Tuesday, April 27, 2010

ရန်ကုန်မြို့ခံများ ကျီးလန့်စာစား ဖြစ်နေ

မျိုးဝင်းဇော်/ ၂၆ ဧပြီ ၂ဝ၁ဝ
သင်္ကြန်အပြီးနောက်ပိုင်းတွင် ဗုံးကွဲသည်၊ ဗုံးကွဲမည်၊ ဗုံးတွေ့သည်ဟူသော သတင်းများ မကြာခဏ ဖြစ်ပေါ်နေ၍ လူစည်ကားရာ နေရာများသို့ မသွားရဲကြဘဲ ကျီးလန့်စာစား ဖြစ်နေကြကြောင်း ရန်ကုန်မြို့ခံများက ပြောကြသည်။

ဧပြီ (၁၅) ရက် သင်္ကြန်အကြတ်နေ့တွင် ရန်ကုန်မြို့ ကန်တော်ကြီးကန်ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်ရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ယင်းသို့ဗုံးသတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။

ဗိုလ်တထောင်မြို့နယ်တွင် နေသူတဦးက “သင်္ကြန်အတက်နေ့ ဗုံးကွဲပြီးကတည်းက ဟိုနေရာ သည်နေရာမှာ ဗုံးကွဲတယ်ဆိုတဲ့ သတင်းတွေ ခဏခဏ ထွက်တယ်။ ဒါနဲ့ လူစည်ကားတဲ့ ပလာဇာတို့၊ ကုန်တိုက်တို့ ရုပ်ရှင်ရုံတို့ကို မသွားရဲဘူး။ အိုရှင်းကုန်တိုက်ကို သွားတာ ခါတိုင်း တနင်္ဂနွေနေ့ဆို လူစည်တယ်။ အခုတော့ လူမရှိဘူး၊ ခြောက်ကပ်ကပ် ဖြစ်နေတာ တွေ့ရတယ်” ဟု ပြောသည်။

သင်္ကြန်နောက်ပိုင်း ဗုံးကွဲသည်ဟု သတင်းထွက်ခဲ့သည့်နေရာများမှာ ရွှေလီလှိုင်း စားသောက်ဆိုင်၊ ယုဇနပလာဇာ၊ နော့သ်ပွိုင့် အိုးရှင်းစင်တာ၊ ကန်တော်ကြီး မျှော်စင်ကျွန်း၊ လပြည့်ဝန်းပလာဇာ၊ ဘုရင့်နောင် ရုပ်ရှင်ရုံတို့ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဗုံးသတင်းများကြောင့် ယခင်စည်ကားနေကျ ကုန်တိုက်ကြီးများ၊ ရှော့ပင်းမောလ်များ၊ ရုပ်ရှင်ရုံများမှာလည်း လူနည်းသွားကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ညက နေပြည်တော် ရုပ်ရှင်ရုံတွင် ရုပ်ရှင်သွားကြည့်ခဲ့သူ တဦးကလည်း ခါတိုင်း တနင်္ဂနွေနေ့တို့နှင့် နှိုင်းစာပါက လူအလွန်နည်းသည်ကို တွေ့ရကြောင်း ပြောသည်။

ယုဇန ပလာဇာ မြေညီထပ်တွင် ဇာဘော်လီဆိုင် ဖွင့်ထားသူ တဦးက ဗုံးသတင်းထွက်ပြီးနောက် ပလာဇာကို လူအဝင် နည်းသွားကြောင်း၊ ၎င်းတို့မှာမူ စားဝတ်နေရေးကြောင့် မည်သည့်သတင်းပဲ ထွက်ထွက် ဆိုင်ကို ပုံမှန်လာရောက်ဖွင့်လှစ် ရောင်းချနေရကြောင်း ပြောသည်။

ရန်ကုန်မြို့ခံ သတင်းဂျာနယ် အယ်ဒီတာ တဦးကလည်း ယခုရက်ပိုင်း ဗုံးသတင်းများ မကြာခဏ ထွက်ကြောင်း၊ အားလုံးလိုလို ကောလာဟလများသာ ဖြစ်ကြောင်း ပြောသည်။

