) ဆက်ဆံရေးရုံးခွဲတွေ ပိတ်ဖို့လည်း တန့်ယန်းမြို့ ဗျူဟာမှူးက ပြောဆိုလိုက်ပါတယ်။

ချင်းပြည်နယ်
နေ့လည် (၁ နာရီ ၁၁ မိနစ်) ချင်းအမျိုးသားတပ်ဦး လက်နက်ကိုင်တပ်ဖွဲ့ လှုပ်ရှားမှုများကြောင့် အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ဖလမ်း တီးတိန် တွန်းဇမြို့မှာရှိတဲ့ နအဖ စစ်တပ်စခန်းတွေမှာ စစ်အင်အား သုံးဆ တိုးမြင့် ချထားတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်
နေ့လည် (၁ နာရီ) လွန်ခဲ့တဲ့ ကြာသာပတေးနေ့ကတည်းက ကချင်ပြည်နယ် အရှေ့ဘက်၊ KIO/KIA ဌာနချုပ် ဘေးပတ်ဝန်းကျင်တွင် နအဖ ဘက်မှ စစ်အင်အား၊ လက်နက်အင်အား တိုးမြင့်ခဲ့ကြောင်း သိရပါတယ်။ တရုတ်နယ်စစ် KIO ဌာနချုပ် တည်ရှိရာ လိုင်ဇာ၊ အလင့်ဘွမ်Alen Bum)၊ လိုင်ဆင်ဘွမ်(Laisin Bum)၊ မိုင်ဂျာယန်နဲ့ ဗန်မော်ဘက်မှ ရေကြောင်း၊ ကုန်းကြောင်းဖြင့် လက်နက်ကြီး-ငယ်များ ပို့ဆောင်နေပြီး စစ်အင်အားတိုးမြင့်နေတယ်လို့ ဒေသခံများမှ သိရပါတယ်။ စစ်အင်အားကို ညအချိန်ရောက်မှ ပို့ဆောင်ခြင်းဖြစ်ပါတယ်။ နအဖ စစ်အစိုးရမှ မြန်မာတစ်နိုင်ငံလုံးရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဆက်ဆံရေးရုံးများ ပိတ်ပေးရန် နိုဝင်ဘာလ ၂၂ ရက်နေ့ ပြောလိုက်ပြီးနောက် နအဖ ဘက်မှ ယခုကဲ့သို့ စစ်ရေးပြင်ဆင်မှုများ ဖြစ်ပေါ်ပြီး စစ်အင်အားတိုးချဲ့လာတာပါ။

ကရင်ပြည်နယ်
နေ့လည် (၁၂ နာရီ) နအဖ စစ်တပ်က ဒီဇင်ဘာလ ၁ ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ကေအဲန်ယူ/ ကေအဲန်အယ်အေ ငြိမ်းချမ်းရေးကောင်စီ တပ်ရင်း ၇၇၇ တပ်ဖွဲ့ဝင် ရဲဘော် ၆ ဦးကို နအဖ တပ်ရင်း ၂၃၀ မှ စစ်သားတွေက သတ်ပစ်လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ စရဖ (စစ်ဖက်ဆိုင်ရာ လုံခြုံရေး) ဗိုလ်ရဲမြင့် က ကေအဲန်ယူ/ကေအဲန်အယ်အေ ငြိမ်းချမ်းရေးကောင်စီက ဗိုလ်မှူးချုပ်ထိန်မောင်တို့ ဆွေးနွေးပွဲ ဗွီဒီယိုဖိုင်ပါ တင်ပေးလိုက်ပါတယ်။

(ဗွီဒီယို - ကိုးဒီသွေး)

ဓါတ်ပုံ
ဆုံဆည်းရာက အကြိုက်ဆုံး ဒီဇင်ဘာလ ၁ ရက်နေ့ ကမ္ဘာ့ အေအိုင်ဒီအက်နေ့က ဓါတ်ပုံ ၂ ပုံတင်ပေးလိုက်ပါတယ်။


(ဓါတ်ပုံ - DVB)


(ဓါတ်ပုံ - mizzima)

အပြည့်အစုံသို့...