၎င်းက “ဗုံးတွေ့တယ် မတွေ့ဘူး ဆိုတာမျိုးကိုတော့ ဘယ်နေရာကမှ အတည်ပြုချက် မရရှိဘူး။ ခုလို ဗုံးသတင်းတွေ မကြာခဏထွက်တော့ လူတွေလည်း လူစည်ကားရာ နေရာတွေကို မသွားရဲဖြစ်နေတာ” ဟု ပြောသည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ၂ဝဝ၅ ခုနှစ်တုန်းကလည်း လူစည်ကားရာ ကုန်တိုက်တို့တွင် ဗုံးဆက်တိုက်ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး လူပေါင်းများစွာ ထိခိုက် ဒဏ်ရာရမှု ရှိခဲ့ဖူးသည်။

ပုဇွန်တောင်မြို့နယ် ကုန်သွယ်ရေး အဆောက်အဦ၊ မြေနီကုန်း ဒဂုံစင်တာမှ စီးတီးမတ်၊ ၈ မိုင်မှ Juction 8 စသည့်နေရာတို့တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်၍ မည်သူတို့၏ လက်ချက်ဖြစ်သည်ဆိုခြင်းကို စစ်အစိုးရက ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ပေ။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်ပိုင်း ရန်ကုန်ရှိ ကုန်တိုက်များ၊ ရုပ်ရှင်ရုံများတွင် ကိုယ့်အစီအစဉ်ဖြင့်ကိုယ် လုံခြုံရေး အစီအမံများ ချမှတ်ဆောင်ရွက်နေကြသော်လည်း ဈေးများနှင့် ပလာဇာတို့တွင် လုံခြုံရေးအစီအမံ ချမှတ်ဆောင်ရွက်ခြင်းမျိုး မရှိသေးသည့် အတွက် ပြည်သူများ ထိတ်လန့်နေကြကြောင်း သိရသည်။

အပြည့်အစုံသို့...

Sunday, April 25, 2010

ပြည်သူ့ဂုဏ်ရည် ပထမအကြိမ် ဂုဏ်ပြုအခမ်းအနားက ကိုကျော်သူကို ဆန္ဒပြုသူအများဆုံးဖြင့် ဂုဏ်ပြုပြီ မိုးမခအထောက်တော် ၀၀၁ ဧပြီ ၂၄၊ ၂၀၁၀


ပြည်တွင်းရှိ လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်းစွမ်းဆောင်သူများမှ နောက်ဆုံးဆန်ကာတင် ၅ ဦးအနက် ဆန္ဒမဲအများဆုံး ရရှိသူတဦးကို ရွေးချယ်ကြသည့် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြု အစီအစဉ်ကို ယနေ့ ဧပြီ ၂၄ ညနေက ကျင်းပပြီး ကြေညာကြရာတွင် ရုပ်ရှင်သရုပ်ဆောင် နှင့် နာရေးကူညီမှုအသင်း၏ ဦးဆောင်သူ - ကိုကျော်သူ ကို ဆန္ဒမဲအများဆုံးဖြင့် ရွေးချယ်လိုက်သည်။
ကိုကျော်သူနှင့်အတူ ဆရာတော်ဦးဉာဏိသရ၊ ဦးအေးမြင့်၊ မဖြူဖြူသင်းနှင့် ကိုဇာဂနာတို့ကို နောက်ဆုံးဆန်ကာတင်အဖြစ် ရွေးချယ်ကြရာ အားလုံးကို ဖြစ်မြောက်ရေးကော်မီတီနှင့် ၀ိုင်းဝန်းကြသူ မိတ်ဆွေများအားလုံးက ဂုဏ်ပြုမှတ်တမ်းလွှာများလည်း ပေးအပ်သည်။ ထိုမှတ်တမ်းလွှာများကို သူတို့အားလုံးကိုယ်စား မိတ်ဆွေများက ခေတ္တထိန်းသိမ်းထားကြမည်ဟု ဆိုသည်။

အပြည့်အစုံသို့...

Thursday, April 22, 2010

ဗုံးပေါက်ကွဲမှုအကြောင်း Documentary ထုတ်လွှင့်

ဗုံးပေါက်ကွဲသည့်နေ့မှ ဧပြီ (၁၈) ရက်နေ့အထိ ရိုက်ကူးထားသည့် ရုပ်သံ Documentary အစီအစဉ်တခုကို ဧပြီ (၂ဝ) ရက် ည (၈) နာရီကျော်တွင် MRTV-4 ချယ်နယ်မှ ထုတ်လွှင့်သွားကြောင်း ရန်ကုန်မြို့ခံများက ပြောကြားသည်။

ဗုံးပေါက်ကွဲမှုကဲ့သို့ မှုခင်းကြီးတခုကို ယခုကဲ့သို့ ရုပ်သံချယ်နယ်တခုမှ Documentary အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့်သွားခြင်းသည် ဆယ်စုနှစ်တခုအတွင်း ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း ရန်ကုန်မြို့ခံ သတင်းအယ်ဒီတာတဦးက ပြောသည်။




၎င်းက “ဗုံးပေါက်ကွဲပြီးနောက် အခြေအနေတွေ၊ ဆေးရုံက မြင်ကွင်းတွေ၊ အဲဒီအချိန်က အနီးအနားမှာ ရှိတဲ့သူတွေကို မေးမြန်းပြီး ပြည့်ပြည့်စုံစုံ တင်ဆက်ထားတာ တွေ့ရတယ်။ ဒါပေမယ့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိ အာဏာပိုင် အသိုင်းအဝိုင်းကို မေးမြန်းထားတာ၊ မှုခင်းဖော်ထုတ်ဖို့ ဘယ်လို အရေးယူ ဆောင်ရွက်နေတယ် ဆိုတာမျိုးတွေတော့ မပါဘူး။ ထူးဆန်းတာ တခုက MRTV-4 ရဲ့ အဲဒီနေ့လွှင့်မယ့် အစီအစဉ်စာရင်းထဲမှာ Documentary မပါဘူး။ (၁) နာရီနီးပါးကြာတဲ့ ဒီအစီအစဉ်အတွက် နဂိုအစီအစဉ် (၂) ခုကို ဖျက်ပြီးတော့ လွှင့်တာ တွေ့ရတယ်” ဟု ပြောသည်။

အဆိုပါ Documentary ထဲတွင် ရန်ကုန်ဆေးရုံအုပ်ကြီးနှင့် အင်တာဗျူး ပြုလုပ်ထားသည့်အပြင် ထိခိုက်ဒဏ်ရာကုဌာန၊ ခွဲစိတ်ကုဆောင်၊ ရင်ခေါင်းခွဲစိတ်ကုဆောင်၊ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ကုသမှုဆောင်မှ တာဝန်ရှိသူ ဆရာဝန်ကြီးများကိုလည်း အင်တာဗျူးလုပ် ဖော်ပြထားသည်။

အင်တာဗျူးထဲတွင် လူနာများ၏ အသက်ကယ်ဆယ်ရေး မည်သို့ ဆောင်ရွက်ခဲ့သည်၊ မည်သို့ ခံစားရသည် စသဖြင့် မေးမြန်းထားသည့်အပြင် ဒဏ်ရာရ လူနာ အတော်များများကိုလည်း အင်တာဗျူးလုပ် ဖော်ပြထားသည်။

သို့သော် ဆေးကုသမှုပေးပြီး နောက်ပိုင်း လူသေဆုံးမှုရှိကြောင်း ရန်ကုန်ဆေးရုံအုပ်ကြီး၏ ပြောဆိုချက်ကိုမူ အစိုးရက သတင်းထုတ်ပြန်ခြင်း မရှိခဲ့ပေ။

ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းနှင့်အဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူတို့က ဆေးရုံသို့လာရောက်ကာ ဗုံးဒဏ်ရာရသူများအား ငွေကြေး၊ ထမင်းထုပ် လှူဒါန်းခြင်းတို့ကိုလည်း MRTV-4 ချယ်နယ်မှ ပြသခဲ့သည်။

မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ဒဏ်ရာရလူနာတဦးလျှင် ကျပ်ငွေ (၅,ဝဝဝ) စီနှင့် သေဆုံးသူတဦးလျှင် ကျပ်ငွေ (၁) သိန်းစီ ပေးအပ်ခဲ့ကြောင်း သိရသည်။

Documentary ထဲတွင် ဧပြီ (၁၈) ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ငွေကြေးသွားရောက်လှူဒါန်းသည့် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ အဆိုတော် မိုးမိုး၊ သရုပ်ဆောင် ကျော်ကျော်ဗို၊ မင်းသွေး၊ မင်းသမီး ဖူးစုံတို့နှင့် အင်တာဗျူးများကိုလည်း ထည့်သွင်းထားသည်။

ဗုံးကွဲပြီး မကြာခင် MRTV ရုပ်သံအဖွဲ့သားများ အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက် ရိုက်ကူးသတင်းယူနိုင်မှု၊ အနီးအနားက ပရိသတ်များကို မေးမြန်းနိုင်မှု၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားပြီး အင်တာဗျူးများလုပ်ပြီး ရိုက်ကူးနိုင်မှုတို့သည် အံ့အားသင့်စရာ ကောင်းကြောင်း Documentary ကို ကြည့်လိုက်ရသူ ရန်ကုန်မြို့ခံတဦးက ပြောသည်။

၎င်းက “ဒါမျိုး အရင်ကဆိုရင် အထက်အဏာပိုင်တွေရဲ့ ခွင့်ပြုချက်မရလို့ မလုပ်နိုင်ဘူး။ သေချာတာတခုကတော့ အစိုးရဟာ အခုကိစ္စကို သတင်းကျယ်ပြန့်သထက် ကျယ်ပြန့်အောင် လုပ်နေတာ ဖြစ်တယ်” ဟု ပြောသည်။

ရန်ကုန်မြို့နှင့် နယ်မြို့အချို့တို့တွင် အခမဲ့ ထုတ်လွှင့်နေသည့် MRTV-4 ချယ်နယ်ကို ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း၏ သားတဦးက ပိုင်ဆိုင်ပြီး ၎င်းပိုင် ကုမ္ပဏီသည် အခပေး ပြည်တွင်းနှင့်နိုင်ငံတကာ ရုပ်သံလိုင်းလွှင့်ခွင့်ကို တဦးတည်း လုပ်ကိုင်ခွင့်ရထားကာ အကျိုးအမြတ် ကြီးမားစွာ ရရှိနေကြောင်း၊ ယခုအခါ အခပေး ရုပ်သံလိုင်း (၃ဝ) ကျော် ထုတ်လွှင့်ရောင်းချပေးနေကြောင်း သိရသည်။



အပြည့်အစုံသို့...

Wednesday, April 21, 2010

ဗုံးပေါက်ကွဲသတင်း ကျယ်ပြန့်ရန် နအဖ လုပ်ဆောင်နေ


NEJ/ ၂၀ ဧပြီ ၂ဝ၁ဝ

နအဖစစ်အစိုးရသည် လူ (၈) ဦး သေဆုံးပြီး (၁၇ဝ) ကျော် ဒဏ်ရာရခဲ့သည့် ဧပြီ (၁၅) သင်္ကြန်ဗုံးကွဲမှု သတင်းကို ကျယ်ပြန့်သည်ထက် ကျယ်ပြန့်အောင် လုပ်ဆောင်နေပြီး ယင်းကဲ့သို့ လုပ်ဆောင်ချက် နောက်ကွယ်တွင် ရည်ရွယ်ချက် တစုံတရာ ရှိနိုင်ကြောင်း ပြည်တွင်း စာနယ်ဇင်းအသိုင်းအဝိုင်းနှင့် ရန်ကုန်မြို့ခံများက သုံးသပ်နေကြသည်။

ပြည်တွင်းဂျာနယ် အယ်ဒီတာတဦးက “ကျနော်တို့ ဂျာနယ်က သင်္ကြန်မတိုင်ခင်ကတည်းက စာမူတဝက်ကို တင်ထားရတယ်။ ကျန်တာကို ဒီရက်ပိုင်း တင်ရမယ်။ အဲဒါ ဂျာနယ်တိုက်ကို စာပေစိစစ်ရေးရုံးက အကြောင်းကြားတယ်။ နောက်ထပ်တင်မယ့် စာမူတွေအပြင် ဗုံးကွဲတဲ့သတင်းတွေ ထည့်ချင်တယ်ဆိုရင် စာမျက်နှာတိုးပြီး ခွင့်ပြုပေးမယ်။ နောက် အချိန်မီ စိစစ်ပေးမယ်။ မျက်နှာဖုံးမှာ တင်ချင်ရင်လည်း ခွင့်ပြုပေးမယ်ဆိုပြီး ပြောတယ်၊ ဒီလို အကြောင်းကြားတာ။ သင်္ကြန်အပြီး ထွက်မယ့် ဂျာနယ် အားလုံးလိုလိုလောက်ကိုပဲ။ ကြည့်ရတာ ဂျာနယ်တိုင်းလိုလိုမှာ ဗုံးကွဲတဲ့သတင်းကို ပါစေချင်ပုံရတယ်။ ဒါဟာ အထက် စစ်အာဏာပိုင်တွေက ညွှန်ကြားတာဖြစ်ပြီး နောက်ကွယ်မှာ ရည်ရွယ်ချက်တခုခု ရှိပုံရတယ်” ဟု ပြောသည်။

အလားတူ အခြားဂျာနယ် အယ်ဒီတာတဦးကလည်း သင်္ကြန်အပြီး လက်ရှိအချိန်ထိ မြန်မာတိုင်းမ်၊ လျှပ်တစ်ပြက်၊ ဝီးကလီးအလဲဗင်း၊ ပေါ်ပြူလာ စသည့်သတင်းဂျာနယ် (၄) စောင်ထွက်ပြီး (၃) စောင်၏မျက်နှာဖုံးမှာ ဗုံးကွဲသည့်သတင်းဖြစ်ကာ လျှပ်တစ်ပြက်ဂျာနယ်တွင်မူ ထူးထူးခြားခြား သေဆုံး၊ ဒဏ်ရာရသည့် လုံခြုံရေးဝန်ထမ်းများကို နာမည်နှင့်တကွ ဖော်ပြထားကာ ၎င်းတို့အနက် အမှတ် (၄) စစ်ဒေသ စစ်ဒေသမှူးကြီး အုံးချို၏နာမည်ကို ဖော်ပြထားခြင်းသည် အလွန်ထူးခြားသည်ဟု ပြောကြားသည်။

ပြီးခဲ့သည့် အနှစ် (၂ဝ) ကျော် ၈၈ အရေးအခင်းကာလတွင် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များ၏ တာဝန်ပေးချက်အရ သတင်းစုဆောင်းရေးနှင့် အဖျက်အမှောက်လုပ်ငန်းကို ကိုယ်တိုင်လုပ်ကိုင်ခဲ့သူ ယခု အသက် (၆ဝ) ကျော်အရွယ် ဗိုလ်မှူးဟောင်းတဦးက အကယ်၍ ယခု ဗုံးကွဲမှုကို စစ်အစိုးရကသာ အကောင်အထည် ဖော်သည်ဆိုပါက အောက်ခြေအဆင့် အာဏာပိုင်များ မဆိုထားနှင့် တိုင်းမှူးအဆင့်လောက်ကပင် မသိနိုင်ကြောင်း ပြောဆိုသည်။

၎င်းက “အခု ဗုံးကွဲမှုမှာ လုံခြုံရေးအဖွဲ့ဝင်တွေ သေကြေ ထိခိုက်ဒဏ်ရာရတာကို ဖုံးကွယ်မထားဘဲ ကျယ်ကျယ်ပြန့်ပြန့် ၀ါဒဖြန့်နေတာကို ကြည့်ရင် အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေက အခုဗုံးကွဲ ကျူးလွန်သူတွေဟာ သူတို့အစိုးရကို မလိုလားတဲ့ သူတွေအဖြစ် ပုံပေါ်စေချင်တာ ထင်ရှားတယ်။ မကြာခင် ဆန့်ကျင်ဘက် အင်အားစုတွေကို စွပ်စွဲ၊ ဖမ်းဆီး၊ အရေးယူတာတွေ လုပ်လာနိုင်တယ်” ဟု ပြောသည်။

စစ်အစိုးရ အာဏာပိုင်များသည် ဗုံးကွဲသတင်းကို ဂျာနယ်များတွင် ဖော်ပြခွင့်ပေးနေသကဲ့သို့ မသင်္ကာသူ ဖမ်းဆီးရမိရန် ကူညီနိုင်ပါက ဆုငွေ ကျပ် (၁ဝ) သိန်းပေးမည့် ကြော်ငြာစာရွက်များကို ရန်ကုန်မြို့လယ် လမ်းဆုံလမ်းခွများတွင် လိုက်လံကပ်ထားကြောင်း မြို့ခံများက ပြောသည်။



အပြည့်အစုံသို့...

ရန်ကုန်တိုင်း အမှတ် (၄) စစ်ဒေသမှူး အသည်းတွင် ဗုံးဒဏ်ရာပြင်းထန်

NEJ/ ၂၀ ဧပြီ ၂ဝ၁ဝ

ရန်ကုန်တိုင်း အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီးအုံးချိုသည် သင်္ကြန်အကြတ်နေ့ ဧပြီ (၁၅) ရက်၊ ညနေ (၃) နာရီ၌ ရန်ကုန်မြို့ ကန်တော်ကြီးရှိ X2O ရေပက်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲခဲ့မှုကြောင့် အသည်းတွင် ဗုံးဒဏ်ရာရရှိကာ အလွန်စိုးရိမ်ရသော အခြေအနေတွင်ရှိကြောင်း မင်္ဂလာဒုံစစ်ဆေးရုံ သတင်းရပ်ကွက်မှ သိရသည်။

အဆိုပါဆေးရုံမှ တာဝန်ကျဆရာဝန်တဦးက “သူ့အခြေအနေက အတော်စိုးရိမ်ရတယ်။ အသက်ရှင်ဖို့ဆိုတာ ငါးဆယ်၊ ငါးဆယ်ပဲ” ဟုပြောဆိုသည်။

ထိုနေ့က ပေါက်ကွဲခဲ့သော ဗုံးမှာ (၃) လုံး ဆက်တိုက်ပေါက်ကွဲခြင်းဖြစ်ပြီး ဗိုလ်မှူးကြီး အုံးချိုသည် မဏ္ဍပ်များကို စစ်ဆေးမှု ပြုလုပ်စဉ်တွင် ယင်းပေါက်ကွဲမှုနှင့် ကြုံရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း တယက မှ တာဝန်ရှိသူတဦးက ပြောသည်။

စစ်ဒေသ (၄) မှ ဗိုလ်ကြီး တဦးကလည်း “သူ့ဒဏ်ရာက ၀မ်းတခုလုံးမှာ ဗုံးစတွေ ထိတာ ပွစာတက်နေတယ်၊ ဆရာဝန်ပြောပြတာတော့ အသည်းကို ထိတာတဲ့၊ အခုထိ စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေတုန်းပါ၊ ဗုံးအစတွေကိုလည်း ခက်ခက်ခဲခဲ ခွဲစိတ်ထုတ်ရတယ်တဲ့၊ ကျနော်တို့ကတော့ အမြန်ဆုံး ကျန်းမာပါစေလို့ပဲ ဆုတောင်းရုံပေါ့” ဟု ပြောသည်။

ယင်းဗုံးပေါက်ကွဲမှုများကြောင့် လူ (၈) ဦး သေဆုံးပြီး လူဦးရေ (၁၇ဝ) ခန့် ဒဏ်ရာရရှိခဲ့ကြောင်း စစ်အစိုးရပိုင် သတင်းမီဒီယာများက ရေးသားဖော်ပြသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်မှ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး အသက် (၃၂) နှစ် အရွယ် ဗိုလ်ကြီးသန့်စင်သိမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ရာအိမ်မှူး ဦးခင်မောင်လေး အသက် (၆၁) နှစ်တို့အပါအ၀င် သေဆုံးသူ (၈) ဦးရှိသည်ဟု အစိုးရက ကြေညာသော်လည်း သေဆုံးသူ (၂၀) ခန့်ရှိသည်ဟု သတင်းထွက်နေသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းမှ ဒု-ရဲအုပ် (၂) ဦးနှင့် မယက ဥက္ကဋ္ဌမှာမူ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကာ ယခုတိုင် ရန်ကုန်ဆေးရုံကြီး ထိခိုက်ဒဏ်ရာ ခွဲစိတ်ကုသဆောင် ၅/၆တွင် ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း ဆေးရုံကြီးတာဝန်ကျ ဆရာဝန်တဦးထံမှ သိရသည်။

ယခုအခါ မြို့နယ်ရပ်ကွက်ရုံးအချို့တွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မသင်္ကာသူများအား ဖမ်းဆီးရန်အတွက် ကူညီသတင်းပေးသူကို ဆုငွေအဖြစ် ကျပ် (၁၀) သိန်း ပေးမည်ဟု အာဏာပိုင်များက ကြေညာထားသည်။



အပြည့်အစုံသို့...

Sunday, April 11, 2010



နှစ်ဟောင်းက အညစ်အကြေးတွေ အကုန်စွန့်


နိုင်ငံရေး အကျဉ်းသားတွေ အကုန်လွှတ်


Rest of your post

အပြည့်အစုံသို့...